ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှု စတင်စစ်ဆေး

ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှုကို ဒီနေ့ စတင်စစ်ဆေးပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘီဘီစီရဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ တိုက်ရိုက်သတင်းစာမျက်နှာသစ်ကို စတင်ပြီဖြစ်ပြီး အခုတိုက်ရိုက်သတင်းစာမျက်နှာကို ရပ်နားလိုက်ပြီဖြစ်ပါတယ်။ နောက်ဆုံးရသတင်းတွေကို သတင်းစာမျက်နှာ အသစ်မှာ သွားရောက်ဖတ်ရူနိုင်ပါတယ်။

  2. ကော့ကရိတ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ထောင်ကျော် စစ်ရှောင်နေရ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင့်လွတ်မြောက်ရေးတပ်(KNLA) တပ်မဟာ-၆ တို့ကြား မနေ့ ဇန်နဝါရီလ ၁၀ ရက်မှာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် လေယာဉ်ပါသုံးပြီး ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

    KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက မိဂသိန်၊ မြို့ဟောင်းနဲ့ ရွာသစ်ကျေးရွာထဲ လေယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၁၁ ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက်သတင်းကွန်ယက် Klo FM က သတင်းဖော်ပြပါတယ်။

    လက်ရှိမှာ ကော့ကရိတ်မြို့နယ်ထဲ စစ်ဘေးရှောင် ၂ ထောင်ကျော်အထိ ရှိလာပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့သိရပါတယ်။

    စစ်ရှောင်တွေထဲမှာ မြို့ဟောင်းကျေးရွာက အသက် ၁၁၁ နှစ်အရွယ် အဖွားဒေါ်စောလှလည်း ပါဝင်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Klo FM

    ဓာတ်ပုံ ပုံစာ, စစ်ရှောင်တွေထဲမှာ မြို့ဟောင်းကျေးရွာက အသက် ၁၁၁ နှစ်အရွယ် အဖွားဒေါ်စောလှလည်း ပါဝင်ပါတယ်။
  3. ဂျပန်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်းနီးပါး လုပ်ငန်းလည်ပတ်တာနဲ့ တိုးချဲ့တာတွေဆက်လုပ်မယ်

    ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေရှိရာ သီလဝါ အထူးစီးပွားရေးဇုန်ဖွင့်ပွဲပြုလုပ်ချိန် ၂၀၁၃ ခုနှစ်တုန်းက သစ်လုံးတင်ကားတစ်စင်းဖြတ်သန်းနေပုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေရှိရာ သီလဝါ အထူးစီးပွားရေးဇုန်ဖွင့်ပွဲပြုလုပ်ချိန် ၂၀၁၃ ခုနှစ်တုန်းက သစ်လုံးတင်ကားတစ်စင်းဖြတ်သန်းနေပုံ

    စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ဘေးကြောင့် မြန်မာ့စီးပွားရေးထိခိုက်မှုရှိနေပေမဲ့ မြန်မာပြည်တွင်းမှာ လုပ်ငန်းလည်ပတ်နေတဲ့ ဂျပန်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်းနီးပါးဟာ လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်း လုပ်ငန်းလည်ပတ်တာနဲ့ ချဲ့ထွင်တာ လုပ်နေဦးမယ်လို့ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့(JETRO)အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

    လက်ရှိမှာ ဂျပန်ကုမ္ပဏီတွေထဲက ၅၂ ရာခိုင်နှုန်းကျော်ဟာ ပုံမှန်အတိုင်းလုပ်ငန်းဆက်လည်ပတ်တာ၊ ၁၃.၅ ရာခိုင်နှုန်းကျော်က လုပ်ငန်းတိုးချဲ့တာ၊၂၇ ရာခိုင်နှုန်းကျော်က လုပ်ငန်းလျှော့တာနဲ့ ၆ ရာခိုင်နှုန်းကျော်ကတော့ တခြားတတိယနိုင်ငံကို လုပ်ငန်းပြောင်းရွှေ့မယ်လို့ အစီရင်ခံစာမှာဖော်ပြထားတယ်ဆိုပြီး ကျိုဒိုသတင်းဌာနက သတင်းဖော်ပြလာတာဖြစ်ပါတယ်။

    မြန်မာမှာ စီးပွားရေးလုပ်ကိုင်နိုင်တဲ့ရပ်ဝန်းဟာ ဆက်ပြီးဆိုးရွားနေမယ်ဆိုရင် ဂျပန်လုပ်ငန်းရှင်တွေဟာ ရွေးချယ်စရာမရှိတော့ဘဲ လုပ်ငန်းလျှော့လုပ်တာနဲ့ ရုတ်သိမ်းတာတွေဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

    ဂျပန်အစိုးရကျောထောက်နောက်ခံပြုတဲ့ JETRO အဖွဲ့က သြဂုတ်လနဲ့ စက်တင်ဘာလမှာ ကောက်ယူခဲ့တဲ့စစ်တမ်းကို ဂျပန်ကုမ္ပဏီ ၁၈၀ နီးပါးက ဖြေကြားထားတာဖြစ်ပါတယ်။

    ဇွန်လ နှောင်းပိုင်းအထိဆိုရင် မြန်မာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတဲ့ ဂျပန်ကုမ္ပဏီပေါင်း ၄၃၃ ခု ရှိတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

    တစ်ချိန်တည်းမှာပဲ မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုနဲ့ ကပ်ဘေးကြောင့် မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်းနီးပါးအထိ ကျုံ့သွားနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်ထားပြီး ဒါဟာ ဧပြီလတုန်းက ခန့်မှန်းခဲ့တဲ့နှုန်းထက် တဝက်နီးပါးဖြစ်တယ်လို့ ကျဆင်းမှုဖြစ်လာမှာဖြစ်ပါတယ်။

  4. ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ထပ်မံချမှတ်ခံရမှုကို နိုင်ငံကတာက ဘယ်လိုတုံ့ပြန်လဲ

    ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ထပ်မံချမှတ်ခံရမှုကို နိုင်ငံကတာက ဘယ်လိုတုံ့ပြန်လဲ

    ဓာတ်ပုံ ရင်းမြစ်, social media

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်ဟာ သူ ရင်ဆိုင်နေရတဲ့အမှုတွေထဲက ၃ မှုအတွက် မနေ့ ဇန်နဝါရီလ ၁၀ ရက်မှာ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံလိုက်ရပါတယ်။

    နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုထောင်ဒဏ် ချမှတ်တာဟာ နိုင်ငံရေးပယောဂတွေကြောင့်လို့ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီဘက်က ပြောလာပါတယ်။

    နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို အတော်လေးစိုးရိမ်တယ်ဆိုပြီး ကော်မတီဥက္ကဋ္ဌက ပြောတယ်လို့ အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။

    နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်စ်ပရိုက်စ်ကလည်း စစ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရားမျှတမှုမရှိဘဲ အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး ထောင်ဒဏ်ချမှတ်တာဟာ တရားရေးနဲ့ တရားဥပဒေစိုးမိုးမှုကို စော်ကားမှုတစ်ရပ်လို့ မှတ်ချက်ပြုပါတယ်။

    ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားသဖြင့် ထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ စစ်တပ်ကို သူက တောင်းဆိုသလို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ဖို့ကိုလည်း သူကတိုက်တွန်းလိုက်ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရေခြုံတရားရုံးကနေ အယောင်ဆောင်အမှုတွေနဲ့ စစ်ဆေးနေတာတွေရပ်ဖို့ တောင်းဆိုတယ်လို့ပြောသလို ကိုယ့်အခွင့်အရေးကို ငြိမ်းချမ်းစွာကျင့်သုံးရင်းဖမ်းဆီးခံရတဲ့တက်ကြွလှုပ်ရှားသူတွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ အဖွဲ့ရဲ့အာရှဆိုင်ရာဒုတိယအကြီးအကဲကပြောထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နေဟာ အာဏာသိမ်းမှုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းမှာ နေပြည်တော်က သူ့နေအိမ်ထဲ စကားပြောစက်တွေတွေ့ခဲ့တာနဲ့ပတ်သက်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပါပုဒ်မ၊ ဆက်သွယ်ရေးဥပဒေပါပုဒ်မတွေနဲ့တရားစွဲခံရပြီး အဲဒီအမှု ၂ ခုအတွက် ထောင် ၂ နှစ်ချမှတ်ခံခဲ့ရပါတယ်။

    နောက်တစ်မှုကတော့ ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ နေပြည်တော်က ရွှေကြာပင်ရပ်ကွက်ကို သွားခဲ့တာဟာ ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးစီမံဥပဒေပုဒ်မနဲ့တရားစွဲခံရပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

    ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီလက်အောက် တရားရေးစနစ်မှာ ထောင်ဒဏ်ချမှတ်ခံရတာ ၆ နှစ်အထိ ရှိလာပြီဖြစ်ပြီး အဂတိမှု စွပ်စွဲချက်အမှုတွေအပြင် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့အမှုတွေ အတွက်လည်း ရင်ဆိုင်ရဖို့ရှိနေပါတယ်။

  5. စစ်တပ်ကို အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ကုလအတွင်းရေးမှူးချုပ်နဲ့လုံခြုံရေးကောင်စီထံ မြန်မာသံအမတ်တောင်းဆို

    မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, Myanmar to the UN

    ဓာတ်ပုံ ပုံစာ, မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

    ကယား(ကရင်နီ)ပြည်နယ်အတွင်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ရဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေ၊ တင့်ကားတွေသုံးပြီး ထိုးစစ်ဆင်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့အခြေအနေကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အထွေထွေညီလာခံ ဥက္ကဋ္ဌ၊ လုံခြုံရေးကောင်စီဥက္ကဋ္ဌတို့ထံ စာရေးသားတင်ပြလိုက်ပါတယ်။

    အဲဒီစာထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်ကစလို့ ကယား(ကရင်နီ)ပြည်နယ်ထဲမှာ စစ်တပ်က ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်တာ၊ ပြည်နယ်မြို့တော်လွိုင်ကော်အထိ တိုက်ခိုက်မှုတွေဖြစ်လာလို့ အရပ်သားသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာ၊ စစ်တပ်ရဲ့ ထိုးစစ်အတွင်းမှာ အရပ်သား ၄ ဦးသေဆုံးပြီး နေအိမ်တွေ ပျက်စီးတာတွေကို ထောက်ပြပြောဆိုထားတာတွေ့ရပါတယ်။

    နောက် စစ်တပ်ဘက်က အခုလို အင်အားသုံးတဲ့အခြေအနေဟာ ကယား(ကရင်နီ)ပြည်နယ်ထဲမှာတင်သာမက နိုင်ငံ့တခြားနေရာတွေမှာလည်း ပြုလုပ်နေတာဖြစ်လို့ အကြမ်းဖက်မှုတွေရပ်ဖို့ တောင်းဆိုတဲ့ နိုင်ငံတကာရဲ့တိုက်တွန်းမှုဟာ မထိရောက်ဘူးဆိုတာကို ပြသနေတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

    ဒါ့ကြောင့် မြန်မာလူထုဟာ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေရဲ့သားကောင်တွေ မဖြစ်အောင် အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ပဋိညာဉ်အရ လုံခြုံရေးကောင်စီကနေတဆင့် အချိန်နဲ့တပြေးညီ အရေးတယူလုပ်ဆောင်ပေးဖို့ သံအမတ်ကြီးက တိုက်တွန်းတောင်း ဆိုထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ မြို့တော် လွိုင်ကော်အပြင် ဒီးမော့ဆိုမြို့နယ်ထဲမှာဖြစ်တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  6. မုံရွာ တမာတန်းမီးပွိုင့်ပေါက်ကွဲမှုမှာ ကလေးငယ်သေဆုံးမှု အပြည့်အဝတာဝန်ရှိကြောင်းနဲ့ ဝမ်းနည်းကြောင်း မြို့ပြပြောက်ကျားအဖွဲ့တွေ ထုတ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ထဲက တမာတန်းမီးပွိုင့်အနီးမှာ မနေ့ဇန်နဝါရီ ၁၀ ရက်နေ့က မုံရွာမြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

    ဒီတိုက်ခိုက်မှုမှာ ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန်ခဲ့သေဆုံးခဲ့တယ်လို့ မြို့ပြ ပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်ထားပြီး ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး အထူးဝမ်းနည်းကြေကွဲရကြောင်းနဲ့ ပြည်သူတွေနားလည်ခွင့်လွှတ်ပေးဖို့ မြို့ပြ ပြောက်ကျားအဖွဲ့တွေက ဒီကနေ့ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

    ဇန်နဝါရီ ၁၀ ရက်နေ့က မုံရွာတမာတန်း မီးပွိုင့်အနီးမှာ စစ်ကောင်စီတပ်တွေကို မုံရွာမြို့မှာရှိတဲ့ မြို့ပြ ပြောက်ကျား ၆ ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖောက်ခွဲမှုကို ပြည်သူတွေ မထိခိုက်အောင် သတိထားလုပ်ဆောင်ခဲ့ကြောင်းနဲ့ ကလေးငယ်ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး မြို့ပြ တိုက်ခိုက်အဖွဲ့တွေမှာ အပြည့်အဝတာဝန်ရှိကြောင်းနဲ့အလားတူဖြစ်ရပ်တွေထပ်မဖြစ်အောင်သတိထားလုပ်ဆောင်မယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒါ့အပြင် မုံရွာမြို့အတွင်း ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးနိုင်သမျှဝေးအောင်နေဖို့နဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ပေးဖို့ကိုလည်း မုံရွာ အဲဒီအဖွဲ့တွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။

    မုံရွာမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, Regional News Agency - RNA

    ဓာတ်ပုံ ပုံစာ, မုံရွာမြို့တွင်း (ပုံဟောင်း)
  7. မြို့ခံအများစု စစ်ဘေးရှောင်ကြတဲ့ လွိုင်ကော်မှာ ဖောက်ထွင်းခံရတာတွေရှိနေ, လေကြောင်းတိုက်ခိုက်မှုတွေပိုဖြစ်လာနိုင်လို့ လုံခြုံရေးအစီအမံတွေ ကြိုလုပ်ထားဖို့ ပြည်သူတွေကို KNDF သတိပေး

    ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ညပိုင်းကစလို့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ဒေသခံတွေ ဘေးလွတ်ရာကိုဆက်တိုက် ရွှေ့ပြောင်းနေကြရပါတယ်။ ပစ်ခတ်မှုတွေကြား အရပ်သားသေဆုံးမှုတွေရှိခဲ့သလို စစ်ကောင်စီဘက် လေကြောင်းပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် မြို့ခံတဝက်လောက်ဟာ ရှမ်းကယားနယ်စပ် နီးစပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေကို အများစုထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။

    ဒေသခံတွေထွက်ပြေးတိမ်းရှောင်ပြီးတဲ့နောက် မြို့နေရပ်ကွက်တွေအတွင်းမှာ ပြည်သူတွေရဲ့နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရမှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒီလိုဖောက်ထွင်းမှုတွေနဲ့ပတ်သက်လို့ကရင်အနီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကိုဖောက်ထွင်းခိုးယူသူတွေကို ထိထိရောက်ရောက်အရေးယူမယ်လို့ မနေ့ဇန်နဝါရီ ၁၀ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

    မနေ့ဇန်နဝါရီ ၁၀ ရက်နေ့လယ်ပိုင်းမှာလည်း လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ် ဒေါဆို ကျေးရွာအတွင်းမှာလည်း KNDF ဘက်က နယ်မြေရှင်းလင်းမှုတွေလုပ်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့အလောင်းကိုတွေ့ရှိပြီး လူသားချင်းစာနာမှုအရ မီးရှို့သင်္ဂြိုလ် ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒါ့အပြင်ကယားပြည်နယ်အတွင်းက လွိုင်ကော်နဲ့ဒီးမော့ဆိုမြို့တွေအတွင်းမှာတော့ စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်လာနိုင်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးကြိုတင်စီမံထားဖို့နဲ့လုံခြုံတဲ့နေရာတွေမှာနေကြဖို့ KNDF က သတိပေးထုတ်ပြန်ထားပါတယ်။

    လက်ရှိလွိုင်ကော်မြို့အတွင်းမှာတော့ ကျန်းမာရေးအခြေအနေနဲ့တခြားသောအကြောင်းအရာတွေအရ မရွှေ့ပြောင်းဘဲ ဆက်လက်နေထိုင်နေတဲ့ဒေသခံတွေလည်းရှိနေပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်နေသလို မနေ့ညပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    လွိုင်ကော်မြို့

    ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၉ရက်နေ့က လွိုင်ကော်မြို့တွင်းက စစ်ဘေးတိမ်းရှောင်ကြတဲ့ဒေသခံများ
  8. အမေရိကန်သံတမန်တစ်ဦးနဲ့ သံရုံးဝန်ထမ်းတစ်ဦးကို ကိုဗစ်စည်းကမ်းမလိုက်နာမှုနဲ့ အရေးယူမယ်လို့ စစ်ကောင်စီပြော

    ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး (ပုံဟောင်း)

    အမေရိကန်သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတစ်ဦးနဲ့ သံရုံးဝန်ထမ်းတစ်ဦးကို ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာစည်းမျဉ်းတွေကို မလိုက်နာမှုနဲ့ အရေးယူဆောင်ရွက်မယ်ဆိုပြီး စစ်ကောင်စီက ဇန်နဝါရီလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီထုတ်ပြန်ချက်အရ အမေရိကန်သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတဦးဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ ၂ ရက်နေ့မှာ လေကြောင်းကနေ ဝင်ရောက်လာပြီးနောက် ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက် ဇန်နဝါရီ ၃ ရက်နေ့မှာ လေကြောင်းကနေတဆင့် ပြည်တွင်းကိုဝင်လာတဲ့ အမေရိကန်သံရုံးဝန်ထမ်းတဦးမှာလည်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

    သူတို့ နှစ်ဦးဟာ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့သတ်မှတ်ချက်အရ သက်ဆိုင်ရာ ပုဂ္ဂလိက ဒါမှမဟုတ် အစိုးရဆေးရုံတွေမှာ ကုသမှုခံယူရမှာဖြစ်ပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကုသမှုယူမယ်လို့ ဆိုကာ သံရုံးဝန်ထမ်းတစ်ဦးနဲ့ အခြားလူတွေက ပိုးတွေ့ထားသူတွေကို ကွာရန်တင်း ဝင်နေတဲ့ဟိုတယ်တွေကနေ ခွင့်ပြုချက်မယူဘဲ ခေါ်သွားခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒီလုပ်ရပ်ဟာ သံတမန်ရေးဆိုင်ရာ ဗီယန်နာကွန်ဗန်းရှင်းပါ အချက်ကို ချိုးဖောက်တာဖြစ်လို့ ကိုဗစ်မျိုးကွဲ ပျံ့နှံ့မှုမရှိအောင် ထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြိုမှာရှိတဲ့ အမေရိကန်သံရုံးကတော့ စစ်ကောင်စီရဲ့အခုထုတ်ပြန် ချက်နဲ့ ပတ်သက်လို့ တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

  9. လေချုပ်တာဝန်မှ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် အနားပေးခံရ

    ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ကာကွယ်ရေးဦးစီးချုပ်(လေ) ရာထူးကနေ အနားပေးလိုက်ပြီး စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်က လေတပ်ဦးစီးချုပ်ဖြစ်လာပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာဗိုလ်ချုပ်ကြီးဖြစ်လာပြီး ဒီရာထူးအပြောင်းအလဲဟာမနေ့ကဇန်နဝါရီ၁၀ရက်မှာ ဖြစ်ခဲ့တာပါ။

    ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ရာထူးကို စွန့်လွှတ်လိုက်ရပေမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးအဖြစ်ဆက်ရှိနေမယ်လို့သိရပါတယ်။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ လမ်းစဉ်ပါတီ ခေတ်ကကာကွယ်ရေးဦးစီးချုပ်နဲ့ ဝန်ကြီး ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ရဲ့ သားအငယ်ဆုံး ဖြစ်ပါတယ်။

    သူဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ လေချုပ်ဖြစ်လာပြီး ၄ နှစ်အကြာမှာ ရာထူးကအနားပေးခံရတာလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ သူ့မိသားစုရဲ့ လေတပ်နဲ့နှီးနွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ရိုက်တာ သတင်းဌာနက လွန်ခဲ့တဲ့လအနည်းငယ်ကဖွင့်ချခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလည်း စစ်ဥပဒေချုပ်တာဝန်ကနေ အနားပေးခံရပြီး စစ်ကောင်စီ အတွင်းရေးမှူးတာဝန်တစ်ခုပဲ သီးသန့်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။

    လေချုပ်တာဝန်မှ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် အနားပေးခံရ

    ဓာတ်ပုံ ရင်းမြစ်, Lynn Bo Bo / Getty Images

    ဓာတ်ပုံ ပုံစာ, လေချုပ်တာဝန်မှ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် အနားပေးခံရ
  10. မုံရွာမှာ ညနေပိုင်း ဗုံးပေါက်

    စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်က တမာတန်းမီးပွိုင့်အနီးမှာ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်က ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ကြောင်း မုံရွာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်၊

    ပေါက်ကွဲမှုအသံကို အနီးတစ်ဝိုက်လူတွေကြားခဲ့ရပြီးမိနစ်ပိုင်းအတွင်းမှာ နောက်ထပ်ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

    ပေါက်ကွဲမှုကို လာစစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေ ထိခိုက်ဒဏ်ရာ ရတယ်လို့ သတင်းတွေရပေမယ့် သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    ဒီပေါက်ကွဲမှုကြောင့် ၇ နှစ်အရွယ် မိန်းခလေးတစ်ဦးနဲ့ အိမ်စီးကားပေါ်က အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရတာကိုတော့ ဒဏ်ရာရသူတွေနဲ့ ဆွေမျိုးတော်စပ်သူတွေက ဘီဘီစီကို အတည်ပြုကြပါတယ်။

    ပါဆယ်ဗုံးချသွားတာကို CCTV ကနေ မြင်ရလို့ စစ်တပ်ကသွားစစ်ဆေးစဉ် ဗုံ;ထပ်မံပေါက်ကွဲပြီ းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တာရှိတယ်လို့လည်း ဒေသတွင်းသတင်းအချို့ကရေးကြပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. လွိုင်ကော်မှာ ညပိုင်းပစ်ခတ်မှုတွေရှိ

    လွိုင်ကော်မြို့မှာ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်နဲ့ညနေပိုင်းတွေမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ပစ်ခတ်သံတွေဟာ အရင်လို အချိန်အတန်ကြာ ပစ်ခတ်တာမျိုးမဟုတ်ဘဲ မိနစ်ပိုင်းအတွင်းပျောက်သွားကြောင်း လက်နက်ကြီးပစ်သံအချို့လည်းကြားရတယ်လို့ သူကပြောပါတယ်။

    ပစ်ခတ်သံတွေကြားပြီး တိုက်ပွဲဖြစ်တဲ့နေရာဟာ လွိုင်ကော်မြိုထဲက မိုင်းလုံး ရပ်ကွက်မှာဖြစ်ပြီးတော့ ဒေသခံကာကွယ်ရေးတပ်တွေကတော့ မိုင်းလုံး ပန်းကန်း ရွာတန်းရှည် ရပ်ကွပ်တွေဘက်ကို စစ်မြေပြင်လိုဖြစ်နေလို့ အသွားအလာ မလုပ်ကြဖို့ သတိပေးထားတဲ့နေရာတွေလည်းဖြစ်ပါတယ်။

    လွိုင်ကော်မြို့မှာ အခုအချိန်အထိ မီးမလာသေးကြောင်းနဲ့ ဒေသခံတွေကတော့ ရပ်ကွက်အလိုက် မီးစက်စုဝယ်ပြီး အိမ်တွေမျှပြီးမီးသွယ်ဖို ဖုန်းအားသွင်းဖို့ကိုလည်း ဆွေးနွေးနေကြတယ်လို့ သူတို့ကပြောပါတယ်။

    လွိုင်ကော်မှာ ဒီကနေ့ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး၊ ဒီးမော့ဆိုမြို့အနီးမှာ စစ်ကောင်စီတပ်သားအလောင်းနဲ့ ခဲယမ်းတွေ ထပ်ရခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDF)က ထုတ်ပြန်ခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. ကော့ကရိတ်နဲ့ မြဝတီဘက်မှာ စစ်ကောင်စီရဟတ်ယာဉ်တွေနဲ့ ပစ်လို့တိမ်းရှောင်နေရ

    မြန်မာ ထိုင်းနယ်စပ်အနီးက ကော့ကရိတ်မြို့နဲ့ မြဝတီမြို့ယ်တွေ အတွင်းကျေးရွာတွေမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မနက်ပိုင်းက လာရောက်ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ကေအန်ယူဘက်က သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီက ရဟတ်ယာဉ်တွေလာပစ်ခဲ့တဲ့ ကျေးရွာတွေကတော့ ကော့ကရိတ်မြို့တောင်ပိုင်း မြို့ဟောင်းကျေးရွာနဲ့ မြဝတီမြို့နယ်တောင်ဘက်က ဖလူးလေးကျေးရွာတို့ ဖြစ်တယ်လို့ဆိုပါတယ်။

    ဒီရွာတွေဟာ ကေအန်ယူတပ်မဟာ ၆ ရဲ့ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲက ကျေးရွာတွေဖြစ်ပြီးတော့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

    ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုကို မသိရပေမယ့် နေအိမ်အချို့ထိခိုက် ပျက်စီးမှုတွေရှိတယ်လို့လည်း ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ရဟတ်ယာဉ်နဲ့ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန် ပြောဆိုတာမရှိသေးပါဘူး။

    ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသ၊ ဖလူးလေးကျေးရွာဘက်ကို ဒီကနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ဝင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေရှိခဲ့တယ်လို့ အဲဒီမှာသတင်းရယူနေတဲ့ သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

    ကရင်ပြည်နယ်က စစ်ဘေးရှောင်များ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မြန်မာ ထိုင်းနယ်စပ်အနီးက စစ်ဘေးရှောင်များ
  13. က​လေးမြို့က လျှပ်စစ်ဌာန ဦးစီးမှူး ရုံးခန်းထဲမှာ သေနတ်နဲ့ ပစ်သတ်ခံရ

    ပြီးခဲ့တဲ့ ၃ လခန့်က စစ်ကိုင်းတိုင်းကလေးမြို့ကို တာဝန်ကျပြီး ပြောင်းလာခဲ့တဲ့ ကလေးမြို့ လျှပ်စစ်ဌာနမြို့နယ်ဦးစီးမှူးဟာ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်က ရုံးခန်းအတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရ​ကြောင်း ကလေးမြို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဇန်နဝါရီလ ၉ ရက်နေ့ ညနေပိုင်းမှာ အမျိုးသားနှစ်ဦးက မီတာဆောင်မယ့် ကိစ္စဆွေးနွေးလိုကြောင်း ဝန်ထမ်းတစ်ဦးကတစ်ဆင့် အသိပေးပြီး အထက်ပါအရာရှိနဲ့ တွေ့ဆုံစကားပြောခဲ့ကြောင်း စကားပြောပြီးနောက် သေနတ်နဲ့ သုံးချက်ပစ်ကာထွက်သွားခဲ့တာဖြစ်တယ်လို့လည်းသူက ပြောပါတယ်။

    "နားထင်တစ်ချက်၊ရင်ဘတ်တစ်ချက် ၊ဗိုက်တစ်ချက် သုံးချက် အပစ်ခံရတာ။ ဧည့်သည်လာတယ်ဆိုလို့ အိမ်ကနေ ရုံးကိုလာပြီး ရုံးခန်းထဲမှာတွေ့ကြတာ။ စကားပြောရင်း အထဲမှာတင် ပစ်ထားပြီး ထွက်သွားတာ" လို့ လျှပ်စစ်ရုံးနဲ့နီးစပ်သူတစ်ဦးက ပြောတာကို ကိုးကားပြီးကလေးမြို့ခံက ဘီဘီစီကို ပြန်ပြောပြပါတယ်။

    သေဆုံးသူရဲ့ ရုပ်အလောင်းကို ကလေးမြို့စစ်ဆေးရုံမှာထားတယ်လို့ ဒေသခံတွေက တစ်ဆင့် သိရပါတယ်။

    ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းကလည်း ကလေးမြို့ ဘုရားကြီးလမ်းက သူနာပြုဆရာမကြီးတစ်ဦးရဲ့ အိမ်ကို ဗုံးနဲ့အပစ်ခံရသလို ကလေးလေယာဉ်ကွင်းမှာ စစ်လေယာဥ်ဆင်းတော့လည်း ဗုံးနဲ့ပစ်ခံခဲ့ရတာရှိကြောင်း ကလေးမြို့ခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. နန်းမယ်ခုံမှာ စစ်ကောင်စီလက်နက်ကြီးသံကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ပြော

    ကယား(ကရင်နီ)ပြည်နယ်၊ နန်းမယ်ခုံမြို့မှာ စစ်ကောင်စီတပ်တွေက မနေ့က ဇန်နဝါရီလ ၉ ရက် ညပိုင်းတုန်းက ပစ်ခတ်တဲ့လက်နက်ကြီးသံကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှလုံးရောဂါနဲ့ အမောဖောက်သေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO-PDF ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်က မနေ့ညမှာ လက်နက်ကြီးနဲ့ ၃ ချက်ထက်မနည်းပစ်ခတ်ခဲ့ပြီး နန်မယ်ခုံမြို့၊ မြို့မရှမ်းရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့လည်း ဆိုပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်ထဲကို ပစ်ခတ်မှု လုပ်ခဲ့တာကြောင့် ဒေါငံခါးရပ်ကွက်ထဲက ပြည်သူပိုင်အိမ်တစ်လုံး လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

    တစ်ဖက်မှာလည်း မနေ့ ဇန်နဝါရီလ ၉ ရက်မှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားက တိုက်ပွဲဟာ လွိုင်ကော်မြို့ ရပ်ကွက်တွေအထိ ကျယ်ပြန့်လာတာကြောင့် ထောင်နဲ့ချီတဲ့လွိုင်ကော်ဒေသခံတွေဟာ နယ်မြေချင်းဆက်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ ပင်လောင်း၊ တောင်ကြီးဘက်တွေကို စစ်ရှောင်နေကြပါတယ်။

    လွိုင်ကော်နဲ့ ဒီးမော့ဆိုဘက်က သတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

    လက်နက်ကြီးကျလို့ ဒေသခံအိမ်တစ်လုံးလည်းပျက်စီးခဲ့တယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကျလို့ ဒေသခံအိမ်တစ်လုံးလည်းပျက်စီးခဲ့တယ်လို့ဆို
  15. လွိုင်ကော်မှာ မီးပြတ် ရေပြတ်ဖြစ်နေ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၉ ရက်နေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံတွေကြားရပြီးနောက်မှာ တစ်မြို့လုံးနီးပါးလျှပ်စစ်မီးနဲ့ ရေပေးဝေရေးစနစ်တွေပြတ်တောက်နေကြောင်း လွိုင်ကော်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လျှပ်စစ်မီးပြတ်သွားတာဟာ ဇန်နဝါရီလ ၉ ရက်နေ့ ည ၉ နာရီခွဲ ဝန်းကျင်လက်နက်ကြီးပစ်ခတ်မှုတွေ အပြီးမှာ ဖြစ်ပြီးတော့ စည်ပင်ရေပေးစနစ်ကတော့ ပြီးခဲ့တဲ့ ၃ ရက်ခန့်က ပြတ်နေတာဖြစ်ကြောင်းလည်း သူကပြောပါတယ်။

    လွိုင်ကော်မြို့မှာ အိမ်စောင့်နေခဲ့သူအချို့ ကျန်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ ဆိုလာပြားတွေ ရှာဝယ်နေကြပြီး ဆိုင်တွေမဖွင့်တော့တာကြောင့် အခက်အခဲရှိတယ်လို့ မြို့နေဒေသခံတွေဆီကနေ သိရပါတယ်။

    လွိုင်ကော်မှာ ပြီးခဲတဲ့ ဇန်နဝါရီလ၆ရက်နေ့ကစပြီး မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့မိုင်းလုံး၊ပန်ကန်း၊ရွာတန်းရှည်တစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

    ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ ပစ်ခတ်မှုအသံတွေမကြားရဘဲ ဆိုင်အချို့ပြန်ဖွင့်ကြောင်းနဲ့ မြို့ကနေ ထပ်မံထွက်ပြေးသူတွေလည်းရှိကြောင်း လွိုင်ကော်ဒေသခံတွေက ပြောကြပါတယ်။

    မီးစက်နိုးပေးထားတဲ့ ဆိုင်တွေမှာ ဖုန်းအားသွင်းချင်တဲ့ သူတွေကို စောင့်ပြီးအားသွင်းဖို့စီစဥ်ပေးကာ လတ်တလော ဖြေရှင်းနေကြရတယ်လို့ မြို့ခံအချို့ထံက သိရပါတယ်။

    လွိုင်ကော်မြို့ ဇန်နဝါရီ ၇ ရက်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့ ဇန်နဝါရီ ၇ ရက်
  16. မြန်မာကို ဒိန်းမတ်က ဒေါ်လာ ၄ သန်းနီးပါးလှူ

    ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေဆဲလို့ WFP ကပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, WFP

    ဓာတ်ပုံ ပုံစာ, ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေဆဲလို့ WFP ကပြောပါတယ်။

    မြန်မာပြည်တွင်းက ပဋိပက္ခဒဏ်ခံစားနေရတဲ့လူမှုအသိုက်အဝန်းတွေအတွက် ဒိန်းမတ်နိုင်ငံက လှူဒါန်းတဲ့ အမေရိကန် ဒေါ်လာ ၄ သန်းနီးပါးကို လက်ခံရရှိတယ်ဆိုပြီး ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က သတင်းထုတ်ပြန်လာပါတယ်။

    “ဒိန်းမတ်နိုင်ငံကပေးအပ်တဲ့ ဘဏ္ဍာငွေပံ့ပိုးကူညီမှုဟာ အခုလို လိုအပ်ချက်တွေမြင့်တက်လာတဲ့အခိုက် အချိန်ကိုက်ရောက်ရှိလာတဲ့အတွက် WFP ရဲ့ မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထောက်အကူအများကြီးဖြစ်စေပါတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်က ပြောပါတယ်။

    ဒီအကူအညီဟာ မြန်မာပြည်တွင်းမှာ နေရပ်စွန့်ခွါထွက်ပြေးရသူ ၃ သိန်း ၆ သောင်းကျော်နဲ့ တခြားလိုအပ်သူတွေဆီကို လစဉ် အသက်ကယ်ဆယ်ရေးအကူအညီတွေ ပေးဖို့ အထောက်အကူအများကြီးဖြစ်စေတယ်လို့လည်း WFP က ပြောထားပါတယ်။

  17. လေးကေ့ကော်ဒေသ၊ ဖလူးလေးကျေးရွာဘက်မှာပစ်ခတ်မှုတွေရှိနေ

    ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသ၊ ဖလူးလေးကျေးရွာဘက်ကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေအင်အားအများအပြားနဲ့ဝင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေရှိခဲ့တယ်လို့ အဲဒီမှာသတင်းရယူနေတဲ့ သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။တိုက်ပွဲဟာ ၁နာရီကျော်ခန့်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။

    အဲဒီနောက် နေ့လယ် ၁နာရီခန့်မှာတော့ လေးကေ့ကော်ဗျူးပွိုင့်အနီး စွယ်တော်အမြှောက်ကုန်းကနေဖလူးလေးရွာဘက်ကို စစ်ကောင်စီတပ်တွေဘက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်နေတယ်လို့ပြောပါတယ်။

    ’’ စစ်ရှောင်တွေကတော့ လေးကေ့ကော်သူကြီးအစု၊ဖလူးလေး အစုနဲ့ ထီးမယ်ဝါးခီး အစုဆိုပြီး အဲဒီလို ဟိုတစု၊ဒီတစုနေနေကြတယ်။အခုကဆက်တိုက်ပစ်နေတော့သူတို့လည်းဘေးလွတ်ရာထပ်ပြေးကြပြန်ပြီ’’ စစ်ဘေးရှောင်တွေနဲ့အတူရှိနေတဲ့သတင်းရင်းမြစ်က ဘီဘီစီကိုပြောပြပါတယ်။

    လက်ရှိမှာထိုင်းဘက်ခြမ်းမှာ စစ်ရှောင်တွေထောင်ချီရှိနေသေးသလို မြန်မာဘက်ကမ်းမှာလည်း စစ်ရှောင်ဦးရေ ၅ထောင်လောက် က အစုအဖွဲ့လိုက် ပြန်ကြဲနေထိုင်နေကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကစတင်ခဲ့တဲ့ လေးကေ့ကော်ဒေသတိုက်ပွဲတွေဟာ လက်ရှိဇန်နဝါရီလအထိဆက်ရှိနေပြီး စစ်ဘေးရှောင်တွေလည်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ဖလူးလေးကျေးရွာဘက်မှာပစ်ခတ်မှုတွေရှိနေ

    ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ - စောကညောထူး

    ဓာတ်ပုံ ပုံစာ, ဖလူးလေးကျေးရွာဘက်မှာပစ်ခတ်မှုတွေရှိနေ
  18. မန္တလေးမြို့ ၁၁ လအတွင်း သပိတ်အကြောင်းနဲ့ ၂၀၂၂ မျှော်လင့်ချက်များ

    ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကို လမ်းပေါ်တက်ဆန္ဒပြမှုကို အစောဆုံးစတင်ခဲ့တာဟာ မန္တလေးမြို့ခံတွေဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ မန္တလေးက စစ်အာဏာသိမ်းဆန့်ကျင်မှု သပိတ်စစ်ကြောင်းတွေဟာ စစ်ကောင်စီတပ်တွေအပြင် အရပ်ဝတ်တွေနဲ့ အင်အားသုံးဖြိုခွင်းမှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတဲ့ထိ ဖြိုခွင်းခံရမှု ဆက်ရှိနေဆဲဖြစ်ပါတယ်။

    ဒါပေမဲ့လည်း အာဏာသိမ်းကာလ ၁၁ လထဲဝင်ရောက်လာတဲ့အထိ မန္တလေးမှာ သပိတ်တွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

    ၂၀၂၂ ခုနှစ်အတွက် မန္တလေးသပိတ်ခေါင်းဆောင် ဆယ်ကျော်သက်အမျိုးသမီးတစ်ဦးရဲ့ မျှော်လင့်ချက်က ဘာဖြစ်နိုင်ပါလဲ။ ရုပ်သံအပြည့်အစုံကို ဒီလင့်ခ်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

  19. မြန်မာပြည်တွင်းအပစ်ရပ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောလာ

    မြန်မာပြည်တွင်းအပစ်ရပ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီကိစ္စကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောလာ

    ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်မီဒီယာ

    မြန်မာပြည်တွင်းအပစ်ရပ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီအရေးဟာ မြန်မာ့အကျပ်အတည်းအတွက် လုပ်ဆောင်ရမယ့် ကိစ္စရပ် ၂ ခုဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်မှာပြောလာပါတယ်။

    အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာပြည်ကို ၂ ရက်ကြာအလုပ်ခရီးစဉ်လာခဲ့အပြီးမှာ အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။

    အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဘရူနိုင်းနိုင်ငံ၊ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံတို့အပြင် အာဆီယံအတွင်းရေးမှူးချုပ်တို့ဟာ မြန်မာပြည်တွင်းအပစ်ရပ်ရေး ပေါ်ပေါက်လာဖို့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုမယ့်အကြောင်းကိုလည်း သူက ပြောပါတယ်။

    ''အပစ်ရပ် ပေါ်ပေါက်လာရေး ညှိနှိုင်းဖို့ အာဆီယံမှာလည်းတာဝန်ရှိပါတယ်။ အကြမ်းဖက်မှုမရှိ၊ လက်နက်ကိုင်ပဋိပက္ခမရှိဘူးဆိုရင် အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုရှိလာစေဖို့နဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ကျင်းပမယ်ဆိုတဲ့ မြန်မာ့အထွေထွေရွေးကောက်ပွဲအတွက် လမ်းသင့်သွားစေမှာပါ'' လို့ ဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။

    လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့အတွက် သင့်တော်တဲ့လုပ်ကိုင်ပုံလိုအပ်နေသေးတယ်လို့ ပြောသလို မြန်မာကို အကူအညီရောက်နေပြီဖြစ်ပေမဲ့ ပေးဝေမှုအပိုင်း မစတင်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။

    ''အကူအညီပေးရေးပိုင်းမှာလည်း အာဆီယံအတွင်းရေးမှူးချုပ်ရယ်၊ အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ သဘာဝဘေးစီမံဌာန (AHA Center)က ကိုယ်စားလှယ်ရယ်၊ ဒီအကူအညီတွေပေးနိုင်ဖို့ မြန်မာဘက်က လုပ်ငန်းအဖွဲ့ရယ်ဟာ AHA စင်တာ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ တခြား ကုလသမဂ္ဂအေဂျင်စီတွေကြား ညှိနှိုင်းဆောင်ရွက်ပြီး အကူအညီပေးနိုင်ရေးလုပ်သင့်ပါ'' တယ်လို့ သူက ထောက်ပြပါတယ်။

    ဝန်ကြီးချုပ် ဟွန်ဆန် အခုထောက်ပြတဲ့ အပစ်ရပ်ရေးနဲ့ အကူအညီပေးရေးကိစ္စဟာ မြန်မာ့အရေးအကျပ်အတည်း ဖြေရှင်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ပြီးခဲ့တဲ့နှစ် ဧပြီလကုန်ပိုင်းတုန်းက ရရှိခဲ့တဲ့ ဘုံဘောတူညီချက် ၅ ရပ်ထဲက ပထမဆုံးနဲ့ နောက်ဆုံးအချက်ဖြစ်ပါတယ်။

    အဲဒီဘုံသဘောတူညီချက်တွေထဲမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံက မြန်မာ့အရေးအာဆီယံအထူးသံတစ်ဦး ခန့်အပ်တာအပါအဝင် အဲဒီအထူးသံဟာ မြန်မာ့အရေးပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးနဲ့တွေ့ဆုံနိုင်ရေးလည်း ပါဝင်ပါတယ်။

    ဒါပေမဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်လည်းဖြစ်၊ စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံတာ ရှိခဲ့ပေမဲ့ ဝန်ကြီးချုပ်ဟာ သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ တောင်းဆိုခဲ့တာမရှိဘူးဆိုပြီး ခရီးစဉ်ကို အတူလိုက်ပါသွားတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

  20. ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်ခံရ

    ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်ခံရ

    အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး စွပ်စွဲခံရတဲ့အမှုတွေကို ရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူစွပ်စွဲခံထားရတဲ့အမှုတွေထဲက ၃ ခုအတွက် ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံလိုက်ရပါတယ်။

    ပို့ကုန်သွင်းကုန်ဥပဒေပါ ပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မအတွက် ထောင် ၁ နှစ်ချမှတ်ခံလိုက်ရတာဖြစ်ပြီး တစ်ပေါင်းတည်းကျခံရမယ်လို့သိရပါတယ်။

    ဒါ့ကြောင့် ထောင်ဒဏ်များတဲ့ပြစ်ဒဏ်ကိုပဲ ကျခံရတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအမှု နှစ်ခုအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။

    ဒီအမှု ၂ ခုဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ စကားပြောစက်တွေ တွေ့တယ်ဆိုပြီး အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။

    ဒါ့ပြင် ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ နေပြည်တော် ရွှေကြာပင်ရပ်ကွက်ကို သွားခဲ့တာဟာ ကိုဗစ်စည်းကမ်းကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရပြီး အမှုဖွင့်ခံရတဲ့ သဘာဝေးစီမံဥပဒေပုဒ်မအတွက်လည်း နေပြည်တော်အထူးတရားရုံးက ဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၂ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    တရားရုံးက ဒီကနေ့ ချမှတ်လိုက်တဲ့အမှု ၃ ခုအတွက် ထောင်ဒဏ် ၅ နှစ်ဖြစ်ပေမဲ့ တပေါင်းတည်းကျခံရမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၄ နှစ် ကျခံရဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

    လက်ရှိမှာဒေါ်အောင်ဆန်းစုကြည်ဟာ တခြားအမှုတွေအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရပြီးဖြစ်လို့ အခုဆို ထောင်ဒဏ် ၆ နှစ်အထိရှိလာပြီဖြစ်ပြီး တခြားစွပ်စွဲခံထားရတဲ့ အဂတိအမှုတွေအပြင် ရွေးကောက်ပွဲဆိုင်ရာအမှုတွေကိုလည်း ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။