ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရဲတိုက် ရုံးထုတ်စဉ် သတိလစ်မေ့မြော၊ ဖမ်းဆီးခံဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသပေးလိုက်နိုင်

    အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်ကို ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်က အင်းစိန်ထောင်တွင်းအထူးတရားရုံး (လသာမြို့နယ်တရားခွင် ) မှာ ရုံးထုတ်စစ်ဆေးစဉ် သတိလစ်မေ့လဲသွားတာကြောင့် အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်လို့ သူ့အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲထားတဲ့ ဆရာဝန်ကြီး ဒေါက်တာမော်မော်ဦး

    ဓာတ်ပုံ ရင်းမြစ်, Dr Maw Maw Oo Facebook

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲထားတဲ့ ဆရာဝန်ကြီး ဒေါက်တာမော်မော်ဦး

    ဒီနေ့မနက် ၁၁ နာရီလောက်မှာ ထောင်တွင်းအထူးတရားရုံးမှာ ရဲတိုက်ကို ရုံးထုတ်လာစဉ် ကိုယ်ပူဖျားနာနေပြီး အားလည်းမရှိကြောင်း၊ အဲဒီနောက် အထူးတရားရုံးတရားခွင်အတွင်းမှာပဲ သတိလစ်မေ့မြောသွားကြောင်း၊ အဲဒီလိုမေ့မြောနေချိန်မှာ သူနဲ့တစ်ချိန်တည်းရုံးထုတ်ပြီး တရားခွင်ထဲ စစ်ဆေးခံနေရတဲ့ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသမှုတွေပေးခဲ့ကြောင်း ဦးခင်မောင်မြင့်က ခုလိုပြောပါတယ်။

    "ကံကောင်းသွားတာက ဒေါက်တာမော်မော်ဦး ရှိနေတာကြောင့် လိုအပ်တဲ့ ကုသမှုတွေ ပေးနိုင်သွားတယ်။ အဲဒီဆရာဝန်ကြီးသာ ဒီနေ့ တရားခွင်မှာ ရုံးထုတ်မပါလာရင် ရဲတိုက်အခြေအနေက မလွယ်ဘူး။ ရဲတိုက်က လျှာလည်းလိပ်ပြီးခေါက်နေတယ်။ သွေးတွေလည်းထွက်နေတယ်။ ဆရာဝန်ကြီးကလည်း လသာတရားခွင်မှာ စစ်ဆေးခံနေရင်း ရဲတိုက်ကို အရေးပေါ်ကုသပေးလိုက်နိုင်တာပါ။ ဆရာဝန်ကြီး အဲဒီလို ကုသပေးပြီးတဲ့နောက်မှာ တရားသူကြီးနဲ့ရှေ့နေတွေကိုခွင့်တောင်းပြီးမှ ရဲတိုက်ကို အင်းစိန်ဆေးရုံကိုပို့ပေးတယ်။ အင်းစိန်ဆေးရုံရောက်ပြီး ၂ နာရီလောက်နေတော့ ပြန်သတိရတယ်" လို့ ဦးခင်မောင်မြင့်က ရှင်းပြပါတယ်။

    ရန်ကုန်ဆေးရုံကြီး ၊ အရေးပေါ်ဌာနတာဝန်ခံ၊ ပါမောက္ခ ဒေါက်တာမော်မော်ဦးဟာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီက တရားစွဲဆိုထားကာ အခုလို အင်းစိန်ထောင်တွင်းက အထူးတရားရုံးမှာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဆရာဝန်ကြီးဟာ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကာလ ဇူလိုင်လတုန်းက အင်းစိန်ထောင်တွင်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး ကုသမှု ခံယူထားရသူ ဖြစ်ပါတယ်။

    ရဲတိုက်ကိုတော့ လိုအပ်တဲ့ကုသမှုတွေပေးနိုင်ဖို့ အင်းစိန်ဆေးရုံကနေ မြောက်ဥက္ကလာဆေးရုံကိုလွှဲပြောင်းခဲ့ပြီး ရှေ့နေတွေဘက်ကတော့ ရဲတိုက်ရဲ့ ကျန်းမာရေးအခြေအနေအရ သုံးရက် ၊ ဒါမှမဟုတ် တစ်ပတ်အထိ အင်းစိန် ဆေးရုံမှာ စောင့်ကြည့်ကုသပေးဖို့ အင်းစိန်ဆေးရုံအုပ်ကြီးကိုတော့ တောင်းဆိုခဲ့ပါတယ်။

    ဒါပေမဲ့ အခု ညနေပိုင်းမှာတော့ ရဲတိုက်ကို မြောက်ဥက္ကလာပဆေးရုံကနေ အင်းစိန်ထောင်တွင်း ပြန်လည်ပို့ဆောင်လိုက်တယ်လို့ သိရကြောင်း ဦးခင်မောင်မြင့်ကပြောပါတယ်။

    ဒီနေ့ တရားခွင်မှာ ရဲတိုက်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အမှုမှာတရားရှင်လွှတ်သင့်ကြောင်း လျှောက်လဲချက် ပေးဖို့ဖြစ်ပေမယ့် ခုလိုအခြေအနေတွေကြောင့် ရှေ့နေတွေဘက်က လျှောက်လဲချက်ကို စာနဲ့ တင်ပြခဲ့ပြီး တရားသူကြီးက လက်ခံခဲ့တယ်လို့ သိရတယ်။ ရဲတိုက်ကို ပုဒ်မ ၅၀၅-က အပြင် မူးယစ်ပုဒ်မ ၁၆ (ဂ) နဲ့လည်း ဘုရင့်နောင်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ မူးယစ်မှုအတွက် ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၂၃ ရက်ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။

    ရဲတိုက်(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, ရဲတိုက် Facebook

    ဓာတ်ပုံ ပုံစာ, ရဲတိုက်(ပုံဟောင်း)
  2. ပန်းပင်ကြီးလမ်းဆန္ဒပြသူတွေကို ကားနဲ့တိုက်မှု ဥပဒေသုံးသပ်ချက်

  3. ကမ္ဘောဒီးယားက ဒုဝန်ကြီးချုပ်ကို အာဆီယံအထူးသံအဖြစ်ရွေးချယ်ဖို့ရှိ

    မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံအဖြစ် ရွေးချယ်မယ်ဆိုတဲ့ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်

    ဓာတ်ပုံ ရင်းမြစ်, Cambodia state owned media

    ဓာတ်ပုံ ပုံစာ, မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံအဖြစ် ရွေးချယ်မယ်ဆိုတဲ့ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်

    အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံ့ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn ကို မြန်မာ့အရေးအကျပ်အတည်းဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ရွေးချယ်ခန့်အပ်ဖို့ ရှိနေပါတယ်။

    ဒီသတင်းကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်မှာ ထုတ်ပြောလာတာဖြစ်ပါတယ်။

    ဒါ့ပြင် ဒုဝန်ကြီးချုပ်က အထူးသံအဖြစ် မြန်မာခရီးစဉ်စတဲ့အခါ ကမ္ဘောဒီးယားငြိမ်းချမ်းရေးညှိနှိုင်းမှုတွေမှာ ဝန်ကြီးချုပ်နဲ့အတူ ဘေးကရှိခဲ့တဲ့ ဝါရင့်ဝန်ကြီးလည်းဖြစ်၊ စက်မှု၊သိပ္ပံနဲ့နည်းပညာဝန်ကြီးလည်းဖြစ်တဲ့ Cham Prasidh လည်းပါဝင်ဖို့ရှိတယ်လို့ သိရပါတယ်။

    ဒီအကြီးတန်းအရာရှိ နှစ်ယောက်စလုံးဟာ လာမယ့်လဆန်း သူ့ရဲ့ မြန်မာခရီးစဉ်မှာပါဝင်လိမ့်မယ်ဆိုပြီး ဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။

    ဘရူနိုင်းနိုင်ငံကမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားချိန် အာဆီယံအထူးသံအဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး ၂ ကို ခန့်အပ်ထားတာဖြစ်ပါတယ်။

    အထူးသံခန့်အပ်ရေးကိစ္စဟာ ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းမှာ ဂျာကာတာမြို့မှာပြုလုပ်ပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်တဲ့ မြန်မာ့အရေးအာဆီယံ ခေါင်းဆောင်တွေဆွေးနွေးပွဲမှာ ရရှိတဲ့ဘုံသဘောတူညီချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။

    ဒါပေမဲ့ အထူးသံခန့်ရေးကိစ္စဟာ ဘုံသဘောတူညီချက်ထွက်ပြီး လနဲ့ချီကြာမှ အတည်ပြုနိုင်သလို အထူးသံဘက်က သူ့ရဲ့မြန်မာပြည်တွင်းခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တွေ့သင့်တွေ့ထိုက်သူတွေနဲ့တွေ့ဆုံဖို့ တောင်းဆိုတာရှိခဲ့ပါတယ်။

    စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုရင်ဆိုင်နေရသူဖြစ်လို့ တွေ့ခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြန်လည်ငြင်းဆိုထားဆဲဖြစ်လို့ အထူးသံ ဘရူနိုင်းနိုင်ငံခြားရေး၀န်ကြီး ၂ ရဲ့ မြန်မာခရီးစဥ်လည်း ခုထိအထမမြောက်သေးပါဘူး။

    တဖက်မှာလည်း ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုမရှိဘူးဆိုပြီး အာဆီယံဘက်က စစ်ကောင်စီဥက္ကဋ္ဌကို ပြီးခဲ့တဲ့ထိပ်သီးဆွေးနွေးပွဲတွေကို မဖိတ်ကြားခဲ့ပါဘူး။

  4. ကွတ်ခိုင်မြို့နယ်ဆရာဝန်ကြီး သေနတ်နဲ့ပစ်သတ်ခံရ

    ကွတ်ခိုင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင့်ဝင့်မြိုင်

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင့်ဝင့်မြိုင်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်ပြည်သူ့ဆေးရုံက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင့်ဝင့်မြိုင်ဟာ မနေ့ ဒီဇင်ဘာလ ၁၄ ရက်ညပိုင်းက သေနတ်သမားတချို့ရဲ့ပစ်ခတ်တာခံခဲ့ရလို့ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဒေါက်တာဝင့်ဝင်မြိုင်ဟာ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ကိုဗစ်ကာကွယ်ဆေးသွားထိုးပေးပြီး ပြန်အလာ မော်ဟန်နဲ့ နောင်ချိုကျေးရွာ ဟောင်းကြားမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ပစ်ခတ်တာခံခဲ့ရတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    ဆရာဝန်ကြီးအပါအဝင် လူ ငါး ဦးပါလာတဲ့ကားကို လက်နက်ကိုင်တွေက တားဆီးပြီးနောက် ဒေါက်တာတာဝင့်ဝင့်မြိုင်ကိုပဲ လက်နက်ငယ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တာလို့လည်းဆိုပါတယ်။

    သေဆုံးချိန်မှာ အသက် ၅၀ ရှိတဲ့ဒေါက်တာဝင့်ဝင့်မြိုင်ဟာ လားရှိုးဇာတိဖြစ်ပြီး CDM လှုပ်ရှားမှုမှာ မပါဝင်လို့ ခြိမ်းခြောက်စာတွေ အပို့ခံခဲ့ရတာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးအကာအကွယ်ယူပေးနေသူဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

  5. အသံတိတ်သပိတ်မှာပါဝင်တဲ့ အင်းစိန်ထောင်ထဲက ကျောင်းသားတွေ ဆေးကုသခွင့်မရသလို တိုက်ပိတ်ခံနေရ

    မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းက အသံတိတ်သပိတ်ဆင်နွှဲချိန် အင်းစိန်ထောင်ထဲကနေပါဝင်တဲ့ ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားတချို့ဟာ သံခြေချင်းခတ်ခံရတာအပြင် သတိမေ့မြောနေတာကို ဆေးကုသခွင့်မပေးတာနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

    သပိတ်မှာပါဝင်လို့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း အင်အား ၉၀ လောက် အင်းစိန်ထောင်ထဲမှာ ဆန္ဒပြတာကြောင့် ရိုက်နှက်နှိပ်စက် ခံခဲ့ရတယ်လို့ ထောင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

    ‘‘ကြွေးကြော်သံတွေလုပ်ကြတယ်ကြားတယ်။ ထောင်ဝင်စာ ၂ ပတ်အပိတ်ခံရမယ်ကြားတယ်။ အဲဒီထက်ဆိုးတာက သူတို့ ထောင်ထဲမှာ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကို ကုသမှုတစ်ခုမှ မရသေးဘူးလို့လည်း သိထားရပါတယ်။ ထောင်ထဲမှာလှုပ်ရှားမှုရှိတယ်ပေါ့နော်။ အထူးသဖြင့် ကိုဇော်ထက်နိုင်ရယ်၊ ကိုလေပြေစိုးမိုးတို့ရယ်က နဂိုကတည်းက ခြေချင်းခတ်ခံရသူတွေ။ အခု ဒီတစ်ခေါက် လှုပ်ရှားမှုမှာ အရိုက်ခံပြီးတော့ ကိုဇော်ထက်နိုင်ဆိုရင် ဆေးရုံတက်ခွင့်မရဘူး။ သတိမေ့နေတယ်။ ကိုလေပြေကတော့ တိုက်ပိတ်ခံထားရတယ်။ ကိုဝေယံနဲ့ပတ်သက်ပြီး ကျွန်တော် အတိအကျ မကြားရသေးဘူး’’လို့ ဗကသအဖွဲ့ဝင်တွေရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်ပြည့်စုံဖြိုးက ဘီဘီစီကိုပြောပါတယ်။

    ဗကသဘက်က ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက အကျဉ်းဦးစီးဌာနကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

    တစ်ဖက်မှာတော့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို အကြောင်းပြချက်တစ်စုံတရာမရှိဘဲ ရုံးထုတ်မေးမြန်းမှုမရှိတာဟာ ရုံးထုတ်တဲ့အခါ ဒီကျောင်းသားတွေကို နှိပ်စက်ထားတာတွေကို စစ်ကောင်စီဘက်ကလူသိမှာစိုးတာကြောင့်လို့ ဗကသဥက္ကဋ္ဌကသုံးသပ်ပါတယ်။

    ဒီသတင်းတွေကြောင့် အပြင်က တက်ကြွလှုပ်ရှားတဲ့လူငယ်တွေကတော့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ နှိပ်စက်ခံရတာတွေကို ပြည်တွင်းပြည်ပပူးပေါင်းပြီး လုပ်နိုင်တာတွေကို ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။

    ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး အပါအဝင် နိုင်ကျဉ်းတွေကို ရိုက်နှက်နှိပ်စက်ခံရပြီး တိုက်ပိတ်ခံနေရတယ်လို့ ဗကသများအဖွဲ့ချုပ်ပြော

    ဓာတ်ပုံ ရင်းမြစ်, ABFSU

    ဓာတ်ပုံ ပုံစာ, ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး အပါအဝင် နိုင်ကျဉ်းတွေ ရိုက်နှက်နှိပ်စက်ခံရပြီး တိုက်ပိတ်ခံနေရတယ်လို့ ဗကသများအဖွဲ့ချုပ်ပြော
  6. လှိုင်သာယာ၊ ၃ ရပ်ကွက်က ကျူးကျော်နေအိမ်တွေကို စစ်တပ်က ဖျက်ခိုင်းနေတယ်လို့ ဒေသခံတွေပြော

    လှိုင်သာယာမှာ ၃ ရပ်ကွက်ထဲက ကျူးကျော်တွေကို အကြောင်းကြားစာမပို့ဘဲ စစ်တပ်ကနေအိမ်တွေဖျက်ခိုင်းနေတယ်လို့ ဒေသခံတွေ ပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက်နဲ့ ၅ ရပ်ကွက်ထဲမှာ ရှိတဲ့ ကျူးကျော်နေအိမ်တွေကို စစ်ကောင်စီရဲ့ထွေအုပ်က ဖျက်ခိုင်းနေတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ ပီမိုးနင်းလမ်းထဲက ကျူးကျော်နေအိမ်တွေကို ဒီဇင်ဘာလ ၁၃ ရက်ကစလို့ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖျက်ခိုင်းနေပြီး အဲဒီရပ်ကွက်နဲ့ စည်ပင်ရေမြောင်းသာ ခြားတဲ့ ၃ ရပ်ကွက်က လယ်ယာမြေထဲ အိမ်ဆောက်လုပ်နေထိုင်ကြ တဲ့ကျူးကျော်တွေကိုတော့ စာကြိုတင် ပေးပို့အကြောင်းကြားတာမျိုးမရှိဘဲ ဖျက်ခိုင်းနေတာလို့ ဒေသခံတွေကပြောပါတယ်။

    ''ဟိုဘက် ၅ ရပ်ကွက်က ကျူးကျော်မြေဖြစ်တာ။ ဒီဘက်က ၃ ရပ်ကွက်က စည်ပင်အပိုင် မဟုတ်ဘူး။ လယ်ယာမြေထဲမှာ ဆောက်လုပ်နေကြတာ။ ပိုင်ရှင်ဖြစ်တဲ့အဖွားရဲ့ ကျန်ရစ်တဲ့မျိုးဆက်ကလည်း ဆက်နေ ပါစေဆိုပြီး ပြောထားတာရှိတယ်။ အဲဒါ ဟိုနေ့က ရဲနဲ့စစ်သားတွေက ဒီဘက်အခြမ်းပါ ပါတယ်ဆိုပြီး လာဖျက်ခိုင်းနေတယ်။ မြေတူးစက်နဲ့ ထိုးတာမျိုးမလုပ်သေးပေမယ့် အဲဒီလိုထိုးရင် အကုန် ပျက်စီးကုန်မှာစိုးလို့ တချို့ဆို စိုးရိမ်ပြီး ဖျက်နေကြပြီ''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်တပ်နဲ့ဒေသအုပ်ချုပ်ရေးပိုင်းက စာမထုတ်ဘဲ ဖျက်ခိုင်းတယ်ဆိုတဲ့ ၃ ရပ်ကွက်ထဲက ကျူးကျော်နေအိမ်တွေဟာ သမ္မတ ဦးစိန်းသိန်လက်ထက် ၂၀၁၂ ခုနှစ်ကတည်းက ရှိခဲ့တဲ့ ကျူးကျော်နေအိမ်တွေဖြစ်ပါတယ်။

    ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ ကျူးကျော်အိမ်တွေဖျက်ရတဲ့အထဲမပါခဲ့သလို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက်မှာ ကျူးကျော်တွေကို နေရာချပေးမယ့် စမတ်ကတ်တွေလက်ဝယ်ရှိထားသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အခုတော့ အဲဒီနေရာမှာနေတဲ့ လူထောင်ချီဟာ သူတို့နေအိမ်တွေ အင်အားသုံးဖျက်ဆီးမှာကို စိုးရိမ်လို့ နေအိမ်တွေဖျက်နေပြီး ထွက်လာတဲ့အိမ်ဆောက်ပစ္စည်းတွေကို အဆမတန်ဈေးနည်းတဲ့ အပုံလိုက် ရောင်းချနေရသလို နေဖို့နေရာ ခက်ခဲနေတယ်လို့သိရပါတယ်။

    ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတည်းက စလို့ ကျူးကျော်နေထိုင်သူတွေရဲ့နေအိမ်တွေကို သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီတွေက စာထုတ်ပြီး ပြောင်းရွှေ့ဖို့ ညွှန်ကြားတာတွေရှိသလို တချို့နေရာတွေမှာတော့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ရုတ်တရတ်ရွှေ့ပြောင်းစေတာမျိုးတွေရှိလို့ ကျူးကျော်နေထိုင်သူတွေ အခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။

  7. လေးကေကော်မှာ စစ်ကောင်စီနဲ့ ကေအန်န်ယူတပ်တွေ တိုက်ပွဲစဖြစ်နေ

    စစ်ကောင်စီတပ်တွေဟာ လေးကေကော် မြို့သစ်အိမ်ရာတွေထဲကို စစ်ကြောင်းတွေခွဲပြီး ရှာဖွေ ဖမ်းဆီးမှုတွေလုပ်နေတာ ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်ပိုင်းကတည်းက ဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, SawTarTu/MPA

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်တွေဟာ လေးကေကော် မြို့သစ်အိမ်ရာတွေထဲကို စစ်ကြောင်းတွေခွဲပြီး ရှာဖွေ ဖမ်းဆီးမှုတွေလုပ်နေတာ ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်ပိုင်းကတည်းက ဖြစ်ပါတယ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်နားက ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ငြိမ်းချမ်းရေးမြို့ လေးကေကော်မှာ ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲ စတင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

    စစ်ကောင်စီတပ်တွေဟာ လေးကေကော်ငြိမ်းချမ်းရေးမြို့ထဲက ရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မနေ့ ဒီဇင်ဘာလ ၁၄ ရက်ကတည်းက ဝင်ရောက်ရှာဖွေနေတာဖြစ်ပါတယ်။

    ဒီကနေ့အထိ ရှာဖွေတာတွေ ဆက်လုပ်နေချိန် ရပ်ကွက် ၆ ဘက်ကနေ ထိတွေ့တိုက်ပွဲပေါ်ပေါက်လာတာဖြစ်တယ်လို့ လေးကေ့ကော်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ''သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)က အဝိုင်းခံထားရတာမဟုတ်ဘူး။ မနေ့ကတည်းက ပြန်မထွက်တာ။ ဒီမနက်မှာ ရှာဖွေတာဆက်လုပ်တော့ မိုးပေါ်ထောင်ပြီး သေနတ် တစ်ချက်စဖောက်တယ်။ အဲဒီမှာ KNLA ဘက်က ပြန်ပစ်ရာကနေ တိုက်ပွဲစတာ။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်။ အပြန်အလှန်ပစ်နေတာ ၁၅ မိနစ်လောက်ရှိပြီ'' လို့ သူက ဘီဘီစီကိုပြောပါတယ်။

    အခုတော့ ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

    လေးကေကော်ငြိမ်းချမ်းရေးမြို့သစ်ထဲက ရပ်ကွက်တွေထဲကို စစ်ကောင်စီဘက်က မနေ့က ဝင်ရှာချိန် မြောင်းမြလွှတ်တော်အမတ်တစ်ဦးနဲ့ CDM ပြုလုပ်ထားတဲ့ ဆရာဝန်တစ်ဦး၊ ရဲနှစ်ဦးနဲ့ တခြားလူပုဂ္ဂိုလ် ၁၂ ဦးထက်နည်း ဖမ်းဆီးခံခဲ့ရပြီး သူတို့ကို ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

  8. အကူအညီတွေလိုနေတဲ့မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်သူတွေ ဆက်မြင့်တက်နေ

    အကူအညီတွေလိုနေတဲ့မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်သူတွေ ဆက်မြင့်တက်နေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း ၄ မြို့နယ်မှာ စစ်ရှောင် ၁ သောင်း ၈ ထောင်အထိရှိလာပါတယ်။

    လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်မှုမြင့်တက်နေတဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေရသူ ဆက်လက်မြင့်တက်နေဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးရုံး(UNOCHA)က ပြောလာပါတယ်။

    စစ်တပ်နဲ့ချင်းကာကွယ်ရေးတပ်(CDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကြားက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေရသူအရေအတွက်ဟာ မေလကနေ ဒီဇင်ဘာလ ၇ ရက်နေ့အထိဆိုရင် လူပေါင်း ၁ သိန်းကျော်ရှိခဲ့တယ်လို့ UNOCHA က တစ်ပတ်စာသတင်းလွှာမှာဖော်ပြလာတာပါ။

    ဒါ့ပြင် ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် မြို့နယ် ၄ ခုက နေရပ်စွန့်ခွါထွက်ပြေးရသူ ၁ သောင်း ၈ ထောင်ကျော်အထိရှိလာလို့ အခုဆို စစ်ကိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရသူ ၅ သောင်း ၉ ထောင်အထိရှိလာတယ်လို့ဆိုပါတယ်။

    ချင်းပြည်နယ်ထဲမှာဆို မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ စစ်ရှောင် ၁ သောင်း ၅ ရာအထိထပ်တိုးလာလို့ ပလက်ဝမြို့နယ်က နေရပ်စွန့်ခါွနေထိုင်သူ ၆ ထောင်ကျော်ပါ အပါအဝင်ဆိုရင် ပြည်တွင်းစစ်ရှောင် ၄ သောင်း ကျော်အထိရှိနေတယ်လို့ ဆိုပါတယ်။

    လူသားချင်းစာနာမှုအကူအညီပေးနိုင်မှုအခြေအနေကို ကြည့်ရင်လည်း မင်းတပ်မြို့နယ်တစ်ခုတည်းကိုတင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက နိုဝင်ဘာလနှောင်းပိုင်းမှာ အကူအညီပေးနိုင်ခဲ့တာနဲ့ တကယ်လိုအပ်နေတာကို ကြည့်ရင် လိုအပ်ချက်အများကြီးရှိနေတုန်းလို့လည်း သတင်းလွှာမှာဖော်ပြပါတယ်။

    မကွေးတိုင်းထဲမှာဆိုရင်လည်း ပြီးခဲ့တဲ့တစ်ပတ်အတွင်း မြို့နယ် ၃ ခုကနေ စစ်ရှောင် ၃၀၀ နီးပါးအထိ မြင့်တက်လာလို့ အခုဆိုရင် မကွေးတစ်ခုတည်းမှာတင် စစ်ရှောင် ၁ သောင်း ၂ ထောက်အထိရှိလာတယ်လို့ ဆိုပါတယ်။

  9. ထားဝယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီသတင်းပေး လို့ စွပ်စွဲခံရသူ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ထဲက မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ရေဝိုင်းရွာမှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ အမျိုးသား ၂ ဦးဟာ မနေ့ ဒီဇင်ဘာလ ၁၄ ရက်ညနေပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သေဆုံးခဲ့သူအမျိုးသား ၂ ဦးဟာ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမြမွှေးနဲ့ အသက် ၃၅ နှစ်အရွယ် ဦးဇော်မင်းသူတို့ဖြစ်တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    ''သူတို့က ရေဝိုင်းမှာ စစ်တပ်ကိုလာဖမ်းခိုင်းလို့ ရွာသားတချို့ ပြေးရ၊ ရှောင်ရတာရှိတယ်။ မူးယစ်ဆေးဝါးလည်းရောင်းကြတယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်တယ်။ မနေ့ညေနတော့ ရွာပြင်မှာ ပစ်ခတ်ခံလိုက်ရတာ''လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပစ်ခတ်ခံခဲ့ရသူတွေဟာ စွပ်စွဲခံရသလို စစ်ကောင်စီသတင်းပေး ဟုတ်၊မဟုတ်နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ ဟုတ်၊မဟုတ်ဆိုတာကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    လက်ရှိမှာတော့ ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်တွေ ရေဝိုင်းရွာထဲမှာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရှိရပါတယ်။

    တနင်္သာရီနဂါးဆိုတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ကတော့ ဒီပစ်ခတ်မှုကို သူတို့ လုပ်ခဲ့တာဆိုပြီး သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

    ပစ်ခတ်မှုဖြစ်တဲ့ ရေဝိုင်းရွာဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲမှာရှိပြီး ရေး-ထားဝယ်လမ်းပေါ်ကနေ အတော်ဝေးဝေး ဝင်သွားရတဲ့နေရာမှာရှိပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုဖြစ်တဲ့ ရေဝိုင်းရွာဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲမှာရှိပြီး ရေး-ထားဝယ်လမ်းပေါ်ကနေ အတော်ဝေးဝေး ဝင်သွားရတဲ့နေရာမှာရှိပါတယ်။
  10. မြန်မာ-တရုတ် နယ်စပ် ယွမ်နဲ့ ကျပ်ငွေ ပေးချေမှုကို ခွင့်ပြု

    မြန်မာ -တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရာမှာ နှစ်နိုင်ငံ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတို့အတွက် နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ ယွမ်ငွေနဲ့ ကျပ်ငွေ တိုက်ရိုက် ငွေပေးချေမှုကို ဒီဇင်ဘာလ ၁၄ ရက်နေ့က စပြီးခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။

    အလားတူ ထိုင်းနဲ့ တရုတ်နိုင်ငံတွေနဲ့ ကုန်သွယ်တဲ့အခါ မြန်မာငွေနဲ့ တိုက်ရိုက်ပေးချေနိုင်ဖို့အတွက် နှစ်ဖက်အစိုးရအာဏာပိုင်တွေနဲ့ သဘောတူလက်မှတ်ထိုးပြီးသွားတာကြောင့် မကြာခင်အကောင်အထည်ဖော်နိုင်တော့မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှ အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ဒါကလည်း ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတည်းက ပြင်ဆင်လာတဲ့ အကြောင်းအရာဖြစ်တယ်လို့ စီးပွားရေးနဲ့ နိုင်ငံရေးအကဲခတ်တွေကဆိုကြပါတယ်။

    ဒီအစီစဥ် ဘယ်တော့ စနိုင်မယ်ဆိုတာ ကုန်သည်တွေက မသိရသေးပေမဲ့ နယ်စပ် ကုန်သည်တွေအတွက်အရင်လို ‌‌ထပ်ဆင့်‌ငွေလွှဲရတဲ့ ကိစ္စတွေ နည်းသွားတဲ့အတွက် ကုန်သည်တွေအတွက် အကျိုးရှိတယ်လို့ ပြောပါတယ်။

    နယ်စပ်ကုန်သွယ်မှု ပို့ကုန် သွင်းကုန် ဆောင်ရွက်ခွင့်မယ့်သူတွေကို ယွမ် ကျပ်တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွှက်ခွင့်ရတဲ့ ဘဏ်တွေမှာ ယွမ်ငွေစာရင်းကို ဖွင့်ခွင့်ပြုမယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, SCREEN SHOT

  11. စစ်အာဏာသိမ်းမှု ကိုဗစ်လှိုင်းနဲ့ တံခါးပိတ်သွားတဲ့ စာသင်ခန်းများ

  12. ကနီမှာ မြစ်လယ်သောင်တင်နေတဲ့စစ်ကောင်စီရေယာဉ်အုပ်စု တိုက်ခိုက်ခံရ

    ဒီဇင်ဘာလ ၁၂ ရက်မှာ ရေမြုပ်မိုင်းနဲ့တိုက်ခိုက်ခံရတဲ့စစ်ကောင်စီရေယာဉ်ဟာ မဲ့ဒင်ရွာအနီး ချင်းတွင်းမြစ်ထဲမှာ နစ်မြုပ်နေပြီလို့ ဒေသကာကွယ်ရေးတပ်က ကောင်းကင်ကနေရိုက်ကူးထားတဲ့ရုပ်သံ ထုတ်ပြန်လာ

    ဓာတ်ပုံ ရင်းမြစ်, screen grab

    ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာလ ၁၂ ရက်မှာ ရေမြုပ်မိုင်းနဲ့တိုက်ခိုက်ခံရတဲ့စစ်ကောင်စီရေယာဉ်ဟာ မဲ့ဒင်ရွာအနီး ချင်းတွင်းမြစ်ထဲမှာ နစ်မြုပ်နေပြီလို့ ဒေသကာကွယ်ရေးတပ်က ကောင်းကင်ကနေရိုက်ကူးထားတဲ့ရုပ်သံ ထုတ်ပြန်လာ

    စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက အင်လယ်ချောင်ရွာအနီး ချင်းတွင်း မြစ်လယ်မှာ သောင်တင်နေတဲ့စစ်ကောင်စီရေယာဉ် အုပ်စုကို မနေ့ ဒီဇင်ဘာလ ၁၃ ရက် ညသန်းခေါင်အချိန်မှာ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒေသကာကွယ်ရေးတပ် ကျောက်လုံးကြီး PDF က သတင်းထုတ်ပြန်လာပါတယ်။

    ဖောင်ပေါ်ကို မိုင်းတင်ပြီး စစ်ကောင်စီရေယာဉ်တွေအနားအရောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်နည်း ကျဆုံးနိုင်ချေရှိတယ်လို့လည်းဆိုပါတယ်။

    အဲဒီတိုက်ခိုက်မှုကို ကျောက်လုံးကြီး PDF အပြင် ဒေသတွင်းမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ကနီဒေသကာကွယ်ရေးတပ်တွေဟာ ဒီဇင်ဘာလ ၁၂ ရက်မနက်ပိုင်းတုန်းကလည်း စစ်ကောင်စီရဲ့ရေယာဉ်တစ်စင်းကို ရေမြုပ်မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီစက်လှေဟာ မဲဒင်ရွာကျွန်းခုံအနီးမှာ နစ်မြုပ်နေတဲ့ဗီဒီယိုကိုလည်း ဒေသကာကွယ်ရေးတပ်တွေဘက်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကနီနယ်ထဲက ချင်းတွင်းမြစ်ထဲမှာ ရေယာဉ်တွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

  13. သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ အဆင့်မြှင့်မှု ၂ နှစ်ကျော်အကြာမှာ အပြီးသတ်

    သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ ၁ ကို  ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတုန်းက ပြင်ဆင်မှုတွေလုပ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ ၁ ကို ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတုန်းက ပြင်ဆင်မှုတွေလုပ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။

    ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ-၁ ကို ၂ နှစ်ကျော်ကြာအောင် အဆင့်မြှင့်တင်မှုပြီးစီးလို့ ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်မှာ လွှဲပြောင်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံရဲ့အထောက်အပံ့နဲ့ပြင်ဆင်ခဲ့တာဖြစ်ပြီး အားကစားရုံထဲက မီးဘေးလုံခြုံမှုစနစ်၊ မီးစနစ်နဲ့ အသံစနစ်တွေကို ပြင်ဆင်ခဲ့တာလို့ သိရပါတယ်။

    ဒီအားကစားရုံကို ပြင်ဆင်ဖို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလလည်ပိုင်းမှာ သဘောတူညီခဲ့တာဖြစ်ပြီး ၂၀၁၉ သြဂုတ်လကစလို့ ပြုပြင်ဖို့ စတင်ခဲ့တာဖြစ်ပါတယ်။

    ကုန်ကျစရိတ် တရုတ်ယွမ်ငွေ သန်း ၂၂၀ ရှိတဲ့ ဒီအားကစားရုံအဆင့်မြှင့်တင်မှုကို ရှန်ဟဲဆောက်လုပ်ရေးကုမ္ပဏီက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    ဒီနေ့ ပြုလုပ်တဲ့အားကစားရုံပြန်လည်လွှဲပြောင်းတဲ့အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ စစ်ကောင်စီရဲ့ အားကစားနဲ့လူငယ်ရေးရာဝန်ကြီးတို့ တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။

  14. တန့်ဆည်မြို့နယ် ရွာသာယာ တိုက်ပွဲ လူ ၅ ဦး နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွာသာယာ (ရွာမ) မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီထောက်ခံသူတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူ ၅ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက တစ်ဆင့်သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ရွာထဲက နေအိမ် ၄ လုံး မီးရှို့ခံရပြီး ရွာက လူ ၅ ဦး အသတ်ခံရမှုကို သွားရောက်ထိန်းသိမ်းပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ မိုင်းဆွဲခံရပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တာလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

    ရွာထဲမှာ သေဆုံးခဲ့သူတွေကတော့ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ပျူစောထီးတွေဖြစ်တယ်လို့လည်း ‌ဒေသခံတွေက ပြောကြ‌ပေမဲ့ စစ်ကောင်စီဘက်ကတော့ သေဆုံးခဲ့သူတွေဟာ ရွာသားတွေဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

    ရွာသာယာ (ရွာမ)ရှိ ကျေးရွာနေ ပြည်သူတွေကတော့ လက်ရှိအချိန်မှာ နေအိမ်စွန့်ခွာ ရှောင်တိမ်းနေရကြတယ်လို့လည်း သိရပါတယ်။

    ဒဏ်ရာရရှိသွားတဲ့ ရွာသားတစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တန့်ဆည်မြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. လေးကေကော်ဒေသကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ, လွှတ်တော်အမတ်၊ CDM ဆရာဝန်နဲ့ရဲတွေအပါအဝင် လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

    လေးကေကော်ဒေသကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော်ငြိမ်းချမ်းရေးမြို့သစ်က ရပ်ကွက်တွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေမှုတွေအတွင်း လွှတ်တော်အမတ်တစ်ဦး၊ CDM ဆရာဝန် ၁ ဦးနဲ့ ရဲ ၂ ဦး အပါအဝင် လူပေါင်း ၁၂ ဦး ဖမ်းဆီးခံရတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    ''လေးကေကော်က ကေအဲန်ယူထိန်းချုပ်နယ်မြေတော့မှန်တယ်။ ဒါပေမဲ့ ဥပမာ အမှုအခင်းတစ်ခုခုဖြစ်ရင် မြဝတီက ရဲတွေ ဘာတွေလည်းဝင်စစ်တာတွေလုပ်တယ်။ ပြောမယ်ဆိုရင် နှစ်ဖက်လုံးက ထိန်းချုပ်ထားတဲ့နယ်မြေလိုဖြစ်နေတဲ့သဘောပြောရမယ်။ အခုဖြစ်တာကလည်း ကေအဲန်ယူရဲ့ပိုင်နက်ထဲလို့ပြောမရဘူး။ အရင်တုန်းကလည်း ၂ ကြိမ်လောက် အခုလို ဝင်ဖူးတယ်။ သူတို့(စစ်တပ်)က အမြဲတမ်းဝင်ဖို့ ကြိုးပမ်းနေတာ။ အခုတစ်ကြိမ်က အကြောင်းမကြားဘဲ ဝင်လာတာလို့ သိရတယ်။ အဖမ်းခံရသူတွေက မြို့ထဲရပ်ကွက်မှာ ငြိမ်းချမ်းရေးမြို့လို့ဆိုတော့ နီပွန်ဖောင်ဒေးရှင်းက ဆောက်ပေးထားတဲ့ အိမ်လေးတွေမှာ နေနေကြတာရှိတယ်။ အဲဒီမှာ တချို့ကဖမ်းဆီးခံရတာလို့ ကနဦးသိရတယ်။ အခြေအနေ အရမ်းရှုပ်ထွေးနေလို့ ဒီထက်တင်းမာမှုတွေ ဖြစ်လာမှာ စိုးရိမ်နေရတယ်'' လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ မနေ့ ဒီဇင်ဘာလ ၁၃ ရက် မနက်ပိုင်းကတည်းက အင်အား ၂၀၀ လောက်နဲ့ မြို့တွင်း ကျေးရွာတချို့ကို ဝင်ရောက်နေတာဖြစ်လို့ စစ်ရေးအသွင်ဆောင်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေက အစောပိုင်းကတည်းက တိမ်းရှောင်နေကြတာတွေလည်းရှိနေပါတယ်။

  16. တန့်ဆည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

    စစ်ကောင်စီရဲ့ကား ၁ စီးနဲ့ဆိုင်ကယ် ၅ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, TPC

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီရဲ့ကား ၁ စီးနဲ့ဆိုင်ကယ် ၅ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆို

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က မှန်ရင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို မနေ့ ဒီဇင်ဘာလ ၁၃ ရက်ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ တန့်ဆည်ပြည်သူရဲဘော်အဖွဲ့ TPC က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီဘက်ကတော့ ရွာသာယာရွာမှာ အမျိုးသား ၅ ဦး သတ်ဖြတ်ခံရပြီး နေအိမ်တချို့မီးရှို့ခံရတယ်ဆိုလို့ လုံခြုံရေး တပ်ဖွဲ့တွေက အဲဒီရွာကိုသွားပြီးအပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရ တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး နောက်ထပ်အချို့ မိုင်းစ ထိမှန်ခဲ့တယ်လို့လည်းဆိုပါတယ်။

    တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ကတော့ အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ ဒဏ်ရာတဲ့စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေထဲက တစ်ဦးဟာ အရေးပေါ်အခြေအနေရှိနေတယ်လို့ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

  17. ထောင် ၃ နှစ်စီချမှတ်ခံရတဲ့ ကမ္ဘောဇတိုင်းသတင်းသမားတွေကို ပြန်လွှတ်ပေးဖို့ CPJ တောင်းဆို

    ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင်မှာ ၈ လကျော်ကြာဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရတဲ့ ကမ္ဘာဇတိုင်းသတင်းဌာန သတင်းသမား ၃ ဦးကို ပြန်လွှတ်ပေးဖို့ သတင်းသမားများကာကွယ်ရေးကော်မတီ(CPJ)က တောင်းဆိုလာပါတယ်။

    ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း(ခ)နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နဲ့ သတင်းသမားလို့ စွပ်စွဲခံရတဲ့ မိသားစုဝင် စိုင်းစည်သူတို့ကို ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ ၁၀ မှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။

    သူတို့အားလုံးဟာ မတ်လ ၂၄ ရက်ညမှာ ဟိုပုံးမြို့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထောင်တွင်းတရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

    ''အာဏာသိမ်းစစ်တပ်အနေနဲ့ ဒီသတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးရပါမယ်။ နောက်ပြီး သတင်းလိုက်၊ သတင်းတင်ပြရုံနဲ့ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတာတွေကိုလည်း ရပ်တန့်ရပါမယ်။ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ သတင်းသမားတွေကို ရာဇဝတ်သားတွေကို ပြုမူတာ ရပ်တန့်ရပါမယ်။''လို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။

    မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းမှုလုပ်ပြီးကတည်းက လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး ဒါဇင်နဲ့ချီရှိနေတယ်လို့ CPJ ကပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ကမ္ဘောဇတိုင်းသတင်းဌာနလို ရှမ်းပြည်နယ်ထဲမှာ သတင်းသမား ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ၄ ဦးပြန်လွတ်လာပြီဖြစ်ပါတယ်။

    ဒါပေမဲ့ သံလွင်သွေးချင်းသတင်းဌာနက အယ်ဒီတာချုပ် မြဝန်းရံ၊ ရွှေဖီမြေသတင်းအေဂျင်စီက ရုပ်သံသတင်းထောက် လွေးအမ်ဖောင်နဲ့ ကမ္ဘောဇတိုင်းက ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းသမား ၄ ဦးတို့ ချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။

    ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေ

    ဓာတ်ပုံ ရင်းမြစ်, Kanbawza Tai

    ဓာတ်ပုံ ပုံစာ, ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေ
  18. လေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေ

    လေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေ

    ဓာတ်ပုံ ရင်းမြစ်, KIC

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် KNU အရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော်မြို့သစ်ထဲက ရပ်ကွက်တချို့ကို ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်မနက်ပိုင်းမှာ စစ်ကောင်စီဘက်က အင်အား ၂၀၀ ကျော်နဲ့ ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    အဲဒီက ရပ်ကွက်နေအိမ်တွေမှာ PDF တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ရှာဖွေဖမ်းဆီးဖို့ ရပ်ကွက်တွေထဲမှာ ပိတ်ဆို့ စစ်ဆေးတာ၊ ဝင်ရောက်ရှာဖွေတာကြောင့် လူ ၁၀ ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို ဒေသခံတွေက ပြောနေကြပါတယ်။

    ဘီဘီစီအနေနဲ့ ဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

    မနေ့ ဒီဇင်ဘာလ ၁၃ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက တပ်တွေဟာ လေးကေကော်နယ်မြေထဲက ကျေးရွာအချို့ကို ဝင်ရောက်နေတာဖြစ်ပါတယ်။

    ဒါ့ကြောင့် ကေအဲန်ယူ တပ်မဟာ ၆ ခရိုင်အဆင့် စစ်ရေး၊ အုပ်ချုပ်ရေးခေါင်းဆောင်တွေနဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တာဝန်ရှိသူတွေ အောက်ခြေအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်ပြည်နယ်အခြေစိုက် KIC သတင်းက အစောပိုင်းကတည်းက သတင်းဖော်ပြနေပါတယ်။

  19. နိုင်ငံရေးဖြစ်စဉ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်မပေးမှုကို စစ်ခေါင်းဆောင်ဘာပြောလဲ

    အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး စွပ်စွဲခံရတဲ့အမှုတွေကို ရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်အနေနဲ့ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေ၊ နောက် CRPH နဲ့ NUG ဖွဲ့စည်းတာတွေကို သူ့ရဲ့ရှေ့နေတွေကနေ တဆင့် သိရှိပြီးဖြစ်မယ်လို့ ယူဆသလို ရှေ့နေတွေကနေ တဆင့်မှတ်ချက်ပေးနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။

    မနေ့ ဒီဇင်ဘာလ ၁၃ ရက်မှာပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ သူက အခုလိုပြောလာတာဖြစ်ပါတယ်။

    ဒါ့အပြင် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာလ ၆ ရက်က ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ပြီး ၂ နှစ်လျှော့ပေါ့ပေးခဲ့တာ၊ ကျန်နေတဲ့အမှုတွေကို ဆက်ပြီးစစ်ဆေးနိုင်ဖို့ အကျဉ်းထောင်ကိုမပို့ဘဲ လက်ရှိနေရာတွေမှာပဲ ဆက်ထားဖို့ ဆောင်ရွက်ခဲ့တာတွေကိုလည်း သူက အဲဒီအစည်းအဝေးမှာပြောထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ရှေ့နေတွေကနေ မှတ်ချက်ပေးနိုင်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပေမဲ့ ရှေ့နေတွေဟာ ဒေါ်အောင်ဆန်းစုကြည်အမှုကိစ္စရပ်တွေကို မီဒီယာတွေနဲ့ပြည်ပအဖွဲ့အစည်းတွေကို ထုတ်မပြောဖု့ိ တားမြစ်တဲ့ ပုဒ်မ ၁၄၄ အထုတ်ခံထားရတာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ဖြစ်ပါတယ်။

    နိုင်ငံရေးဖြစ်စဉ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်မပေးမှုကို စစ်ခေါင်းဆောင်ဘာပြောလဲ

    ဓာတ်ပုံ ရင်းမြစ်, cincds

  20. လှိုင်သာယာ ၁၂ ရပ်ကွက်က လူနေဆောင်အတွင်း ပေါက်ကွဲမှုကြောင့် လူငယ် ၃ ဦးဖမ်းဆီးခံထားရ

    လှိုင်သာယာမြို့နယ် အမှတ် ၁၂ ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းက လူနေအဆောင်တွင်း ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး လူငယ် ၃ ဦး ဖမ်းဆီးခံထားရတယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတွေကပြောပါတယ်။

    ဖမ်းဆီးခံသွားရတဲ့ ၃ ဦးထဲမှာ ၁ ဦးဟာ ပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်တဲ့အထိ ဒဏ်ရာရရှိထားတယ်လို့ဆိုပါတယ်။

    ပေါက်ကွဲမှုဟာ မနေ့ ဒီဇင်ဘာလ ၁၃ ရက် ည ၆ နာရီခန့်မှာ ဖြစ်ပွားတာဖြစ်ပြီး ပထမဆုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မီးလောင်ခဲ့သလို နောက်ထပ်ပေါက်ကွဲမှုတွေဆက်ဖြစ်ခဲ့တာကြောင့် စုစုပေါင်းပေါက်ကွဲမှု ၇ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

    '' ပေါက်တဲ့အဆောင်က ခြေထောက်ပြတ်တဲ့အစ်ကိုကို ဆေးရုံပို့ဖို့စီစဉ်နေကြတုန်း စစ်တပ်ကရောက်လာတာ။ အဲဒီဒဏ်ရာနဲ့အစ်ကိုက ဒဏ်ရာနဲ့ပဲ ဆက်စပ်တခြားသူတွေရှိနိုင်တဲ့ နေရာတွေကို စစ်တပ်ကိုလိုက်ပြရတယ်။ သူတို့ကလိုက်ပြခိုင်းလို့လေ။ ဆေးရုံတန်းမခေါ်သွားတာသေချာတယ်။ ၁၄ ရပ်ကွက်ဘက်ကသူတွေကလှမ်းပြောတယ်။ သူတို့ဘက်ကို ရောက်လာပြီး ဒဏ်ရာတွေနဲ့ စစ်တပ်ကိုလိုက်ပြနေရတာတွေ့တာလှမ်းပြောတယ် '' လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

    ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘာကြောင့်ဆိုတာမသိရသေးသလို အဲဒီပေါက်ကွဲမှုဖြစ်တဲ့ အဆောင်နဲ့မှာနေထိုင်သူတွေ အပါအဝင် လမ်းတစ်ခုလုံးကို ပိတ်ဆို့စစ်ဆေးတာတွေကို မနေ့က ည ၁၁ နာရီ ၄၅ မိနစ်လောက်အထိ စစ်ကောင်စီကလုပ်ခဲ့တယ်လို့ အဲဒီမှာနေထိုင်သူတစ်ဦးကပြောပြပါတယ်။

    '' ပထမဆုံးပေါက်သံကြားပြီးသိပ်မကြာဘူး။ စစ်တပ်ကရောက်လာတာ။ သူတို့ ရောက်ပြီးဆက်ပေါက်နေတော့ အဆောင်ထဲကိုမဝင်ဘူး။အောက်ကနေ ကြည့်တယ်။လမ်းထဲကလူတွေ တစ်ယောက်မှမထွက်ဖို့အော်ပြောတယ်။လမ်းကိုပိတ်တယ်။ဆဲလည်းဆဲတယ်။ ပေါက်ပြီး မီးလောင်တော့ မီးသတ်ကိုပဲ ငြှိမ်းခိုင်းတယ်။ သူတို့အဆောင်ထဲမဝင်ဘူး။ လုံး၀ အသံတွေငြိမ်သွားမှသူတို့ သူတို့တက်ကြည့်တယ်။ လမ်းကို ည ၁၁ နာရီ ၄၅ လောက်မှာ လမ်းကိုပြန်ဖွင့်တယ် '' လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပြပါတယ်။

    လက်ရှိမှာတော့ ဒဏ်ရာရရှိသူကိုဆေးရုံပို့ဆောင်ထားတယ်လို့သိရကြောင်း လမ်းတွင်းနေသူတွေကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့အဆောင်ဟာ အခြေခံလုပ်သားတွေ နေထိုင်ကြတဲ့အဆောင်ဖြစ်တယ်လို့သိရပါတယ်။

    လှိုင်သာယာ ၁၂ ရပ်ကွက်က လူနေဆောင်အတွင်း ပေါက်ကွဲမှုဖြစ်စဉ်မှာ လူငယ် ၃ ဦးဖမ်းဆီးခံထားရ

    ဓာတ်ပုံ ရင်းမြစ်, CJ