ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်-အင်းစိန်လမ်းပေါ်က မြတ်မေတ္တာမွန်ဆီဆိုင်ကို ဖျက်ဆီးခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ပြော

    ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးနဲ့ ရွာမကျောင်းလမ်းထောင့်က မြတ်မေတ္တာမွန်ဆီစက်သုံးဆီဆိုင်ကို ဒီနေ့ ဒီဇင်ဘာလ ၁၂ ရက်မနက်ပိုင်းမှာ ဝင်ရောက်ဖျက်ဆီးခဲ့တယ်ဆိုပြီး မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ STA က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    ဝန်ထမ်းတွေကို ဘေးလွတ်ရာပြောင်းဖို့ သေနတ်တစ်ချက်ဖောက်သတိပေးပြီးမှ ဆီထည့်ရာမှာသုံးတဲ့ပန့်တွေကို သေနတ်နဲ့ ၇ ချက်ပစ်ခတ်ပြီး ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

    အဲဒီဆီဆိုင်ဟာ စစ်ကောင်စီအတွက် ဒေါက်တိုင်တစ်ခုဖြစ်နေတာကြောင့် အခုလို ဖျက်ဆီးတာဖြစ်ပြီး စစ်ကောင်စီနဲ့အလိုကျတွေ၊ စစ်အုပ်စုရဲ့ဒေါက်တိုင်တွေကို ရှင်းလင်းဖျက်ဆီးတာတွေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။

    ဒီဖြစ်ရပ်အပြီးမှာ စစ်ကောင်စီဘက်က အဲဒီဆီဆိုင်နားမှာ ကင်းပုန်းချထားတာမျိုးတွေ့ရှိရတယ်ဆိုပြီး ဒေသခံတွေက ပြောပါတယ်။

    မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်က အဲဒီဆီဆိုင်ထဲကနေ လက်လုပ်ဗုံးတစ်လုံးကိုတွေ့ခဲ့ပြီး ဖယ်ရှားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    မြတ်မေတ္တာမွန်ကုမ္ပဏီဟာ စစ်ကောင်စီကို စက်သုံးဆီထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိနေပေမဲ့ ကုမ္ပဏီဘက်ကတော့ ပြည်တွင်းက ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်နွယ်ပတ်သက်မှုမရှိဘူးဆိုတဲ့အကြောင်း မေလလယ်ပိုင်းကတည်းက သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

    မြတ်မေတ္တာမွန်ကုမ္ပဏီအောက်က စက်သုံးဆီအရောင်းဆိုင်ခွဲတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, MMTM

    ဓာတ်ပုံ ပုံစာ, မြတ်မေတ္တာမွန်ကုမ္ပဏီအောက်က စက်သုံးဆီအရောင်းဆိုင်ခွဲတစ်ခု
  2. ရန်ကုန်မြို့က တံတားတစ်ချို့မှာစစ်ကောင်စီ ပိတ်ဆို့စစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ချင်းဆက်တံတားကြီး တွေမှာ စစ်ကောင်စီဘက်က ပိတ်ဆို့ပြီး ဖြတ်သန်းသွားလာတဲ့ကားတွေကို စစ်ဆေးတာတွေလုပ်တယ်လို့ ဖြတ်သန်းခဲ့သူတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက်ညနေပိုင်းလောက်ကစပြီး သာကေတမြို့နယ်အတွင်းကဂျပန်တံတား( ဒေါပုံတံတား) မဟာဗန္ဓုလတံတား၊ သန်လျင်တံတားတွေရဲ့ တံတားအဆင်းတွေမှာ စစ်ကောင်စီတပ်တွေက တင်းကျပ်စစ်ဆေးမှုတွေစလုပ်လာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ဒီဇင်ဘာ ၁၁ ရက်နေ့ညနေပိုင်းမှာလည်း ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်အတွင်းက မဟာဗန္ဓုလတံတားနဲ့ဒေါပုံမြို့နယ်အတွင်းက ဂျပန်တံတားပေါ်မှာ တံတားကနေဖြတ်သန်းသွားလာသူတွေကို ဘတ်စ်ကား၊ အိမ်စီးကားနဲ့အဌားယာဉ်တွေပေါ်က ဆင်းခိုင်းပြီးစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ကြုံတွေ့ခဲ့ရသူတွေကပြောပါတယ်။

    ဒီကနေ့ဒီဇင်ဘာ ၁၂ ရက်မနက်ပိုင်းမှာလည်း ဒေါပုံမြို့နယ်အတွင်းက ဂျပန်တံတားကို စစ်ကောင်စီတပ်တွေရဲ့ကားတွေပိတ်ဆို့စစ်ဆေးတာကြောင့် တစ်နာရီကျော်လောက် လမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့တယ်လို့ဖြတ်သန်းသွားလာသူတွေကပြောပါတယ်။

    ''လမ်းကိုပိတ်ထားပြီးစစ်တာ၊ စစ်ကားတစ်စီးကပိတ်ထားတာ။ စစ်တဲ့ကားလည်း သေချာစစ်တယ်၊ တချို့ကားတွေခဏပဲစစ်တယ်။ အိမ်စီးကားနဲ့ကားအသေးလေးတွေကိုပို စစ်တယ်။ သုဝဏ္ဏတံတားပေါ်လည်း စစ်နေတော့ အဲ့တလျှောက်ကို ကားကလုံးဝရွေ့လို့ မရတော့ဘူး''လို့ ဖြတ်သန်းသွားလာတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလိုစစ်ဆေးတင်းကျပ်မှုတွေရှိနေတဲ့ ရန်ကုန်မြို့မှာတော့ ဒီကနေ့ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းကလည်း လိူင်မြို့နယ်နဲ့ကမာရွတ်မြို့နယ်ထိစပ်နေရာတစ်ခုဖြစ်တဲ့ ရွာမကွေ့က စစ်ကောင်စီနဲ့ပတ်သက်တယ်ဆိုပြီး နာမည်ထွက်နေတဲ့ ဓါတ်ဆီဆိုင်တဆိုင်ကို ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်ဖောက်ခွဲမှုတွေလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

    ရန်ကုန်တိုင်းဒေသကြီး

    ဓာတ်ပုံ ရင်းမြစ်, KKK

  3. မန္တလေးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကိုဗစ်ကာကွယ်ဆေးထိုး

    မန္တလေးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကိုဗစ်ကာကွယ်ဆေးထိုး

    ဓာတ်ပုံ ရင်းမြစ်, MDYPDF

    မန္တလေးတိုင်းဒေသကြီးအတွက် ဖွဲ့စည်းထားတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ကို ကိုဗစ်-၁၉ ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ကာကွယ်ဆေး ထိုးနှံပြီးပြီဆိုပြီး ဒေသန္တရကာကွယ်ရေးတပ်(MDYPDF)က ဒီနေ့ ဒီဇင်ဘာလ ၁၂ ရက်မှာ လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    MDYPDF အပြောအရဆိုရင် အခုတစ်ကြိမ်က တတိယအကြိမ်ဆေးထိုးတာဖြစ်ပြီး အမည်မဖော်လိုတဲ့ အလှူရှင်တစ်ဦးလှူဒါန်းတဲ့ အိန္ဒိယထုတ် ကိုဗစ်ရှီး ကာကွယ်ဆေးလို့လည်းသိရပါတယ်။

    အခုဆို ကာကွယ်ဆေးထိုးပြီးတဲ့ တပ်ရင်း၊ တပ်ဖွဲ့ဝင်ပေါင်း ၁ ထောင်နီးပါးအထိရှိလာပြီလို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

  4. မြောင်မြို့နယ် ခေါင်းခွဲကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့်ရွာသား ၄ဦးသေဆုံးတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ထဲက ခေါင်းခွဲကျေးရွာမှာ ဒီကနေ့ဒီဇင်ဘာ ၁၂ရက်နေ့က စစ်ကောင်စီတပ်တွေရွာအတွင်းဝင်ရောက်လာပြီး ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၄ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ''ရွာထဲကို မနက် ၆နာရီမထိုးခင်ဝင်လာတာ၊ ရုတ်တရက်သေနတ်ပစ်ဝင်လာတာ လွတ်ရာပြေးရတာ။ ရွာထဲလာပြီကြားတော့ သွားကြည့်ပုံရပါတယ်။ သူတို့နဲ့တိုးတော့ ဝမ်းလျားမှောက်ခိုင်းပြီး ခေါင်းတွေပစ်သွားတယ်။လေးယောက် သေတယ်လို့ကြားထားရပါတယ် '' လို့ထွက်ပြေးတိမ်းရှောင်နေရတဲ့ ခေါင်းခွဲကျေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄ဦးမှာ အသက် ၂၀ နဲ့၃၀ ဝန်းကျင်အမျိုးသားတွေဖြစ်ပြီး ခေါင်းခွဲရွာဒေသခံတွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

    အခုလိုခေါင်းခွဲရွာထဲကို စစ်ကောင်စီတပ်သားတွေဘာကြောင့်ဝင်ရောက်လာတယ်ဆိုတာကို ဒေသခံတွေအနေနဲ့လည်းမသိရှိဘဲ မြစ်ဆုံရွာဘက်ကနေ ပြန်ဆုတ်ခွာတဲ့အချိန်မှာ ဝင်လာတာဖြစ်နိုင်တယ်လို့ဒေသခံရွာသားတွေကခန့်မှန်းပြောဆိုပါတယ်။

    မြောင်နယ်ထဲက ခေါင်းခွဲကျေးရွာထဲကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာလည်း စစ်ကောင်စီဘက်ကဝင်ရောက်တာရှိခဲ့ပြီး နေအိမ်တချို့မီးရှို့ဖျက်စီးခံခဲ့ရတာတွေ လည်းရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ခေါင်းခွဲရွာအတွင်းတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံအားလုံးနီးပါးကတော့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။ မြောင်နယ်ထဲက ခေါင်းခွဲကျေးရွာဒေသခံတွေပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    မြောင်မြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, social Media

  5. မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းမိဘရဲ့နေအိမ်နဲ့ဆိုင်ကို စစ်ကောင်စီက ချိပ်ပိတ်

    မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းမြို့မှာ မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်းမိဘရဲ့နေအိမ်နဲ့ဆိုင်ကို စစ်ကောင်စီက မနေ့ ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းမှာ လာရောက် ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

    စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်နဲ့ ကျောင်းသားသမဂ္ဂဟောင်း ကိုချမ်းမြေ့ကိုကို အား လာရောက်ရှာဖွေချိန် မတွေ့တာကြောင့် သူ့မိဘတွေရဲ့ နေအိမ်နဲ့ဆိုင်ကို ချိပ်ပိတ်သွားတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီဘက်က ကိုချမ်းမြေ့ကိုကိုကို ဒေသကာကွယ်ရေးတပ် PDF နဲ့ ဆက်စပ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ လာရှာချိန်မှာ အခုလိုချိပ်ပိတ်မှုပေါ်ပေါက်လာတာဖြစ်တယ်လို့ဆိုပါတယ်။

    ''မနေ့ မနက် ၁၀ နာရီလောက်မှာ ရောက်လာတယ်။ အိမ်ရှိတဲ့ အထကလမ်းမကြီးကို ပိတ်ချလိုက်တယ်။ နေ့လည် ၁ နာရီကျော်မှာပြန်သွားကြတော့ အိမ်ရော၊ ကပ်လျက်မှာရှိတဲ့ဆိုင်ကိုပါ ချိပ်ပိတ်သွားတယ်။ မိသားစုကို နေ့ချင်းပြီး ဖယ်ခိုင်းတယ်။ သူတို့မှာ ပိုင်တာကလည်း အဲဒီဆိုင်နဲ့အိမ်ရယ်၊ အဲဒီဝိုင်း(ခြံ)ရယ်ပဲရှိတာ။ အခု ဖယ်လိုက်ရတဲ့မိသားစုက အတော် ဒုက္ခရောက်နေတယ်။ သူတို့ အလိုရှိသူတဲ့သားဖြစ်သူက အဲဒီအိမ်က မိသားစုနဲ့ အဆက်အသွယ်မရှိတာအတော်ကြာနေပြီ'' လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ကိုချမ်းမြေ့ကိုကိုကို မိဘတွေက အမွေပြတ်စွန့်လွှတ်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ကြေညာပြီး လပိုင်းအကြာမှာ အခုလို နေအိမ်ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံရတာလို့လည်း သူက ပြောပါတယ်။

    စစ်ကောင်စီဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ဒေသကာကွယ်ရေးတပ်(PDF)တွေနဲ့ ဆက်စပ်တယ်ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေအပြင် အဲဒီအဖွဲ့တွေနဲ့ဆက်စပ်တယ်လို့ စွပ်စွဲတဲ့အရပ်သားတချို့ရဲ့နေအိမ်တွေ ဆိုင်တွေကို ချိပ်ပိတ်တာတွေ ခပ်စိပ်စိပ်ပြုလုပ်လာတာတွေ့ရပါတယ်။

    မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းရဲ့ မိဘနေအိမ်နဲ့ဆိုင်ကို စစ်ကောင်စီက ချိပ်ပိတ်

    ဓာတ်ပုံ ရင်းမြစ်, social media

  6. ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦး ထောင်ဒဏ် ၂ နှစ်နဲ့၆ လ ချမှတ်ခံရ

    ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦးထောင်ဒဏ် ၂ နှစ်နဲ့၆ ချမှတ်ခံရတနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက ထားဝယ်ပင်မသပိတ်စစ်ကြောင်းဦးဆောင်သူတစ်ဦးဖြစ်တဲ့မညိုမာဦး ခေါ် မညိုမာကို ပုဒ်မ ၅၀၅(က)နဲ့ဆက်စပ်ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂နှစ်နဲ့၆လချမှတ်လိုက်တယ်လို့ ဒီကနေ့ဒီဇင်ဘာ၁၂ရက်မှာထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်လာပါတယ်။

    ထားဝယ်ပင်ပသပိတ်စစ်ကြောင်းဦးဆောင်သူ မညိုမာဦးနဲ့ လူငယ် ၃ဦးကို ပြီးခဲ့တဲ့ မေလထဲမှာ စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ) တို့နဲ့အသီးသီးတရားစွဲဆိုခဲ့ပြီးထားဝယ်အကျဉ်းထောင်တွင်းတရားရင်ဆိုင်ခဲ့ရပြီး အခုလို ထောင်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်တယ်လို့သပိတ်ကော်မတီက ပြောပါတယ်။

    စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေအားကောင်းနေတဲ့ထားဝယ်ခရိုင်ထဲမှာတော့ စစ်ကောင်စီဘက်က သပိတ်ကော်မတီဦးဆောင်သူတွေနဲ့ပါဝင်သူတွေကို ဆက်တိုက်ဖမ်းဆီးတာတွေအပြင် ပြီးခဲ့တဲ့ လတွေမှာလည်း သပိတ်ကော်မတီဦးဆောင်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေ၊ မိသားစုဝင်တွေကို ဖမ်းဆီးတာတွေလုပ်ခဲ့တာကိုလည်းသက်ဆိုင်ရာ သပိတ်ကော်မတီဝင်တွေကပြောဆိုထားပါတယ်။

    ထားဝယ်

    ဓာတ်ပုံ ရင်းမြစ်, Democracy Movement Strike Committee-Dawei

  7. ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှာ အမျိုးသား အလောင်း ၂လောင်းထပ်တွေ့, စစ်ကောင်စီဘက်ကပစ်ခတ်မှုကြောင့် စုစုပေါင်း ရွာသား ၆ဦးသေဆုံးတယ်လို့ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းအနောက်ခြမ်းမှာရှိတဲ့ နဂါးတွင်းကျေးရွာမှာ စစ်ကောင်စီ ဘက်က ပစ်ခတ်မှုကြောင့်ဒေသခံ အမျိုးသား ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါ တယ်။

    နဂါးတွင်းရွာကို ဒီဇင်ဘာ ၈ ရက်နေ့မှာ စစ်တပ်က လာရောက်တပ်စွဲတာကြောင့် ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရွာသား ၄ ယောက်က ရွာတွင်းမှာကျန်နေခဲ့တဲ့ တိရစ္ဆာန်တွေ အစာကျွေးဖို့ ရွာထဲ ပြန်လည်ဝင်ရောက်ချိန်မှာ စစ်တပ်ကတွေ့သွားပြီး သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ဘီဘီစီကို ပြောကြားထားပါတယ်။

    အလားတူ မနေ့ ဒီဇင်ဘာ ၁၁ ရက် ညပိုင်းမှာလည်း နောက်ထပ် သတ်ဖြတ်ခံထားရတဲ့ ရွာသားအလောင်း ၂ လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ဘီဘီစီကို ခုလိုပြောပါတယ်။ ''၁၀ ရက်နေ့က ရွာသားအလောင်း ၄လောင်းတွေ့တယ်။ ကြိုးတွေနဲ့လည်ပင်းစွပ်ထားတာတွေရော၊ မျက်နှာကိုအဝတ်နဲ့အုပ်ထားတာတွေရော။ ၁၁ ရက်နေ့ညမှာပဲ ပစ်ထားတဲ့အလောင်း ၂ လောင်းထပ်တွေ့တော့ စုစုပေါင်းသေတာ ၆ ယောက်ရှိသွားပါပြီ'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက နဂါးတွင်းရွာအတွင်းကပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး နဂါးတွင်းရွာအနီးကဆည်တောကျေးရွာမှာ တပ်စွဲနေပြီး ရွာသားတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    သေဆုံးခဲ့တဲ့ရွာသားတွေရဲ့ ဓာတ်ပုံတွေကို ဒေသခံတွေက ဘီဘီစီကိုပေးပို့ရာမှာလည်း ဒေသခံတွေပြောဆိုချက်အတိုင်း သေဆုံးနေတဲ့အနေအထားတွေကို အဲဒီဓာတ်ပုံတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ အခုလို ရွာသားတွေကို ပစ်ခတ်မှုတွေအပြင် ကျေးရွာနေဒေသခံတွေဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ စစ်ကောင်စီတပ်တွေက ရွာထဲကနေအိမ်တွေကို မွှေနှောက်ဖျက်စီးတာတွေနဲ့ဆိုင်ကယ်နဲ့စက်ဘီးတွေကို မီးရှို့ဖျက်စီးတာတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေ ကပြောပါတယ်။

    ဒီပဲယင်းအနောက်ခြမ်းမှာတော့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေအတွင်း တစ်ရွာပြီးတစ်ရွာ ဝင်ရောက်တပ်စွဲနေပြီးဒေသခံရွာသားတွေကို ပစ်ခတ်မှုတွေ၊ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ကျေးရွာအများစု ဘေးလွတ်ရာ တိမ်းရှောင်နေရ တယ်လို့ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာလည်း တိုက်ပွဲတွေဖြစ်လာနိုင်ချေရှိတာကြောင့် မုံရွာ၊ ဒီပဲယင်း၊ ရေဦးလမ်းပိုင်းကို အဝေးပြေးယာဉ်နဲ့ကုန်တင်ယာဉ်တွေဖြတ်သန်းသွားလာတာမလုပ်ဖို့ အိမ်စီးကားတွေအနေနဲ့ဖြတ်သန်းသွားလာမယ်ဆိုရင် ကားမှန်အောက်ချမောင်းဖို့ အလံဖြူသို့မဟုတ် အဝတ်ဖြူထောင်ပြီး မောင်းနှင်သွားလာဖို့နဲ့ ဒေသကာကွယ်ရေးတပ် တွေကိုအကြောင်းကြားပြီးမှ ခရီးသွားလာကြဖို့ကိုလည်း ဒီပဲယင်းဒေသကာကွယ်ရေးတပ်တွေကသတိပေးထုတ်ပြန်ထားပါတယ်။

    ဒီပဲယင်းနယ်ထဲက နဂါးတွင်းရွာထဲမှာ ရွာသားတွေသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒီပဲယင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေထဲ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလည်းရှိထားပြီး ဒီအပေါ်မှာလည်း စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားမှုမရှိသေးပါဘူး။

    ဒီပဲယင်း

    ဓာတ်ပုံ ရင်းမြစ်, cj

  8. မန္တလေးမှာ ဆိုင်ကယ်အတူစီးလာတဲ့ အမျိုးသမီးသူနာပြုတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံရပြီးသေဆုံး

    မန္တလေးမြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၁၂ မနက် ၇နာရီဝန်းကျင်လောက်က ဆိုင်ကယ်တစ်စီးတည်းအတူစီးလာကြတဲ့သူနာပြုအမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ သေနတ်ပစ်ခတ်ခံရပြီးသေဆုံးမှုဖြစ်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက ဘီဘီစီကိုပြောပါတယ်။

    ၆၂ လမ်း၊ ကုတင် ၃၀၀ ရှေ့ စစ်ဆေးရေးဂိတ်မှာ တားဆီးချိန် ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး စစ်ကောင်စီဘက်က ပစ်ခတ်တာခံခဲ့ရတာလို့ ဒေသခံအချို့ကပြောပါတယ်။

    "ပစ်ခတ်ခံရသူတွေက ဇနီးမောင်နှံဖြစ်ဖို့များမယ်။ မြို့တော်ဆေးရုံက ဝန်ထမ်းတဲ့။ အခုတော့ ဆေးရုံကြီး ရင်ခွဲရုံကို ရောက်သွားပြီ"လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက ပြောပါတယ်။

    ဒီမနက် ၆၂လမ်း၊ ၁၀၇လမ်းမှာ ဖြစ်ခဲ့တဲ့အဲဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူအမျိုးသားဟာ သေနတ် ၃ ချက်ထိမှန်ပြီး အမျိုးသမီးကတော့ သေနတ်နှစ်ချက်ရာနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။

    သေဆုံးခဲ့သူအမျိုးသမီးဟာ ကိုယ်ဝန်ဆောင်ထားသူဖြစ်တယ်လို့ သေဆုံးခဲ့သူတွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မန္တလေးမှာ ဆိုင်ကယ်အတူစီးလာတဲ့ အမျိုးသမီးသူနာပြုတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံရပြီးသေဆုံ

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. အကျဉ်းသား နှိပ်စက်မှုတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း ICC မှာ သက်သေပြမယ်, အာဏာသိမ်း စစ်ခေါင်းဆောင်ကို ICC မှာ အမှုဖွင့်တဲ့ ယူကေ အခြေစိုက် MAP အဖွဲ့ခေါင်းဆောင် ခရစ္စဂန်းနက်စ်ရဲ့ ဘီဘီစီကို ပြောကြားချက်

    မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုလူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အရေးယူနိုင်ဖို့ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC ထံ ယူကေ အခြေစိုက် “တာဝန်ခံမှု ရှိရေး မြန်မာ ပရောဂျက် အဖွဲ့ MAP” က အခု ရက်ပိုင်းမှာပဲ အမှုတင်သွင်း လျှောက်ထား လိုက်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူအများ သေဆုံးခဲ့ရတဲ့ အထိ အကြမ်းဖက် ဖြိုခွဲမှုတွေမှာ စစ်တပ် ခေါင်းဆောင်မှာ တာဝန် အရှိဆုံး ဖြစ်တဲ့ အတွက် စစ်ခေါင်းဆောင်ကို အရေးယူနိုင်အောင် ICC ထံ အမှု တင်သွင်းရတာ ဖြစ်တယ်လို့ MAP ကို ဦးဆောင်နေတဲ့ ခရစ္စတိုဖာ ဂန်းနက်စ်က ဘီဘီစီကို ပြောပါတယ်။

    သူတို့ အဖွဲ့ထံမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိနေတယ်လို့လည်း ခရစ္စ ဂန်းနက်စ်က အခုလို ဆိုပါတယ်။

    “ကျွန်တော်တို့ အဖွဲ့ Myanmar Accountabality Project က ဆိုရင် အခု နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံကို အမှုတင်သွင်း ထားပြီ ဖြစ်ပါတယ်။ လိုရင်းကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် အပေါ် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အပြစ်ပေး အရေးယူနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ လူသက်သေ အပါအဝင် အင်မတန် ခိုင်လုံတဲ့ သက်သေတွေ ရှိနေပါတယ်။”

    “ယူကေမှာအတော်ဆုံး ဝတ်လုံတွေထဲက တစ်ယောက် ဖြစ်တဲ့ မစ္စ တာ့ထ်ယာနာ အိဝဲလ် Tatyana Eatwellနဲ့ လက်တွဲ အလုပ်လုပ်နေပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေမှာ အထူးပြု ကျွမ်းကျင်တဲ့ မစ္စ အိဝဲလ်ဟာ လန်ဒန်မှာ အတော်ဆုံး ဝတ်လုံတွေ စုနေတယ်လို့ ပြောလို့ရတဲ့ ဒိုတီစတြိDoughty Streetချိန်ဘာရုံးက ဝတ်လုံတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမှုတည်ဆောက်နိုင်ဖို့ ဥပဒေပိုင်း ဆိုင်ရာ ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။”

    “အကျဥ်းသားတွေ၊ ဖမ်းဆီးချုပ်နှောင်ခံရသူတွေ အပေါ်ကိုယ်ထိလက်ရောက် ညှင်းပမ်း နှိပ်စက်မှုတွေဟာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ စနစ်တကျနဲ့ကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ် ဆိုတာကို ICC မှာ ကျွန်တော်တို့ သက်သေပြမှာ ဖြစ်ပါတယ်။”

    ကျွန်တော်တို့ကတော့ ICC ရဲ့ ပဋိညာဥ် ဖြစ်တဲ့ ရောမမြို့ သဘောတူမှု Rome Statute ပါ ၊ အပိုဒ် ၁၅ ကို ကိုးကားပြီး တင်လိုက်တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မြန်မာအရေးကို ICC အနေနဲ့ စီရင်ခွင့်ရှိတယ်လို့ ကျနော်တို့က ပြောတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာအရေး ကို ICC က စီရင်တာကို သဘောတူကြောင်းNUG က မြန်မာကို ကိုယ်စားပြုတဲ့ တရားဝင် အစိုးအရ အဖြစ် ကြေညာထားပါတယ်။ သူတို့ဟာ Rome Statute မှာ မြန်မာကို ကိုယ်စားပြုပြီး လက်မှတ်ထိုးနိုင်ဖို့လည်း ကြိုးစား နေပါတယ်။ ဒီတော့ ICC ဘက်က အမှုလက်ခံမလား ဆိုတာ ဒီကိစ္စတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။” ဆိုပြီး ခရစ္စဂန်းနက်စ်က ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။

    လူသက်သေ အပါအဝင် ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိထား

    ဓာတ်ပုံ ရင်းမြစ်, G

    ဓာတ်ပုံ ပုံစာ, လူသက်သေ အပါအဝင် ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိထား
  10. ဗြိတိန်နဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေး ဒီနေ့ကျင်းပဖို့ရှိ

    ဗြိတိန်နဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေး ဒီနေ့ကျင်းပဖို့ရှိ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ကိုဗစ်ကပ်ဘေးကို ကြံ့ကြံ့ခံတွန်းလှန်တာအပြင် လူ့အခွင့်အရေးနဲ့ ဒေသတွင်း တိုးတက်မှုကိစ္စရပ်တွေအတွက် ဗြိတိန်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဗြိတိန်နိုင်ငံ၊လစ်ဗာပူးမြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၁၂ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲကြဖို့ရှိပါတယ်။

    အစည်းအဝေးမှာ လူ့အခွင့်အရေးကိစ္စလည်းပါဝင်နေလို့ စစ်တပ်ကအာဏာသိမ်းထားတဲ့မြန်မာ့အရေးအကျပ်အတည်းနဲ့လူ့အခွင့်အရေးကိစ္စရပ်တွေကို ဝန်ကြီးတွေက ဆွေးနွေးနိုင်ချေရှိတယ်လို့ အကဲခတ်တွေက သုံးသပ်နေပါတယ်။

    တစ်ဖက်မှာလည်း ဗြိတိန်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ပြုလုပ်မယ့် ဒီအစည်းအဝေးအတွက် စစ်ကောင်စီဘက်ကို မဖိတ်ကြားထားပါဘူး။

    ဒါပေမဲ့ လူကိုယ်တိုင်တက်ရောက်ဖို့ ဖိတ်မှာမဟုတ်ဘူးလို့ အဲဒီတုန်းက ပြောထားတာရှိလို့ စစ်ကောင်စီအနေနဲ့ အွန်လိုင်းကနေ ပါဝင်နိုင်ချေ ရှိ၊ မရှိလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဗြိတိန်ဘက်ကတော့ မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှု၊ လူထုကို အကြမ်းဖက်မှု၊ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေကို ရှုတ်ချတယ်လို့ပြောနေသလို မြန်မာပြည်တွင်းက အားလုံးရည်မှန်းချက်ဖြစ်တဲ့ မြန်မာ့အကျပ်အတည်းအဆုံးသတ်ရေးကို အာဆီယံနဲ့ နီးနီးကပ်ကပ်ဆောင်ရွက်မယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    အခုကျင်းပမယ့် အစည်းအဝေးဟာ စက်မှုထိပ်သီး G7 နိုင်ငံ့ခေါင်းဆောင်တွေအစည်းအဝေးရဲ့ ဆက်စပ်အစည်းအဝေးတစ်ရပ်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်တာ ပထမဆုံးဖြစ်ပါတယ်။

  11. စစ်ရေးတင်းမာမှုကို ရခိုင် ဆံတော်ရှင်ကျွန်းက ဒေသခံတွေ စိုးရိမ်၊ ဈေးသည်တချို့အိမ်ပြန်

  12. သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြောင်း မြန်မာတစ်ဦးဝန်ခံ

    ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ဒါမှမဟုတ် သတ်ဖြတ်ဖို့အတွက် ကြံစည်ခဲ့မှုမှာ ပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံသား တစ်ဦးက ဝန်ခံခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

    ဦးကျော်မိုးထွန်းကို ရာထူးကနေ အတင်းအကျပ်နုတ်ထွက်ခိုင်းဖို့နဲ့ အကယ်၍ ငြင်းဆန်ခဲ့ရင် သတ်ဖြတ်ဖို့အတွက် နယူးယောက်မြို့မှာ နေထိုင်တဲ့ အသက် ၂၀ ကျော် အရွယ် ရဲဟိန်းဇော်ဟာ တခြား နှစ်ယောက်နဲ့အတူ သြဂုတ်လမှာ ကြံစည်ခဲ့တယ်လို့ အမှုစစ်ဆေးသူတွေက ပြောပါတယ်။

    တိုက်ခိုက်မှုအတွက် သူက ဒေါ်လာ ၅၀၀၀ ပေးဖို့ သဘောတူခဲ့ပြီး တိုက်ခိုက်မှုကို အမေရိကန် စုံစမ်းထောက်လှမ်းရေးအဖွဲ့က တားမြစ်နိုင်ခဲ့ပါတယ်။

    သူရဲ့ အမှုကို မေလမှာ အမိန့်ချမှတ်ဖို့ ရှိနေပြီး ဒီအမှုအတွက် ပစ်ဒဏ် ငါးနှစ် ကျခံရနိုင်ပါတယ်။

    ဒီအမှုအတွက် မြန်မာအာဏာသိမ်း စစ်တပ်နဲ့ ပတ်သက်မှုတွေ ရှိမရှိဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    မြန်မာ စစ်ကောင်စီကို ဆန့်ကျင်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ သူ့ရာထူးတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

    ဒီတိုက်ခိုက်မှု သတင်းကို ရရှိခဲ့တဲ့ ဦးကျော်မိုးထွန်းက အမေရိကန် အာဏာပိုင်တွေကိုတိုင်ကြားခဲ့ပြီး အမေရိကန် ထောက်လှမ်းရေး FBI က ဒီအမှုကို ကိုင်တွယ်ပြီးတဲ့နောက် တစ်ပတ်မပြည့်ခင်မှာပဲ သံသယရှိတဲ့ ဖြိုးဟိန်းထွဋ် နဲ့ ရဲဟိန်းဇော် ဆိုသူ မြန်မာလူငယ် နှစ်ယောက်ကို နယူးယောက်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

    • ဒေါ်လာ၅၀၀၀နဲ့မြန်မာသံအမတ်ကိုလုပ်ကြံရန်ကြိုးပမ်းမှုကြီး
    • ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်နေရာနဲ့ပတ်သက်ပြီးအသက်ကိုရန်မူဖို့အထိကြံစည်ခံခဲ့ရတဲ့ဦးကျော်မိုးထွန်းနဲ့ဘီဘီစီသီးသန့်မေးမြန်းခန်း
    ဦးကျော်မိုးထွန်း
    ဓာတ်ပုံ ပုံစာ, ဦးကျော်မိုးထွန်း
  13. ထန်တလန် CDF တပ်ဖွဲဝင် ၃ ယောက် အလောင်း ခေါင်းဖြတ်ထားတာ တွေ့ရတယ်လို့ဆို

    ချင်းပြည်နယ် ထန်တလန် မြို့ပေါ်က AG ခရစ်ယာန် ဘုရားကျောင်းအနီး ဒီဇင်ဘာ ၈ ရက်နေ့က တိုက်ပွဲ အတွင်း CDF တပ်ဖွဲ့၀င် ၃ယောက် ကျဆုံးခဲ့ပြီး အလောင်းတွေကို နောက်တနေ့မှာ သွားကောက်တဲ့ အခါ ခေါင်းဖြတ်ထားတာ တွေ့ရတယ်လို့ CDF ထန်တလန် ပြောခွင့်ရသူက ပြောပါတယ်။

    ကျဆုံးသူသွားသူတွေကတော့ ဆလိုင်းရမ်လျန်ပဲန်၊ ဆလိုင်းဗန်ထာကျဲအိုနှင့် ဆလိုင်းဘွေဇာအုပ် တို့ဖြစ်တယ်လို့ ပြောပါတယ်။

    အခြား CDF တပ်ဖွဲ့၀င် ၃ ဦးနဲ့ CNA တပ်ဖွဲ့၀င် ၁ ဦးလည်း ဒဏ်ရာရခဲ့ ကြတယ်လို့ သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ မေလကစလို့ စစ်ကောင်စီ တပ်တွေနဲ့ ချင်းပြည်နယ်က ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားလျက် ရှိရာမှာ အခု ၃ယောက် ကျဆုံးတာဟာ CDFထန်တလန် အတွက် ပထမဆုံး ဖြစ်ပြီး အလောင်းတွေကို ခေါင်းဖြတ်ထားတဲ့ အပေါ် အကြီးအကျယ် တုန်လှုပ်မိတယ်လို့ CDF ထန်တလန်က ပြော ပါတယ်။

    ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထန်တလန်မြို့မှာ နေ့လယ် ၂နာရီ ၂၀မိနစ် ၀န်းကျင်မှာ လုံမွှန်းရပ်ကွက်မှာ မီးလောင်နေတာကို CDF တပ်ဖွဲ့၀င် တယောက်ကတွေ့တော့ မီးငြှိမ်းသတ်ဖို့ သွားရောက်တဲ့အခါ စစ်ကောင်စီတပ်တွေဘက်က စနိုက်ပါလို အရာနဲ့ ခြုံခို ပစ်ခတ်တဲ့ အတွက် CDF တပ်ဖွဲ့၀င် ၃ယောက် ကျဆုံးခဲ့ရတာလို့ သူက ရှင်းပြပါတယ်။

    အဲဒီပစ်ခတ်မှု အတွင်း စစ်ကောင်စီဘက်က တယောက်ကျဆုံးတယ်လို့ သူက ပြောပါတယ်။

    ထန်တလန် တိုက်ပွဲ ၊ မီးလောင်မှုတွေနဲ့ ပတ်သက်လို့ ထန်တလန်ရဲစခန်းကို လူအင်အား ၃၀ လောက် ချဥ်းကပ်လာလို့ ဒီဇင်ဘာ ၈ရက် ညနေ ၄နာရီ ၀န်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီလူတွေက အမှတ် ၂ ရပ်ကွက်က အိမ်တွေကို မီးရှို့လို့ နေအိမ် ၁၃လုံး ကာလတန်ဖိုး ကျပ် သိန်း၂၀၀ ဖိုး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ဒီဇင်ဘာ ၉ရက်က စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

    စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ CDF တပ်ဖွဲ့၀င် အလောင်းတွေကို ခေါင်းဖြတ်ထားတာဟာ စစ်မြေပြင်မှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှု မရှိဘဲ စစ်ကောင်စီ တပ်တွေဟာ ဂျီနီဗာ ကွန်ဗင်းရှင်း အရ လူထုအိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် အစား အရပ်သား အိမ်တွေကို မီးရှို့နေတာ စက်တင်ဘာလလယ် ကတည်းက အခုထိ အိမ်ခြေ ၅၅၀လောက် ရှိတဲ့အပြင် ဘာသာရေး ဆရာတယောက်ကိုလည်း သတ်ဖြတ် သူ့လက်ကိုဖြတ်ကာ လက်ထပ် လက်စွပ်ရယူခဲ့တာဟာ လူမဆန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    စစ်ကောင်စီ တပ်ဖွဲ့၀င်တွေ ထန်တလန်မြို့မှာ လူနေအိမ်တွေ မီးရှို့နေတာနဲ့ ပတ်သက်လို့ သူတို့မှာ ဒရုန်းရိုက်ချက် အထောက်အထားတွေရှိပြီး ၊ CDF တပ်ဖွဲ့၀င် ၃ယောက် ခေါင်းဖြတ်ခံထားရတဲ့ ဓာတ်ပုံ အထောက်အထားတွေလည်း သူတို့လက်၀ယ်မှာ ရှိတယ်လို့ ဆိုပါတယ်။

    CDF ထန်တလန် ရဲ့ ပထမဆုံး ကျဆုံး တပ်ဖွဲ့၀င် ရုပ်အလောင်းတွေကို ခေါင်းဖြတ်ခံထားရတာနဲ့ ပတ်သက်လို့ ကြောက်ရွံ့နောက်ဆုတ်သွားမှာ မဟုတ်ဘဲ ၊ စစ်ကောင်စီ ကို နာကျည်းစိတ်နဲ့ အရင်ထက် ပိုတိုး တိုက်ခိုက်သွားဖို့ ရှိတယ်လို့ CDF ထန်တလန် ပြောခွင့်ရသူက ပြောပါတယ်။

    ထန်တလန် မြို့တွင်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ CDF တပ်ဖွဲ့၀င်တွေရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ ၁၀ ရက်နေ့က ခရစ်ယာန် အစဥ်အလာအတိုင်း သင်္ဂြိုဟ်ခဲ့ကြပါတယ်။

    အိမ်ခြေ ၃ပုံ၂ပုံလောက် မီးရှို့ခံခဲ့၇တဲ့ ထန်တလန်မှာ စနိုက်ပါထိ CDF ၃ယောက်ကို ခေါင်းဖြတ်ထား

    ဓာတ်ပုံ ရင်းမြစ်, The Chin Journal

    တော်လှန်ရေးအတွက် အသက်ပေးခဲ့ရတဲ့  CDF တပ်ဖွဲ့၀င်တွေကို သူတို့ဇာတိမှာ ဓလေ့ထုံးတမ်းနဲ့အညီသဂြိုလ်

    ဓာတ်ပုံ ရင်းမြစ်, The Chin Journal

  14. မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိမှု ၆ မှုလုံး အတွက် စွဲချက်တင်

  15. အသင်းတော်ကိစ္စနဲ့ ခရီးထွက်သွားတဲ့ မကွေးက ဓမ္မဆရာ စစ်ကြောရေးမှာ သေဆုံး

    မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကတောင်ကျေးရွာ အရှို နှစ်ချင်း ခရစ်ယာန် အသင်းတော်က ဓမ္မဆရာ အဖြစ် သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆလိုင်းငွေကြာ အဖမ်းခံခဲ့ရပြီး ၃ရက်အကြာမှာ မကွေး ကပစ စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့ မကွေးလူထု တိုက်ပွဲ​ကော်မတီထံက သိရပါတယ်။

    ဒီဇင်ဘာ ၆ရက်နေ့ မနက်မှာ စေတုတ္တရာ ကနေ ဆောမြို့ကို အသင်းတော် ကိစ္စနဲ့ ခရီးသွားစဥ် အဖမ်းခံရတာ ဖြစ်ကြောင်း ၊ ဒီဇင်ဘာ ၇ ရက်မှာတော့ မိသားစုက ထမင်းသွားပို့တဲ့အခါ သူ့ခန္ဓာကိုယ်မှာ အ၀တ်အစားပင် မရှိတော့ဘဲ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ တွေ့ခဲ့ရကြောင်း ၊ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ သူ့ကို စစ်ကောင်စီတပ်တွေဘက်က စေတုတ္တရာ ဆေးရုံပို့ပြီး ကုသရာမှာ ပစ္စည်းကိရိယာ ဆေးဝါး အလုံအလောက် မရှိတဲ့ အတွက် မကွေးဆေးရုံပို့စဥ် ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း လမ်းမှာ ဆုံးပါးသွားတယ်လို့ မိသားစု၀င်တွေဆီက သိရတယ်လို့ မကွေး လူထု တိုက်ပွဲ​ကော်မတီက တာ၀န် ရှိသူ တယောက်က ပြောပါတယ်။

    ဖမ်းဆီးခံထားရစဥ်အတွင်း သေဆုံးခဲ့တဲ့ အသက် ၂၆ နှစ် ဓမ္မဆရာ ဆလိုင်းငွေကြာကို PDF လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

    သူဟာ ပြည်မြို့ အရှိုနှစ်ချင်း ခရစ်ယာန် ကျမ်းစာသင်ကျောင်းမှာ ဓမ္မပညာ သင်ကြားနေသူဖြစ်ပြီး လက်ရှိတော့ စေတုတ္တရာ မြို့မှာရှိတဲ့ သက္ကကယ်တောင် အသင်းတော် ဓမ္မဆရာ အဖြစ် သာသနာ့ တာ၀န် ထမ်းဆောင်နေသူ ဖြစ်သလို ရပ်ရွာ ဖွံ့ဖြိုးရေး ၊ လူမှုကူညီရေး ကိစ္စတွေမှာ ရှေ့တန်းက တက်တက်ကြွကြွ ပါ၀င်လေ့ရှိသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာတော့ မိသားစုက အလောင်းပြန်မမြင်တွေ့ရသေးပါဘူး။

    ဒီသတင်းနဲ့ ပတ်သက်လို့ အရှိုနှစ်ချင်း ခရစ်ယာန်အသင်းတော် ဘက်က တစုံတရာ တုံ့ပြန် ပြောကြားတာမျိုး မရှိသေးသလို စစ်ကောင်စီဘက်ကလည်း အတည်ပြု ပြောကြားချက်တွေ ထွက်မလာသေးပါဘူး။

    အသင်းတော်ကိစ္စနဲ့ ဆောမြို့ကို ထွက်ခွာသွားသူ ၄ ဦးအနက် ဆလိုင်းငွေကြာ အပါအ၀င် ၂ယောက် အဖမ်းခံခဲ့ရပြီး ကျန်၂ယောက်နဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ မကွေး လူထု တိုက်ပွဲ​ကော်မတီက တာ၀န်ရှိသူက ပြောပါတယ်။

    သာသနာပြုဖို့ကိစ္စနဲ့ ခရီးထွက်သွားတဲ့ ဓမ္မဆရာကို PDF လို့ စွပ်စွဲ အဖမ်းခံရပြီးနောက် စစ်ကြောရေးမှာ ဆုံးပါး

    ဓာတ်ပုံ ရင်းမြစ်, ဆလိုင်းငွေကြာရဲ့မိတ်ဆွေတစ်ဦး

  16. ရေစကြို ဆင်ခြေရာရွာအနီး ပစ်ခတ်မှုတွေဖြစ် အနည်းဆုံး ၃ ဦးသေဆုံးတယ်လို့ဒေသခံတွေပြော, ဆင်ခြေရာရွာအနီး ရွှေလံှရွာထဲကနေအိမ် ၁၀လုံးလည်း မီးရှို့ခံရ

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ဆင်ခြေရာရွာအနီးမှာ ဒီကနေ့ဒီဇင်ဘာ ၁၁ရက်မနက်ပိုင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။

    ဆင်ခြေရာကျေးရွာမှာ မနေ့ညပိုင်းကစလို့ စစ်ကောင်စီတပ်တွေ တပ်စွဲတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ရွာအနီးတိုက်ပွဲတွေစဖြစ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

    ဒီတိုက်ပွဲအပြီးမှာ ဆင်ခြေရာရွာအနီးက ရွှေလှံရွာအတွင်းက နေအိမ် ၁၀ လုံးထက်မနည်းမီးရှို့ခံရပြီး ရွာနီးစပ်ချုပ်က ကျေးရွာပေါင်း ၁၀ ရွာဝန်းကျင်လောက်က ဒေသခံ ၅၀၀၀ လောက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ၃ ဦးသေဆုံးပြီး ရွှေလှံ ကျေးရွာအတွင်းကနေအိမ်တွေကိုလည်း စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “ဆင်ခြေရာရွာဘက်က တက်လာတော့ ကျွန်တော်တို့ထိပ်တိုက်တွေ့တာ အင်အားမမျှတော့နောက်ဆုတ် ပေးလိုက်ရတယ်။ နောက်ဆုတ်ရင်း စနိုက်ပါထိတာတွေရော၊ လက်နက်ကြီးထိတာတွေရောဒဏ်ရာရတာ ၂ ယောက်ရတယ်၊ ၃ယောက်ကျတယ် “ လို့ အထက်ပါပုဂ္ဂိုလ်က ဘီဘီစီကိုပြောပါတယ်။

    ရေစကြိုဆင်ခြေရာကျေးရွာအနီး နှစ်ဖက်ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ဘီဘီစိကို ဒေသခံတွေ ဆက်သွယ် ပေးပို့လာတဲ့ဓါတ်ပုံမှတ်တမ်းတွေအရ သေဆုံးသူ ၃ ဦးထက် မနည်းရှိနေတာကို လည်းတွေ့ခဲ့ရပါတယ်။

    ရေစကြိုမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. လောင်းလုံးက ကညုံကျွန်းကျေးရွာမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၈ ဦး အပါအဝင် ရွာသား ၁၁ ဦး ဖမ်းဆီးခံရ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ကညုံကျွန်းကျေးရွာထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီး ရွာသား ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

    ဖမ်းဆီးခံလိုက်ရတဲ့ ရွာသားတွေထဲမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦး အပါအဝင် အသက်မပြည့်သေးတဲ့ မိန်းကလေး ၈ ဦးနဲ့ အမျိုးသား ၃ ဦးပါဝင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    “ ရွာအနားက သင်္ချိုင်းမှာ စစ်ကောင်စီတပ်တွေကလက်နက်တွေ ရှာတွေ့ထားပြီး ရွာထဲကိုဝင်လာတော့ ရွာသားတွေကကြောက်ပြီး ထွက်ပြေးတာ။ လယ်လုပ်နေတဲ့အလုပ်သမားတွေ အဖမ်းခံရတာ။ အဲဒါကိုလက်နက်နဲ့အတူမိတယ်ဆိုပြီး ဖေ့ဘွတ်ခ်မှာ တပ်နဲ့နီးစပ်တဲ့ သူတွေကထုတ်ပြန်လာတယ်။ လက်နက်နဲ့လည်းတစ်ယောက်မှမမိဘူး။ လက်နက်က သင်္ချိုင်းနားမှာ တွေ့တာ။ ရွာသားတွေကို လက်နက်နဲ့မိတဲ့ပုံစံလုပ်ထားတယ်” လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဖမ်းဆီးခံထားရတဲ့ရွာသား ၁၁ ယောက်ကို ရွာအနီးကတပ်စွဲထားတဲ့ နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုတွေက အဆက်အသွယ်လုပ်လို့မရဘူးလို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်မှာလည်း လောင်းလုံးမြို့နယ်အတွင်းက ထားဝယ်-ရှင်မော် ကားလမ်းပိုင်းတစ်နေရာဖြစ်တဲ့ ကြယ်တောင်အနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ကားကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေ သေဆုံးမှုတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    အဲ့ဒီနောက်ပိုင်းမှာ ကြယ်တောင်အနီးကကျေးရွာတွေဖြစ်တဲ့ အောက်ရေဖြူကျေးရွာနဲ့ ဂေါ့အင်းကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်တွေတပ်စွဲထားပြီး လမ်းသွား လမ်းလာဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

    လက်ရှိရွာသားတွေကို လက်နက်နဲ့ဖမ်းမိတယ်လို့ပြောဆိုလာတဲ့ ကညုံကျွန်းကျေးရွာဟာ ကြယ်တောင်နဲ့ ၃ မိုင်ခန့်သာ ကွာဝေးတယ်လို့ဒေသခံတွေကပြောပါတယ်။

    အခုလိုကညုံကျွန်းကျေးရွာက ဒေသခံရွာသား ၁၁ ဦးကိုဖမ်းဆီးတာဟာ အမှုဆင်ဖမ်းဆီးမှု တစ်ခုဖြစ်ပြီး ဒီဖြစ်ရပ်ကို အပြင်းအထန် ရှုတ်ချတယ်လို့ လောင်းလုံးမြို့နယ်ကျေးရွာပူးပေါင်းသပိတ်ကော်မတီက ဒီကနေ့ဒီဇင်ဘာ ၁၁ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    အခုလို ကညုံကျွန်းကျေးရွာက အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းထားပါတယ်။

    ကညုံကျွန်းကျေးရွာ

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာသား ၄ ဦး စစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ သေဆုံးတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းအနောက်ခြမ်းမှာရှိတဲ့ နဂါးတွင်းကျေးရွာဒေသခံ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်တွေက မနေ့ဒီဇင်ဘာ ၁၀ ရက်နေ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    “နဂါးတွင်းရွာကို ဒီဇင်ဘာ ၈ ရက်နေ့က စစ်တပ်ကလာတပ်စွဲတော့ ရွာသားတွေအကုန်ပြေးတာ၊ မနေ့က ရွာသား ၄ ယောက်က တိရစ္ဆာန်တွေ အစာကျွေးဖို့ ရွာထဲပြန်ခိုးဝင်တာ စစ်တပ်ကတွေ့သွားပြီး သတ်လိုက်တာ။ တစ်ယောက်တစ်နေရာစီသေနေတာ၊ လည်ပင်းကို ကြိုးကွင်းစွပ်ထားတဲ့အနေအထားနဲ့သေနေတဲ့လူတွေရှိတယ်။ ခေါင်းကို အဝတ်နဲ့အုပ်ပြီး အပစ်ခံရတဲ့လူတွေလည်းရှိတယ်။ အကုန်လုံးကို တော့ခေါင်းကိုတည်ပစ်ထားတာတွေ့ရတယ်” လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးခဲ့တဲ့ရွာသားတွေရဲ့ ဓာတ်ပုံတွေကို ဒေသခံတွေက ဘီဘီစီကိုပေး ပို့ရာမှာလည်း ဒေသခံတွေပြောဆိုချက်အတိုင်း သေဆုံးနေတဲ့ အနေအထားတွေကို အဲဒီဓာတ်ပုံတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက နဂါးတွင်းရွာအတွင်းကပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး နဂါးတွင်းရွာအနီးကဆည်တောကျေးရွာမှာ တပ်စွဲနေပြီး ရွာသားတချိုု့လည်း ဖမ်းဆီးခံထားရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီပဲယင်းအနောက်ခြမ်းမှာတော့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေအတွင်း တရွာပြီးတရွာ ဝင်ရောက်တပ်စွဲနေပြီးဒေသခံရွာသားတွေကို ပစ်ခတ်မှုတွေ၊ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ကျေးရွာအများစု ဘေးလွတ်ရာ တိမ်းရှောင်နေရ တယ်လို့ဒေသခံတွေကပြောပါတယ်။

    ရွာသားတွေသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဒီဇင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းထိ ထုတ်ပြန်တာမရှိသေးပါဘူး။ ဒီပဲယင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေထဲ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလည်းရှိထားပြီး ဒီအပေါ်မှာလည်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာတုံ့ပြန်ပြောကြားမှုမရှိသေးပါဘူး။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းအနောက်ခြမ်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. ကမ္ဘောဇတိုင်း သတင်းသမားများ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရ

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာအခြေစိုက်တဲ့ ကမ္ဘောဇတိုင်းသတင်းဌာနက ဖမ်းဆီးခံသတင်းသမား ၃ ဦးနဲ့မိသားစုဝင်တစ်ဦးကို မနေ့ဒီဇင်ဘာ ၁၀ ရက်က ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့သက်ဆိုင်ရာ သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

    ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ နဲ့ထုတ်ဝေသူ ကိုတင်အောင်ကျော် အပါအဝင် သတင်းသမားလို့စွပ်စွဲသတ်မှတ်ခံရတဲ့ မိသားစုဝင် စိုင်းစည်သူ တို့ကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ဟိုပုံးမြို့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့သတင်းဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

    ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့တရားစွဲဆိုလိုက်ပြီး ၈ လကျော်အကြာမှာ အခုလို ထောင်ဒဏ်တွေချမှတ်လိုက်တာဖြစ်ပါတယ်။ ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရှမ်းပြည်နယ်အတွင်းမှာ သတင်းမီဒီယာသမား ၁၀ ဦးဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီအထဲက ၄ ဦးပြန်လွတ်မြောက်လာခဲ့ပါတယ်။

    သံလွင်သွေးချင်းသတင်းဌာနကဖမ်းဆီးခံသတင်းသမားတွေဖြစ်တဲ့ အယ်ဒီတာချုပ် မြဝန်းရံ၊ ရွှေဖီမြေသတင်းအေဂျင်စီက ရုပ်သံသတင်းထောက် လွေးအမ်ဖောင်တို့နဲ့အတူ အခု ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ကမ္ဘောဇတိုင်း သတင်းဌာနကသတင်းထောက်နဲ့မိသားစုဝင်တွေကတော့ ပြန်လည်လွတ်မြောက်ခဲ့ခြင်းမရှိတဲ့အပြင် အခုလိုထောင်ဒဏ်တွေလည်းချမှတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ကမ္ဘောဇတိုင်းသတင်းဌာနကထုတ်ပြန်ပါတယ်။

    သတင်းသမားအချို့ကိုလည်း အမှုဖွင့်ထားတာကြောင့် သတင်းမီဒီယာသမားတချို့ တိမ်းရှောင်နေကြရပါတယ်။ ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သတင်းဌာန ၉ ခုပိတ်သိမ်းခံခဲ့ရသလိုသတင်းသမား ၁၀၀ကျော်ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်မြောက်လာတဲ့သတင်းသမားတွေရှိသလို သတင်းသမား ၄၀ ခန့် ဖမ်းဆီးချုပ်နှောင်ထားခံရဆဲဖြစ်ပါတယ်။ .

    ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်း သတင်းသမားတွေ ဖမ်းဆီးခံရမှု အရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ အမေရိကန်အခြေစိုက် သတင်းသမားများ ကူညီစောင့်ရှောက်ရေးကော်မတီ CPJ က ထုတ်ပြန်ပါတယ်။ CPJ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံဟာ သတင်းထောက်တွေ အများဆုံး ဖမ်းဆီးထားတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကတော့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

    တောင်ကြီးမြို့

    ဓာတ်ပုံ ရင်းမြစ်, ကမ္ဘောဇတိုင်း

  20. မုံရွာNLD တိုင်းရုံးပစ်ခတ်ဖောက်ခွဲခံရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ထင်းရူးလမ်းနဲ့ အောင်မြေလမ်းကြားမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး မနေ့ဒီဇင်ဘာ ၁၀ရက်ညပိုင်းက ပစ်ခတ်ဖောက်ခွဲခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    “ ရုံးအတွင်းထဲကို လက်ပစ်ဗုံးနဲ့ပစ်တယ်လို့အနီးအနားကနေ တဲ့လူတွေကပြန်ပြောတယ်။ မှန်တွေကွဲပြီးပျက်စီးတာတွေရှိတယ်။ လူထိခိုက်တာတော့မရှိဘူး၊ ရုံးက အာဏာသိမ်းပြီးကတည်းက လူမနေတော့တာကြာပြီ။ ကျွန်တော်တို့ကတော့ စစ်ကောင်စီ ဘက်ကလုပ်တယ်ပဲယူဆပါတယ်။ သူတို့ကလွဲလို့တခြားမရှိဘူး” မုံရွာ NLD ရုံးရဲ့ တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    မနေ့ညက NLD တိုင်းရုံးပစ်ခတ်ဖောက်ခွဲခံရမှုမှာတော့ ကြီးကြီးမားမားထိ ခိုက်ပျက်စီးတာမရှိခဲ့ဘဲ ရုံးမှန်တချို့သာကွဲခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေကပြောပါတယ်။

    အာဏာသိမ်းပြီး‌နောက်ပိုင်းမှာ အဆိုပါမုံရွာ NLD တိုင်းရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး ပါတီက တာဝန်ရှိသူတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာရှိသလို ဝင်ရောက်ရှာဖွေစီးနင်းတာတွေလည်း၃ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ပါတီတာဝန်ရှိသူတွေကပြောပါတယ်။

    ဒါ့အပြင်မနေ့ဒီဇင်ဘာ ၁၀ရက် ညပိုင်းမှာလည်း မုံရွာကန်သာယာဈေးမှာ ရှိတဲ့ ညအိပ်ဈေးသည်တွေကို စစ်ကောင်စီတပ်တွေကရိုက်နှက်ပြီး ပြန်လွှတ်တာတွေရှိသလို NLD ရုံးအနီးမှာလည်းပစ်ခတ်ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    မုံရွာ NLD တိုင်းရုံးပစ်ခတ်ပေါက်ကွဲခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    မုံရွာ

    ဓာတ်ပုံ ရင်းမြစ်, RNA

    ဓာတ်ပုံ ပုံစာ, မုံရွာNLD တိုင်းရုံးစတင်တည်ဆောက်စဉ် (ပုံဟောင်း)