ဆရာ၀န်ရဲ့ကျန်းမာရေးမှတ်ချက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုခွင့်မရသေး

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ရုံးတော်ကိုလျှောက်ထားခဲ့ပေမဲ့ ကျန်းမာရေးအရ ခရီးသွားခွင့်မပြုသင့်ကြောင်းဆရာဝန်ရဲ့မှတ်ချက်ရှိလို့ ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို ခွင့်မရသေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထိုင်းဒု၀န်ကြီးချုပ် မြန်မာကို တိတ်တဆိတ်သွားခဲ့

    လူသားချင်းစာနာထောက်ထားရေး အကူအညီ ကိစ္စရပ်တွေအတွက် ထိုင်းဒုတိ၀န်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး၀န်ကြီးလည်းဖြစ်တဲ့ ဒွန် ပရာမူဒီ၀ီနိုင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

    မြန်မာစစ်ခေါင်းဆောင်နဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု ရခဲ့တယ်လို့လည်း မစ္စတာ ဒွန်က ဆိုပါတယ်။

    မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ နိုင်ငံအများအပြားမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အရေးပါတဲ့ ကိစ္စရပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။

    ကယ်ဆယ်ရေးပစ္စည်း ၁၇ တန်ကို မြန်မာနိုင်ငံကို ပေးပို့ခဲ့တယ်လို့လည်း ထိုင်းဒုတိယ၀န်ကြီးချုပ်က ပြောပါတယ်။

    ထိုင်းဒု၀န်ကြီးချုပ် မြန်မာကို တိတ်တဆိတ်သွားခဲ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. ရခိုင်မှာ PDF နဲ့ဆက်စပ်တယ်ဆိုပြီး ခုနှစ်ဦး ဖမ်းဆီးခံထားရ

    ရခိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ခုနှစ်ဦးအထိရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

    အဲ့ဒီထဲ အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် ကျောင်းသူအမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး အမျိုးသမီး ၃ ဦးကို သံတွဲမြို့က နေအိမ်တွေမှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီးတော့ နောက်ထပ်တစ်ဦး ထပ်မံဖမ်းဆီးတာကြောင့် ဖမ်းဆီးခံရသူ အမျိုးသမီး ၄ ဦးအထိရှိလာပြီဖြစ်ပါတယ်။

    ဖမ်းဆီးခံရတဲ့သူတွေထဲက သံတွဲမြို့က အမျိုးသမီးနှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှုဥပဒေ ၅၀ ည နဲ့ စွဲဆိုထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဖမ်းဆီးခံထားရသူတွေထဲက အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို လည်း စစ်ဆေးပြီး သက်ဆိုင်တဲ့ အမှုနဲ့ စွဲဆိုသွားမယ်လို့ ဆိုပါတယ်။

    ရခိုင်ပြည်နယ်မှာ PDF ဆက်စပ်တယ်ဆိုပြီး အဖမ်းခံရ သူ ၇ ဦးအနက် ၆ ဦးက သံတွဲကဖြစ်ပြီးတော့ နောက်တစ်ဦးကတော့ မြောက်ဦးမြို့က ဖြစ်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. အသက်ကယ်တင်နိုင်ရေး အကူအညီလိုအပ်နေသူအရေအတွက် မြန်မာနိုင်ငံမှာ ၃ သန်း အထိရှိလာလို့ ကုလသမဂ္ဂကပြော

    အသက်ကယ်တင်နိုင်ရေး လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ၊ အကာအကွယ်ပေးရေး ဝန်ဆောင်မှုတွေပေးဖို့ လိုအပ်နေတဲ့ လူပေါင်း မြန်မာနိုင်ငံတလွှားမှာ ၃ သန်း ခန့်ရှိတယ်လို့ ကုလသမဂ္ဂအေဂျင်စီတခုဖြစ်တဲ့ OCHA-Myanmar က ပြောပါတယ်။

    မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူသားချင်းဆိုင်ရာအကူအညီပေးရေးအတွက် ကုလသမဂ္ဂ ကိုယ်စားဆောင်ရွက်နေတဲ့ OCHA-Myanmar က ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အဲဒီ လူပေါင်း ၃ သန်းအနက် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အကူအညီလိုသူအရေအတွက်က ၂ သန်းခန့်ပါဝင်နေတာကို တွေ့ရပါတယ်။

    မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် အတော်များများမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် မြန်မာပြည်သူတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေကို မရရှိနိုင်တဲ့ အခြေအနေက ပိုပြီးဆိုးလာနေတယ်လို့ သူတို့က ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့တွေက တစ်ဖက်၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက တစ်‌ဖက် တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်တိုက်ပွဲတွေက နေ့စဉ်လိုလို ဖြစ်ပွား နေပါတယ်။

    ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်နဲ့ ရှမ်းပြည်နယ်တွေ နဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း တွေက ဒေသနေရာအတော်များများမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုးပွားလာနေသလို ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ပြည်တွင်းမှာပဲ တိမ်းရှောင်နေရတဲ့ စစ်ဘေး ဒုက္ခသည် ၂၃၄,၀၀၀ ခန့် ရှိတယ်လို့ OCHA-Myanmarရဲ့ အစီရင်ခံစာ အရသိရပါတယ်။

    အရင်ကာလကတည်းက ရှိနေတဲ့ ပြည်တွင်းစစ်ဘေးဒုက္ခသည်တွေက ၃သိန်း ၇ သောင်း ခန့်ရှိတာမို့ စုစုပေါင်းရင် လူပေါင်း သန်း တဝက်ကျော်ဟာ ပြည်တွင်းမှာပဲ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်နေတာပါ။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေအများဆုံးဖြစ်ခဲ့တဲ့ ပြည်နယ်တွေထဲက တခုဖြစ်တဲ့ ချင်းပြည်နယ်မှာ ပြည်တွင်းစစ်ဘေးဒုက္ခသည်ပေါင်း ၂ သောင်း ၃ထောင်ကျော်ရှိနေပြီး အိမ်နီးချင်းနိုင်ငံ ကို ထွက်ပြေးခိုလှုံနေရသူ ၁သောင်းခွဲကျော် ရှိတယ်လို့လည်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

  4. ထိုင်းမြန်မာနယ်စပ်ကို ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီ အမေရိကန် လှူဒါန်းဖို့ရှိ

    ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို Johnson & Johnson ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီ ဒီဇင်ဘာလထဲမှာ အမေရိကန် အစိုးရဘက်က လှူဒါန်းဖို့ ရှိတယ်လို့ အမေရိကန် အခြေစိုက် Politico သတင်းဌာနမှာ ရေးသားထားပါတယ်။

    ဒါဟာ ပဋိပက္ခဖြစ်ပွားရာ နေရာတွေကို ကိုဗစ်ကာကွယ်ဆေးတွေ လှူဒါန်းဖို့ သမ္မတ ဘိုင်ဒန်အစိုးရ ကတိပြုထားတဲ့ အစီအစဥ်တစိတ်တပိုင်းဖြစ်ပြီး လှူဒါန်းမယ့်ဆေးတွေကို ကမ္ဘာတ၀န်းကိုဗစ်ကာကွယ်ဆေး မျှမျှတတရရှိရေး ကုလသမဂ္ဂရဲ့ ကိုဗက်အစီအစဥ်ကနေ တဆင့် ပေးပို့သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ကိုဗစ်ကာကွယ်ဆေးအများအပြားဟာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ လူပုဂ္ဂိုလ်တဦးချင်းစီအလိုက်ထိုးပေးသွားမှာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံသား ထောင်နဲ့ချီ ထောင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

    အမေရိကန်အစိုးရဟာ Johnson & Johnson ကိုဗစ်ကာကွယ်ဆေးတွေကို လှူဒါန်းသွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံခြားရေး၀န်ကြီးက ကြေညာထားသလို ၀င်ငွေနည်းတဲ့ နိုင်ငံတွေနဲ့ အသင့်အတင့်ပဲရှိတဲ့ နိုင်ငံတွေကို နိုင်ငံတကာကိုဗစ်ကာကွယ်ဆေးတွေ လှူဒါန်းမှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ တခြားနိုင်ငံတွေကိုလည်း တိုက်တွန်းထားပါတယ်။

    ထိုင်းမြန်မာနယ်စပ်ကို ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီ အမေရိကန် လှူဒါန်းဖို့ရှိ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  5. မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအ၀ေးတက်ခွင့်ပြုဖို့ တရုတ်ကြိုးပမ်းချက် မအောင်မြင်

    လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် တရုတ်-အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ဖို့ ပြုဖို့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က အာဆီယံခေါင်းဆောင်တွေကို စည်းရုံးခဲ့ပေမယ့် ပြင်းထန်တဲ့ ကန့်ကွက်မှုမျိုးနဲ့ပဲ ကြုံတွေ့ခဲ့ရတယ်လို့ သံတမန်အသိုင်းအ၀ိုင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

    နို၀င်ဘာလ ၂၂ ရက်နေ့မှာ သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ကြီးမှူးကျင်းပမယ့် ထိပ်သီးညီလာခံမှာလည်း စစ်ကောင်စီဥက္ကဋ္ဌကို တက်ရောက်ခွင့်မပြုဖို့ အင်ဒိုနီးရှား၊ ဘရူးနိုင်း၊ မလေးရှားနဲ့ စင်္ကာပူ နိုင်ငံတွေက လိုလားနေတယ်လို့ ဒေသတွင်း သံတမန်လေးဦးနဲ့ နိုင်ငံရေး ရင်းမြစ်တွေက ပြောတယ်လို့လည်း ဆိုပါတယ်။

    မြန်မာအရေးနဲ့ ပတ်သက်လို့ အာဆီယံ အစည်းအဝေးကိစ္စရပ်တွေမှာ အင်ဒိုနီးရှားနိုင်ငံက ပြင်းပြင်းထန်ထန် ပြောဆိုဝေဖန်လေ့ရှိပြီး ဒီမိုကရေစီစနစ် ပြန်လည် မကြီးစိုးမချင်း မြန်မာနိုင်ငံကို တက်ရောက်ခွင့် မပြုသင့်ဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

    မလေးရှားနိုင်ငံခြားရေး၀န်ကြီးကတော့ ဒီကိစ္စအပေါ် မှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆန်ခဲ့သလို စင်္ကာပူ၊ ဘရူးနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေဘက်ကလည်း တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

    အွန်လိုင်းကနေ ကျင်းပမယ့် တရုတ်-အာဆီယံ ထိပ်သီးညီလာခံအရေးနဲ့ ပတ်သက်လို့ စည်းရုံးဖို့အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော့ရှန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က စင်္ကာပူနဲ့ ဘရူးနိုင်းနိုင်ငံတွေကို သွားရောက်ခဲ့သလို အဲဒီခရီးစဥ်တွေမှာလည်း စစ်ကောင်စီ ဥက္ကဋ္ဌကို တက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့သာ အကြောင်းပြန်ခံခဲ့ရတယ်လို့ သံတမန်တဦးက ပြောပါတယ်။

    အဲဒီခရီးစဥ်အပြီး နို၀င်ဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စတာ ဆွန်းကော့ရှန်းဟာ တရုတ်နိုင်ငံအနေနဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို လက်ခံရမယ်လို့ မြန်မာစစ်ခေါင်းဆောင်ကို ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

    ဧပြီလနှောင်းပိုင်းမှာ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာဘက်က လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ စစ်ခေါင်းဆောင်ကိုယ်စား နိုင်ငံရေးပါတီကို ကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်တဦးကိုသာ အာဆီယံဘက်က တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

    ဒါပေမဲ့ မြန်မာဘက်ကတော့ အာဆီယံရဲ့ ဖိတ်ကြားချက်ကို လက်မခံခဲ့ဘဲ ပြီးခဲ့တဲ့တခေါက် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာကိုယ်စားပြုပုဂ္ဂိုလ်မပါ၀င်ပဲ ကျင်းပခဲ့ကြပါတယ်။

    မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအ၀ေးတက်ခွင့်ပြုဖို့ တရုတ်ကြိုးပမ်းချက် မအောင်မြင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  6. မစ္စတာဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရ

    မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နီပွန်ဖောင်ဒေရှင်း ဥက္ကဋ္ဌဟာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတဲ့ အကြောင်း ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို လာရောက်စဥ်က ဒေါ်အောင်ဆန်းစုကြည်ပြင်ခိုင်းထားတဲ့ဓါးကို ပြုပြင်ပြီး ပြန်ပေးဖို့အတွက် သူက တွေ့ဖို့မျှော်လင့်နေတယ်လို့ မစ္စတာဆာဆာကာဝါကပြောပါတယ်။

    သူဟာ မြန်မာနိုင်ငံ ခရီးစဥ််အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ခဲ့သလို စစ်ကောင်စီ အဖွဲ့ဝင် ဝန်ကြီးတွေ၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့လည်း တွေ့ခွင့်ရခဲ့တယ်လို့ ဒီကနေ့ နိုဝင်(၁၈)ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊Melia Hotel မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၀၊ နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရတနာတစ်ပါးလိုတန်ဖိုးထားတဲ့ ဂျပန်ဓါးတစ်စင်းကိုပြုပြင်ပေးဖို့ ပေးအပ်ခဲ့တာရှိပြီး သူ့အနေနဲ့ အဲ့ဒီဂျပန်ဓါးကိုပြုပြင်ပြီးဖြစ်တဲ့အတွက် ပြန်ပေးချင်တာကြောင့် တွေ့ဆုံလိုခြင်းဖြစ်တယ်လို့ သတင်းမီဒီယာတွေကိုပြောပါတယ်။

    ဂျပန်ဓါးကို ပြုပြင်တာအချိန်(၈)လ ကြာခဲ့တယ်လို့ မစ္စတာဆာဆာကာဝါက‌ ‌‌ပြောပါတယ်။

    မြန်မာပြည်တွင်းက ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ကာကွယ်ဆေး ၁ သန်း လှူဒါန်းမယ်ဆိုပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်အစိုးရကိုယ်စားလှယ်လည်းဖြစ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါကပြောခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Nippon Foundation

  7. ရခိုင်ပြည်နယ်ငြိမ်းချမ်းနေတဲ့အနေအထားကိုတွေ့ခဲ့ရတယ်လို့ ဆာဆာကာဝါ ပြော, ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်း လျာထားတယ်လို့ဆို

    မြန်မာ့ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်တဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရခိုင်ပြည်နယ်ကိုနေ့ချင်းပြန်ခရီးစဉ်အဖြစ်သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်း ငြိမ်းချမ်းမှုအခြေအနေကိုတွေ့မြင်ခဲ့ရတယ်လို့ ဒီကနေ့နိုဝင်ဘာ ၁၈ ရက်နေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    SaSa Ka Wa, Japan

    ဓာတ်ပုံ ရင်းမြစ်, Nippon Foundation

    မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA ကြား အပစ်အခတ်ရပ်စဲမှု ၁နှစ်ပြည်ခဲ့ပြီဖြစ်ပြီး သူအနေနဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာ အနည်းငယ်မျှသော အင်အားနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ပါဝင်ခဲ့ရတာကိုကျေနပ်ကြောင်း သူ့ရဲ့ရခိုင်ခရီးစဉ်မှာလည်း ရခိုင်ပြည်နယ်ရဲ့အခြေအနေငြိမ်းချမ်းနေတာကို တွေ့ခဲ့ရတယ့် မစ္စတာဆာဆာကာဝါက ပြောပါတယ်။

    ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ အာဟာရချို့တဲ့နေတဲ့ကလေးငယ်တွေကို တွေ့ခဲ့ရတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာထောက်ပံ့တဲ့အကူအညီတွေ ပိုလုပ်သွားမယ်လို့ဆက်ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာတော့ ဒုက္ခသည်တွေအတွက် နေအိမ်တွေဆောက်ပေးတာအပြင် မူလတန်း၊ အလယ်တန်းကျောင်းတွေကိုပါ ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး ဒါတွေအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်း လျာထားတယ်လို့မစ္စတာဆာဆာကာဝါက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

  8. ရေစကြို၊ မအူအောက်ဆိပ်ရွာအနီးပစ်ခတ်မှုတွေဖြစ်, ရဟတ်ယာဉ်တွေပျံသန်းလာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေတယ်လို့ ဆို

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မြောက်ဘက် မအူအောက်ဆိပ်ရွာအနီးမှာ ဒီကနေ့နိုဝင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    “ နေ့လယ်တစ်နာရီလောက်က စပစ်တာ၊ နာရီဝက်လောက်ပစ်ပြီးတော့ ဒေသကာကွယ်ရေးတပ်တွေက မအူဆိပ်ရဲစခန်းကို မီးရှို့လိုက်တယ်။ ၂ နာရီလောက်ကျတော့ရဟတ်ယာဉ်တွေဆက်တိုက်ဝဲလာတာပဲ။ ရဲတပ်သားတွေထိခိုက်တယ်လည်းကြားတယ်။ အတိအကျတော့မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။လက်ရှိမှာတော့ ပစ်ခတ်မှုတွေနဲ့ စစ်ရဟတ်ယာဉ်တွေရွာအနီးပျံသန်းလာတာကြောင့် မအူအောက်ဆိပ်ရွာသားတွေကတော့ ဘေးလွတ်ရာတိမ်းရှောင်နေကြတယ်လို့ဆိုပါတယ်။

    Yazagyo, Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၈ရက်နေ့လယ်ပိုင်းက ရေစကြို၊မအူအောက်ဆိပ်ရွာအနီးရဟတ်ယာဉ်တွေပျံသန်းနေမှုကိုဒေသခံတွေမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမှဓါတ်ပုံ

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ရေစကြိုမြို့နယ်ထဲက ပခန်းငယ်ရဲစခန်းကိုလည်း ဒေသကာကွယ်ရေးတပ်တွေဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းကို ဖျက်ဆီးမီးရှို့ခဲ့သလိုရဲတပ်သားတွေထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်းကိုလည်း ရေစကြိုဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီကနေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေဘက်က နိုဝင်ဘာ ၁၈ ညနေပိုင်းအထိ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  9. ကလေးမြို့ အထွက် ချင်းဆိုင် နဲ့ နဂါးပွက် ရွာတွေမှာ တိုက်ပွဲဖြစ်

    ကလေးမြို့နယ် အနောက်တောင်ဘက်က PDF (Kalay) တပ်ရင်း ၃ တပ်ခွဲစခန်းကို သိမ်းပိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နိုဝင်ဘာလ ၁၇ ရက်မနက်ပိုင်းမှာ နဂါးပွက်ရွာကို လက်နက်ကြီးတွေပစ်ပြီး ပြောင်းရွှေ့လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သူတို့နဲ့ အတူ PDF (Kalay) တပ်ရင်း ၃ ဆေးတပ်ဖွဲ့က ဖမ်းဆီးခံ တပ်ဖွဲ့ဝင်တွေကိုပါ ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

    နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ စတင်ပြီး PDF (Kalay) တပ်ဖွဲ့ဝင်တွေနဲ့ နဂါးပွက်ရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

    အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေက ကလေးမြို့ကနေ ဂန့်‌ဂေါဘက်ကို သွားတဲ့ လမ်းမှာဖြစ်ပြီးတော့ ဇိုင်းဂနိုင်းရွာအနီးမှာရှိတဲ့ နည်းပညာ တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နဂါးပွက်ဘက်ကို လက်နက်ကြီး ပစ်ကူတွေ ပစ်ပေးနေတယ်လို့လည်းသိရပါတယ်။

    အလားတူ ကလေးမြို့က ထွက်လာတဲ့စစ်ကောင်စီ ယာဥ်တန်းတွေဟာ ကလေးမြို့အထွက် ချင်းဆိုင်ရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးတော့ သေဆုံးမှုတွေရှိတယ်လို့ လည်း PDF တွေဘက် ကပြောပါတယ်။

    ဒီသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ချင်းဆိုင်ရွာမှာ တိုက်ပွဲ ဖြစ်ပြီး မီးလောင်နေတာတွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ချင်းဆိုင်ရွာမှာ တိုက်ပွဲ ဖြစ်ပြီး မီးလောင်နေတာတွေ့ရ
  10. မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး ၁ သန်းလှူမယ်လို့ ဆာဆာကာဝါ ပြော

    မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး ၁ သန်းလှူမယ်လို့ ဆာဆာကာဝါ ပြော

    ဓာတ်ပုံ ရင်းမြစ်, screen grab

    မြန်မာပြည်တွင်းက ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ ၁ သန်းကို လှူဒါန်းသွားမယ်ဆိုပြီး မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာဂျပန်အစိုးရကိုယ်စားလှယ်လည်းဖြစ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

    ဒီနေ့ နိုဝင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့မှာပြုလုပ်နေတဲ့ မြန်မာပြည်တွင်း သူ့ရဲ့ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဆာဆာကာဝါက အခုလို ပြောတာဖြစ်ပါတယ်။

    ''မြန်မာပြည်တွင်းမှာ ကိုဗစ်ကာကွယ်ဆေးလိုအပ်ချက်ရှိတယ်ဆိုတာကို ကျွန်တော်ကြားသိရပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေး အကြိမ်ရေ ၁ သန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေတဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။''လို့ သူက ပြောပါတယ်။

    မြန်မာနိုင်ငံမှာဖြစ်နေတဲ့လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေကို သိရှိနိုင်ဖို့ သက်ဆိုင်ရာဒေသတွေဆီ ကိုယ်တိုင်သွားရောက်ခဲ့တယ်လို့လည်း သူက ပြောထားပါတယ်။

  11. ပန်းတနော်မြို့ပေါ်မှာ ရပ်ကျေးရုံးဗုံးပေါက်မှုဖြစ်ပြီးတဲ့နောက် အသွားအလာကန့်သတ်၊ စစ်ဆေးမှုတင်းကျပ်နေ

    ပန်းတနော်မြို့ပေါ်မှာ ရပ်ကျေးရုံးဗုံးပေါက်မှုဖြစ်ပြီးတဲ့နောက် အသွားအလာကန့်သတ်၊ စစ်ဆေးမှုတင်းကျပ်နေ

    ဓာတ်ပုံ ရင်းမြစ်, social media

    ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ နိုဝင်ဘာလ ၁၅ ရက်နေ့မနက်ပိုင်းက အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က မြို့ခံတွေ အပေါ် အသွားအလာကန့်သတ်တာ၊ အစစ်အဆေးတင်းကျပ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်တစ်နေ့မှာ ပန်းတနော်မြို့ထဲက ဆိုင်တွေကို နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ လုံး၀ မဖွင့်ဖို့ စည်ပင်ဘက်က တင်းတင်းကျပ်ကျပ်သတိပေးလာခဲ့တယ်လို့လည်း ဆိုပါတယ်။

    ''ဆိုင်တွေကို နေ့လည် ၁၂ နာရီနောက်ပိုင်းမဖွင့်ခိုင်းတော့တာ အရင်တုန်းကတော့ ကိုဗစ်ကြောင့်ပေါ့။ အခုက ကူးစက်မှုတွေလည်း ကျသွားတော့ ပုံမှန် သွားလာလုပ်စားနေကြတာ။ ဒါပေမဲ့ ဗုံးပေါက်မှုဖြစ်ပြီးတဲ့နောက်နေ့မှာ ၁၂ နာရီနောက်ပိုင်း ဆိုင်မဖွင့်ဖို့ စည်ပင် တွေကိုယ်တိုင်လာတာ။'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဘက်က ဒေသခံ ၄ ဦးထက်မနည်းကို ဖမ်းဆီးစစ်ဆေးတာရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲက တချို့ဟာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်ကို လူမှုကွန်ယက်ပေါ် ရေးတင်ခဲ့ပြီးနောက်မှာ စစ်ဆေးခံခဲ့ရတာလို့လည်း သူတို့နဲ့နီးစပ်တဲ့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

    ''အခု မြို့ထဲကနေ ဟိုဘက်ကမ်းကို သွားရင် တံတားမှာ စစ်တပ်က ၄၊ ၅ ယောက်ပုံမှန် လုံခြုံရေးယူပြီး ကင်းစောင့်နေတယ်။ သူတို့ စစ်ဆေးရေးဂိတ်နားရောက်ရင် အကုန်လမ်းဆင်းလျှောက်ခိုင်းတယ်။ ပစ္စည်းတွေ ပါတွေတင်လာရင်လည်း အကုန်ဆင်းတွန်းပဲ။ ဖိနပ်မချွတ်ခိုင်းရုံပဲ'' လို့ ပန်းတနော်မြို့ထဲမှာ ဈေးဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောပါတယ်။

    ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အခုဆို ပန်းတနော်မြို့ထဲမှာ ညနေခင်းဆို လူသွားလူလာကင်းရှင်းနေတယ်လို့မြို့ခံတွေက ပြောပါတယ်။

  12. ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေဆီ အမေရိကန် ကိုဗစ်ကာကွယ်ဆေးသန်းနဲ့ချီ ရောက်ဖို့ရှိနေ

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက ပဋိပက္ခဖြစ်ပွားရာအရပ်တွေကို ကာကွယ်ဆေးလှူဒါန်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သန်းနဲ့ချီတဲ့ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ထိုင်း-မြန်မာနယ်စပ်ကို ဒီဇင်ဘာလမှာ ရောက်ဖို့ ရှိနေတယ်လို့သိရပါတယ်။

    အမေရိကန်ကုမ္ပဏီ Johnson & Johnson ထုတ်တဲ့အဲဒီဆေးတွေကို ကမ္ဘာ့ကာကွယ်ဆေးဖြန့်ချိရေး အစီအစဉ် COVAX ရဲ့ကြီးကြပ်မှုနဲ့ပို့ဆောင်မှာဖြစ်တယ်လို့ ဒီအစီအစဉ်ကို သိရှိတဲ့သတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး politico သတင်းမှာဖော်ပြပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ''အစိုးရရဲ့ကာကွယ်ဆေးထိုးအစီအစဉ်တွေမှာ မပါဝင်နိုင်တဲ့သူတွေဆီကို ကာကွယ်ဆေးတွေရောက်ဖို့လုပ်ရမယ်၊ အဲဒီလူတွေဟာလည်း ကာကွယ်ဆေးထိုးခွင့်ရှိရမယ်''လို့ ပြောအပြီးမှာ အခုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

    ကာကွယ်ဆေးတွေဘယ်လိုပို့ဆောင်မလဲဆိုတဲ့အပိုင်း အပြီးသတ်ဖို့ကျန်နေသေးပြီး နယ်စပ်ကိုကာကွယ်ဆေး ဘယ်လောက်အထိပို့မယ်၊ ဘယ်အဖွဲ့အစည်းတွေက မြေပြင်မှာထိုးနှံဖို့ ဖြန့်ဝေမယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေဆီ အမေရိကန် ကိုဗစ်ကာကွယ်ဆေးသန်းနဲ့ချီ ရောက်ဖို့ရှိနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. စစ်ကောင်စီရဲ့ပညာရေးစနစ်တစ်ခုလုံးကို သပိတ်မှောက်တယ်လို့ အခြေခံပညာကျောင်းသားထု ပြော

    စစ်ကောင်စီရဲ့ပညာရေးစနစ်တစ်ခုလုံးကို သပိတ်မှောက်တယ်လို့ အခြေခံပညာကျောင်းသားထု ပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီရဲ့ပညာရေးကို ဆန့်ကျင်ကြောင်းပြသတဲ့ အခြေခံပညာကျောင်းသားတချို့ရဲ့လှုပ်ရှားမှု

    အာဏာသိမ်းစစ်ကောင်စီရဲ့ပညာရေးစနစ်တစ်ခုလုံးကို အခြေခံပညာကျောင်းသားထုက သပိတ်မှောက်တယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ ၃ ရက်အတွင်း ကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားထုအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြလာတာဖြစ်ပါတယ်။

    အာဏာသိမ်းဆန့်ကျင်မှုမှာ အခြေခံပညာကျောင်းသားတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ အကြမ်းဖက်ဖိနှပ်တာတွေ လုပ်နေတဲ့ စစ်ကောင်စီကို ရှုတ်ချကြောင်းပြောသလို စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တရားတို့ကို တိုက်ဖျက်နေတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်းဆိုပါတယ်။

    ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ လူမျိုးစုခုခံစစ်ဆင်ရေးအဖွဲ့အစည်းတွေ၊ခေါင်းဆောင်တွေနဲ့ လက်တွဲပြီး လက်နက်ကိုင်တော်လှန်ရေးဦးဆောင်ဖို့၊ စစ်ကောင်စီပညာရေးစနစ်ကနေ ပေါ်ထွက်လာတဲ့ဘွဲ့တွေ၊ သင်ယူမှုပြီးမြောက်တဲ့လက်မှတ်တွေကို အသိအမှတ်မပြုသလို တရားဝင်မှုမရှိကြောင်းကြေညာဖို့၊ တော်လှန်ရေးကာလအတွင်း ပညာသင်ယူမှုမပြတ်စေရေး အကောင်အထည်ဖော်ဖို့စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။

    အောက်တိုဘာလ ၁၅ရက်ကနေ ၁၇ ရက်အထိ ကျင်းပတဲ့ အဲဒီအစည်းအဝေးပွဲမှာ အခြေခံပညာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေ၊ အခြေခံပညာကျောင်းသားထုဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ပြီး အခြေခံပညာကိစ္စရပ်တွေ၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ပညာရေးကိစ္စရပ်တွေအပြင် နွေဦးတော်လှန်ရေးမှာ အခြေခံပညာကျောင်းတွေရဲ့ အခန်းကဏ္ဍတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

  14. ရေစကြိုမြို့က NLD ထောက်ခံတဲ့နေအိမ် ပါဆယ်ဗုံးပစ်ခံရပြီး မိသားစုဝင် ၄ ဦးသေဆုံး

    ရေစကြိုမြို့က NLD ထောက်ခံတဲ့နေအိမ် ပါဆယ်ဗုံးပစ်ခံရပြီး မိသားစုဝင် ၄ ဦးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ထင်းတန်းရပ်ကွက်မှာနေထိုင်တဲ့NLD အမာခံတက်ကြွလှုပ်ရှား ကိုအေးလှိုင်ဆိုသူနေအိမ်ကို မနေ့နိုဝင်ဘာ ၁၇ရက် ညပိုင်းက လူတစ်စုက ပါဆယ်ဗုံးပစ်ခဲ့တာကြောင့် လူ ၄ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    “ည၁၀နာရီလောက်မှာ နေအိမ်ခြံဝင်းထဲပစ်သွားတာ၊ မိသားစုတွေကပံ့သကူထင်ပြီး ဖောက်ကြည့်ရာကနေ ပေါက်ကွဲသွားတာပါ။ ကိုအေးလှိုင်ကတော့ဆေးရုံပို့ချိန်ရလိုက်သေးတယ်။ ဆေးရုံရောက်မှာဆုံးတယ်။ သူ့အမျိုးသမီးရယ်၊ အသက် ၂၀အရွယ်သမီးဖြစ်သူရယ်၊ ဘေးအိမ်က အမျိုးသမီးတစ်ယောက်ရယ်ကတော့ဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးဆုံးတယ်” လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလို နေအိမ်ထဲ ပါဆယ်ဗုံးပစ်ခံရပြီး သေဆုံးခဲ့တဲ့ကိုအေးလှိုင်တို့မိသားစုဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာလည်း NLD ပါတီအောင်နိုင်ရေးမှာ တက်ကြွလှုပ်ရှားပါဝင်ခဲ့သူတွေဖြစ်ပြီး ရေစကြိုမြို့မှာလုပ်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    အခုလို ပါဆယ်ဗုံးကြောင့် ရေစကြိုဒေသခံတွေ သေဆုံးရတာနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ ရေစကြိုရဲစခန်းနဲ့စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  15. တပ်မဟာ ၅ နယ်မြေတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ၁ ဦးအပါအဝင် ၇၀ နီးပါးသေဆုံးတယ်လို့ ကေအဲန်ယူ ပြော

    ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ နိုဝင်ဘာလ ၁ ရက်ကနေ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၉၀ နီးပါးဖြစ်ခဲ့တယ်လို့ ကေအဲန်ယူဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNLA) ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့နဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ်(BGF)တို့ကြားက အဲဒီတိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က တပ်ရင်းမှူး ၁ ဦးနဲ့ ဗိုလ်ကြီး ၁ ဦးအပါအဝင် သေဆုံးသူ ၇၀ နီးပါးနဲ့ ဒဏ်ရာရသူနောက်ထပ် ၇၀ နီးပါးရှိတယ်လို့လည်း ဆိုပါတယ်။

    ဒ့ါအပြင် စစ်ကောင်စီတပ်တွေနဲ့နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ကေအဲန်ယူဘက်က ပြောပါတယ်။

    တပ်မဟာ ၅ နယ်မြေထဲ စစ်ကောင်စီဘက်က အင်အားတိုးချဲ့နေတာကြောင့် ဒီအပေါ် တုန့်ပြန်တဲ့တိုက်ပွဲတွေ ဖြစ်နေခဲ့တာဆိုပြီး ကေအဲန်ယူသတင်းပြန်ကြားရေးဘက်က အစောပိုင်းရက်တွေက ပြောထားပါတယ်။

    တပ်မဟာ ၅ နယ်မြေတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ၁ ဦးအပါအဝင် ၇၀ နီးပါးသေဆုံးတယ်လို့ ကေအဲန်ယူ ပြော

    ဓာတ်ပုံ ရင်းမြစ်, KNU

  16. မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးပြန်စနိုင်ဖို့ နိုင်ငံတကာနဲ့အတူ လုပ်တွဲလုပ်မယ်လို့ တရုတ်ပြော

    မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပြန်စနိုင်ရေး အထောက် အကူဖြစ်စေဖို့ တရုတ်နိုင်ငံဟာ အပြုသဘောဆောင်တဲ့ကဏ္ဍကနေ ပါဝင်ပြီး နိုင်ငံတကာနဲ့အတူလက်တွဲလုပ်မယ်လို့ တရုတ်ဘက်က ပြောဆိုလာပါတယ်။

    တရုတ်ရဲ့အာရှရေးရာအထူးသံတမန် ဆွန်းဂေါ်ရှန်ရဲ့ မြန်မာပြည်တွင်းခရီးစဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေးမြန်းချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလာတာဖြစ်ပါတယ်။

    မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်ဖော်တဲ့နေရာမှာလည်း မြန်မာအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်နိုင်ငံဟာ တက်တက်ကြွကြွပါဝင်မယ်လို့လည်း ဆိုပါတယ်။

    တရုတ်အထူးကိုယ်စားလှယ် ဆွန်းဂေါ်ရှန်းဟာ သူ့ရဲ့မြန်မာခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Zhao Lijian

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Zhao Lijian
  17. မန္တလေးက ကျုးကျော်တွေ ဖယ်ရှားဖို့ စစ်ကောင်စီ ညွှန်ကြား

  18. အိန္ဒိယက မြန်မာဆိုင်ရာ သံအမတ်နေရာမှာ လူအပြောင်းအလဲ ပြုလုပ်

    အိန္ဒိယအစိုးရက ရန်ကုန်မှာထားတဲ့ သူတို့ရဲ့ သံအမတ်နေရာမှာ လောလောလတ်လတ်ပဲ လူလဲပြီး အသစ်တစ်ယောက် ခန့်ပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဌာနက ဝါရင့်သံတမန် ဗီနေးကူးမား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒ်ယသံအမတ် ဖြစ်လာပါတယ်။

    မစ္စတာကူးမားဟာ ဒေလီက နိုင်ငံခြားရေး ရုံးချုပ်မှာ အတွင်းဝန်အဖြစ် တာဝန်ထမ်း နေသူဖြစ်ပြီး၊ မြန်မာဆိုင်ရာ သံအမတ်တာဝန်ကို သိပ်မကြာခင်ပဲ လက်ခံရယူလိမ့်မယ် ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေး ရုံးရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေ့နေပြီး၊ ပေါ်ပေါက်လာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မီဇိုရမ်လို အိန္ဒိယရဲ့အနောက်မြောက်ဘက် ဒေသတွေထဲ မြန်မာဘက်က စစ်ရှောင်တွေ အလုံးအရင်းလိုက် ခိုဝင်နေခဲ့တဲ့ အခြေအနေတွေမှာ မစ္စတာ ကူးမားဟာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အဓိက ကြားခံလူ တစ်ယောက် ဖြစ်လာဖွယ် ရှိပါတယ်။

    မြန်မာ အိန္ဒိယ ၂ နိုင်ငံကြား ဆက်ဆံရေးရဲ့ ဗဟိုချက်နေရာကို ရောက်လာသူ

    ဓာတ်ပုံ ရင်းမြစ်, DIPLOMATS OF INDIA

    ဓာတ်ပုံ ပုံစာ, မြန်မာ အိန္ဒိယ ၂ နိုင်ငံကြား ဆက်ဆံရေးရဲ့ ဗဟိုချက်နေရာကို ရောက်လာသူ