မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တချို့ မီတာဆောင်ဖို့ စစ်ကောင်စီ ကြိုးပမ်း, စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ပါဝင်ပြီးမီတာခလိုက်ကောက်တာတွေရှိနေ
မန္တလေးမြို့က စီးပွားရေးလုပ်ငန်းတချို့ကို လျှပ်စစ်မီတာခဆောင်ဖို့ စစ်ကောင်စီ အဖွဲ့ဝင်တွေက ညှိနှိုင်းတာ၊ မဆောင်တဲ့အခါ လျှပ်စစ်မီးဖြတ်တာတွေ ဒီလဆန်းကစပြီး လုပ်ဆောင်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့က စစ်ကောင်စီ အဖွဲ့တွေဟာ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်က လုပ်ငန်းတခုကို လျှပ်စစ်မီး သုံးလစာ တခါတည်းဆောင်ဖို့ လက်နက်ကိုင် အင်အားသုံးပြီး လာရောက်ခဲ့ပါတယ်။ စက်ရုံဝင်း ပတ်လည်ကို စစ်ကောင်စီက လုံခြုံရေးချထားပြီး မီးဖြတ်ကာ လျှပ်စစ်မီတာခဆောင်ခိုင်းတယ်လို့ ဒေသခံတွေကပြောပါတယ်။
"မဆောင်ပဲထားတာ။ သုံးလရှိပြီပြောတယ်။ မီးလာဖြတ်တာ။ တလကို သိန်း ၄၀၀ ဆောင်ရတာ။ သိန်း ၁၂၀၀ ကို တပြားမှချန်လို့မရဘူး။ ချပေး။ အတိအကျဆောင်ရမှာလို့ပြောတာ။ စက်ရုံပတ်ပတ်လည် စစ်သားတွေ ကားတွေ သေနတ်တွေနဲ့ အများကြီးပဲ။ ဒီနေ့တရက်ပိတ်တယ်။ ဒီနေ့သွားပြီး စက်ရုံဘက်က ညှိတယ်လို့ ပြောသံကြားတယ်။ မနေ့က မီးဖြတ်ပြီး ပြန်သွားကြတာ"လို့ စက်ရုံနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ခုလို လျှပ်စစ်မီးပေးဆောင်ခဲ့ရတာနဲ့ ပက်သက်ပြီး ကုမ္ပဏီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေ ပါတယ်။ စီးပွားရေးလုပ်ငန်းတွေရှိတဲ့ မန္တလေးမြို့က စက်မှုဇုန်ကိုလည်း လျှပ်စစ်မီးတွေ ဖြတ်တောက်ခံရတာ၊ ပြတ်တောက်တာ ရှိ မရှိ မေးမြန်းခဲ့ရာ လက်ရှိအချိန်ထိ မီးဖြတ်တာ မရှိသေးပါဘူးလို့သိရပါတယ်။ ဒါပေမဲ့ စက်မှုဇုန်ရှိတဲ့ ပြည်ကြီးတံခွန် မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ လုပ်ငန်းရှင်တွေနဲ့ မီတာခဆောင်ဖို့ အရေး တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
" မီတာစာရွက်တော့ ဝေထားပြီးသား။ ပိုက်ဆံတော့ မကောက်ပါဘူး။ ဟိုတနေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ လုပ်ငန်းရှင်တွေကို အထက်တန်းကျောင်း တခုမှာ ဆုံဖို့တော့ အစီစဉ်လုပ်နေတယ်" လို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်း လုပ်ငန်းရှင် ဒေသခံတဦးက ပြောပါတယ်။ နိုဝင်ဘာ(၂)ရက်က ချမ်းအေးသာစံမြို့နယ်မှာ စက်ရုံနဲ့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီဘက်က တွေ့ဆုံပြီး လျှပ်စစ်မီတာခ ပေးဆောင်ဖို့ တိုက်တွန်းပြောကြားခဲ့သလို ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ မန္တလေးမြို့က မြို့နယ်တွင်း ရပ်ကွက် အများစုမှာ နေ့စဉ် အချိန်ပိုင်းလိုက် လျှပ်စစ်မီး ပြတ် တောက်တာတွေ ရှိနေပါတယ်။













