ဆရာ၀န်ရဲ့ကျန်းမာရေးမှတ်ချက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုခွင့်မရသေး

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ရုံးတော်ကိုလျှောက်ထားခဲ့ပေမဲ့ ကျန်းမာရေးအရ ခရီးသွားခွင့်မပြုသင့်ကြောင်းဆရာဝန်ရဲ့မှတ်ချက်ရှိလို့ ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို ခွင့်မရသေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပို့ကုန်သွင်းကုန်ဥပဒေနဲ့ဆက်သွယ်ရေးဥပဒေ အမှု ၂ ခုအတွက်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သက်သေထွက်ဆို, သဘာဝဘေးစီမံပုဒ်မ အတွက် လာမယ့် ဒီဇင်ဘာ ၆ ရက်မှာ အပြီးသတ်အမိန့်ချဖို့ရှိ

    အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် စွပ်စွဲထားတဲ့အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေ အမှု ၂ ခုအတွက် စွပ်စွဲခံရသူဘက်ကသက်သေအဖြစ် သူကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၂၂ရက် မှာ အပတ်စဉ်တနင်္လာနေ့တိုင်း နေပြည်တော်အထူးတရားရုံး မှာ စစ်ဆေးနေကျဖြစ်တဲ့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတွေ ၊နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မတွေကိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေ အမှု ၂ ခုအတွက် သူကိုယ်တိုင် ခံပြသက်သေအဖြစ်ထွက်ဆိုရာမှာ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းတဲ့နေ့က သူ့ရဲ့အိမ်ကို လာရောက်တဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေနဲ့ အဲဒီနေ့က သူတွေ့ကြုံရတာတွေကို တရားသူကြီးရှေ့မှာ ထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။

    အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ တရားမဝင်စကားပြောစက် (၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့လို့ ဆိုပြီး စွဲဆိုထားတဲ့အမှုနှစ်ခုဖြစ်ပါတယ်။ ဒီကနေ့ ထွက်ဆိုမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီပစ္စည်းတွေကို သူမသုံးကြောင်းနဲ့ အဲဒီပစ္စည်းတွေအိမ်မှာတွေ့တယ်လို့သာပြောပေမယ့် သူမမြင်တွေ့ရကြောင်း ထွက်ဆိုတဲ့အထဲ ထည့်သွင်းပြောခဲ့တယ်လို့ အထူးတရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

    တရားလိုရှေ့နေဘက်က အပြန်အလှန်စစ်မေးတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြန်လည်ဖြေကြား ခဲ့တယ်လို့လည်းသိရပါတယ်။ လာမယ့် ဒီဇင်ဘာ ၆ရက်မှာ တော့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေ အမှု ၂ ခုအတွက် အပြီးသတ်လျှောက်လဲချက်ကြားနာဖို့ပြန်လည်ချိန်းဆိုထားတယ်လို့ဆိုပါတယ်။

    တခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အပတ်စဉ်တနင်္လာနေ့တိုင်း စစ်ဆေးနေကျဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မကိုလည်း စစ်ဆေးခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာ ၆ရက်မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ရှိနေတဲ့ အဲဒီအမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ နှစ်ဦးလုံးက သူတို့ရဲ့ အပြီးသတ်လျှောက်လဲချက်ကို ဒီကနေ့မှာ စာနဲ့ရေးသားပြီး တရားသူကြီးထံတင်ပြခဲ့ပါတယ်။ ဒီကနေ့မြင်တွေ့ရတဲ့ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့် တို့ရဲ့ကျန်းမာရေးကောင်းမွန်တယ်လို့ လည်းတရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သက်သေထွက်ဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သက်သေထွက်ဆို
  2. ပုဂံ၊ ညောင်ဦးမှာ ဆိုင်ကယ်စီးနင်းခွင့်ကန့်သတ်ချက်အချို့ ထုတ်ပြန်

    ပုဂံ၊ ညောင်ဦးမှာ ဆိုင်ကယ်စီးနင်းခွင့်ကန့်သတ်ချက်အချို့ ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu

    ဓာတ်ပုံ ပုံစာ, ပုဂံဒေသမှာတွေ့ရတဲ့ခရီးသွားအချို့ (ပုံဟောင်း)

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းမှာ မနေ့ နိုဝင်ဘာလ ၂၁ရက်ကစပြီး လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့နယ်ထွေအုပ်ရုံးကနေ ဆိုင်ကယ်စီးနင်းခွင့်တွေကို ကန့်သတ်လိုက်တယ်လို့ ပုဂံ ညောင်ဦးဒေသခံတွေကပြောပါတယ်။

    ညောင်ဦးခရိုင်အတွင်းမှာ ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်နေတဲ့အတွက် အမျိုးသားနှစ်ဦးဆိုင်ကယ်စီးနင်းတာ၊ အမျိုးသမီးတစ်ဦးအနောက်မှာအမျိုးသားတစ်ဦးက လိုက်ပါစီးနင်းတာတွေ မလုပ်ဖို့အခုလိုကန့်သတ်တာဖြစ်တယ်လို့လည်း ညောင်ဦးမြို့နယ်ထွေအုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီထုတ်ပြန်ချက်ဟာ ပုဂံ၊ညောင်ဦးဒေသခံတွေအတွက်ရော ပုဂံဒေသအတွင်းခရီးသွားလာသူတွေအတွက်ပါ အကျုံးဝင်တယ်လို့ ညောင်ဦးမြို့နယ်ထွေအုပ်ရုံးက ဘီဘီစီကိုပြောပါတယ်။

    အခုလိုကန့်သတ်ထုတ်ပြန်တဲ့အထဲမှာ ဆိုင်ကယ်စီးနင်းမှုတစ်ခုတည်းကိုသာကန့်သတ်တာဖြစ်ပြီး တခြားယာဉ်အမျိုးအစားတွေ မပါဘူးလို့လည်းဆိုပါတယ်။

    ပုဂံဒေသမှာတော့ ဒေသခံအများစုက ဆိုင်ကယ်ကိုစီးနင်းအသုံးပြုတာရှိသလို ခရီးသွားပြည်သူအများစုကတော့ ဘထ္ထရီဆိုင်ကယ်ကိုအသုံးပြုတာ များတယ်လို့လည်း သိရပါတယ်။

    ဒါပေမဲ့ ခရီးသွားတချို့ကလည်း ဆိုင်ကယ်အသုံးပြုစီးနင်းတာတွေရှိတယ်လို့ဆိုပါတယ်။

    ပုဂံဒေမှာ အခုလို သတ်မှတ်ချက်ကြောင့် ဆိုင်ကယ်ကယ်ရီဆွဲပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေအတွက် အခက်အခဲဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေကပြောနေကြပါတယ်။

  3. တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင် မပါ၀င်, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခွင့်ရဖို့ တ႐ရုတ်ဘက်ကကြိုးစားညှိနှိုင်းခဲ့တယ်လို့ စစ်ကောင်စီပြော

    တရုတ်နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေ ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံကြတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မပါဝင်ဘူးလို့ သိရပါတယ်။

    တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတက်ရောက်ဘူးဆိုတာကိုသိတဲ့ သတင်းရင်းမြစ်တချို့ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြလာတာဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးအစား မြန်မာရဲ့တရုတ်နိုင်ငံဆိုင်ရာသံတမန်ပဲ ကိုယ်စားပြုတက်ရောက်ဖို့ရှိနေခဲ့တယ်လို့လည်း အစည်းအဝေးတက်တဲ့နိုင်ငံတွေရဲ့အစိုးရအဖွဲ့တွေမှာ တာဝန်ထမ်းနေသူ သတင်းရင်းမြစ်တွေကပြောတယ်လို့လည်း သတင်းကဆိုပါတယ်။

    စစ်ကောင်စီဘက်တော့ ဒီထိပ်သီးဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခွင့်ရဖို့ တရုတ်ဘက်က အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ အာဆီယံနိုင်ငံတချို့ကတော့ နိုင်ငံရေးရာထူးမဟုတ်သူကိုပဲ တက်ရောက်ခိုင်းတဲ့အတွက် ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိတော့တာလို့ ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် တရုတ်ပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ(GMS)နိုင်ငံတွေဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်ကြတဲ့ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြပေမဲ့ တချို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာတော့ အဆူအဆ၊ အယူဝါဒကွဲပြားမှုတွေရှိနေတယ်လို့ စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်ထားပါတယ်။

    တရုတ်နိုင်ငံပါဝင်သလို အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံလည်းပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောခဲ့

    ဓာတ်ပုံ ရင်းမြစ်, cincds

    ဓာတ်ပုံ ပုံစာ, တရုတ်နဲ့မြန်မာအပါအ၀င် အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံလည်းပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောခဲ့
  4. တရုတ် - အာဆီယံနှစ် ၃၀ပြည့် ဆက်ဆံရေးထိပ်သီးအစည်းအဝေးစတင်, မြန်မာနေရာမှာ ကိုယ်စားပြုတက်ရောက်သူမရှိဘဲလစ်လပ်နေ

    ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ စတင်ကျင်းပတဲ့ တရုတ် - အာဆီယံ ဆက်ဆံရေး နှစ်၃၀ပြည့် ထိပ်သီးဆွေးနွေးပွဲကို တရုတ်သမ္မတ ရှီကျင်ဖျင် ကဦးဆောင်ပြီး အာဆီယံနိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေတက်ရောက်ကြပါတယ်။ ဗွီဒီယိုကွန်ဖရင့်ဇင်းက တဆင့်ကျင်းပတဲ့ အဲဒီအစည်းအဝေးမှာ မြန်မာ ကိုယ်စားပြုနေရာမှာတော့ တက်ရောက်သူ မရှိဘဲ နေရာမှာ လစ်လပ်နေတာကိုတွေ့ရပါတယ်။ နိုင်ငံရေးအကဲခတ်တွေကတော့ ထိပ်သီးအစည်းအဝေးအစမှာတက်ရောက်သူမရှိတဲ့အတွက် ဒါဟာ မြန်မာကိုယ်စားပြုမှုမရှိတဲ့ သဘောလို့ပြောဆိုနေကြပါတယ်။

    တရုတ်-အာဆီယံ ဒစ်ဂျစ်တယ် ထိပ်သီး ဆွေးနွေးပွဲ ဟာ ဒေသတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နဲ့ တည်ဆောက်ရေး တို့ကို အထောက်အကူ ဖြစ်စေမှာပါ လို့ တရုတ်သမ္မတရှီကျင့်ဖျင်ကပြောဆိုခဲ့ကြောင်း တရုတ်အစိုးရရုပ်သံက ဖော်ပြချက်မှာတွေ့ရတယ်လို့ နိုင်ငံတကာသတင်းတွေကဖော်ပြပါတယ်။ အစည်းအဝေးအစမှ မစ္စတာရှီက တရုတ်ရဲ့ုဖြစ်တည်မှုကနေ နိုင်ငံငယ်တွေအပေါ် အမြတ်ထုတ် အနိုင်ကျင့်မှာမဟုတ်သလို ကြားဝင်စွက်ဖက်မှုမလုပ်ရေးကို အာဆီယံနဲ့အတူ လုပ်ဆောင်သွားမယ်ဆိုတဲ့ အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြန်မာ စစ်ခေါင်းဆောင်ကို တရုတ်- အာဆီယံ ဆွေးနွေးပွဲတက်ခွင့်မပေးဖို့ တရုတ်ကိုအာဆီယံနိုင်ငံ ခေါင်းဆောင်တချို့ပြောတယ်ဆိုတဲ့ သံတမန်အသိုင်းအဝိုင်းရဲ့ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာဖော်ပြခဲ့ကြတာပါ။

    ဒီဆွေးနွေးပွဲမတိုင်မီ က တရုတ်ရဲ့အာရှရေးရာအထူးကိုယ်စားလှယ်ဆုန်ကော့ရှန် မြန်မာပြည်လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ ဒီအကြောင်းဆွေးနွေးခဲ့ပြီး တရုတ်က အာဆီယံရဲ့ရပ်တည်ချက်ကိုလက်ခံရမယ်လို့ ပြောဆိုခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်တွေကိုကိုကားပြီး ပြီးခဲ့တဲ့ရက်က ရိုက်တာသတင်းကဖော်ပြခဲ့ပါတယ်။ အာဆီယံရဲ့ရပ်တည်ချက်အတိုင်းနိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့သူကိုတရုတ်ကိုလက်ခံရမှာဖြစ်ကြောင်း ပြောတယ်လို့လည်းသံတမန်တစ်ဦးကပြောကြောင်း အဲဒီသတင်းကဖော်ပြပါတယ်။ အာဆီယံရဲ့ ကာလရှည်ကြာထိန်းသိမ်းခဲ့တဲ့ ဝင်မစွက်ဖက်ရေးမူဝါဒက မြန်မာအာဏာသိမ်းမှုအပြီးမှာ ပြောင်းလဲလာတယ်လို့လည်း လေ့လာသူတွေကပြောဆိုနေကြပါတယ်။

    တရုတ် - အာဆီယံ ထိပ်သီးအစည်းအဝေးစတင်

    ဓာတ်ပုံ ရင်းမြစ်, SUPPLIER

    ဓာတ်ပုံ ပုံစာ, တရုတ် - အာဆီယံ ထိပ်သီးအစည်းအဝေးစတင်
  5. G7 နဲ့ အာဆီယံတို့က နိုင်ငံခြားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ဗြိတိန် ကျင်းပဖို့ရှိနေ, မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းကို မဖိတ်ဘူးလို့လည်း သီးခြားပြောဆိုထား

    ကနေဒါနိုင်ငံမှာ ၂၀၁၈ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ G7 ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးပွဲအတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့လံတွေကို စိုက်ထူထားတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကနေဒါနိုင်ငံမှာ ၂၀၁၈ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ G7 ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးပွဲအတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့လံတွေကို စိုက်ထူထားတာဖြစ်ပါတယ်။

    စက်မှုထိပ်သီး ၇ နိုင်ငံ(G7)နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တို့က နိုင်ငံခြားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးတွေရဲ့အစည်းအဝေးပွဲကို လာမယ့် ဒီဇင်ဘာလမှာ ဦးဆောင်ကျင်းပမယ်ဆိုပြီး ဗြိတိန်နိုင်ငံက ပြောလာပါတယ်။

    အဲဒီထိပ်သီးဆွေးနွေးပွဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ စီးပွားရေးတောင့်ခံနိုင်မှု၊ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်မှာ ကြေညာပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက မလေးရှား၊ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကဝန်ကြီးတွေ တက်ရောက်ဖို့ရှိတယ်လို့ ပြောသလို ဒါဟာ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးပွဲမှာ အာဆီယံနိုင်ငံတွေ ပထမဆုံးပါဝင်တက်ရောက်ဖြစ်ပါတယ်။

    ''လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့စီးပွားရေးကို အားပေးတဲ့ စိတ်တူ သဘောတူနိုင်ငံတွေနဲ့ ကမ္ဘာ့ကွန်ရက်တည်ဆောက်ချင်တာကြောင့်''လို့ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ပြောထားပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့မြန်မာအကြောင်း ပြောထားတာမတွေ့ရပါဘူး။ ဒါပေမဲ့ ဗြိတိန်အစိုးရ၊ နိုင်ငံခြားရေး၊ ဓနသဟာရနဲ့နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးကတော့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်မှာမဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

  6. အာဆီယံနိုင်ငံများဆိုင်ရာ နှီးနှောဖလှယ်ပွဲကို NUG ဝန်ကြီး ဖိတ်ကြားခံရလို့ တက်ရောက်ဖို့ရှိ

    အာဆီယံနိုင်ငံဝန်ကြီးများဆွေးနွေးပွဲတစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်တက်ရောက်ဖို့ရှိပါတယ်။ အဲဒီဆွေးနွေးပွဲဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကပ်ဘေးရင်ဆိုင်ရင်း ရာသီဥတုဆိုင်ရာအန္တရာယ်နဲ့ သံတမန်ရေးရာစိန်ခေါ်မှုတွေကို မနက်ဖြန် နိုဝင်ဘာ ၂၃ရက်ကနေ ၂၄ရက်အထိ နှစ်ရက်တာဆွေးနွေးကြမှာဖြစ်ပါတယ်။ နိုင်ငံတကာသိပ္ပံကောင်စီကကြီးမှူးတဲ့ ဒီနှီးနှောဖလှယ်ပွဲကို ဒေါက်တာတူးခေါင်တက်ရောက်ဖို့ဖိတ်ကြားတဲ့အတွက် တခြားအာဆီယံနိုင်ငံတွေကဝန်ကြီးတွေနဲ့အတူတက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။

    မြန်မာနိုင်ငံဟာအာဆီယံဒေသတွင်းတစ်ခုတည်းသောရေခဲတောင်ရှိတဲ့နိုင်ငံဖြစ်ပြီး အာဆီယံရဲ့ အမွေအနှစ်ဒီလိုတန်ဖိုးရှိတဲ့ဒေသကို စစ်အာဏာရှင်တွေကြောင့် ဆုံးရှုံးမခံသင့်ကြောင်းသတင်းစကားပါးဖို့ ဝန်ကြီးကဆိုပါတယ်။ အစိုးရတစ်ရပ်ရဲ့မူဝါဒနဲ့စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာတွေကို မနက်ဖြန် နှီးနှောဖလှယ်ပွဲစတင်မယ့်ရက်မှာ ဆွေးနွေးကြဖို့ရှိတယ်လို့သိရပါတယ်။

    အာဆီယံနိုင်ငံများဆိုင်ရာ နှီးနှောဖလှယ်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, ECCRI

    ဓာတ်ပုံ ပုံစာ, အာဆီယံနိုင်ငံများဆိုင်ရာ နှီးနှောဖလှယ်ပွဲ
  7. မန္တလေးမှာ စစ်တပ် စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို မသုံးဖို့ ဆန္ဒပြ

    မန္တလေးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ညပိုင်းက စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေက ထုတ်တဲ့ထုတ်ကုန်တွေကို မသုံးဖို့ဆိုပြီး ထုတ်ကုန်အချို့ကို မီးရှို့ဖျက်ဆီးကာ လူငယ်တွေက ဆန္ဒပြခဲ့ကြပါတယ်။

    ဆန္ဒပြသူတွေဟာ စစ်တပ်နဲ့ ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေက ထုတ်တဲ့ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ ပိုစတာတွေကို ကိုင်စွဲပြီးတော့လည်း ဆန္ဒပြကြခဲ့ကြပါတယ်။

    ဒါ့အပြင် စစ်တပ်နဲ့ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေက ထုတ်လုပ်တဲ့ ဘီယာတွေနဲ့ သတင်းစာတွေကိုဖျက်ဆီးခဲ့တဲ့ ဗီဒီယိုရုပ်သံတစ်ခုကိုစစ်ကိုင်းတိုင်း ကနီ PDF ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီ ဗီဒီယိုဖိုင်မှာ ဘီယာဗူးတွေကို စီပြီး ကားနဲတက်ကြိတ်ခဲ့သလို သတင်းစာတွေကိုလည်း မီးရှို့ခဲ့ကြတာကို တွေ့ရပါတယ်။

    စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေက ထုတ်ကုန်တွေကို အသုံးပြုခြင်းသယ်ဆောင်ခြင်း၊ရောင်းချခြင်းနဲ့ ဝယ်ယူခြင်းများကိုတွေ့ရှိပါကပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်လို့ PDF အဖွဲ့အချိုက စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးခဲ့တာရှိပါတယ်။

    ဒါ့အပြင်စစ်ကောင်စီတပ်တွေ မနေ့က ရှာဖွေမှု ဖမ်းဆီးမှုတွေလုပ်ခဲတဲ့ ရန်ကုန်က လှိုင်မြို့နယ်မှာလည်း ဆန္ဒပြမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    မန္တလေးမှာ စစ်တပ်  စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို မသုံးဖို့ လူငယ်တွေက ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မန္တလေးမှာ စစ်တပ် စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို မသုံးဖို့ လူငယ်တွေက ဆန္ဒပြ
    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ရေစကြို၊ ဖြုံဘူးကျေးရွာရှိ ဗိုလ်ချုပ်ရုပ်တုအပါအဝင် နေအိမ်တချို့ ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေပြော

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ဖြုံဘူးကျေးရွာအတွင်းကို မနေ့နိုဝင်ဘာ ၂၀ရက်နေ့က စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီး ရွာမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနဲ့ နေအိမ်တွေကိုဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွာအတွင်းကို မနေ့နိုဝင်ဘာ ၂၀ရက်နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့တာဖြစ်ပြီး သေနတ်တွေနဲ့ပစ်ဖောက်တာတွေလုပ်ခဲ့သလို ရိပ်သာကျောင်းနဲ့ လူမနေတဲ့နေအိမ်တချို့ကို ဖျက်ဆီးခဲ့ပြီး တချို့နေအိမ်က ပစ္စည်းတွေယူဆောင်သွားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တခါ ရေစကြိုမြို့နယ်အတွင်းရှိ မီးလောင်ကျွန်းကျေးရွာတောင်ဘက်ပိုင်းက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေရှိတယ်လို့ ရေစကြိုဒေသတွင်းမီဒီယာတွေက ဓါတ်ပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။ ရေစကြိုဒေသတွင်း ဖြစ်ပေါ်နေတဲ့ ဒေသခံနေအိမ်တွေနဲ့ စာသင်ကျောင်းတွေဖျက်ဆီးခံရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ၀င်ရောက်ရှာဖွေခံထားရပုံ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ၀င်ရောက်ရှာဖွေခံထားရပုံ
  9. လောင်းလုံးမြို့နယ်အနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်, ပြည်သူတစ်ဦးအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ဆို

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညှင်းမော်ကျေးရွာနဲ့ ဂေါ့အင်းကျေးရွာအနားမှာ ဒီကနေ့ နိုဝင်ဘာ၂၁ရက် မနက်ပိုင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေအကြား အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၈နာရီခွဲဝန်းကျင်မှာ လောင်းလုံးမြို့နယ် အောက်ပိုင်းကိုဆင်းလာတဲ့ စစ်ကောင်စီတပ်ကားတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ပါတယ်။

    ဒီနှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၆ဦး သေဆုံးပြီး စခန်းမှူးအပါအဝင် ၃ဦး ဒဏ်ရာရရှိသလို ဒေသကာကွယ်ရေးတပ်ဘက်ကလည်း တစ်ဦးသေဆုံးတယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက်ရနိုင်ဖို့ စစ်ကောင်စီဘက်ကိုမေးမြန်းထားပါတယ်။

    အဲဒီနှစ်ဖက်တိုက်ပွဲကို စစ်ကြောင်းလာဖြည့်တဲ့ စစ်ကောင်စီတပ်ကားတစ်စီးကလည်း ထားဝယ်၊ လောင်းလုံး ကားလမ်းမပေါ်က မင်းရပ်ကျေးရွာအနီးမှာရှိတဲ့လမ်းသွားလမ်းလာ လူငယ်အမျိုးသား တစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာလည်း လောင်းလုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ကား ၄၀ လောက် တိုးချတပ်စွဲထားတာ ရှိနေပြီး ရေလမ်းကြောင်းတွေမှာလည်း ကင်းပုန်းချထားတာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီကနေ့ထားဝယ်၊ လောင်းလုံးက နှစ်ဖက်တိုက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    လောင်းလုံးမြို့နယ်အနီးမှာထိတွေ့တိုက်ပွဲဖြစ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, လောင်းလုံးမြို့နယ်အနီးမှာထိတွေ့တိုက်ပွဲဖြစ်
  10. သံဖြူဇရပ် ကျိုက်နဲ-ရေလယ်ဘုရားပွဲမှာ လှိုင်းပုတ်လို့ ရေနစ်သေဆုံးသူ ၁၅ဦးရှိခဲ့, ပျောက်ဆုံးနေသူ ၁၀ဦးကျော်ရှိနေတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေပြော

    မွန်ပြည်နယ် ၊ သံဖြူဇရပ် ကျိုက်နဲ-ရေလယ် ဘုရားပွဲမှာ ဒီကနေ့ နိုဝင်ဘာ ၂၁ရက် မနက်ပိုင်းက ဒီရေတက်ပြီး လှိုင်းပုတ်ခတ်တာကြောင့် ဘုရားဖူးတချို့ ရေထဲမျောပါ သေဆုံးခဲ့ပါတယ်။ ဒီကနေ့ညနေပိုင်းအထိ သံဖြူဇရပ်ဆေးရုံနဲ့လူမှုကူညီကယ်ဆယ်ရေးအသင်းအချို့ရဲ့ အတည်ပြုချက်အရ သေဆုံးသူ ၁၅ဦးအထိ ရှိပြီး ပျောက်ဆုံးသူ ၁၀ဦးနဲ့အထက် ရှိတယ်လို့ သိရပါတယ်။ ရေနစ် သေဆုံးသူတွေဟာ ရေလယ်မှာရှိတဲ့ ဘုရားကိုသွားဖို့ သောင်ထွန်းရာလမ်း(ဒေသအခေါ်နတ်လမ်း) ကို ဖြတ်သန်းနေချိန် ဒီရေတက်ပြီးလှိုင်းပုတ်တာကြောင့် မျောပါသေဆုံးရခြင်းဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘီဘီစီကိုအတည်ပြုပါတယ်။ မနက်ပိုင်းမှာ ဖြစ်တဲ့ အဲဒီဖြစ်စဉ်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညနေပိုင်းအထိ လုပ်ဆောင်ခဲ့ကြပါတယ်။ လက်ရှိ ကာလဟာ ကျိုက်နဲရေလယ်ဘုရားရဲ့ ဘုရားပွဲရာသီဖြစ်ပေမယ့် ကိုဗစ်ရောဂါအခြေအနေကြောင့် ဘုရားပွဲတော်ကို ကျင်းပခွင့် မပြုထားဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမဲ့ ဒီကနေ့ ဘုရားပွဲကို လာရောက်သူဟာ လူဦးရေထောင်ချီရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေကဆိုပါတယ်။

    ပျောက်ဆုံးနေသူ ၁၀ဦးကျော်ရှိနေ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ပျောက်ဆုံးနေသူ ၁၀ဦးကျော်ရှိနေ
  11. ကျွန်းလှ၊ ဥသျှစ်ကုန်းကျေးရွာမှာ စစ်ကောင်စီဘက်ကပစ်ခတ်လို့ ရွာသားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်အုပ်စု၊ဥသျှစ်ကုန်းကျေးရွာကို မနေ့နိုဝင်ဘာ ၁၉ရက်ကစစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီး ဒေသခံရွာသားနှစ်ဦးပစ်ခတ် ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။သေဆုံးခဲ့တဲ့ရွာသားနှစ်ဦးမှာ အသက် ၃၀ ဝန်းကျင်နဲ့အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတွေဖြစ်ကြပြီး ဥသျှစ်ကုန်းကျေးရွာဇာတိတွေပဲဖြစ်တယ်လို့ဆိုပါတယ်။

    “ မနေ့ကဥသျှစ်ကုန်းအနောက်ဘက်ကနေ အင်အား ၂၀၀ လောက်စစ်ကြောင်းထိုးလာတယ်။ အခုသေတဲ့ရွာသားနှစ်ယောက် ဝင်ဝင်လာခြင်းရွာထိပ်မှာဆိုတော့ပြေးချိန်မရလိုက်ဘူးထင်ပါတယ်။ ကျန်တဲ့ရွာသားတွေကတော့ပြေးကြတယ်။ ဒီကနေ့မနက်မှာတော့ရွာသားတွေရဲ့ အလောင်းတွေကို ရွာမြောက်ဘက်က လျှော်ဖြူခင်းမှာစစ်တပ်ကမြုပ်ခဲ့တာ ဖုံးရုံလေးဖုံးခဲ့တော့ ရွာသားတွေကပြန်တွေ့တာ၊လက်ပြန်ကြိုးတုပ်ထားတယ်။ သေနတ်နဲ့လည်း ၁၅ချက်လောက်ပစ်ထားတာတွေ့ရတယ်။ ရွာသားတွေကတော့ မီးပြန်သဂြိုလ်ပေးခဲ့ပါတယ် “ လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ဥသျှစ်ကုန်းကျေးရွာဒေသခံတွေကတော့ နေအိမ်တွေဆီမပြန်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ကျွန်းလှနယ်အတွင်းမှာတော့ နိုဝင်ဘာ ၁၆ရက်နေ့ကစပြီး နိုဝင်ဘာ ၁၇၊ ၁၈ရက်အထိမော်တုံ၊ ပေပင်ချောင်၊ ဝေလမူ၊ကုန်းစည်း၊ တောင်နီ၊ ဥသျှစ်ကုန်း၊ လိပ်ဆင်းတောင် စတဲ့ကျေးရွာကိုစစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီး နေအိမ်တွေဖျက်စီးခံခဲ့ရတယ်လို့ကျွန်းလှဒေသကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကျွန်းလှမြို့ဖြစ်စဉ်အချို့နဲ့ပတ်သက်ပြီး အခုရက်ပိုင်းအတွင်းထုတ်ပြန်တာမတွေ့ရသေးသလို ဘီဘီစီအနေနဲ့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    စစ်ကောင်စီဘက်ကပစ်ခတ်လို့ ရွာသားနှစ်ဦးသေဆုံးခဲ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဘက်ကပစ်ခတ်လို့ ရွာသားနှစ်ဦးသေဆုံးခဲ့
  12. ရန်ကုန်တောင်ပိုင်းခရိုင်မှာ စစ်ကောင်စီက လမ်းတချို့ပိတ်ဆို့စစ်ဆေးနေ

    ရန်ကုန်မြို့တောင်ပိုင်းခရိုင် အတွင်းမှာရှိတဲ့ ဒလ၊ တွံတေး နဲ့ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်ထဲက ရန်ကုန်ဘက်ကို သွားတဲ့ လမ်းတစ်ချို့ကိုစစ်ကောင်စီဘက်က မနေ့နိုဝင်ဘာ ၂၀ရက် မနက်ပိုင်းကစပြီးလမ်းပိတ်စစ်ဆေးမှုတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့နိုဝင်ဘာ ၂၁ရက်မှာတော့ လမ်းတချို့ပြန်ဖွင့်ထားပေမယ့်ကော့မှူး၊ ကွမ်းခြံကုန်းဘက်သွားတဲ့ လမ်းနဲ့ရန်ကုန်ဘက်ကိုသွားနိုင်တဲ့ ဒလ ဘက်လမ်း တချို့ကို ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    “ မနေ့ကစပြီး တွံ့တေး၊ကံဘဲ့လမ်းဆုံကစစစ်တာ အဲ့ကစပိတ်ပြီးစစ်တာ။တွံတေး-ကော့မှူးကားလမ်းလည်းပိတ်လိုက်တယ်။ ညနေပိုင်း ၃နာရီခွဲလောက်မှာ ကော့မှူး - ကွမ်းခြံကုန်းဘက်က လမ်းကို ယာယီဆိုပြီးလုံးဝပိတ်လိုက်တာ။ ဘာကားမှသွားခွင့်မပေးတော့ဘူး။ ကံဘဲ့လမ်းဆုံကိုတော့ မနေ့ညနေကတည်းပိတ်လိုက်တာ ဒီနေ့မနက်ထိပြန်မဖွင့်ပေးဘူး။ ကံ့ဘဲ့လမ်းဆုံက လှိုင်သာယာဘက်ကိုတက်လို့ရသလို ဒလကနေ လည်း ရန်ကုန်ဘက်ကိုတက်လို့ရတယ်။ဒီမနက်ထိ ရန်ကုန်ဘက်ကိုသွားလို့ရတဲ့လမ်းကိုပြန်မဖွင့်သေးဘူး။တွံတေးဘက်ကိုသွားတဲ့လမ်းတော့ပြန်ဖွင့်တယ်” လို့ကော့မှူးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလမ်းတွေမှာတော့ စစ်ဆေးမှုတွေအနေနဲ့ကားအားလုံးကိုရပ်ခိုင်းပြီး မှတ်ပုံတင်စစ်ဆေးမှုတွေလုပ်တာရှိသလို အချိန်ကြာမြင့်စွာပိတ်စစ်တာကြောင့် ရန်ကုန်ဘက်ကို အလုပ်လာလုပ်ရတဲ့ဒေသခံတချို့ အခက်အခဲတွေဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ရက်နေ့မှာလည်း ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား တချို့ကိုပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ကထုတ်ပြန်ထားသလို နိုဝင်ဘာ ၆ရက်နေ့တုန်းကလည်း ကွမ်းခြံကုန်းမြို့နယ်အတွင်း က ကျေးရွာတွေနားမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း အတည်ပြုပြောဆိုထားပါတယ်။ဒီနောက်ပိုင်းမှာတော့ ကွမ်းခြံကုန်းမြို့နယ် ဒေးဒနောရွာနဲ့အင်္ဂလုံးရွာအတွင်းက ဒေသခံ ၄၀ လောက်ကိုစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး တချို့ကိုပြန်လွှတ်ပေးခဲ့ပေမယ့်ရွာသား ၂ဦး စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့လည်း မိသားစုနဲ့နီးစပ်သူတွေက ပြောဆိုထားပါတယ်။လက်ရှိမှာတော့ ကော့မှူး၊ကွမ်းခြံကုန်းစတဲ့ မြို့နယ်တွေမှာအမျိုးသားနှစ်ဦးဆိုင်ကယ်စီးနင်းခွင့်တွေကိုလည်း ကန့်သတ်ထားပြီးအခုလို လမ်းပိတ်စစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။

    ကွမ်းခြံကုန်းမြို့နယ်ထဲကလမ်းဆုံတစ်နေရာ

    ဓာတ်ပုံ ရင်းမြစ်, BBC Burmese

    ဓာတ်ပုံ ပုံစာ, ကွမ်းခြံကုန်းမြို့နယ်ထဲကလမ်းဆုံတစ်နေရာ
  13. တောင်ကုတ်မြို့မှာ CDM လုပ်လို့ တာဝန်ရပ်စဲခံထားရတဲ့ ဆရာမတစ်ဦး ဖမ်းဆီးခံရ

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ပြီး ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပါဝင်တဲ့ ဆရာမတစ်ဦးကို နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်း ၉ နာရီကျော်လောက်မှာ အရပ်ဝတ်တွေဝတ်ဆင်ထားတဲ့ လူ ၁၀ ဦးလောက်က သူ့ရဲ့နေအိမ်ကနေ လာရောက်ဖမ်းဆီး သွားခဲ့တယ်လို့ မိသားစုဝင်တွေက အတည်ပြုပြောဆိုပါတယ်။

    ဖမ်းဆီးခံလိုက်ရသူမှာ အသက် ၄၀ ကျော်အရွယ် ဆရာမ ဒေါ်ချယ်ရီသက်ရှည်ဖြစ်ပြီး တောင်ကုတ်မြို့ အထက ၁ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုးအထက်တန်းပြ ဆရာမတစ်ဦး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်းမှာ စီဒီအမ်ပြုလုပ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    စစ်ကောင်စီကနေ တစ်နိုင်ငံလုံးမှာရှိတဲ့ စီဒီအမ်ဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ကြဖို့ ခေါ်ယူခဲ့ပြီး အလုပ်ပြန်မဝင်တဲ့ဝန်ထမ်း တွေကို တာဝန်ကနေ ရပ်စဲလိုက်တဲ့အထဲ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။ တာဝန်ကနေ ရပ်စဲခံထားရတဲ့သူ့ကို အခုလိုထပ်မံပြီး လာရောက်ဖမ်းဆီးသွားတာဟာ ဘာကြောင့်ဆိုတာကို မသိရသေးသလို အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေချင်တယ်လို့ သူ့ရဲ့တူမဖြစ်သူ ဒေါ်ချောငယ်က ဘီဘီစီကိုပြောပါတယ်။

    “မန့က မနက်ပိုင်း ၉ နာရီကျော်လောက်မှာ သတင်းကြားတယ်။ ကြားတော့ သူ့အိမ်ကိုလိုက်သွားတော့ ကားပေါ်ကိုတင်ထားပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာလဲမသိရသေးဘူး။ အဒေါ်ကတော့ စီဒီအမ်လုပ်ထားတယ်။ တာဝန်ကလဲရပ်စဲခံထားရပြီးပြီ။ အခုလိုဖြစ်တဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်”လို့ ဒေါ်ချောငယ်က ပြောပါတယ်။

    ဖမ်းဆီးခံလိုက်ရသူ ဆရာမ ဒေါ်ချယ်ရီသက်ရှည်မှာ ခင်ပွန်းသည်မရှိသူဖြစ်ပြီး မိခင်အိုတစ်ဦး၊ သားနှစ်ဦးတို့နဲ့နေထိုင်နေသူ ဖြစ်တယ်လို့ မိသားစုတွေက ပြောပါတယ်။ CDM ပြုလုပ်ထားတာကြောင့် တာဝန်ကလည်းရပ်စဲခံထားရပြီးပြီဖြစ်တဲ့အတွက် ဖမ်းဆီးခံရမှုကနေ မှန်မှန်ကန်ကန်နဲ့ ပြန်လည်လွတ်မြောက်လာဖို့ မျှော်လင့်နေတယ်လို့ မိသားစုတွေက ပြောဆိုပါတယ်။ ဒါ့အပြင် တောင်ကုတ်မြို့နယ်အတွင်းမှာ အာဏာသိမ်းမှုဖြစ်စအချိန်က စီဒီအမ်လုပ်ခဲ့ကြတဲ့ ပညာရေးဝန်တွေလည်း အများအပြားရှိခဲ့ကြပြီး နောက်ပိုင်းမှာတော့ တချို့ကအလုပ်ပြန်ဝင်သွားခဲ့ကြသလို တချို့ဆိုရင်လည်း အလုပ်က ရပ်စဲခံလိုက်ရသူတွေလည်းရှိနေတယ်လို့ တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    “စီဒီအမ်လုပ်တဲ့အထဲမှာတော့ သူကဦးဆောင်တဲ့သူပါ။ တောင်ကုတ်မှာ စီဒီအမ်လုပ်တဲ့ဆရာဆရာမတွေ ၁၀ ဦးကျော်လောက်ရှိခဲ့တယ်။ နောက်ပိုင်းတော့ အလုပ်ပြန်ဝင်သွားကြတယ်။ အခုသူ့ကိုဖမ်းတာက စီဒီအမ်ကြောင့်လား၊ နောက်ထပ်ဘာတွေနဲ့များ သက်ဆိုင်နေမလဲတော့မပြောတတ်ဘူး”လို့ တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    အခုဖမ်းဆီးခံလိုက်ရတဲ့ဆရာမဟာ ရခိုင်ပြည်နယ်အတွင်း စီဒီအမ်လုပ်တဲ့ ဝန်ထမ်းတွေထဲ ပထမဆုံးဖမ်းဆီးခံရသူလည်း ဖြစ်ကာ တခြားမြို့နယ်တွေမှာတော့ အခုလိုမျိုး ဖမ်းဆီးမှုတွေမရှိသေးပါဘူး။ရခိုင်ပြည်နယ်အတွင်းမှာတော့ PDF နဲ့ဆက်စပ်သူတွေဆိုပြီး သံတွဲမြို့နယ်အတွင်းက အမျိုးသားနှစ်ဦး၊ အမျိုးသမီးလေးဦးနဲ့ မြောက်ဦးမြို့နယ်က အမျိုးသားတစ်ဦးတို့ဖမ်းဆီးခံလိုက်ရပြီး အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့်ခံထားရတာတွေလည်း ရှိနေပါတယ်။

    တာဝန်ရပ်စဲခံထားရတဲ့ ဆရာမတစ်ဦး ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, တာဝန်ရပ်စဲခံထားရတဲ့ ဆရာမတစ်ဦး ဖမ်းဆီးခံရ
  14. မန္တလေး၊မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်ခံရ, အစောင့်စစ်သားတစ်ဦးထိခိုက်သေဆုံးတယ်လို့ဒေသခံအချို့ပြော

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၂လမ်းနဲ့၃၇လမ်းထောင့်မှာရှိတဲ့ရတနာဘုမ္ပိအရှေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့မနက် နိုဝင်ဘာ ၂၁ရက် မနက်ပိုင်းကပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရုံးရှေ့မှာရှိတဲ့ အစောင့်တပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    “ ပစ်တာကတော့ ဆိုင်ကယ်နဲ့လာပစ်သွားတာ၊ ပစ်ပြီးထွက်ပြေးတော့မှအထဲကနေ လေးငါးချက်လောက်ပြန်ပစ်တယ်။ ပစ်တဲ့သူတွေကတော့အကုန်လွတ်သွားတယ်၊ ဘယ်သူမှမမိလိုက်ဘူးလို့” ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။ အလားတူ မနေ့နိုဝင်ဘာ ၂၀ရက်နေ့ညနေပိုင်းမှာလည်းမန္တလေးမြို့ချမ်းမြေ့သာစည်မြို့နယ် ကန်သာယာရပ်ကွက်ထဲမှာလည်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ လက်ရှိမှာဆိုရင်လည်း မန္တလေးမြို့တွင်းမှာ စစ်ဆေးတင်းကျပ်မှုတွေပိုများလာပြီး စစ်ဆိုင်ကယ်စီးနင်းသွားလာမှုတွေကို ကန့်သတ်ထားတဲ့ ထုတ်ပြန်ချက်တွေရှိလည်း လူမှုကွန်ရက်မှာ ပေါ်ထွက်ပေါ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဆိုင်ကယ်ဦးထုတ်မပါဘဲစီးနင်းသူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ယာဉ်ထိန်းရဲတွေက ပူးပေါင်းစစ်ဆေးနေပြီးဆိုင်ကယ်ဦးထုတ်မဆောင်းထားရင် ဒဏ်ငွေ ၃သောင်းကျပ်ကိုစစ်ဆေးတဲ့နေရာမှာပဲ ပေးဆောင်ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ဒါပေမယ့် အမျိုးသားနှစ်ဦးဆိုင်ကယ်မစီးနင်းရဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ချက်အဖြစ် ကြေညာတာတွေမရှိသေးတာကြောင့် ဆိုင်ကယ်စီးနင်းမှုတွေကတော့ ပုံမှန်ဆက်ရှိနေတယ်လို့မန္တလေးဒေသခံတွေကပြောပါတယ်။

    မန္တလေးမြို့တွင်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်  ( ပုံဟောင်း )

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မန္တလေးမြို့တွင်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ် ( ပုံဟောင်း )
  15. သံဖြူဇရပ် ကျိုက်နဲ-ရေလယ်ဘုရားဖူး တချို့ရေထဲမျောပါသေဆုံး

    သံဖြူဇရပ် ကျိုက်နဲ-ရေလယ်ဘုရားလာကြတဲ့ ဘုရားဖူးတချို့ ရေထဲမျောပါပြီးသေဆုံးသူ ၁၅ဦးအထိ ရှိလာတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘီဘီစီကို အတည်ပြုပါတယ်။ ကနဦးသတင်းတွေအရ စက်လှေတိမ်းမှောက်တယ်လို့ပြောကြပေမဲ့ နောက်ဆက်တွဲထပ်မံအတည်ပြုနိုင်တဲ့ သတင်းတွေအရ သေဆုံးသူတွေဟာ ဘုရားကိုသွားဖို့ သောင်ထွန်းရာလမ်း(ဒေသအခေါ်နတ်လမ်း) ကို ဖြတ်သန်းနေချိန် ဒီရေတက်ပြီးလှိုင်းပုတ်တာကြောင့် မျောပါသေဆုံးရခြင်းဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘီဘီစီကိုအတည်ပြုပါတယ်။

    ဒီကနေ့ နိုဝင်ဘာ ၂၁ရက်မနက်ပိုင်းမှာ ဖြစ်တဲ့ အဲဒီဖြစ်စဉ်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို နေ့လယ်ပိုင်းအထိ လုပ်ဆောင်နေဆဲဖြစ်တယ်လို့လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

    “ ကျွန်တော်တို့သတင်းရတာမနက် ၆နာရီလောက်က သိရတာ။ လက်ရှိအချိန်ထိ သံဃာတော် နှစ်ပါးနဲ့ အမျိုးသမီးနဲ့ကလေး အလောင်းစုစုပေါင်း ၁၅လောင်းဆယ်ယူထားနိုင်တယ်။ ပျောက်နေတဲ့ သူတချို့ကိုလည်း ဆက်ရှာနေတုန်းပဲ” လို့ လိုက်ပါကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းကအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

    လက်ရှိ ကာလဟာ ကျိုက်နဲရေလယ်ဘုရားရဲ့ ဘုရားပွဲရာသီဖြစ်ပေမယ့် ကိုဗစ်ရောဂါအခြေအနေကြောင့် ဘုရားပွဲတော်ကို ကျင်းပခွင့်မပြုထားဘူးလို့ဒေသခံတွေကပြောပါတယ်။

    ကယ်ဆယ်ရေးလုပ်ငန်းတွေ ကို နေ့လယ်ပိုင်းအထိ လုပ်ဆောင်နေဆဲဖြစ်

    ဓာတ်ပုံ ရင်းမြစ်, Aung Myint Myat (လူမှုကူညီရေးအသင်း)

    ဓာတ်ပုံ ပုံစာ, ကယ်ဆယ်ရေးလုပ်ငန်းတွေ ကို နေ့လယ်ပိုင်းအထိ လုပ်ဆောင်နေဆဲဖြစ်
  16. ရွာလုံးကျွတ်မီးဖြတ်ခံထားရလို့ မီတာရုံးနဲ့ရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ကပြော

    ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ထဲမှာရှိတဲ့ ပိန်းကန်ရွာနဲ့တမံကြီးရွာကို ၅ရက်ခန့် ရွာလုံးကျွတ်မီးဖြတ်ထားတာကြောင့် ခရမ်းဒေသကာကွယ်ရေးတပ်ကနေ ခရမ်းမြို့နယ်လျှပ်စစ်ရုံးနဲ့ ရဲစခန်းတွေကို နိုဝင်ဘာ ၂၀ရက်ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ခရမ်းမြို့နယ်အတွင်းမှာရှိတဲ့ရပ်ကွက်၊ ကျေးရွာတွေကို လျှပ်စစ်မီတာခတွေ ပေးဆောင်ခြင်းမလုပ်ဖို့ဒေသကာကွယ်ရေးတပ်တွေက နှိုးဆော်ထားပြီး လျှပ်စစ်မီတာရုံးတွေကိုလည်း ပြည်သူတွေကို ဖိအားပေးတာမလုပ်ဖို့သတိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်။

    "အခုမီးဖြတ်တာ ဒီနှစ်ရွာကိုတော့ ၅ရက်လောက်ရှိနေပြီဖြတ်ထားတာ။ ကျန်တဲ့ရပ်ကွက်တွေမှာလည်းဖြတ်ထားတာတွေရှိတယ်။ ပြည်သူတွေကိုဖိအားပေးတာတွေရှိလို့မနေ့ည ၁၀နာရီဝန်းကျင်လောက်မှာ ပိန်းကန်ရဲစခန်းနဲ့ပိန်းကန်မီတာရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဖောက်ခွဲမှုလုပ်ပြီး ပစ်ခတ်တာတွေလည်းရှိခဲ့ပါတယ်။ ထိခိုက်မှုအခြေအနေတော့မသိရသေးပါဘူး” လို့ခရမ်းဒေသကာကွယ်ရေးတပ်ကပြန်ကြားရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ရွာလုံးကျွတ်မီးဖြတ်ခံထားရတဲ့ ပိန်းကန်ရွာနဲ့တမံကြီးရွာဒေသခံတချို့ကတော့ လျှပ်စစ်မီတာခပေးဆောင်တာတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ ထဲမှာတော့ ခရမ်းမြို့နယ်ထဲမှာဆိုရင် မြို့ပေါ်ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာ ၅၆ ရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးအားလုံးကျန်းမာရေးမကောင်းတဲ့အကြောင်းပြချက်တွေနဲ့ နုတ်ထွက်ထားခဲ့တယ်လို့လည်း ဒေသခံတွေကပြောဆိုထားပါတယ်။လက်ရှိမှာတော့ ကျေးရွာ တချို့မှာ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးမှူးတွေပြန်ခန့်လာပြီး အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်နိုင်အောင် လုပ်ဆောင်ဖို့ကြိုးစားနေတာတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိခရမ်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်သား ၆၀၀ ဝန်းကျင်လောက်အထိ တိုးချဲ့တပ်စွဲထားတဲ့ အနေအထားရှိနေတယ်လို့လည်း ဆိုပါတယ်။မနေ့နိုဝင်ဘာ ၂၀ရက်နေ့ညပိုင်းက ခရမ်းမြို့နယ်အတွင်းကရဲစခန်းနဲ့လျှပ်စစ်မီတာရုံးတွေ ဖောက်ခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ပုံစာ- ခရမ်းမြို့အတွင်းတပ်စွဲထားသည့်စစ်ကောင်စီတပ်များ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Khayan Channel

    ဓာတ်ပုံ ပုံစာ, ပုံစာ- ခရမ်းမြို့အတွင်းတပ်စွဲထားသည့်စစ်ကောင်စီတပ်များ (ပုံဟောင်း)
  17. မြန်မာစစ်ကောင်စီကို ငွေရှာပေးတာရပ်ဖို့ HRW တိုက်တွန်းမှု ကုမ္ပဏီကြီးတချို့ တုံ့ပြန်

    မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာစစ်ကောင်စီကို ဝင်ငွေရှာပေးနေမှု ရပ်ဆိုင်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ပြီးခဲ့တဲ့ အောက်တိုဘာလက စာရေးသား ပေးပို့ခဲ့ရာမှာ ကုမ္ပဏီကြီးတချို့ရဲ့ တုံ့ပြန်ချက်တွေ ရခဲ့တယ်လို့ ဆိုပါတယ်။

    အခုလို တုံ့ပြန်တဲ့အထဲမှာ State Street ဆိုတဲ့ ကုမ္ပဏီက သူတို့အနေနဲ့ ပိုင်ဆိုင်မှုစုစုပေါင်း ထိန်းချုပ်ရေး အဖွဲ့ကို ဆက်လက်တင်ပြထားပြီး ဒီအဖွဲ့က ကုမ္ပဏီနဲ့ ဆက်စပ်နဲ့တဲ့ အစုစပ်လုပ်ငန်းတွေနဲ့ ဘယ်လိုရှေ့ဆက်ရမလဲ ဆိုတာ ဆက်လက် တိုင်ပင် ဆောင်ရွက်မယ်လို့ HRW ကို ပြောဆိုခဲ့ပါတယ်။

    State Street ဟာ စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ တိုတယ်၊ ရှက်ဗရွန် တို့မှာ ရှယ်ယာ အမြောက်အများ ဝင်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

    ဒါ့အပြင် State Street ဟာ ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT နဲ့ တောင်ကိုရီးယား သံမဏိကုမ္ပဏီ POSCO မှာလည်း ရှယ်ယာတချို့ ဝင်ထားတယ်လို့ ဆိုပါတယ်။

    တိုတယ်နဲ့ PTT တို့ကလည်း အလားတူ HRW ကို တိုက်ရိုက် စာပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

    HRW အနေနဲ့ အခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကုမ္ပဏီတွေ ဖြစ်တဲ့ Blackrock၊ Vanguardနဲ့ အခြား အမေရိကန်အခြေစိုက် ကုမ္ပဏီတွေဆီကတော့ ပြန်စာ မရခဲ့ဘူးလို့ ဆိုပါတယ်။

    အခုလို ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကုမ္ပဏီကြီးတွေ အနေနဲ့ သူတို့က စွမ်းအင်ကုမ္ပဏီကြီးတွေမှာ ဝင်ထားတဲ့ ရှယ်ယာအင်အားကို အသုံးပြုပြီး အမေရိကန်၊ အီးယူနဲ့တကွ အခြားနိုင်ငံတွေက ထုတ်ပြန်တဲ့ စီးပွားရေး ပိတ်ဆို့မှုစည်းကမ်းတွေအတိုင်း လိုက်နာခြင်းအားဖြင့် စစ်ကောင်စီကို ဝင်ငွေပေးနေမှု ရပ်တန့်ရေး တိုက်တွန်းဖို့ လိုအပ်ဆိုပြီး HRW က ဆက်လက် တိုက်တွန်းထားပါတယ်။

    မြန်မာစစ်ကောင်စီဟာ မြန်မာစွမ်းအင်ကဏ္ဍက တဆင့် ရရှိနေတဲ့ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီတဲ့ ဝင်ငွေတွေနဲ့ ကျားကန် ရပ်တည်နေပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် အဲဒီ ဝင်ငွေတွေကို မရပ်တန့်နိုင်ရင် မြန်မာပြည်သူတွေ အထိအခိုက် ပိုခံရပြီး ကုမ္ပဏီတွေ အတွက်လည်း ရှေ့အလားအလာ မကောင်းဘူးလို့ HRW အာရှရေးရာ ဒါရိုက်တာ ဂျွန်ဆစ်ဖွန်က ဆိုပါတယ်။

    တိုတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  18. ဦးဖြိုးဇေယျာသော် ဖမ်းမိမှု နောက်ဆက်တွဲ လက်နက်ရာချီနဲ့ လုပ်ကြံသတ်ဖြတ်မှုစာရင်း သိမ်းဆည်းမိတယ်လို့ဆို

    ရန်ကုန်မြို့ကနေ ဦးဖြိုးဇေယျာသော်ကို ဖမ်းမိမှုကနေ တစ်ဆင့် လက်နက်မျိုးစုံ ရာချီ သိမ်းမိခဲ့တယ်လို့ စစ်ကောင်စီ ရုပ်သံမီဒီယာတွေ ကြေညာပါတယ်။

    ဒါ့အပြင် ရန်ကုန်မြို့တွင်း ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်မယ့် စာရင်းတွေနဲ့အတူ လုပ်ကြံသတ်ဖြတ်မယ့် စာရင်းပြုလုပ်ထားတဲ့ မှတ်တမ်းစာအုပ်တွေကို သိမ်းဆည်းရမိတယ်လို့လည်း သတင်းမှာ ဖော်ပြသွားပါတယ်။

    အန်အယ်လ်ဒီ အမတ် ဦးဖြိုးဇေယျာသော်ကို ရန်ကုန်မြို့က တိုက်ခိုက်မှုတချို့နဲ့ ပတ်သက်နေတယ်ဆိုပြီး စစ်ကောင်စီက သူ့ကို ဖမ်းဆီးမမိခင်ကတည်းက စွပ်စွဲမှုတွေ ပြုလုပ်ထားပြီး အခုအခါမှာသူ့ရဲ့ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မယ့် စာရင်းတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

    ဦးဖြိုးဇေယျာသော်နဲ့ NUG၊CRPH တို့ကိုအကြမ်းဖက်မှုတွေနဲ့ပတ်သက်နေတယ်လို့ စစ်ကောင်စီဘက်က တောက်လျှောက် ပြောဆိုနေတာ ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG က တာဝန်ရှိသူတွေကတော့ အဲဒီလို လုပ်ကြံမယ့် စာရင်းမျိုးမရှိဘူးလို့ ငြင်းဆိုထားကြပြီး ဖြစ်ပါတယ်။

    လက်နက်တွေ သိမ်းဆည်းရမိမှုမှာ လက်နက်ငယ်မျိုးစုံ ၉၃ လက်၊ လက်လုပ် ပစ္စတို ၁၂၈ လက်နဲ့ ခဲယမ်းမျိုးစုံ တစ်သောင်းကျော် ရှိတယ်လို့ ဆိုပြီး အဲဒီလက်နက်တွေကို ရန်ကုန်မြို့က နေအိမ် ၂၀ လောက်မှာ ဝင်ရောက် ရှာဖွေ ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

    လက်နက်များ

    ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီ ထုတ်ပြန်ချက်

  19. ပလက်ဝ နေရပ်ပြန် စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေး ခက်ခဲ

  20. မန္တလေးမှာ ကားနဲ့ဆိုင်ကယ် ကန့်သတ်ချက်တွေ ကြေညာ

    မန္တလေးမြို့ပေါ်မှာ နိုဝင်ဘာ ၂၀ရက်ကစတင်ပြီး မော်တော်ယာဥ်နဲ့ ဆိုင်ကယ်တွေ မောင်းနှင်ရာမှာ အချက် ၆ ချက် လိုက်နာရမယ်လို့ ယာဥ်နဲ့လမ်း အန္တရာယ်ကင်းရှင်းရေးကော်မတီက ထုတ်ပြန်တဲ့အကြောင်း မြို့နယ်တချို့ ရပ်ကွက်တွေမှာ ညပိုင်း ဆော်သြကြေညာပါတယ်။

    ဒီထုတ်ပြန်ချက်မှာ ယာဉ်မောင်းနှင်စဉ် ယာဉ်လိုင်စင်တွေပါရမှာဖြစ်သလို ဆိုင်ကယ်မောင်းနှင်ရာမှာ နှစ်ဦးထက်ပို မစီးနှင်းရဆိုတဲ့ အချက်တွေ ထည့်သွင်းထားပါတယ်။

    ဒီထုတ်ပြန်ချက်မှာ မန္တလေးမြို့ဒေသခံတချို့က သဘောကျတာတွေ ရှိသလို မနှက်သက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

    တချို့စစ်ဆေးရေးနေရာတွေမှာ လိုင်စင်သက်တမ်း ကုန်လွန်တာကို အကြောင်းပြပြီး ဖမ်းဆီးတာတွေ ရှိနေလို့ လက်ရှိအခြေနေအရ ယာဉ်အပါဝင် လိုင်စင်သက်တမ်းတိုးဖို့ အခက်ခဲရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    မန္တလေးမြို့ပေါ်မှာ ဒီလို မော်တော်ယာဉ် တွေနဲ့ပက်သက်တဲ့ စစ်ဆေးတာကို ယာဉ်ထိန်းရဲတွေအပြင် စစ်သား၊ ရဲသား၊ စည်ပင်ကော်မတီက အဖွဲ့ဝင်တွေပါ အင်းအားအများပြားနဲ့ ပြုလုပ်ကြတာတွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မန္တလေးမြို့ပေါ်လမ်းမ

    ဓာတ်ပုံ ရင်းမြစ်, CJ