ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အန်စီအေ ပျက် မပျက် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးရဲ့ အမြင်

  2. စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံထိပ်သီးတက်ခွင့်မပြု၊ အာဆီယံသံလည်း ဒီလထဲ မလာဖြစ်

    ဒီလကုန်ပိုင်းပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဖို့ ဒီကနေ့ ညနေပိုင်းက အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအထူးအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

    အဲဒီအစား မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ နိုင်ငံရေးပိုင်းက မဟုတ်သူ တစ်ယောက်ကို ဖိတ်ကြားဖို့ ဖြစ်နိုင်တယ်လို့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြတယ်လို့ အဲဒီအစည်းအဝေးဆုံးဖြတ်ကို သိရှိထားကြတဲ့သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် အာဆီယံအထူးသံ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ၂ အယ်ရဝမ်ယူဆွပ်ဖ်လည်း မြန်မာနိုင်ငံကို ဒီလထဲ လာရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    အာဆီယံအထူးသံ မြန်မာနိုင်ငံကို လာရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုထားပြီး စစ်ကောင်စီဘက်က တရားရင်ဆိုင်ဆဲသူတွေနဲ့ တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

    ဒါကြောင့် အာဆီယံသံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဖို့ စီစဥ်ထားတဲ့ အစီအစဥ်ပျက်သွားခဲ့ပါတယ်။

    အာဆီယံဥက္ကဋ္ဌအနေနဲ့ ကတော့ ဒီကနေ့အစည်းအဝေးဆုံးဖြတ်ချက်ကို မနက်ဖြန်မှာမှ ထုတ်ပြန်ဖို့ရှိတယ်လို့ သိထားရပါတယ်။

    စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံထိပ်သီးတက်ခွင့်မပြု၊ အာဆီယံသံလည်း ဒီလထဲ မလာဖြစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
  3. တနင်္သာရီတိုင်း မြို့နယ်သုံးခုက နိုင်ငံခြားသားတွေ လုံခြုံရေးကြောင့်ထွက်ခွာရ

    တနင်္သာရီတိုင်းထဲက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း မြို့နယ် သုံးမြို့နယ် မှာ နေထိုင်တဲ့ ပြည်ဝင်ခွင့်ဗီဇာအမျိုးမျိုးကိုင်ဆောင်ထားကြတဲ့ နိုင်ငံခြားသားတွေကိုသက်ဆိုင်ရာ တိုင်းအုပ်ချုပ်ရေး အဖွဲ့က လုံခြုံရေး အာမမခံနိုင်ကြောင်း ထုတ် ပြန်ချက်ကြောင့် အဲဒီမြို့နယ်ထဲမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမြန်ဆုံးထွက်ခွာကြဖို့ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

    အခုလက်ရှိအခြေအနေမှာတော့ နိုင်ငံခြားသား တော်တော်များများ ထွက်ခွာနေကြပြီလို့ တနင်္သာရီတိုင်းကောင်စီ လူမှုရေး ဝန်ကြီး ဦးယဉ်ထွေးက ပြောပါတယ်။အဲဒီ မြို့နယ် သုံးခုမှာ နိုင်ငံခြားသား တချို့ ကုမ္ပဏီတည်ထောင်ပြီး အခြေချနေထိုင်သူတွေလည်း ရှိ ပါတယ်။

    ဒီမြို့နယ် သုံးခုအနက်မှာတော့ သရက်ချောင်း မြို့နယ် တစ်ခုတည်းမှာပဲ နယ်မြေခံ ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီတပ် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ ကျန်လောင်းလုံးနဲ့ ထားဝယ်မြို့နယ်တွေမှာတော့ ဆန္ဒပြသပိတ်တွေနဲ့ စစ်ကောင်စီသတင်းပေးဆိုပြီးတိုက်ခိုက်မှုတွေရှိတဲ့အတွက် ပေါက်ကွဲမှု အနည်းငယ်တော့ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    အခုချိန်မှာတော့ ဆန္ဒပြပွဲတွေတောင် အများအပြားမရှိဘူးလို့ ဒေသခံတဦးက ဆိုပါတယ်။တနင်္သာရီတိုင်းမှာထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ကျွဲခြံရွာမှာ ဒေါင်းမင်းစစ်ဆင်ရေးပျောက်ကြားအဖွဲ့ နဲ့ စစ်ကောင်စီတို့ကြား အောက်တိုဘာလ ၃ ရက်နေ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က တပ်တွေတိုးချခဲ့သလို နိုင်ငံခြားသားတွေကိုလည်း ထွက်ခွာဖို့ သတိပေးတာတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  4. အာဆီယံအထူးအစည်းအဝေးဆုံးဖြတ်ချက် မနက်ဖြန်မှာထုတ်မယ်လို့ ဆို

    မြန်မာနိုင်ငံရေး တိုးတက်မှုမရှိဘူးဆိုရင် အခုအောက်တိုဘာလ ၂၆ ရက်ကနေ ၂၈ ရက်ထိ ဘရူနိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကို မဖိတ်ဘဲ ချန်လှပ်ထားသင့်မသင့်ကို ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဒီနေ့ အထူးအစည်းအဝေး တစ်ရပ် ဒီကနေ့ ညနေပိုင်းမှာ အွန်လိုင်းကကျင်းပခဲ့ပါတယ်။

    အစည်းအဝေး ဆုံးဖြတ်ချက်ကို မနက်ဖြန်မှာ ထုတ်ပြန်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောပါတယ်။

    အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်မယ်လို့ သိထားရပါတယ်။

    အာဆီယံအထူးအစည်းအဝေးဆုံးဖြတ်ချက် မနက်ဖြန်မှာထုတ်မယ်လို့ ဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  5. ကိုဗစ်ကြောင့် ပိတ်ထားတဲ့ ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်ဖွင့်

    ကိုဗစ်ကူးစက်မှု တတိယလှိုင်းကြောင့် လေးလခန့်အကြာ ရပ်နားထားခဲ့ရတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ရခိုင်ပြည်နယ်အတွင်းမှာ ကူးစက်မှုနှုန်းတွေ လျော့နည်းသွားပြီဖြစ်တဲ့အတွက် ဒီကနေ့ ပြန်ဖွင့်နေပြီလို့ ဒေသခံ သတင်းထောက်က သတင်းပေးပို့ပါတယ်။

    အခုလို နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အတွက် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်ပေးမယ့် ကုန်စည်တွေလည်း ဝင်ရောက်လာနေပြီ ဖြစ်သလို အလုပ်လက်မဲ့ဖြစ်နေကြတဲ့ ကုန်တင်ကုန်ချအလုပ်သမားတွေလည်း ပြန်လည်အလုပ်လုပ်ကိုင်ခွင့် ရရှိနေကြပြီဖြစ်တယ်လို့ အလုပ်သမားတွေက ပြောဆိုကြပါတယ်။

    ကုန်သွယ်ရေးစခန်းတွေကို ဖွင့်ပေးလိုက်ပြီဖြစ်ပေမယ့် ကိုဗစ် ၁၉ ရောဂါကူးစက်မှုက ရှိနေသေးတာကြောင့် ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ သင်္ဘောတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရေယာဉ်လုပ်သားတွေအနေနဲ့ တစ်ဖက်နိုင်င်ငံကိုရောက်သွားတဲ့အခါမှာ PPE ဝတ်စုံတွေ ဝတ်ဆင်ကြရမှာဖြစ်ပြီး ပြန်လည်ဝင်ရောက်လာတဲ့အခါမှာလည်း ကမ်းမကပ်ဘဲ ရေထဲမှာ စစ်ဆေးမှုတွေကို ခံယူကြရမှာဖြစ်တယ်လို့ ပြည်နယ်ကောင်စီရဲ့ ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

    ကိုဗစ်ကြောင့် ပိတ်ထားတဲ့ ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်း ပြန်ဖွင့်

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

  6. အမှုတွေပိတ်သိမ်းတာ ကြိုဆိုပေမဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ကေအိုင်အို ပြောခွင့်ရဆို

    စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူတွေကိုစွဲဆိုထားတဲ့အမှုတွေကို ပိတ်သိမ်းကြောင်း ထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေက ၂၃ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

    စစ်ကောင်စီရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်တွေနဲ့စပ်လျဉ်းတဲ့ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေကို ပိတ်သိမ်းတာနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်ကိုတော့ကြိုဆိုရမှာဖြစ်ပေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုတော့အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူးလို့ကေအိုင်အိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

    “ထုတ်ပြန်ချက်ကိုတော့ တွေ့ရပါတယ်။ တရားဝင်ကျွန်တော်တို့ကို အဆက်အသွယ်လုပ်ပြီးမှ အကြောင်းကြားတာတော့မရှိပါဘူး“ လို့ သူက ပြောပါတယ်။။

    ဒါ့အပြင် အဲဒီလွှတ်ပေးလိုက်တဲ့လူတွေဟာ ကေအိုင်ကလူတွေ၊ ဝန်ထမ်းတွေ ဟုတ်မဟုတ်လည်း မသိရသေးဘူးလို့ ဆိုပါတယ်။

    အခုလို အမှုတွေပိတ်သိမ်းပြီးပြန်လွှတ်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ထုတ်ပြန်ချက်ပေါ်မှာမူတည်ပြီးမှလွတ်ငြိမ်းချမ်းသားခွင့်နဲ့ အမှုပိတ်သိမ်းတာတွေလုပ်တယ်လို့မြင်သလို NCA လမ်းကြောင်းကိုဖော်ဆောင်ချင်တဲ့သဘောလည်း သက်ရောက်တယ်လို့ မြင်တယ်လို့ ကချင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ကချင်ပြည်နယ်မှာတော့ စာရင်းထဲမှာပါတဲ့ ၂၃ဦးသာမကဘဲ အပြစ်မဲ့ဖမ်းဆီးထားတဲ့သူတွေအားလုံးကိုလွှတ်ပေးသင့်တယ်လို့လည်းသူက ပြောပါတယ်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးမှု ၆နှစ်မြောက်နေ့အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ကေအန်ယူရဲ့ ထုတ်ပြန်ကြေငြာချက် ထဲမှာတော့ တပ်မတော်ရဲ့ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ နိုင်ငံရေးကနေ နုတ်ထွက်ဖို့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဖမ်းဆီးထားသောနိုင်ငံခေါင်းဆောင်တွေအပါအဝင် ဖမ်းဆီးခံပုဂိုလ်အားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်ဆိုတဲ့အချက်လဲပါဝင်တောင်းဆိုထားပါတယ်။

  7. အာဆီယံသံကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့ နိုင်ငံတကာ ထပ်မံတိုက်တွန်း

    ဥရောပသမဂ္ဂသံတမန်နဲ့နိုင်ငံရှစ်နိုင်ငံတို့ကအာဆီယံအထူးသံကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    မြန်မာစစ်တပ်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားရင်ဆိုင်နေရဆဲသူတွေနဲ့ အာဆီယံသံကို တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

    အာဆီယံ သံတမန်မြန်မာနိုင်ငံလာရောက်ရေးအပါအဝင် မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေး နှောင့်နှေးမှုတွေ ရှိနေချိန်မှာပဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာစစ်ကောင်စီ အကြီးအကဲကို လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ပြုမပြု အွန်လိုင်းကတွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

    အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ဖို့ရှိနေပါတယ်။

    ပူးတွဲထုတ်ပြန်ချက်မှာ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေနဲ့ အရှေ့တီမောတို့က မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အခြေအနေကို စိုးရိမ်နေပြီးအာဆီယံအထူးသံနဲ့ အပြုသဘောဆက်ဆံဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

    အာဆီယံသံကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ နိုင်ငံတကာ ထပ်မံတိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  8. ခင်ဦးနယ်ထဲက မကျီးတုံကျေးရွာမှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူ ၃ ဦး တနေ့တည်းအသတ်ခံရ, သတင်းပေးလို့ နာမည်ကြီးသူ ၃၇ ဦးကို သုတ်သင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထုတ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာမှာ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးနေသူ ၃ ဦး ဒီကနေ့အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်း

    ဓာတ်ပုံ ပုံစာ, မကျီးတုံကျေးရွာအတွင်းမြင်ကွင်း

    "မွန်းလွဲ ၂နာရီဝန်းကျင်လောက်မှာ လူအင်အားတော်တော်များတယ်။ ရွာထဲဝင်လာတာ။ ဘယ်သူမှလည်းမထွက်ရဲဘူး။ အရင်ဆုံးအုပ်ချုပ်ရေးမှူး အိမ်ကိုဝင်တာ ၊ သူကတော့လွတ်သွားတယ်။ သူ့အိမ်နွားတဲလည်းမီးလောင်တယ်။ ကျန်တဲ့ ၃ ယောက်ကတော့ စာသင်ကျောင်းနားမှာတစ်ယောက်သေတယ်။ ရွာအနောက်ကကြက်ခြံထဲမှာတစ်ယောက်သေတယ်။ နောက်တစ်ယောက်ကတော့ ရွာလမ်းမပေါ်မှာသေနေတာ။ ဘယ်သူမှမထွက်ရဲတော့ အကုန်သေပြီးမှ သိတာ။ ရွာထဲဝင်လာတဲ့လူအုပ်ကိုတော့တရွာလုံးမြင်လိုက်တယ်။ သေနတ်ပါတဲ့သူပါတယ်၊ ဓားပါတဲ့သူပါတယ်။ အုပ်ချုပ်ရေးမှူးရော အခုသေတဲ့လူတွေရောကြောင့် ရွာမှာ အမွှေခံရတာလည်း အကြိမ်ပေါင်းနည်းဘူး" လို့ ဒေသခံရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုစစ်ကောင်စီသတင်းပေးတွေအသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ခင်ဦးမြို့နယ်ဒေသကာကွယ်ရေးတပ်အဖြစ် ဖွဲ့စည်းထားတဲ့ King Cobra- Khin U (တောကြီးမြွေဟောက်) ဆိုတဲ့အဖွဲ့ကကြိုတင်သတိပေးထားတာတွေကို မလိုက်နာတဲ့ အတွက်သုတ်သင်လိုက်တာဖြစ်တဲ့အကြောင်းဒီကနေ့အောက်တိုဘာ ၁၅ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ဒီအဖွဲ့ဟာ ခင်ဦးနယ်ထဲမှာ စစ်ကောင်စီသတင်းပေးအဖြစ်နာမည်ကြီးသူတွေကို တိုက်ခိုက်လာတာ၃၇ ယောက်ရှိနေပြီလို့လည်း အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။လက်ရှိအခင်းဖြစ်ပွားရာ မကျီးတုံရွာထဲမှာတော့စစ်ကောင်စီတပ်တွေဝင်ရောက်စစ်ဆေးမှုတွေ၊ တပ်စွဲထားမှုတွေရှိနေတယ်လို့ဒေသခံရွာသားတွေကပြောပါတယ်။

  9. အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဦးဝဏ္ဏမောင်လွင် တက်ရောက်မယ်

    အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကို ချန်လှပ်ထားဖို့အရေး ဆွေးနွေးကြဖို့ ဒီနေ့အောက်တိုဘာ ၁၅ ရက် မြန်မာစံတော်ချိန် ငါးနာရီခွဲမှာကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ဖို့ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    Foreign minister, SAC

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မြန်မာနိုင်ငံအနေနဲ့ အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်ဖြစ်မြောက်ရေး အတက်နိုင်ဆုံးလိုက်လျောဆောင်ရွက်ပေးခဲ့ပြီး တောင်းဆိုတဲ့တချို့ကိစ္စတွေကို ဆောင်ရွက်ပေးဖို့က အခက်အခဲရှိတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ အောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ပထမဆုံးခရီးစဉ်မှာ နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေးကိစ္စကိုသာအလေးပေးစဉ်းစားသင့်ပြီး မြန်မာနိုင်ငံဘက်က အစိုးရတာဝန်ရှိသူတွေနဲ့အပြင် တွေ့ဆုံသင့်သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ကိုလည်း စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

    ဒါကြောင့် အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို မကြာခင် လာရောက်နိုင်မယ်လို့ မျှော်လင့်မိကြောင်း ပါရှိပါတယ်။ ဒါပေမဲ့ အာဆီယံသံတမန်ဘက်က တွေ့ဆုံခွင့်တောင်းထားတဲ့သူတွေထဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် စစ်ကောင်စီက ခွင့်မပြုပေးခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်က လာရောက်ဖို့စီစဉ်ထားတဲ့ခရီးစဉ် ပျက်သွားတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

  10. အရှေ့ဒဂုံ ၆ရပ်ကွက်မှာ ဆောက်လက်စတိုက်ပြိုကျ ဒဏ်ရာရသူတွေရှိ, အတွင်းမှာ ပိတ်မိသူတချို့ကို ကယ်ထုတ်ဖို့ ကြိုးစားနေ

    ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံ ၆ရပ်ကွက်မှာရှိတဲ့ ကျန်စစ်သားလမ်းနဲ့ မေယုလမ်းထောင့်မှာဒီကနေ့အောက်တိုဘာ ၁၅ရက်မနက်ပိုင်းက ဆောက်လက်စအဆောက်အဦးတစ်ခုပြိုကျခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေနဲ့ အတွင်းမှာ ပိတ်မိနေဆဲ အလုပ်သမားတွေရှိနေတယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    " အပေါ်ယံပြိုကျတဲ့အထဲက ၃ယောက်ကတော့ ရန်ကုန်ဆေးရုံကြီးကိုပို့ပြီးပြီ။ ထိခိုက်ဒဏ်ရာရကြတယ်။အတွင်းမှာတော့ အခုထိ ကရိန်းကားနှစ်စီးနဲ့ကယ်ထုတ်နေတာ လက်တဖက်ထွက်လာတာတွေ့ရတယ်။ကျန်တဲ့သူတွေအခြေအနေက အခုထိကယ်ထုတ်နေရဆဲမို့မသိရသေးဘူး" လို့ဖြစ်စဉ်မှာ သွားရောက်ကူညီပေးနေတဲ့ သုခကာရီလူမှုကူညီရေးအသင်းက တာဝန်ရှိသူကပြောပါတယ်။

    လက်ရှိမှာတော့ ပြိုကျမှုဖြစ်ပွားတဲ့ ဆောက်လက်စတိုက်အနီးမှာ အတွင်းပိုင်းမှာပိတ်မိသူတွေကို ကယ်ထုတ်နေဆဲဖြစ်ပြီး အတွင်းပိုင်းမှာ ပိတ်မိနေသူ ၁၄ယောက်ထက်မနည်းရှိနေတယ်လို့သိရပြီးထိခိုက်ဒဏ်ရာရှိမှုအခြေအနေကိုတော့ အတိကျမသိရှိရသေးပါဘူး။

    collapse building, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ/သုခကာရီလူမှုကူညီရေးအသင်း

    ဓာတ်ပုံ ပုံစာ, အခင်းဖြစ်ပွားရာမြင်ကွင်း
  11. အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံသံတမန်တို့ မြန်မာ့အရေးဆွေးနွေး, အာဆီယံသံတမန်ရဲ့ မြန်မာခရီးစဉ်ဟာ သက်ဆိုင်သူအားလုံးနဲ့တွေ့ခွင့်ရမယ့် အဓိပ္ပာယ်ရှိတဲ့ခရီးစဉ်ဖြစ်ရေး ပါဝင်

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အဆီယံအထူးသံတမန် အဖြစ် တာဝန်ယူထားသူ ဘရူနိုင်း နိုင်ငံခြား ရေးဝန်ကြီး (၂) အယ်ရဝမ်ယူဆွပ်ဖ် တို့ မနေ့ အောက်တိုဘာ ၁၄ ရက်က ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

    အဲဒီလိုဆွေးနွေးရာမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု၊ ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားကြပြီး မြန်မာစစ်အာဏာရှင်အနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထားသူ တွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ ပါတီစုံဒီမိုကရေစီနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုပြန်လည်ဖော်ဆောင်ဖို့ အရေးကြီးတဲ့ အကြောင်းတွေကို အထူးအလေးပေးဆွေးနွေးခဲ့ကြပါတယ်လို့ သံရုံးထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒါ့အပြင် အာဆီယံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး၊ သက်ဆိုင် သူအားလုံးနဲ့ တွေ့ဆုံမှုပါဝင်တဲ့ အာဆီယံသံတမန်ရဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ မြန်မာနိုင်ငံခရီးစဉ်အကောင်အထည်ဖော်ရေးအတွက် မြန်မာစစ် အာဏာရှင်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက်လည်း ထပ်လောင်းကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

    ဒီနေ့ အောက်တိုဘာ ၁၅ ရက် မြန်မာစံတော်ချိန်ညနေပိုင်းလောက်မှာ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေရဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုပြုလုပ်ဖို့ရှိနေပြီး အဲဒီမှာ အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကို ဖယ်ထားဖို့ဆွေးနွေးကြဖွယ်ရှိနေတယ်လို့ သတင်းတွေကဖော်ပြနေပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်ဖြစ်မြောက်ရေး အတက်နိုင်ဆုံးလိုက်လျောဆောင်ရွက်ပေးခဲ့ပြီး တောင်းဆိုတဲ့တချို့ကိစ္စတွေကို ဆောင်ရွက်ပေးဖို့က အခက်အခဲရှိတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ အောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ပထမဆုံးခရီးစဉ်မှာ နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေးကိစ္စကိုသာအလေးပေးစဉ်းစားသင့်ပြီး မြန်မာနိုင်ငံဘက်က အစိုးရတာဝန်ရှိသူတွေနဲ့အပြင် တွေ့ဆုံသင့်သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ကိုလည်း စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို မကြာခင် လာရောက်နိုင်မယ်လို့ မျှော်လင့်မိကြောင်း ပါရှိပါတယ်။ ဒါပေမဲ့ အာဆီယံသံတမန်ဘက်က တွေ့ဆုံခွင့်တောင်းထားတဲ့သူတွေထဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် စစ်ကောင်စီက ခွင့်မပြုပေးခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်က လာရောက်ဖို့စီစဉ်ထားတဲ့ခရီးစဉ် ပျက်သွားတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

    US secretary of state

    ဓာတ်ပုံ ရင်းမြစ်, US embassy

  12. တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူ တစ်ရာကျော်ကို စစ်ကောင်စီ အမှုပိတ်သိမ်း

    ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေ၊ ရက္ခိုင့်တပ်တော် အေအေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့က အဖွဲ့ဝင်တွေနဲ့ ဆက်စပ်ပါဝင်သူ ၁၁၄ ဦးကို စွဲဆိုထားတဲ့ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုတွေကို ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

    ဒီနေ့အောက်တိုဘာ ၁၅ ရက်မှာကျရောက်တဲ့ နိုင်ငံလုံးရာဆိုင်ရာအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့်နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသောအားဖြင့်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ကေအိုင်အေက ၂၃ ဦး၊ အေအေက ၆၁ ဦး၊ KNU/KNLA (PC) နဲ့ ကိုးကန့်အဖွဲ့ MNDAA က တစ်ဦးစီ၊ RCSS/SSA ၁၂ ဦး၊ SSPP/SSA က ၅ ဦးနဲ့ TNLA က ၁၁ ဦးတို့ကို စွဲဆိုထားတဲ့ပြစပ်မှုတွေအားလုံးကနေ အမှုပိတ်သိမ်းပြီး တရားခံတွေကိုလည်းလွှတ်ရမယ်လို့ ဖော်ပြထားပါတယ်။

    KNU/KNLA(PC)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. တပ်မတော်ရဲ့ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ နိုင်ငံရေးကနေ နုတ်ထွက်ဖို့ KNU တောင်းဆို

    အာဏာသိမ်းစစ်တပ်အနေနဲ့ကျဆင်းနေတဲ့ဂုဏ်သိက္ခာကိုကယ်တင်တဲ့အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးကတိကဝတ်ပြုမှုနဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကနေ နုတ်ထွက်ကြောင်းတရားဝင်ကြေညာထုတ်ပြန်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ကဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၆နှစ်ပြည့်အောက်တိုဘာ ၁၅ရက်နေ့မှာ KNU ကအခုလိုကြေညာထုတ်ပြန်လိုက်တာဖြစ်ပြီးနိုင်ငံတဝန်းမှာ ဖြန့်ကျက်ထားတဲ့ ရဲနဲ့စစ်အင်အားတွေကို ရုတ်သိမ်းပြီးမှတနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်းကြေညာဖို့ကိုလည်း ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ဒါ့အပြင် KNU အနေနဲ့ NCA စာချုပ်အကောင်အထည်ဖော်တဲ့လုပ်ငန်းစဉ်တလျှောက်မှာ စိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် တဆင့်ခြင်းတည်ဆောက်ခဲ့ပေမယ့် စစ်တပ်ကအာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာတော့ NCA အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်အားလုံး ရပ်တန့်ပြီး စစ်အာဏာရှင်စနစ်ကို ပြန်ရောက်သွားတယ်လို့ပြောကြားထားပါတယ်။ဒါကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ဖမ်းဆီးခံအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့၊ ကုလသမ္မဂနဲ့နိုင်ငံတကာရဲ့ စေ့စပ်ညှိနှိုင်းပေးမှုတွေကိုသဘောတူလက်ခံဖို့KNU ကထုတ်ပြန်တောင်းဆိုထားပါတယ်။

    KNU

    ဓာတ်ပုံ ရင်းမြစ်, Social Media

  14. ရွေးကောက်ခံအစိုးရ မဟုတ်လို့ တွေ့ဆုံဆွေးနွေးရန်မလို ဆိုတာ စိတ်ကူးယဉ်ဆန်တဲ့အယူအဆလို့အာဏာသိမ်းစစ်ခေါင်းဆောင်ပြော, အရပ်သားအစိုးရကိုအာဏာပြန်လွှဲပြောင်းပေးဖို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတောင်းဆို

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချိူ့အနေနဲ့ လက်ရှိအာဏာသိမ်းအစိုးရကို ရွေးကောက်ခံအစိုးရမဟုတ်တဲ့အတွက် တွေ့ဆုံဆွေးနွေးရန်မလိုဆိုတဲ့ အယူအဆတွေအပေါ်စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျသုံးသပ်ရန်လိုကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွေမှာ ငြိမ်းချမ်းရေးလုပ်စဉ်တွေ အောင်မြင်လာပြီး ပစ်ခတ်တိုက်ခိုက်မှုတွေလျော့နည်းလာတာဟာ ပြယုဂ်တစ်ခုဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။

    တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA စာချုပ် ချုပ်ဆိုတဲ့ ၆ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ပေးပို့တဲ့မိန့်ခွန်းမှာ အခုလိုပြောဆိုလိုက်တဲ့အကြောင်းကို အောက်တိုကဘာ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

    ဒါ့အပြင် NCA လက်မှတ်ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်မှတ်ရေးထိုးရခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်တယ်လို့ မိန့်ခွန်းဖော်ပြချက်မှာပါရှိပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ NCA ၆ နှစ်ပြည့်ထုတ်ပြန်ကြေညာချက်မှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစလို့ NCA စာချုပ်အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းတွေအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရပ်တန့်သွားပြီလို့ဖော်ပြထားပါတယ်။

    ဒါ့အပြင် အာဏာသိမ်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့အတွက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးမတူညီမှုတွေကို အမြန်ဆုံးအဖြေရှာဖို့ ၊ တိုင်းပြည်အာဏာကို အရပ်သားအစိုးရအုပ်ချုပ်မှုနဲ့ဒီမိုကရေစီမူဘောင် အမြန်ဆုံးလွှဲပြောင်းပေးဖို့ စတဲ့ အချက်တွေကိုလည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။

    တဖက်မှာလည်း ပြီးခဲ့တဲ့ မေလကတည်းက NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကို ဝင်ရောက်ဖြေရှင်းပေးဖို့ NCA လက်မှတ်ထိုးစဉ်က သက်သေအဖြစ်ပါဝင်ခဲ့တဲ့နိုင်ငံ တွေကို တောင်းဆိုခဲ့တာရှိသလို အာဏာသိမ်းမှုကိုစွန့်လွှတ်မှသာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံမယ်လို့ပြောဆိုထားချက်တွေလည်းရှိနေပါတယ်။

    လက်ရှိအာဏာသိမ်းထားတဲ့ကာလအတွင်းမှာလည်း စစ်ကောင်စီဘက်က အောက်တိုဘာ ၁ ရက်နေ့ကနေ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ အပစ်ခတ်ရပ်စဲရေး ၅လတာတိုးမြှင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမယ့် တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီဘက်ကထိုးစစ်ဆင်မှုကြောင့်တိုက်ပွဲတွေဆက်ရှိနေသလို စစ်ဘေးတိမ်းရှောင်နေရတဲ့တိုင်းရင်းသားတွေနဲ့သိန်းချီရှိနေတယ်လို့ ဒေသခံလူမှုအဖွဲ့အစည်းအသီးသီးကပြောဆိုထုတ်ပြန်ထားပါတယ်။

    Senior General Min Aung Hlaing

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  15. မြန်မာနိုင်ငံက ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးပေါ်လိုအပ်

    ရှမ်းပြည်နယ်မြောက်ပိုင်းအပါအ၀င် စစ်တပ်ကြောင့် ကလေးငယ်သူငယ်တွေ ထိခိုက်ဒဏ်ရာရနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အင်မတန် စိတ်ထိခိုက် ဒေါသထွက်ရသလို မြန်မာနိုင်ငံတလွှား ကလေးငယ်တွေကို ပိုမိုကာကွယ်ဖို့အတွက် အရေးပေါ် လုပ်ဆောင်သင့်တယ်လို့ Save The Children ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့ကြီးက ပြောပါတယ်။

    နေအိမ်တွေ၊ ပြည်သူတွေရဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးနိုင်ရုံသာမက ကလေးသူငယ်တွေ ထိခိုက်ဒဏ်ရာရပြီး သေဆုံးနိုင်တဲ့ လက်နက်ကြီးတွေ အသုံးပြုဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေကြောင့်လည်း စိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။

    အသတ်ခံရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အကြမ်းဖက်မှုတွေကို နဖူးတွေ့ဒူးတွေ့ကြုံတွေ့ခဲ့ရတဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပေမယ့် ပစ်မှတ်ထားခံနေရတယ်လို့လည်း Save The Children အဖွဲ့ကြီးက ထောက်ပြပါတယ်။

    စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေဟာ ကလေးသူငယ်တွေရဲ့ လူ့အခွင့်အရေးတွေကို ဆက်လက် ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

    ပစ်ခတ်တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေမှာ ပါ၀င်သူတွေအားလုံးအနေနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပြီး လေးစားဖို့လိုက်နာကြဖို့ကိုလည်း Save The Children အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။

    မြန်မာနိုင်ငံက ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးပေါ်လိုအပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  16. မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံ မဖိတ်ကြားရေး ဆွေးနွေးဖို့ရှိ

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးညီလာခံ မဖိတ်ကြာရေး မနက်ဖြန် သောကြာနေ့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပန်ကြားချက်ကို စစ်ကောင်စီဘက်က ငြင်းဆိုခဲ့တာ၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က လက်တွေ့အကောင်အထည်ဖော် ပျက်ကွက်ခဲ့ပြီးနောက်ပိုင်း မနက်ဖြန် အောက်တိုဘာလ ၁၅ ရက်နေ့မှာ အာဆီယံ ခေါင်းဆောင်တွေကြား အစည်းအဝေး အွန်လိုင်းကနေ ထပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

    အရင်က ကြိုတင်စီစဥ်ထားခြင်းမရှိဘဲ မနက်ဖြန်မှာ ကျင်းပမယ့် အစည်းအဝေးကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံက ကမကထလုပ် ကျင်းပသွားမှာ ဖြစ်ပြီး သံတမန်တွေနဲ့ အစိုးရတာ၀န်ရှိသူတွေ တက်ရောက်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

    အောက်တိုဘာလ ၂၆ ရက်နေ့ကနေ ၂၈ နေ့အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးအအစည်းအဝေးမှာလည်း မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ ဆန္ဒရှိတယ်လို့ မလေးရှား၊ စင်္ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က အရိပ်အမြွက်ပြောဆိုထားပြီး ကျန် အာဆီယံအဖွဲ့၀င် ၉ နိုင်ငံကြား သဘောထား ကောက်ခံသွားဖို့ တိုက်တွန်းသွားမယ်လို့လည်း ရေးသားထားပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီးကလည်း မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ ထောက်ခံတဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး မြန်မာအရေးနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ ကြားနေတဲ့ ရပ်တည်ချက် ဆက်မလုပ်နိုင်တော့ဘူး။ ဒီတိုင်း ဆက်လိုက်လျောရင် အာဆီယံအဖွဲ့အစည်းအပေါ် ယုံကြည်မှု ပျက်ပြားသွားလိမ့်မယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေကို အတတ်နိုင်ဆုံး လိုက်လျောခဲ့ပြီး အထူးကိုယ်စားလှယ်ရဲ့ ပထမဆုံး မြန်မာခရီးစဥ်အတွင်း နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကိုသာ အလေးထားဆောင်ရွက်သင့်တယ်လို့ တုံ့ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလက အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့
    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ဧပြီလက အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့
  17. ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ အမှုကိစ္စပြောဆိုတာကို စစ်ကောင်စီတားမြစ်

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကို သတင်းဌာနများအပါအဝင် ပြည်တွင်းပြည်ပ၊နိုင်ငံတကာအဖွဲ့အစည်းတွေကို ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရုံးထုတ်စစ်ဆေးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့အပေါ် တားမြစ်လိုက်တယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၁၄ရက် ညနေပိုင်းက ဦးခင်မောင်ဇော်နေထိုင်တဲ့‌ ပျဉ်းမနားကနေရာကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က လာရောက်ခေါ်ဆောင်ပြီးနောက် အခုလို အချက် ၈ချက်ပါတဲ့ တားမြစ်မိန့်ကို ပြောခဲ့တာလို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။

    တရားရုံးအတွင်း အမှုကိစ္စအတွက် စစ်ဆေးမေးမြန်းမှုတွေ တရားရုံးသက်သေထွက်ချက်တွေ တရာရုံးကိစ္စတွေကို ဦးခင်မောင်ဇော်က သတင်းမီဒီယာတွေကို သတင်းပေးပို့နေကြောင်းနဲ့ အဲ့ဒီလို သတင်းပေးပို့မှုတွေဟာ သူတစ်ဦးကို ဖြစ်စေ အများကိုဖြစ်စေ ထိခိုက်နစ်နာတယ်ဆိုတဲ့ အကြောင်းလည်း တားမြစ်မိန့်မှာပါရှိတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

    အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တခြား အကျိုးဆောင်ရှေ့နေတချို့ကိုလည်း အလားတူ ကန့်သတ် တားမြစ် ခံထားရတယ်လို့ သိရှိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ရုံးချိန်းနဲ့ အမှုသွား အမှုလာတွေနဲ့ပတ်သက်ပြီး တရားခွင်ရှိတဲ့နေ့တိုင်းမှာ ရှေ့နေတွေက သတင်းမီဒီယာတွေကို ရှင်းပြခဲ့ကြတာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တွေအပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ စစ်ကောင်စီက တရားစွဲထားပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ဦးခင်မောင်ဇေ်
    ဓာတ်ပုံ ပုံစာ, ရှေ့နေ ဦးခင်မောင်ဇော်
  18. NCA အခမ်းအနား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို တက်ဖို့မသေချာ

    အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA နှစ်ပတ်လည်အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို တက်ဖို့မသေချာဘူးလို့ သိရပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ အစိုးရကြားလက် မှတ်ရေးထိုးခဲ့တဲ့ ၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ နေ့လယ်စာစားတွေ့ဆုံဖို့ ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ညှိနှိုင်းရေးကော်မတီ NSPNC ကဖိတ်ကြားထားတာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ NSPNC က ဖိတ်ကြားတဲ့အပေါ် လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ ထဲက တက်ရောက်မယ့် အဖွဲ့အစည်းတွေရှိသလို့ မတက်မယ့် အဖွဲ့အစည်းတွေလည်း ရှိပါတယ်။

    NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ KNU အနေနဲ့ မနက်ဖြန်အခမ်းအနားကို တက်မယ် မတက်ဘူး ညွှန်ကြားထားတာ မရှိဘူးလို့ KNU ရဲ့ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ ဖဒိုစောတောနီးက ပြောပါတယ်။

    အလားတူ မွန်ပြည်သစ်ပါတီအနေနဲ့တော့ မနက်ဖြန်အခမ်းအနားကို တက်မယ်မတက်ဖူးဆိုတော့ ဒီကနေ့ နေ့လယ်ပိုင်းအထိ ခေါင်းဆောင်တွေက ပြောဆိုထားတာ မရှိသေးပေမဲ့ ညနေပိုင်းမှာတော့ တိတိကျကျသိရနိုင်တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ပြောခွင့်ရသူနိုင်အောင်မငေးက ဆိုပါတယ်။

    ဒါပေမဲ့လည်း NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက အချို့အဖွဲ့တွေကတော့ တက်ရောက်မှာဖြစ်တယ်လို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

    နေပြည်တော်အထိ မတက်ရောက်နိုင်တဲ့သူတွေ အနေနဲ့လည်း အွန်လိုင်းကနေ တစ်ဆင့်တက်ရောက်နိုင်တယ်လို့ ဖိတ်ကြားထားတဲ့အကြောင်းကိုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုပါတယ်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ့ရပ်စဲရေးစာချုပ် NCA ကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာတိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ပြီး NLD အစိုးရ လက်ထက်မှာတော့ နောက်ထပ် ၂ ဖွဲ့ ထိုးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ NCA စာချုပ်လက်မှတ်ရေးထိုးတဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်မှာ ခမ်းခမ်းနားနားကျင်းပလေ့ရှိပြီး အစိုးရ လွှတ်တော် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်ကြီးတွေ တက်ရောက်ခဲ့သလို့သံအမတ်တွေလည်း တက်ရောက်ကြပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  19. ထားဝယ် လောင်းလုံး သရက်ချောင်းမြို့တို့က နိုင်ငံခြားသားတွေကို ထွက်ခွာခိုင်း

    တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ နေထိုင်ကြတဲ့ အမေရိကန်နိုင်ငံသားတွေ ထွက်ခွာကြဖို့ တိုင်းဒေသကြီး ကောင်စီက ညွှန်ကြားထားကြောင်း ရန်ကုန်မြို့ အမေရိကန်နိုင်ငံ သံရုံးကအောက်တိုဘာလ ၁၄ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

    ထားဝယ်မြို့ ၊လောင်းလုံးမြို့ နဲ့ သရက်ချောင်းမြို့တွေမှာ နေထိုင်ကြတဲ့ အမေရိကန်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေအားလုံး ထွက်ခွာသွားကြဖို့ကို ထွက်ခွာဖို့ အောက်တိုဘာလ ၁၁ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ကောင်စီက အကြောင်းကြားလာခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက ထားဝယ်မှာ နေတဲ့ နိုင်ငံခြားသားတွေ စတင်ထွက်ခွာနေတာကို မြင်ရကြောင်းလည်း Dawei Watch ကရေးပါတယ်။

    တနင်္သာရီတိုင်းအတွင်း ထားဝယ် လောင်းလုံး သရက်ချောင်းမြို့နယ်တွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ စစ်ကောင်စီ သတင်းပေးဆိုသူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေရှိနေခဲ့ပြီး စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြမှုတွေလည်း ရှိနေခဲ့ပါတယ်။

    ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်နယ်တိုက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်နယ်တိုက်ပွဲမှာ အိမ်တွေမီးရှို့ခံရ