ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်း ပစ်ခတ်မှု ၇ ဦး ထက်မနည်း သေဆုံး

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတခုအတွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။

    ဒုက္ခသည်စခန်းအတွင်းက ဘာသာရေးကျောင်းတခုကို မနက်အရုဏ်မတက်ခင်မှာ သေနတ်သမားတဦးက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ဆရာ ၃ ဦး၊ စေတနာ့၀န်ထမ်း ၂ ဦးနဲ့ ကျောင်းသား ၁ ဦး သေဆုံးခဲ့တယ်လို့ ရဲမှူး ရှီဟပ် ကိုင်ဆာ ခမ်း ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

    လေးဦးဟာ နေရာမှာတင် သေဆုံး သွားခဲ့ပြီး ကျန်တဲ့သူတွေကတော့ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒုက္ခသည် ပြိုင်ဘက်အဖွဲ့နှစ်ဖွဲ့ကြား အငြင်းပွားရာကနေ အခုလို တိုက်ခိုက်မှုမျိုး ဖြစ်ပေါ်ခဲ့တာလို့လည်း တချို့သတင်းတွေမှာ ရေးသားကြပါတယ်။

    ဒီဖြစ်ရပ်အတွက် တာ၀န်ရှိသူတွေကိုလည်း ဖမ်းဆီးဖို့ လုပ်နေပြီး လက်နက်ခဲယမ်းတွေ တရားမ၀င် ကိုင်ဆောင်တဲ့ ရိုဟင်ဂျာအမျိုးသားတဦးကိုတော့ ဖမ်းဆီးထားတယ်လို့ အဲဒီရဲအရာရှိက ပြောပါတယ်။

    လူသိများထင်ရှားတဲ့ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတဦး ပြီးခဲ့တဲ့လက ပစ်သတ်ခံရပြီးတဲ့နောက် အကြမ်းဖက်မှုတွေ ပိုမို ဖြစ်ပွားနေပြီး လက်နက်ကိုင်အဖွဲ့တွေအချင်းချင်းကြား အာဏာလုတာ၊ ဝေဖန်သူတွေကို ပြန်ပေးဆွဲတာနဲ့ ရှေးရိုးစွဲ အစ္စလာမ် စည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက်တဲ့ အမျိုးသမီးတွေကို သတိပေးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်း ပစ်ခတ်မှု ၇ ဦး ထက်မနည်း သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. လာအိုကနေတဆင့် တရုတ်မြန်မာ ကုန်သွယ်ရေး အသက်ဆက်နေရ

    ကိုဗစ် ၁၉ ကူးစက်ပျံ့နှံ့မှုတွေကြောင့် တရုတ်နိုင်ငံက သူတို့ရဲ့ နယ်စပ်ဂိတ်တွေကို ကာလအတန်ကြာ ပိတ်ထားခဲ့ပေမယ့် အခုနောက်ပိုင်းတော့ လာအိုနဲ့ ဗီယက်နမ် နယ်စပ်ဂိတ်တွေကို ဖွင့်ပေးလိုက်တာကြောင့် မြန်မာကုန်သည်တွေဟာ လာအိုကနေ တဆင့် ကုန်တွေ တင်ပို့နေရပါတယ်။

    မြန်မာဘက်က ထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆန်ကွဲ၊ ပြောင်းနဲ့ ပဲတချို့ကို တောင်ကြီး ကျိုင်းတုံ ရွှေတြိဂံနယ်မြေကနေတဆင့် လာအိုနိုင်ငံကို ဖြတ်ကာ တရုတ်နိုင်ငံကို ရောင်းချနေရတာ ဖြစ်တယ်လို့လည်း မြန်မာကုန်သည်တွေက ပြောကြပါတယ်။

    လာအိုနိုင်ငံကနေတဆင့် တရုတ်နိုင်ငံထဲကုန်ပစ္စည်းတင်ပို့တာဟာ အရင်ပို့နေကြလမ်းကြောင်းဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ကတဆင့် တင်ပို့တာထက် ကုန်ကျစရိတ် နှစ်ဆနီးပါး ကုန်ကျသလို လမ်းခရီးအနေအထားရ တွဲကားကြီးတွေ မသွားနိုင်တာကြောင့် ကုန်ပစ္စည်းအများကြီး မတင်ပို့နိုင်ဘူးလို့လည်း ဆိုကြပါတယ်။

    လာအိုနိုင်ငံကနေတဆင့် ကုန်ပစ္စည်းတွေ တင်ပို့တင်သွင်းရောင်းချနေရတာနဲ့ ပတ်သက်လို့ မူဆယ်ဒေသခံ ကုန်သည် ဦးမင်းသိန်းက အခုလို ပြောပါတယ်။

    “လာအိုနိုင်ငံဟာ စီးပွားရေးနဲ့ ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ပဲ ဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ မဟာမိတ်နိုင်ငံပဲ။ လာအိုဘက်က လာတဲ့ဟာကိုတော့ ခွင့်ပြုတယ်။ကျွန်တော်တို့က ဗမာပြည်ကနေ လာအို၊ လာအိုကနေ တရုတ်နိုင်ငံကို ပို့ရတယ်၊ သူတို့သတ်မှတ်ထားတာက ဗမာပြည်က လာတဲ့ ကုန်ပစ္စည်းလို့ မသတ်မှတ်ဘူး။ လာအိုနိုင်ငံကလာတဲ့ ကုန်ပစ္စည်းလို့ သတ်မှတ်တယ်။ ဒါကြောင့် သူတို့က လက်ခံတာ” လို့ ဆိုပါတယ်။

    နယ်စပ်ဂိတ်တချို့ကို ဖွင့်ပေးပြီး မြန်မာနယ်စပ်ကို ၈ လကျော်ကြာတဲ့အထိ ဘာကြောင့် ဆက်လက်ပိတ်ထားသလဲဆိုတာ တရုတ်အစိုးရက တိတိကျကျ ထပ်မံပြောဆိုတာမရှိသေးပေမယ့် နိုင်ငံရေးအခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိပါတယ်။

    လက်ရှိမှာတော့ တရုတ်-မြန်မာ နယ်စပ် မူဆယ်ဒေသဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဖြစ်နေလို့ ကျင့်စန်းကျော့ ဝမ်တိမ်ကုန်သည်ဂိတ် အနီးနေထိုင်တဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ အရေးမကြီးရင် အပြင်မထွက်ကြဖို့၊ ပစ်ခတ်သံကြားရင် အိမ်မှာပဲ နေကြဖို့ တရုတ်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

    လာအိုကနေတဆင့် တရုတ်မြန်မာ ကုန်သွယ်ရေး အသက်ဆက်နေရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  3. အာဆီယံထိပ်သီး ဖိတ်ကြားရေးဆုံးဖြတ်ချက် လိုက်နာဖို့ ခက်ခဲတယ်လို့ စစ်ကောင်စီထပ်ပြော

    ပြီးခဲ့တဲ့ သီတင်းပတ်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းက အထူးအစည်းအဝေးပြုလုပ်ပြီး အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ ခေါင်းဆောင်အစား နိုင်ငံရေးကိုယ်စားမပြုသူကိုသာ ဖိတ်ကြားဖို့ဆုံးဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ လိုက်နာဖို့ ခက်ခဲတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် သတ်မှတ်ချက်တွေအရ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အခွင့်အရေးတွေကို အပြည့်အဝရပိုင်ခွင့် ရှိထားပြီးသားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီအစည်းအဝေးမှာ စစ်ကောင်စီ အစိုးရ ဝန်ကြီးချုပ်ကို ဖိတ်ကြားရေးနဲ့ ပတ်သက်ပြီး ဖိတ်ဖို့ရော၊ မဖိတ်ဖို့ကို နိုင်ငံအားလုံး သဘောတူညီမှု မရခဲ့ဘူးလို့ ဆိုပါတယ်။

    အာဆီယံဟာ မူဝါဒအရ ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်နိုင်ငံအားလုံးသဘောတူမှသာ ချမှတ်ရလေ့ ရှိပါတယ်။

    ဒါကြောင့် အဲဒီဆုံးဖြတ်ချက်ဟာ အာဆီယံ ပဋိညာဥ်ကို ချိုးဖောက်နေတယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် အဲဒီဖိတ်ကြားရေးဆုံးဖြတ်ချက်ကိစ္စဟာ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း မကိုက်ညီဘူးလို့ဆိုပြီး အာဆီယံနိုင်ငံတွေကိုလည်း ရေရှည်အကျိုးအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

    စစ်ကောင်စီက အခုလို ထုတ်ပြန်ချက်တွေ ထုတ်ပြီး ကန့်ကွက်နေပေမဲ့ အာဆီယံဘက်ကရော အင်အားကြီးနိုင်ငံကြီးတွေကပါ မြန်မာ့အရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး ဖိအားပေးရေးတွေ ပိုတိုးလုပ်ဖို့သာ ဆောင်ရွက်နေကြပါတယ်။

    အာဆီယံထိပ်သီး ဖိတ်ကြားရေးဆုံးဖြတ်ချက် လိုက်နာဖို့ ခက်ခဲတယ်လို့ စစ်ကောင်စီထပ်ပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အဂတိမှုတွေ ဆက်လက်စစ်ဆေး

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှုတွေနဲ့ပတ်သက်လို့ နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့ အောက်တိုဘာ ၂၂ ရက်က ဆက်လက်စစ်ဆေးခဲ့တယ်လို့ သူ့ရှေ့နေအဖွဲ့ က ပြောပါတယ်။

    စွဲဆိုထားတဲ့အမှုတွေထဲက ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို စွဲဆိုထားတဲ့ ရာဇသတ်ကြီး အမှုအမှတ် ၅ ဖြစ်တဲ့ လရောင်တောစီမံကိန်းမှာ အယ်လ်ပုံစံနေအိမ်ဆောက်တယ် ဆိုတာနဲ့ ပတ်သက်ပြီး တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးရဲထက်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

    Aung San Suu Kyi

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    “လရောင်တောစီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နေဖို့ အယ်လ် ပုံစံဆောက်တာ။ ဆောက်တာ ကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကဆောက်တာ။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည် အိမ်ဆောက်တယ်ဆိုပြီး စွပ်စွဲတာ။ ဒီအမှုမှာ တရားလိုကို စစ်တော့ တရားလိုဦးရဲထက်က ဗလာစာအုပ်ကြီးတစ်အုပ်လုံး ဖတ်ပြနေတယ်။ ဒါကို ကျွန်တော်တို့ဘက်က ကန့်ကွက်တော့ တရားသူကြီးက ဒီနေ့ အဲဒါကို အမိန့်ချပေးပါတယ်။ သက်သေအနေနဲ့ အသင့်ရေးလာတဲ့မှတ်စုကို သက်သေထွက်ဆိုခွင့်မရှိဘူး။ ကိန်းဂဏန်းတွေမမှတ်မိရင်တော့ ပြန်ဖတ်လို့ရတယ်ဆိုပြီး အမိန့်ချပေးပါတယ်” လို့ ရှေ့နေ ဦးကြည်ဝင်းကပြောပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး တို့ကို ပူးတွဲစွဲဆိုထားမှုနဲ့ပတ်သက်ပြီး တရားလိုဘက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းတွေစစ်မေးခဲ့တယ်လို့ ဆိုပါတယ်။

    အမှုလေးမှုလုံးအတွက် ရုံးချိန်းတွေကို အောက်တိုဘာ ၂၉ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ (၇) ပိဿာ ကို သုံးကြိမ်ခွဲယူထားတယ်ဆိုပြီး အဂတိမှု ပုဒ်မ ၅၅ နဲ့စွဲဆိုထားပြီး အဲဒီအမှုကိုတော့ သက်သေခေါ်ဖို့ရှိလို့ မစစ်ဖြစ်သေးကြောင်း ရှေ့နေအဖွဲ့ထံက သိရပါတယ်။

    နောက် ၃ မှုကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စွဲဆိုတာဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်) ဖွင့်လှစ်ဖို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က မြေနဲ့အဆောက်အအုံကို ထိုက်သင့်တဲ့တန်ဖိုးထက် လျော့တဲ့ နှုန်းထားနဲ့ ငှားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    နောက်တစ်မှုကတော့ နေပြည်တော်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် လရောင်တော စိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်းစီမံကိန်း ဆောင်ရွက်ဖို့ မြေလျှောက်ထားတဲ့အမှုဖြစ်ပြီး ဒီအမှုမှာ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့နဲ့ ပူးတွဲစွဲဆိုခံထားရပါတယ်။

    ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်နွှယ်ပြီးစွဲတဲ့နောက်ဆုံးတစ်မှုကတော့ ဖောင်ဒေးရှင်းကိုလှူထားတဲ့ အများပြည်သူ အလှူငွေထဲကနေ ဒေါ်အောင်ဆန်းစုကြည် နေဖို့ အိမ်ဆောက်တဲ့နေရာမှာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

  5. စစ်ကောင်စီကို လက်သင့်ခံကြောင်း မပြကြဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

    မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာနေပြီး ပြည်တွင်းစစ်ဆီ ဦးတည်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

    ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အခွင့်အရေးဟာ ပျောက်ဆုံးသွားပြီး နောက်ထပ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ လုပ်တာဟာ အထောက်အပံ့ဖြစ်နိုင်တယ်လို့လည်း မကြာမီမှာ ရာထူးက နုတ်ထွက်တော့မယ့် ကုလ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရနာ ဘူဂနာက အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။

    ကြာသပတေးနေ့က နယူးယောက်ခ်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်နေပြီလားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ မစ္စ ဘာဂနာက “နိုင်ငံတကာ ဥပဒေဆိုင်ရာ အသုံးအနှုန်းအရတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခလို့ ခေါ်ဝေါ်သုံးစွဲတယ်။ ဒီအသုံးအနှုန်းကိုပဲ လက်ရှိမှာ အသုံးပြုသွားပါမယ်”လို့ ဆိုပါတယ်။

    အာဏာသိမ်းစစ်တပ်ဟာ ချင်းနဲ့ တခြားပြည်နယ်တချို့ကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေပြီး ကချင်နဲ့ ရှမ်းပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ နိုင်ငံတ၀န်းမှာ အကြမ်းဖက်မှုအများအပြား ပေါ်ပေါက်နေတယ်လို့လည်း ပြောဆိုသွားပါတယ်။

    နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂအနေနဲ့ အာဏာသိမ်းစစ်တပ်ကို လက်သင့်ခံတဲ့ပုံစံမျိုး မပြကြဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အကာအကွယ်ပေးကြဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။

    မြန်မာစစ်တပ်ဟာ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးတာမျိုးကို စိတ်မ၀င်စားသလို ဒီမိုကရေစီ လမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်ဆွဲတင်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်းပြောင်းလဲရေးတွေလုပ်ဖို့ အခွင့်အရေးဟာ နည်းပါးလာနေတာကြောင့် ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်ကြဖို့ကိုလည်း အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။

    ပြည်သူတွေဟာ ဇွဲမလျော့ဘဲ အာဏာသိမ်းစစ်တပ်ကို ဆက်လက် ဆန့်ကျင်နေကြတယ်၊ စစ်အာဏာရှင်စနစ်ကို နောက်တကြိမ် လက်ခံမယ့်အစား အသက်သာ အသေခံသွားမယ်ဆိုပြီး လူအများအပြားက သူ့ဆီ စာရေးသားကြတဲ့အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲအတွင်းမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ဘာဂနာက ပြောဆိုသွားခဲ့ပါတယ်။

    စစ်ကောင်စီကို လက်သင့်ခံကြောင်း မပြကြဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီကို လက်သင့်ခံကြောင်း မပြကြဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း
  6. ၄၈ လမ်းထိပ်က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရမှု မျက်မြင်သက်သေပြောပြချက်

    ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်အတွင်းက ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ Urban Asia အဆောက်အဦမှာဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ်မှာ ဒီကနေ့အောက်တိုဘာ ၂၂ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ဓားပြတိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ အနီးအနားမှာရှိနေသူတွေ ရဲ့ပြောပြချက်အရသိရပါတယ်။

    KBZ Bank, Oct 22

    ဓာတ်ပုံ ရင်းမြစ်, CJ

    “ စဖြစ်တာက အင်္ကျီအမည်းနဲ့လူနှစ်ယောက်ဝင်လာတယ်။ ကောင်လေးနှစ်ယောက်ပါပဲ။ မျက်နှာတွေတော့မမြင်ရဘူး။ Mask တွေတပ်ထားတယ်။ ဝင်ဝင်ချင်းဘဏ်အပေါက်ဝမှာရှိတဲ့ လုံခြုံရေးတွေကိုထိုးကြိတ်တယ်။ ကျွန်တော်က အစကတော့ ရန်ဖြစ်တယ်ပဲထင်တာ။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ဘေးမှာကပ်ထိုင်နေတဲ့ကောင်လေးတစ်ယောက်က ထလာပြီး သေနတ်တွေထုတ်ပြီး မသေချင်ရင်ဝပ်နေကြဆိုပြီး အကုန်လုံးကိုဝပ်ခိုင်းတာ။ လူတွေအကုန်လုံးကကြောက်လို့ဝပ်နေတာ။ သူတို့ကလည်း “ကိုယ့်ပိုက်ဆံမဟုတ်ဘူး။ မသေချင်ရင်ဝပ်နေ” လို့ပါးစပ်ကပြောတယ်။ ဝန်ထမ်းတွေကိုရော လူတွေကိုရော ဘာမှမလုပ်ဘူး။ ဝန်ထမ်းတွေကိုငွေထားတဲ့နေရာခေါ်သွားတာတွေ့လိုက်တယ်။ ငွေ တွေ သယ်သွားလားမသယ်သွားလားဆိုတာတော့ ဝပ်နေရလို့မတွေ့လိုက်ဘူး” လို့ ဓားပြတိုက်မှုဖြစ်တဲ့အချိန်မှာ ဘဏ်အတွင်းရှိနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    KBZ Bank, Oct 22

    ဓာတ်ပုံ ရင်းမြစ်, CJ

    အခုလိုဘဏ်ဓါးပြတိုက်တဲ့ဖြစ်စဉ်ကနေ ဓားပြတိုက်သူတွေပြန်ထွက်သွားတဲ့အထိ အချိန် ၁၀ မိနစ်သာကြာလိုက်ပြီး ဖြစ်ပြီးပြီးချင်းမှာ စစ်ကောင်စီနဲ့လုံခြုံရေးတွေလည်း ရောက်လာနိုင်ခြင်းမရှိသလို အနီးအနားနေသူတွေတောင် ဓါးပြတိုက်တဲ့ဖြစ်စဉ်ကိုမသိ ခဲ့ကြဘူးလို့ဘဏ်အတွင်းရှိနေခဲ့သူကဆက်ပြောပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ရန်ကုန်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ကားတွေလှည့်လှည်စစ်ဆေးတာ၊ မဟာဗန္ဓုလတံတားအနီးမှာ လက်နက်တွေ ချိန်ရွယ်ပြီးစောင့်ကြည့်တာတွေလုပ်နေတဲ့ စစ်ဆေးတင်းကျပ်မှုအခြေအနေတွေလူမှုကွန်ရက်တွေပေါ်ထွက်ပေါ်လာပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းမှာ ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွေအနေနဲ့ဇူလိုင်လနဲ့ သြဂုတ်လထဲမှာ ကမ္ဘာ့ရတနာဘဏ်ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့သလို စက်တင်ဘာလထဲမှာလည်း ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ထဲက ကမ္ဘောဇဘဏ်ဓါးပြတိုက်ခံခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ပဲခူးအင်းတကော်အနီးမှာ ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓါးပြတိုက်ခံရတယ်ဆိုတဲ့ဖြစ်စဉ်မှာတော့ ဒေသကာကွယ်ရေးတပ်တွေလုပ်တာဖြစ်တယ်လို့ စစ်ကောင်စီကစွပ်စွဲထုတ်ပြန်ထားပြီး ပါဝင်သူတချို့ကိုဖမ်းဆီးထားခဲ့ပါတယ်။

  7. ရန်ကုန်က မြို့နယ် လျှပ်စစ်ရုံးတွေ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်, နေအိမ်တွေကိုမီးလိုက်ဖြတ်တာလည်းရှိနေ

    ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်ရုံးမီတာခတွေကိုနောက်ဆုံးထားပေးဆောင်ရမယ့် သတ်မှတ်ရက်နဲ့အတူ လိုက်လံဆော်သြမှုတွေ ရှိနေပါတယ်။ မြို့နယ်ဒေသကာကွယ်ရေးတပ်တွေဘက်ကလည်း လျှပ်စစ်မီတာခတွေ မပေးဆောင်ကြဖို့ သတိပေးထုတ်ပြန်ထားသလို မီတာခလိုက်ကောက်နေတဲ့ ဝန်ထမ်းတွေကိုလည်း ဆက်မလုပ်ဖို့ သတိပေးစာတွေထုတ်ပြန်လာပါတယ်။

    ဒီနေ့အောက်တိုဘာ ၂၂ ရက်မှာတော့ မီတာခမပေးဆောင်တဲ့နေအိမ်တချို့ကို လျှပ်စစ်မီးတွေ လိုက်လံဖြတ်တောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တစ်ချိန်တည်းလိုပဲ ဒီနေ့မနက်ပိုင်းမှာ အင်းစိန်နဲ့လှိုင်မြို့နယ်မှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးတွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

    EPC, October 22, Yangon

    ဓာတ်ပုံ ရင်းမြစ်, Social Media

    "လှိုင်ကလျှပ်စစ်ရုံးမှာ ပေါက်တာ။ အဲဒီရုံးက ခဏခဏပေါက်တယ်။ အခုတခါပေါက်တာကတော့ လူတွေမထိဘူး။ အရင်တခါပေါက်တုန်းက လမ်းတွေပါပိတ်ပြီး စစ်တာ။ စစ်သားတွေအများကြီးရောက်လာတာရှိတယ်။ အခုတခါပေါက်တော့ ပေါက်သံပဲကြားရပြီး ဘာမှစစ်တာဆေးတာတောင်ဆက်မလုပ်တော့ဘူး" လို့ လှိုင်မြို့နယ်ထဲက မီတာရုံးပေါက်ကွဲမှုကိုဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် အင်းစိန်၊ သင်္ဃန်းကျွန်းနဲ့ကြည့်မြင်တိုင်မြို့နယ်အတွင်းမှာလည်း လျှပ်စစ်မီတာခမပေးဆောင်တဲ့နေအိမ်တွေကို မီးလိုက်ဖြတ်တာတွေရှိနေပြီး မီတာဆောင်ရမယ့် နောက်ဆုံးရက်တွေကိုလည်း သတိပေးပြောကြားတာတွေရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

  8. မုံရွာဒေသကာကွယ်ရေးတပ်တွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်း, ဒေသခံရွာသားတချို့လည်းဖမ်းဆီးခံရတယ်လို့ဆို

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ထဲက ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ Monywa Ranger တပ်စခန်းနှင့် သပြေညိုတပ်စခန်းတွေကို ဒီကနေ့အောက်တိုဘာ ၂၂ရက်နေ့မနက်ပိုင်းက စစ်ကောင်စီဘက်ကဝင်ရောက်စီးနင်းခဲ့ပြီး PDF စခန်းတချို့ ကို ဖျက်ဆီးကာ အနားက ရွာသားတချို့ကိုလည်း ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    “ဒီကနေ့မနက် ၄ နာရီလောက်က ညောင်ပင်ကန်ရွာလမ်းကနေ အိမ်စီးကားတွေနဲ့ဝင်လာတယ်။ အရာတော်လမ်းကမဟုတ်ဘဲ ရွာအသေးလေးတွေ၊ မထင်မှတ်တဲ့လမ်းတွေကစဝင်လာတာ။ စခန်းကပစ္စည်းတွေကိုလည်းဖျက်ဆီးသွားတယ်။ PDF တွေလွတ်သွားတယ်လည်းကြားတယ်။ ဖမ်းဆီးခံရတဲ့လူတွေလည်းရှိတယ်ဆိုပေမယ့် အတည်ပြုလို့မရသေးဘူး။ ရွာသားအယောက် ၂၀လောက်ကတော့ အဖမ်းခံလိုက်ရတယ်"လို့ ဒေသကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ အရာတော်မြို့နယ်ထဲက တောင်လက်၊ ကန်ရင်း၊ မလဲသာ၊ ညောင်ပင်ကျေးရွာ စတဲ့ ရွာလေးရွာကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းရှာဖွေမှုတွေဆက်လုပ်နေပြီး ရွာသားတချို့လည်းတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    မနေ့အောက်တိုဘာ ၂၁ ရက်နေ့မှာဆိုရင်လည်း အရာတော်မြို့နယ်၊ အောင်သာကုန်းကျေးရွာထဲက မိုင်တဲလ်တာဝါတိုင်ကို မုံရွာဒေသကာကွယ်ရေးပြောက်ကျားတပ်တွေက ဖောက်ခွဲမှုလုပ်ခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။

    အဲ့ဒီနောက်ပိုင်းမှာ အခုလို ဒေသကာကွယ်ရေးတပ်တွေကို စီးနင်းရှာဖွေဖမ်းဆီးတာတွေ လုပ်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေကို တောနင်းရှာဖွေမှုတွေလုပ်ဆောင်လာတာဖြစ်ကြောင်းနဲ့ ဒေသခံတွေအနေနဲ့အရာတော်၊ မုံရွာလမ်းကို ကျန်းမာရေးကိစ္စကလွဲလို့ ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့ မုံရွာဒေသကာကွယ်ရေးတပ် ၅ ခုက ထုတ်ပြန်ကြေညာထားပါတယ်။

    My tel mass destroyed, Oct 21

    ဓာတ်ပုံ ရင်းမြစ်, အရာတော်သတင်းမှန်ပြန်ကြားရေး

    ဓာတ်ပုံ ပုံစာ, အရာတော်မြို့နယ်အောင်သာကုန်းကျေးရွာအနီး မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲခံရမှုမြင်ကွင်း
  9. ထောင်ကလွတ်လာပြီးမှပြန်ဖမ်းဆီးခံရသူတွေ စွဲထားတဲ့ပုဒ်မတွေအတိုင်းပြန်ရင်ဆိုင်ရမယ်လို့စစ်ကောင်စီပြော

    အောက်တိုဘာ ၁၈ရက်ကစလို့စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့အကျဉ်းထောင်တွေကနေပြန်လွတ်လာသူတွေကို ပြန်လည်ဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး တိတိကျကျသိရတာမရှိ သေးပေမယ့် ပြန်လည်ဖမ်းဆီးခံရသူတွေအနေနဲ့သူတို့ကိုအမှုဖွင့်လှစ်ထားတဲ့အတိုင်းပြန်ရင်ဆိုင်ရမယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    “ပြန်ဖမ်းတယ်ဆိုတဲ့ဟာတော့ ကျွန်တော်တို့လည်းတိတိကျကျမသိရဘူး။ လွှတ်ပေးတာကတော့ ယခင်ကအတိုင်းစီစဉ်ပြီးလွှတ်ပေးတာဖြစ်ပါတယ်။နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်အောင်လို့လွှတ်ပေးတာရှိတယ်။ လွှတ်ပေးတဲ့အထဲမှာလည်းလူထုလူတန်းစားပေါင်းစုံနီးပါးပါဝင်တယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ လုပ်ငန်းဆောင်တာတချို့ ချို့ယွင်းချက်လေးတွေတော့ရှိနိုင်ပါတယ်။နာမည်တူတဲ့ ဟာတွေကိုမစိစစ်ဘဲ လွှတ်ပေးလိုက်တာတွေလည်းရှိနိုင်ပါတယ်။ ပြီးတော့မှ မှားပြီးလွှတ်ပေးတဲ့လူတွေကိုပြန်ခေါ်ရတဲ့ပုံစံကတော့ ၁၀၀မှာတောင် တစ်ယောက်မရှိနိုင်ပါဘူးလို့ပဲပြောနိုင်ပါတယ်” လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈၊၁၉ နဲ့ ၂၀ ရက်တွေမှာတော့ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့နိုင်ငံတဝန်းအကျဉ်းထောင် ၆ခုကနေပြန်လွတ်လာသူ ၂၆၀၀ ဝန်းကျင်ရှိနေပါတယ်။ဒါပေမဲ့ အဲ့ဒီအထဲမှာတော့ နာမည်ကြီး နိုင်ငံရေးသမားတချို့နဲ့အနုပညာရှင်တွေတော့မပါဝင်လာသေးပါဘူး။

    ဒါနဲ့ပတ်သက်လို့ဖမ်းဆီးခံအကျဉ်းသားတွေကိုပြန်လွှတ်ပေးရေး၊ မလွှတ်ရေးဆုံးဖြတ်ချက်ဟာနိုင်ငံရေးလှုံ့ဆော်မှုတွေနဲ့ဘယ်လောက်ထိထဲထဲဝင်ဝင်လုပ်ခဲ့လည်းဆိုတာတွေအပေါ်ခြုံငုံသုံးသပ်တာဖြစ်ပြီး ကာယကံရှင်ရဲ့ကတိပြုပြောကြားမှုတွေကြောင့် လွှတ်ပေးတာတွေလည်းရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီကတော့ အကျဉ်းထောင်အသီးသီးကပြန်လွှတ်ပြီးမှ ပြန်လည်ဖမ်းဆီးခံရသူ ၁၀၀ ဝန်းကျင်ရှိနေတယ်လို့ပြောဆိုထုတ်ပြန်ထားပါတယ်။ အကျဉ်းသား တွေကိုပြန်လွှတ်ပေးပြီးမှ အခုလိုပြန်လည်ဖမ်းဆီးတာတွေဟာ ဖမ်းဆီးခံရသူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက် ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေရစေတယ်လို့အေအေပီပီကသုံးသပ်ထားပါတယ်။

    Insein Prison, Yangon, Oct18

    ဓာတ်ပုံ ရင်းမြစ်, MPA

  10. မြန်မာစစ်တပ်ကို ဘဏ္ဍာရေးအရ ဖိအားပေးဖို့ စင်္ကာပူကို အမေရိကန် တိုက်တွန်း

    လူသားချင်းစာနာထောက်ထားမှုအပါအ၀င် စီးပွားရေး အကျပ်အတည်း ပိုမိုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားနိုင်အောင် ဖိအားပေးဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် စင်္ကာပူနိုင်ငံဟာ ဘဏ္ဍာရေးအရ သြဇာလွှမ်းမိုးနိုင်စွမ်းအပြည့်ရှိတယ်လို့ အမေရိကန် ထိပ်ပိုင်းကိုယ်စားလှယ်တဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

    အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ထိုင်း၊ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သုံးရက်ကြာ ခရီးစဥ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေး ဒဲရစ်ခ် ရှိုလေးက ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံကို ဖိအားပေးဖို့ အင်မတန် အရေးပါတယ်လို့လည်း ဆိုပါတယ်။

    နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာစစ်တပ်ပိုင် ငွေကြေးပိုင်ဆိုင်မှုတွေကို ကန့်သတ်ဖို့ နည်းလမ်းတွေအကြောင်း စင်္ကာပူ ဘဏ္ဍာရေးဌာန တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မစ္စတာ ရှိုလေးက ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

    စင်္ကာပူနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုင်းပြည် ဖြစ်လာခဲ့ပြီး အာဏာသိမ်းစစ်တပ်ကို ဖိအားပေးဖို့အတွက် အဲဒီလို စီးပွားရေး ဆက်နွယ်ပတ်သက်မှုတွေကို ဖြတ်တောက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

    မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ အမေရိကန် သတင်းသမား ဒန်နီ ဖန်စတာ အပါအ၀င် နိုင်ငံရေး အကျဥ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားဖို့ အထောက်အပံ့ဖြစ်နိုင်တဲ့ နိုင်ငံတွေနဲ့ အတူလက်တွဲလုပ်ဆောင်သွားဖို့အရေး အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း မစ္စတာ ရှိုလေးက ပြောပါတယ်။

    မြန်မာစစ်တပ်ကို ဘဏ္ဍာရေးအရ ဖိအားပေးဖို့ စင်္ကာပူကို အမေရိကန် တိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, Derek Chollet
  11. စစ်ကောင်စီတပ်ဖွဲ့တွေ ရက်ဆက် တိုက်ခိုက်ခံရ

  12. အီတလီမှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲလုပ်

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    အောက်တိုဘာလ ၂၀ ရက်နေ့က အီတလီနိုင်ငံ Bologna မြို့ Basilica dei Santi Bartolomeo e Gaetano ဘုရားကျောင်းတော်ကြီးမှာ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ် Matteo Zuppiကမြန်မာနိုင်ငံအတွက် အထူး ဆုတောင်းခြင်း ပြုလုပ်ပေးခဲ့ပါတယ်။

    နှလုံးသားအမှောင်ဖုံးနေတဲ့ သူတွေထံ အလင်းရောက်စေဖို့နဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ခြင်းရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့တာဖြစ်ပါတယ်။

    မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲကို Sant’Egidio အဖွဲ့က ဦးစီး ပြုလုပ်တာ ဖြစ်ပြီး မြန်မာ့အရေးမှာ အစဥ်တစိုက် တက်ကြွစွာ ပါဝင်နေတဲ့ Association for Italy Myanmar Friendship (Giuseppe Malpeli) ဥက္ကဋ္ဌ Albertina Soliani လည်း တက်ရောက်ခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခ တွေကို ဝေမျှခဲ့ကြ ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဖမ်းဆီးထားသည်ကို မသိရပေမဲ့ သူမဟာ လွတ်လပ်သူတစ်ဦး ဖြစ်တယ်လို့ Association for Italy Myanmar Friendship ဥက္ကဋ္ဌ Giuseppe Malpeli က ပြောကြားခဲ့ပါတယ်။

    ဆုတောင်းပွဲမှာ အားမလျှော့ကြတဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးအကြောင်း အီတလီရောက် မြန်မာ တစ်ဦးဖြစ်တဲ့ မရည်မွန်ဝင်းဖေက ရှင်းလင်း ပြောခဲ့ပြီး ဆုတောင်းပွဲတက်ရောက် လာသူတွေကို စစ်တပ်က အာဏာသိမ်း ထားတဲ့ မြန်မာ နိုင်ငံရဲ့ အခြေအနေတွေ အကြောင်း ရေးသား ထားတဲ့ လက်ကမ်း စာစောင်တွေ ဝေငှခဲ့ပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. လွတ်မြောက်ပြီး ပြန်အဖမ်းခံရသူပေါင်း ၁၀၀ ကျော်ရှိတယ်လို့ အေအေပီပီ ထုတ်ပြန်

    မြန်မာနိုင်ငံတ၀န်း အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထောင်ချခံထားရသူတွေနဲ့ အမှုရင်ဆိုင်နေရသူ စုစုပေါင်း ၅၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လွတ်မြောက်လာပြီး ပြန်လည်ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသားပေါင်း ၁၁၀ အထိ ရှိလာနေပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက အောက်တိုဘာလ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    မိတ္ထီလာမြို့မှာလည်း အောက်တိုဘာလ ၁၈ ရက်နေ့က နိုင်ငံရေးအကျဥ်းသား ၃၈ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံအမတ်တွေအပါအ၀င် လူ ၁၁ ဦးကို ရဲစခန်းက ချက်ချင်းပြန်လည်ဖမ်းဆီးလိုက်ပြီး အဲဒီထဲက ၇ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ ပြန်လည် တရားစွဲဆိုထားပါတယ်။

    ပြန်လည်လွတ်မြောက်လာသူ စာရင်းမှာ ပါ၀င်ပေမယ့် ထောင်ဗူး၀မှာ ပြန်လည် အဖမ်းဆီးခံရတာ၊ မိသားစု၀င်တွေနဲ့ ခဏတာ တွေ့ဆုံပြီး ပြန်လည်ဖမ်းဆီးခံရမှုတွေဟာ နိုင်ငံရေးအကျဥ်းသားတွေကိုသာမက သူတိုရဲ့မိသားစု၀င်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေရှိတယ်လို့လည်း အေအေပီပီ အဖွဲ့က ထောက်ပြပါတယ်။

    စစ်ကောင်စီဘက်ကတော့ အေအေပီပီက ဘယ်စာရင်းတွေနဲ့ပြောသလဲ ဆိုတာမသိကြောင်း အခုလိုဖြစ်ရတာဟာ တစ်ရာမှာ တစ်ယောက်မရှိနိုင်ကြောင်း အုပ်ချုပ်မှူပိုင်းဆိုင်ရာ မှားယွင်းမှုကြောင့်ဖြစ်နိုင်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းထောက်တွေအပါအ၀င် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတ၀န်း အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထောင်ချခံထားရသူပေါင်း ၁၃၁၆ ဦးကို ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မ ခွဲ (၁) အရ နောက်တကြိမ် ပြစ်ဒဏ်ကျူးလွန်ရင် လက်ရှိကျခံနေရတဲ့ ပြစ်ဒဏ်ပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ခံ၀န်ကတိနဲ့ ပြန်လွှတ်ပေးမယ်လို့ ကြေညာထားတာပါ။

    စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ နောက်ကြောင်းပြန် ပြစ်ဒဏ်ဆိုတဲ့ နှောင်ကြိုးနဲ့ လွှတ်ပေးတာ ဖြစ်ပြီး စစ်မှန်တဲ့ လွတ်မြောက်ခြင်းမဟုတ်ဘူးလို့လည်း အေအေပီပီအဖွဲ့က ဆိုပါတယ်။

    စစ်ကောင်စီက ပြန်လည်လွှတ်ပေးမယ့်သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူသိများ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ မပါ၀င်သေးတဲ့အပေါ် ၀ေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

    အေအေပီပီအဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့အထိ ပြုစုထားတဲ့ စာရင်းဇယားတွေအရ လက်ရှိအချိန်ထိ ဖမ်းဆီးထောင်ချခံထားသူပေါင်း ၇၀၀၀ ကျော်ရှိနေသေးပြီး သေဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၁၁၈၁ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    လွတ်မြောက်ပြီး ပြန်အဖမ်းခံရသူပေါင်း ၁၀၀ ကျော်ရှိတယ်လို့ အေအေပီပီ ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  14. ပြန်လည်လွတ်မြောက်လာတဲ့ အကျဥ်းသား အနည်းငယ်သာရှိလို့ HRW အဖွဲ့ထောက်ပြ

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က အကျဥ်းသားတွေ ပြန်လွှတ်ပေးမှုဟာ အနည်းအကျဥ်းသာ ရှိပြီး လူအခွင့်အရေးတွေကို မြန်မာစစ်တပ်ဘက်က လေးစားလိုက်နာမယ့် ကြီးမားကျယ်ပြန့်တဲ့ အပြောင်းအလဲတစ်ခုအဖြစ် ထင်ဟပ်မှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောပါတယ်။

    စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ လူပေါင်း ၁၃၁၆ ဦးကို ကန့်သတ်ချက်နဲ့ ပြန်လွှတ်ပေးပြီး အမှုရင်ဆိုင်နေရသူပေါင်း ၄၃၂၀ ဦးတို့ရဲ့ အမှုတွေကို ပြန်လည်ရုပ်သိမ်းပေးမယ်လို့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လွတ်မြောက်သူတွေစာရင်းနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ထားတာ မရှိတဲ့အကြောင်းကိုလည်း HRW အဖွဲ့က ထောက်ပြပါတယ်။

    ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားသူ တချို့ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် တခြားပုဒ်မတွေနဲ့ ပြန်လည်ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အခုလို အကျဥ်းသားတွေကို ပြန်လွှတ်ပေးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချဥ်းကပ်မှု အသစ်လို့ မရှုမြင့်သင့်ပဲ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ဖို့အတွက် စစ်ကောင်စီဘက်က “ကလိမ့်စေ့ ငြမ်းဆင်တဲ့ လုပ်ရပ်” ရိုးသားမှုမရှိတဲ့ အပြုအမူသာ ဖြစ်တယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာ ဥပဒေအကြံပေး လင်ဒါ လက်ခ်ဒီဟာ က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိပ်ပိုင်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တရားမ၀င် ဖမ်းဆီးထားသူတွေအားလုံးကို စစ်ကောင်စီအနေနဲ့ ပြန်လွှတ်ပေးပြီး တရားဥပဒေမဲ့ ဖမ်းဆီးမှုအားလုံးကိုလည်း အဆုံးသတ်သင့်တယ်လို့ HRW အဖွဲ့က တောင်းဆိုပါတယ်။

    နိုင်ငံရေးအကျဥ်းသားတွေအားလုံး ပြန်လွှတ်ပေးပြီး ဆန္ဒပြသမားတွေနဲ့ တခြားပြည်သူတွေအပေါ် ကျူးလွန်တဲ့ ညှဥ်းပန်းနှိပ်စက်မှုတွေကို အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံး ပြန်လည်ကြီးစိုးဖို့အတွက်ကလည်း နိုင်ငံတကာအစိုးရတွေက စစ်ကောင်စီကို ဖိအားတွေပိုမို တိုးပေးသင့်တယ်၊ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေအပေါ် ပိုမိုတင်းကျပ်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ကမ္ဘာတစ်၀န်း ကန့်သတ်ပိတ်ပင်ထားသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

    ပြန်လည်လွှတ်မြောက်လာတဲ့ အကျဥ်းသား အနည်းငယ်သာရှိလို့ HRW အဖွဲ့ထောက်ပြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  15. သင်္ဃန်းကျွန်းမြို့နယ် မလိခအိမ်ရာ အနီးပေါက်ကွဲမှုဖြစ်

    သင်္ဃန်းကျွန်းမြို့နယ် မလိခအိမ်ရာ အနီးမှာ ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မလိခအိမ်ရာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အဲ့ဒီပေါက်ကွဲမှုဟာ ကားပေါ်ကနေလှမ်းပစ်တဲ့ ဗုံးကြောင့်ပေါက်ကွဲခဲ့တာလို့ ယူဆရပြီး ကားတစ်စီးအနည်းငယ်ပျက်စီးကာ အနီးက လူတစ်ဦးခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သူတို့ကပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ မလိခအိမ်ရာရှေ့ ရတနာလမ်းပေါ်မှာ ဖြစ်ပြီးတော့ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီတပ်တွေလာရောက်စစ်ဆေးတာ မတွေ့ရသေးကြောင်းလည်း သူတို့ကပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီး တော့ လမ်းပိတ်တာမရှိကြောင်း ပေါက်ကွဲမှုဖြစ်တဲ့နေရာ အနီးက ကားဟာနောက် ဘန်ပါပြုတ်ပြီး နောက်မီးကွဲသွားတယ်လို့သိရပါတယ်။

    သင်္ဃန်းကျွန်း မလိခ အိမ်ရာအနီးပေါက်ကွဲမှုဖြစ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သင်္ဃန်းကျွန်း မလိခ အိမ်ရာအနီးပေါက်ကွဲမှုဖြစ်
  16. စစ်ကိုင်းက သီလရှင်အချို့ PDF ထောက်ပံ့တယ်ဆိုပြီး ရိုက်နှက်ဖမ်းဆီးခံရ

    စစ်ကိုင်းမြို့က သီလရှင်ကျောင်း တစ်ကျောင်းကို PDF ထောက်ပံ့တယ်လို့ စွပ်စွဲပြီး သီလရှင်နှစ်ပါးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးကာ ဒဏ်ရာတွေနဲ့ ပြန်လွတ်လာခဲ့တယ်လို့ ကျောင်းတိုက်အနီး ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ရက် ည ၁၁နာရီခွဲခန့်က စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊ ထွဋ်ခေါင်ရပ်ရှိ သီလရှင်၁၄ပါး သီတင်းသုံးတဲ့ သီလရှင် ချောင်တစ်ခုကို အရပ်၀တ် စစ်ကောင်စီ‌တွေ ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

    ဒီလို ဝင်ရောက်ချိန်မှာ သီလရှင်ဆရာလေးတွေက အော်ဟစ်အကူညီတောင်းလို့ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တာ၊ သီလရှင်ဆရာလေးတွေကို ရိုက်နှက်ကန်ကြောက်တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲ့ဒီကျောင်းတိုက်က သီလရှင်အချို့ကို ရိုက်နှက်ပြီး PDF ထောက်ပံ့တယ်လို့ ဆိုကာ စစ်ကိုင်း အမှတ်၂ ‌ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဖမ်းမခံရတဲ့ ကျောင်းတိုက်ထဲက သီလရှင်တွေလည်း ရိုက်နှက်တာ ခံရတယ်လို့ ဒေသခံ‌တွေထံက သိရပါတယ်။

    အဖမ်းခံရပြီး နောက်ရက်မှာပဲ တောင်ရိုးက ဆရာတော်ကြီးတစ်ပါးက မေတ္တာရပ်ခံ လိုက်ထုတ်ပေးလို့ သီလရှင်နှစ်ပါး ပြန်လည်လွတ်‌လာခဲ့ပါတယ်။ နောက်ရက်ပိုင်းမှ သီလရှင် မောင်ဖြစ်သူလည်း ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

    ဖမ်းဆီးစဉ် ကျောင်းတိုက်က ဖုန်းတွေ၊ ကွန်ပျူတာတွေကို စစ်ကောင်စီဘက်က သိမ်းယူသွားခဲ့တယ်လို့ဆိုပါတယ်။ ပြန်လွှတ်တဲ့အခါ ဖုန်းတစ်လုံးပဲပြန်ရပါတယ်။ ဖမ်းဆီးခံရစဉ် ရိုက်နှက်မှု‌ကြောင့် ချောင်ဆရာ သီလရှင်နဲ့ ညီမဖြစ်သူသီလရှင်တို့မှာ မျက်စိသွေးကြောပေါက်၊နံရိုးကျိုးအက် ဒဏ်ရာ‌တွေရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရပါတယ်လို့ ကျောင်းတိုက်နဲ့ နီးစပ်သူက ပြောပါတယ်။

    ဒီကိစ္စနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်ကို ဖြစ်စဉ် အတည်ပြုပေးနိုင်ဖို့ ဆက်သွယ်နေပြီး ဆက်သွယ်လို့မရသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. အာဆီယံရဲ့ ကြား၀င်မစွက်ဖက်ရေး မူဝါဒ ပြန်လည်သုံးသပ်ဖို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး တိုက်တွန်း

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကြောင့် အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့၀င်နိုင်ငံတွေရဲ့ အရေးနဲ့ ပတ်သက်လို့ ဆယ်စုနှစ်တွေနဲ့ချီ ကိုင်စွဲလာတဲ့ ကြား၀င်မစွက်ဖက်ရေးမူဝါဒကို အာဆီယံအနေနဲ့ အလေးအနက်ထား ပြန်လည်သုံးသပ်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

    မြန်မာနိုင်ငံအရေးဟာ ပြည်တွင်းရေးရဲ့ နိုင်ငံ့အရေးဆိုပေမယ့် ဒီကိစ္စဟာ ဒေသတွင်းကိုပါ သက်ရောက်မှုရှိတယ်။ ဒီတော့ အာဆီယံအဖွဲ့၀င် ၉ နိုင်ငံရဲ့ စိုးရိမ်မှုတွေကိုလည်း အသိအမှတ်ပြုသင့်တယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆာဖူဒင် အဖ်ဒူလာ က မြန်မာ့လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ ထည့်သွင်းပြောဆိုသွားတာပါ။

    ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကိစ္စတွေကို ရှောင်လွှဲဖို့အတွက် ဒိုင်းတစ်ခုလို ကြား၀င်မစွက်ဖက်ရေး မူဝါဒကို မသုံးနိုင်ဘူးလို့လည်း ဆိုပါတယ်။

    ဒီမူဝါဒကြောင့် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို အာဆီယံအနေနဲ့ မြန်မြန်မြန်မြန် ချမှတ်နိုင်ခဲ့တာ မရှိဘူး။ အပြုသဘောဆောင်တဲ့ ချဥ်းကပ်မှုမျိုး ဒါမှမဟုတ် စိတ်၀င်တစား အားကြိုးမာန်တက် လုပ်ဆောင်တဲ့ မူဝါဒအသစ် ချမှတ်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

    အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ဆောင်ရွက်တာ တိုးတက်ပြောင်းလဲမှု မရှိတဲ့အတွက် အောက်တိုဘာလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ပဲ ချန်လှပ်ထားဖို့ အာဆီယံအဖွဲ့၀င်နိုင်ငံတွေကြား သဘောတူခဲ့ကြပါတယ်။

    ဒီဆုံးဖြတ်ချက်ကို ချမှတ်ဖို့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက တွန်းအားပေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

    မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆာဖူဒင် အဖ်ဒူလာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  18. မြောက်ဒဂုံ ၄၉ ရပ်ကွက်မှာ သားအဖနှစ်ဦး သေနတ်ပစ်ခံရ

    အောက်တိုဘာ ၂ဝ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီ ခွဲဝန်းကျင်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၉ ရပ်ကွက် ရွှေနှင်းဆီ (၅) လမ်းမှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေးလို့စွပ်စွဲခံရသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အဲ့ဒီနေရာဟာ ၄၉ ရပ်ကွက် ဝေယံမောင် လဖက်ရည်ဆိုင်အနီးနေဖြစ်ပြီးတော့ တစ်ဦးက သေဆုံးပြီးတစ်ဦးက သွေးအိုင်ထဲမှာ လဲနေတာတွေ့ရကြောင်းလည်း သူတို့ကပြောပါတယ်။

    သူတို့နှစ်ဦးစလုံးဟာ စစ်ကောင်စီ သတင်းပေး သားအဖလို့သိရပြီး တော့နှစ်ဦးစလုံး သေဆုံးသွားတယ်လို့ သိရပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    ၄၉ ရပ်ကွက်မှာ ပြီးခဲ့တဲ့စက်တင်ဘာလကလည်း ရာအိမ်မှူးတစ်ဦး အသတ်ခံခဲ့ရပြီး နောက်မှာ အခုလို စစ်ကောင်စီသတင်းပေးလို့ ယူဆရသူနှစ်ဦး ပစ်သတ်ခံရတာလည်းဖြစ်ပါတယ်။

    ၄၉ ရပ်ကွက် ရာအိမ်မှူးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့လူငယ် ၉ ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလလ ၂၄ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

    အောက်တိုဘာလ ၂၀ ရက် ၄၉ ရပ်ကွက် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကို စစ်ကောင်စီဘက်က သတင်းပေးထုတ်ပြန်တာမရှိသေးပါဘူး။

  19. သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

    သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး ၀င်ဒီ ရှာမန်

    ဓာတ်ပုံ ရင်းမြစ်, @DeputySecState

    ဓာတ်ပုံ ပုံစာ, သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး ၀င်ဒီ ရှာမန်

    ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝင်ဒီရှာမန်တို့ဟာ အောက်တိုဘာလ ၁၉ ရက်နေ့တုန်းက အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ကြပါတယ်။

    ဒီလိုတွေ့ဆုံချိန်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တစ်သံတည်းရပ်တည်လာကြရေးကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ဒုနိုင်ငံခြားရေးဝန်ကြီးက လူမှုကွန်ယက်ကနေ ထုတ်ပြောလာပါတယ်။

    မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ မတရားသဖြင့်ထိန်းသိမ်းထားသူတွေ အားလုံးကို ပြန်လွှတ်ဖို့၊ အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းဖို့နဲ့ မြန်မာပြည်ကို ဘက်စုံပါဝင်တဲ့ဒီမိုကရေစီလမ်းပေါ်ပြန်တင်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ မြန်မာ့အရေးအတွက် အမေရိကန်အစိုးရနဲ့ ပြည်သူတွေအတွက် ထောက်ခံအားပေးမှုကို ကျေးဇူးတင်သလို ဒီမိုကရေစီနဲ့လွတ်လပ်ရေးတိုက်ပွဲမှာ ဆက်ပြီးကူညီအားပေးဖို့ မျှော်လင့်တဲ့အကြောင်း တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ယက်ပေါ်ကနေ ပြောထားတာတွေ့ရပါတယ်။

  20. ပွင့်ဖြူမှာ ရဲကားနဲ့ စစ်ကားကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေပြော

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲက ရှောက်တော- မဲဇလမ်းပေါ်မှာ ပွင့်ဖြူမြို့မရဲစခန်းမှူး ကိုယ်တိုင်မောင်းလာတဲ့ ကားလေးတစ်စင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့စစ်ကားကြီးတစ်စင်းကို မနေ့ အောက်တိုဘာလ ၂၀ ရက် ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒေသခံကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ဒီတိုက်ခိုက်မှုကို မကွေး(PRA)နဲ့ ပွင့်ဖြူ PDF တို့က ပူးပေါင်းတိုက်ခိုက်တာဖြစ်တယ်လို့ သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်ပါတယ်။

    ပထမတစ်ကြိမ် ဗုံးဖောက်ခွဲမှုမှာ ကားလေးရော၊ ကားကြီးပါ ထိခိုက်မှုနည်းခဲ့ပေမဲ့ ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားပေါ်က ဆင်းလာချိန် ဒုတိယဗုံးတစ်လုံး ထပ်ဖောက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

    ဖောက်ခွဲမှုတွေ လုပ်အပြီးမှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုလုပ်ခဲ့ပေမဲ့ ပြောက်ကျားတပ်ဖွဲ့တွေ အန္တရာယ်တစုံတရာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

    ပွင့်ဖြူမှာဖြစ်တဲ့အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။