စစ်ကိုင်း၊ ရွာသစ်ကြီးတိုက်နယ်မှာ လပြည့်ညအသံဗုံးဖောက်တယ်လို့ စွပ်စွဲခံရပြီး လူငယ်တွေဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးတိုက်နယ်မှာ မနေ့ အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ်လပြည့်ညက အသံဗုံးဖောက်တယ်လို့ စွပ်စွဲခံရပြီး လူငယ် ၆ဦး ဖမ်းဆီးခံထားရတယ်လို့ ကျေးရွာဒေသခံတွေကပြောပါတယ်။
"ရဲစခန်းကို တိုင်လို့ လာဖမ်းသွားတာ။ အဖမ်းခံရတဲ့လူငယ်တွေက အနောက်ဘုရားဝင်းအတွင်းက စကားဝိုင်းဖွဲ့နေတဲ့ ညငှက်ထိုးသမားတွေ။ အဲဒီထဲက ၂ ယောက်က ညအပြင်ထွက်တဲ့ ကလေးတွေ"လို့ ပြည်တော်သာရွာဒေသခံကျေးရွာသားတယောက်က ပြောပါတယ်။
အောက်တိုဘာ ၂၀ရက်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ဖြစ်လို့ ဗျောက်ဖောက်တာ၊ မီးပန်းလွှတ်တင်တာတွေလည်း ရှိခဲ့ပါတယ်။ လပြည့်ညမှာပဲ အသံဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကျေးရွာဒေသခံတချို့ အဖမ်းခံရတာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့တဲ့လူငယ်တွေဟာ စစ်ကိုင်းမြို့နယ်အတွင်း ငါ့တရော်ရွာက ၂ဦး၊ ပြည်တော်သာရွာက ၂ဦးဖြစ်ပြီး ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ နဲ့အမှုဖွင့်ခံထားရပါတယ်။
ကျန်၂ဦးကတော့ ဒေသကာကွယ်ရေးတပ်(PDF)က လို့စွပ်စွဲခံရပြီး အကြမ်းဖက်ပုဒ်မနဲ့ ပုဒ်မတပ်ထားခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြည်သာယာရွာအုပ်ချုပ်ရေးမှူးရဲ့ဇနီးက တိုင်တန်းခဲ့တာကြောင့် ဒီလူငယ်တွေ အဖမ်းခံခဲ့ရတယ်လို့ ရွာခံတွေက စွပ်စွဲပြောပေမဲ့ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကိုင်းမြို့မှာတော့ အောက်တိုဘာလဆန်းကစပြီး နေ့ခင်းပိုင်းရော ညအခါတွေမှာပါ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

















