ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းက
လူမှုရေးသမားတစ်ဦးလို့ လူသိများတဲ့ ကိုရဲနိုင်ဦးဟာ အောက်တိုဘာ ၂၃ ရက်နေ့ နေ့လယ် ပိုင်းမှာ ထပ်မံဖမ်းဆီးခြင်းခံလိုက်ရတယ်လို့
သံတွဲဒေသခံတွေက ပြောဆိုကြပါတယ်။
ဖမ်းဆီးခံရသူ ဦးရဲနိုင်ဦးဟာ သုံးဘီး
(တုတ်တုတ်) မောင်းတဲ့အလုပ်ကို လုပ်ကိုင်နေသူဖြစ်ကာ မနေ့က နေ့လယ်ပိုင်းမှာ ငပလီကမ်းခြေမှာ
တုတ်တုတ်မောင်းနေချိန် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်း ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ ကိုရဲနိုင်ဦးဟာ သံတွဲမြို့နယ်
ငပလီမြို့ လင်းသာရပ်ကွက်ကဖြစ်ပြီး အခုလ ၉ ရက်နေ့က PDF နဲ့ဆက်စပ်တယ် ဆိုကာ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ဦးစိန်ချစ်နဲ့အတူ
လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
PDF တွေကိုအကူအညီပေးတယ်ဆိုပြီး ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့
လူမှုရေးသမား ဦးစိန်ချစ်နဲ့ ဆက်စပ်ပြီးတော့ ကိုရဲနိုင်ဦးကို ထပ်မံဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့
ဒေသခံတွေက ယူဆနေကြတပါတယ်။
အခုလအစောပိုင်းက မအူပင်မြို့မှာ ဖမ်းဆီးရမိတဲ့
PDF ကျောင်းသားအဖွဲ့တစ်ဖွဲ့ဟာ သံတွဲမြို့နယ်အတွင်းကို
ရောက်ရှိလာခဲ့ ကြပြီး အဲ့ဒီအဖွဲ့တွေကို ငပလီကမ်းခြေက ဟိုတယ်တစ်ခုမှာ တည်းဖို့အကူညီပေးလိုက်တဲ့အတွက်
ဦးစိန်ချစ်ဖမ်းဆီးခံလိုက် ရတာဖြစ်တယ်လို့ သိရှိရပါတယ်။
လက်ရှိမှာတော့ ဦးစိန်ချစ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ
၅၀ (က) ၅၂ (က) တို့နဲ့ သံတွဲမြို့အခြေစိုက် ခလရ ၅၅ တပ်ရင်းက ဗိုလ်ကြီးအဆင့်ရှိတဲ့အရာရှိတစ်ဦးက
သံတွဲမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာ ဒုတိယအကြိမ်ရမန်ယူက
စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဇနီးသည် ဒေါ်ခင်နှင်းဖြူက ပြောပါတယ်။
လောလောဆယ်မှာတော့ ဖမ်းဆီးခံလိုက်ရသူ
ကိုရဲနိုင်ဦးဟာ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းမရှိသေးသလို မိသားစုတွေနဲ့ လည်း အဆက်သွယ်မရရှိသေးဘူးလို့သိရပါတယ်။
ဒါ့အပြင် အခုလ ၁၅ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်
ပန်းမော်ကျေးရွာက လူငယ်စာရေးဆရာတစ်ဦးဖြစ်တဲ့ မင်းဒီပါ (ခ) ကိုအောင်နိုင်မြင့်ကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး ရဲတပ်ဖွဲ့က နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ