ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ၂၀၂၀ ရွေးကောက်ပွဲ တစ်ကြိမ်ထက်ပို မဲပေးခဲ့သူတွေကို အရေးယူဖို့ပြင်

  2. မြောင်မြို့နယ် နဂါးပေါက်ရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဖျက်ဆီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းက နဂါးပေါက်ရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်း အဖွဲ့တွေက ဒီနေ့အောက်တိုဘာ (၂၉)ရက်မနက်ပိုင်းမှာ ဖျက်ဆီးလိုက်ပြီး လက်ရှိအဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းချနေတာမရှိတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

    “D Day ကြေညာပြီးတဲ့ (စက်တင်ဘာ ၇ ရက်) နောက်ပိုင်း နဂါးပေါက်ရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေရော မိသားစုဝင်တွေပါ ကျောက်ရစ်ရဲစခန်းဘက်မှာ ပေါင်းနေကြတာ။ တခါတလေ သူတို့ စစ်ကြောင်းလာရင်တော့ အဲဒီ နဂါးပေါက် မှာစခန်းချတာမျိုးရှိပါတယ်။ အရင်ကတော့ နဂါးပေါက်ကတိုက်နယ်ရဲစခန်း ၊ ဒုရဲအုပ် အုပ်ချုပ်တာ” လို့ ဒေသခံတဦးကဘီဘီစီကိုပြောပါတယ်။

    ဒီအောက်တိုဘာလအတွင်းမှာပဲ မြောင်မြို့နယ်ကျောက်ရစ်ရဲစခန်းကို ဒေသကာကွယ်ရေးနဲ့ စစ်ကောင်စီအကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့သလို မြောင်ဒေသကာကွယ်ရေးအဖွဲ့ရဲ့ စခန်းတခုကိုလည်း စစ်ကောင်စီဘက်က ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြောင်မြို့နယ်ရဲစခန်းဖျက်ဆီးခံရ
  3. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့် စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီရဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  4. ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

  5. မြောင်မှာ တိုက်ပွဲဖြစ်၊မုံရွာ-မန္တလေးကားလမ်း ခေတ္တပိတ်

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆူးလေကုန်းရွာဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မုံရွာ-မန္တလေးကားလမ်း ခေတ္တပိတ်သွားကြောင်း မုံရွာဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    မုံရွာ မန္တလေး ကားလမ်းအနီးတစ်ဝိုက်က မြင်းမူ မြောင်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာရှိခဲ့ပြီးနောက်မှာ အခုလိုကားလမ်းတွေပိတ်တာဖြစ်တယ်လို့ သိရပါတယ်။

    အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လယ် တစ်နာရီကတော့ အဲ့ဒီလမ်းကို ပြန်ဖွင့်ပေးလိုက်ပေးလိုက်တယ်လို့ သိရပါတယ်။

    ဒီတိုက်ပွဲဖြစ်ပြီးနောက်မှာတော့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့-CDSOM ၊ Myaung Special People’s Defense Force – MSPDF၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ MGN Ranger ၊ 27 Revolution Forces ၊ PDF – Taloke ၊ MGN TIGER ၊ နှလုံးလှ လူမိုက်ကြီးများအဖွဲ့ ၊ BGF မဟာမိတ်တပ်ဖွဲ့ (၉) ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီက ၆ ဦးသေဆုံးပြီး PDF က ၄ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ဆိုပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. NUG အစိုးရက အာဆီယံသံအမတ်ကြီးတစ်ဦး ခန့်အပ်လာ

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ အာဆီယံနဲ့ဆက်ဆံရေးအပြင် ပူးပေါင်းဆောင်ရွက်မှုတွေပါ တိုးလုပ်နိုင်ဖို့ဆိုပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ၊ ပြည်ပရောက်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးဘိုလှတင့်ကို အာဆီယံသံအမတ်ကြီးအဖြစ် ခန့်အပ်တယ်လို့ဒီကနေ့ အောက်တိုဘ ၂၆ရက်နေ့မှာ ကြေညာပါတယ်။

    ဦးဘိုလှတင့်ဟာ ၁၉၉၀ ခုနှစ်က ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ အမျိုးသားညွှန့်ပေါင်းအစိုးရ(NCGUB) အစိုးရအဖွဲ့မှာ ဆောက်လုပ်ရေးနဲ့သတ္တုတွင်းဝန်ကြီးတာဝန်တွေကိုထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

    ဒါ့အပြင် ၁၉၉၀ ခုနှစ်က NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့မှာလည်း ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။

    အဲ့ဒီနောက်မှ NCGUB အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ၂၀၁၂ ခုနှစ်အထိထမ်းဆောင်ခဲ့ပြီး အခုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာသံအမတ်ကြီးအဖြစ် တာ၀န်ပေးခံရတာဖြစ်ပါတယ်။

    NUG အစိုးရက အာဆီယံသံအမတ်ကြီးတစ်ဦး ခန့်အပ်လာ

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. အာဆီယံထိပ်သီးဆွေးနွေးပွဲကနေ မြန်မာ့အရေး တိကျတဲ့လုပ်ဆောင်ချက်တွေ ဖော်ဆောင်ဖို့နဲ့ အာဆီယံအမတ်တွေ တောင်းဆို, NUG နဲ့ထိတွေ့ပြောဆိုဖို့လည်းတိုက်တွန်း

    အာဆီယံအနေနဲ့ အခုသီတင်းပတ်အတွင်းကျင်းပနေတဲ့ ထိပ်သီးဆွေးနွေးမှာ မြန်မာ့အရေးကို ဖြေရှင်းဖို့ တိကျတဲ့လုပ်ဆောင်ချက်တွေ ဖော်ဆောင်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မြန်မြန်ဆန်ဆန် ထိတွေ့ပြောဆိုမှုလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR)က တိုက်တွန်းပြောလာပါတယ်။

    ''အခုဆို မြန်မာစစ်တပ်က အာဏာသိမ်းမှုလုပ်တာ၊ လူထုကို ပြောမထွက်လောက်တဲ့အကြောက်တရားနဲ့ အကြမ်းဖက်မှုလုပ်တာ၊ လူသန်းချီဘဝပျက်အောင်လုပ်တာ တစ်နှစ်ထဲဝင်လာပါတော့မယ်။ ဒီတစ်ပတ် ထိပ်သီးဆွေးနွေးပွဲဟာ ဖေဖော်ဝါရီလတစ်ရက်တည်းက ဒီစစ်ကောင်စီကို လက်မခံဘူးဆိုပြီး ကမ္ဘာကိုရဲရဲဝင့်ဝင်ပြသထားတဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ တိကျတဲခြေလှမ်းတွေ ပေါ်လာအောင်လုပ်ဖို့ အခွင့်အခါပါ'' လို့ APHR အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ မလေးရှားလွှတ်တော်အမတ်လည်းဖြစ်တဲ့ ချားစ်ဆန်တီယေဂိုက ပြောပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြား ဧပြီလတုန်းကရရှိခဲ့တဲ့ ဘုံသဘောတူညီချက် အကောင် အထည်ဖော်မှုမှာ တိုးတက်မှုမရှိဘူးဆိုတဲ့အချက်နဲ့ အာဆီယံ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေး ပွဲကို တက်ရောက်ခွင့်မပေးဘဲ ချန်လှပ်ဖို့ ဆုံးဖြတ်တာကို အားတက်ရပေမဲ့ ဒီထက်ပိုတဲ့ လုပ်ဆောင်ချက်တွေ တိုးလုပ်ဖို့လည်း APHR က အာဆီယံကို တိုက်တွန်းထားပါတယ်။

  8. မုံရွာမှာ ပြောက်ကျားတိုက်ခိုက်မှုတွေ ဆက်ဖြစ်

  9. အာဆီယံထိပ်သီးဆွေးနွေးပွဲ - မြန်မာကို မဖယ်ကျဉ်ခဲ့ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

    အာဆီယံထိပ်သီးဆွေးနွေးပွဲ - မြန်မာကို မဖယ်ကျဉ်ခဲ့လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

    ဓာတ်ပုံ ရင်းမြစ်, Office of Cambodian PM

    ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မှာ အွန်လိုင်းကနေ ကျင်းပနေချိန်မှာပဲ ဒီနေ့ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အာဆီယံမူဘောင်ထဲကနေ မြန်မာကို မဖယ်ကျဉ်ခဲ့ဘူးဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောလာပါတယ်။

    တဖက်မှာလည်း အာဆီယံဟာ နိုင်ငံရေးနဲ့မပတ်သက်သူ ကိုယ်စားလှယ်တစ်ဦးတက်ခွင့်ပေးတဲ့အထိ ကမ်းလှမ်းခဲ့ပေမဲ့ မြန်မာကိုယ်တိုင်ပဲ ဒီလိုပါဝင်ဖို့ ငြင်းဆန်ခဲ့တာလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

    ဒါ့ပြင် ဘုံသဘောတူညီချက်တွေ အကောင်အထည်ပေါ်ရေးမှာ မြန်မာစစ်အာဏာပိုင်တွေဘက်က သိသာတဲ့တိုးတက်မှုမပြလို့သာ အခုလိုဖြစ်လာတာလို့ သူက ပြောပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်လို့ မြန်မာဟာ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မြန်မာမပါတဲ့ အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံ အစည်းအဝေးပွဲတွေ ဆက်ရှိလာနိုင်တယ်လို့လည်း သူကပြောသွားပါတယ်။

  10. အာဆီယံထိပ်သီးဆွေးနွေးပွဲ - ဒုက္ခသည်တွေပြန်ခေါ်ရေး မြန်မာကို မလေးရှားတောင်းဆို

    မြန်မာအနေနဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ်ဆိုတဲ့ ကတိကဝတ်အတိုင်း အားထုတ်မှုတွေစတင်ဖို့ မလေးရှားဘက်က တောင်းဆိုလာပါတယ်။

    ဒီနေ့ အောက်တိုဘာလ ၂၆ ရက်မှာ အွန်းလိုင်းကနေ ကျင်းပတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ထိပ်သီးဆွေးနွေးပွဲ မလေးရှားဝန်ကြီးချုပ်က အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    ဒုက္ခသည်တွေဆိုတာ ဘယ်သူတွေလို့ ဝန်ကြီးချုပ်က တိတိပပ မပြောသွားပေမဲ့ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေကို ရည်ညွှန်းတယ်လို့ ဘီဘီစီက နားလည်ရပါတယ်။ ဒုက္ခသည်တွေရဲ့လူ့အခွင့်အရေးကို ကာကွယ်ဖို့လည်း ဝန်ကြီးချုပ်က ပြောလာပါတယ်။

    နောက်ပြီး အခုကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာကိုယ်စားပြုသူတက်ရောက်ရေးနဲ့ပတ်သက်တဲ့ အာဆီယံဆုံးဖြတ်ချက်ကိုလည်း မလေးရှားက အပြည့်အ၀ ထောက်ခံ တယ်လို့ ဝန်ကြီးချုပ်က ပြောထားပါတယ်။

  11. အာဆီယံထိပ်သီးဆွေးနွေးပွဲ - အထူးသံရဲ့မြန်မာခရီးစဉ် မကြာခင်ပေါ်ပေါက်သင့်တယ်လို့ ထိုင်းပြောလာ

    အာဆီယံထိပ်သီးဆွေးနွေးပွဲ - အထူးသံရဲ့မြန်မာခရီးစဉ် မကြာခင်ပေါ်ပေါက်သင့်တယ်လို့ ထိုင်းပြောလာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အထူးသံရဲ့မြန်မာခရီးစဉ်ဟာ ယုံကြည်မှုတည်ဆောက်ရေးအရေးပါတဲ့ခြေလှမ်းလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

    အာဆီယံအထူးသံတမန်ရဲ့မြန်မာပြည်တွင်းခရီးစဉ် မကြာခင်ပေါ်ပေါက်လာသင့်တယ်ဆိုပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဒီနေ့ အောက်တိုဘာလ ၂၆ ရက်မှာပြောလာပါတယ်။

    အွန်းကနေကျင်းပတဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာပြောတဲ့ မိန့်ခွန်းအတွင်း ထိုင်းဝန်ကြီးချုပ်က အခုလိုထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

    အထူးသံရဲ့ခရီးစဉ်ဟာ မြန်မာပြည်တွင်းက သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေကြား ဆွေးနွေးပြောဆိုမှုကို အားပေးဖို့ ရည်ရွယ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ပထမ ခြေလှမ်းဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း ဝန်ကြီးချုပ်က ထောက်ပြပြောဆိုပါတယ်။

    မြန်မာပြည်တွင်း တည်ငြိမ်အေးချမ်းမှုကို ထိုင်းဘက်က မြင်တွေ့လိုပြီး မြန်မာပြည်သူ တွေအတွက်တင်မက ဒေသတွင်းအတွက်ပါ အကျိုးရှိစေတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးကိုလည်း ထိုင်းနိုင်ငံက ထောက်ခံတယ်လို့ ဆိုပါတယ်။

    မြန်မာ့အရေးဖြေရှင်းနိုင်မှုဟာ အာဆီယံအတွက် ဒေသတွင်းမှာ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းနိုင်မှုအတွက် စမ်းသပ်ချက်တစ်ရပ်ဖြစ်သလို အာဆီယံရဲ့အပြုသဘောဆောင်တဲ့အခန်းကဏ္ဍလည်း အရေးကြီးတဲ့အကြောင်း ဝန်ကြီးချုပ်က ပြောထားပါတယ်။

    အကြမ်းဖက်မှုတွေလျှော့ချဖို့၊ ထိန်းသိမ်းခံတွေကိုလွှတ်ပေးဖို့၊ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေကြား ပဋိပက္ခကို ဆွေးနွေးပြောဆိုမှုနဲ့ဖြေရှင်းဖို့ သူက ပြောသလို အာဆီယံအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့ဖို့ကိုလည်း ဝန်ကြီးချုပ်က မိန့်ခွန်းထဲ ပြောသွားပါတယ်။

  12. မြန်မာစစ်ခေါင်းဆောင်မပါ၀င်တဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲ စတင်

    မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့အဖွဲ့က ၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်နေ

    ဓာတ်ပုံ ရင်းမြစ်, MFM

    ဓာတ်ပုံ ပုံစာ, ၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကိုမလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့အဖွဲ့ တက်ရောက်နေ

    မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်တွေရဲ့ထိပ်သီးဆွေးနွေးပွဲတွေ ဒီနေ့ အောက်တိုဘာလ ၂၆ ရက်မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

    ဒီနေ့ကျင်းပဖို့ရှိတဲ့ ထိပ်သီးအစည်းအဝေးပွဲတွေကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အွန်လိုင်းကနေတဆင့် ဦးဆောင် ကျင်းပမှာဖြစ်ပါတယ်။

    ၃ ရက်ကြာကျင်းပမယ့် အဲဒီအစည်းအဝေးပွဲတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း အွန်လိုင်းကနေ တက်ရောက်မှာဖြစ်ပြီး တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေလည်း တက်ဖို့ရှိပါတယ်။

    ဒီနေ့ အစည်းအဝေး အစမှာတော့ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေး အဓိကထား ဆွေးနွေးနိုင်ချေရှိပါတယ်။

    မြန်မာ့အရေးဖြေရှင်းမှုတစ်ရပ်အနေနဲ့ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်မှုအပိုင်းကို ထောက်ပြပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အခုအစည်းအဝေးပွဲကို မဖိတ်ဘဲ နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်တစ်ဦးကိုပဲ ဖိတ်ဖို့ အာဆီယံဘက်က ဆုံးဖြတ်ခဲ့ပါတယ်။

    ဒီအတောအတွင်း ဆွေးနွေးပွဲတက်ဖို့ အာဆီယံက နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ကိုယ်စားလှယ်(နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒီဖိတ်ကြားမှုဟာ အာဆီယံရဲ့လုပ်ထုံးလုပ်နည်း အစဉ်လာနဲ့သွေဖယ်နေတာကြောင့် ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံအကြီးအကဲ ဒါမှမဟုတ် ကိုယ်စားပြုပုဂ္ဂိုလ် တက်ခွင့်ရမှသာ လက်ခံမယ်လို့ပြန်လည်တုံ့ပြန်ထားပါတယ်။

  13. မင်္ဂလာဒုံ၊ ကုန်းတလပေါင်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ထဲက ကုန်းတလပေါင်စံပြကျေးရွာထဲမှာဒီကနေ့အောက်တိုဘာ ၂၆ရက်နေ့မနက်ပိုင်းက အုပ်ချုပ်ရေးမှူးဦးဝေလင်းအောင်ဆိုသူသေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့မနက်ပိုင်း ၄နာရီလောက်မှာ ကုန်းတလပေါင်ကျေးရွာ နားက တပ်ရင်း ၉ အနီးကလမ်းမတစ်ခုမှာပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး မနက် ၅နာရီဝန်းကျင်လောက်မှာ သူသေဆုံးတယ်ဆိုတာကို အနီးအနားကလူတွေကပြန်သိရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    “ ဒီဘက်မှာက မနက် ၄နာရီဆိုစက်ရုံဆင်းကြပြီလေ။ သူ့သမီးကိုလိုက်ပို့ပြီးအပြန်မှာအပစ်ခံရတာ၊ မနက် ၅နာရီလောက်မှာ လူတွေကအလောင်းကိုတွေ့တယ်။ ၈နာရီလောက်ထိကို အလောင်းမသယ်ရသေးဘူး။ စစ်တာဆေးတာတွေတော့ အနားမှာဆက်ဖြစ်နေပါတယ်” လို့ကုန်းတလပေါင်းကျေးရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးခဲ့တဲ့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ဟာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမတ်လထဲမှာမှ အုပ်ချုပ်ရေးမှူးအဖြစ်ဝင်လုပ်ခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ ကျေးရွာအတွင်းဧည့်စာရင်းတိုင်ဖို့ဖိအားပေးတာတွေ၊ ဧည့်စာရင်းရက်ကျော်ရင် ဒဏ်ငွေတစ်သောင်းကောက်ခံတာတွေလုပ်နေလို့ဒေသခံတွေကပြောပါတယ်။

    မင်္ဂလာဒုံမြို့နယ်အတွင်းကဒေသကာကွယ်ရေးတပ်တွေဘက်က ပြီးခဲ့တဲ့ သြဂုတ်လထဲမှာစစ်ကောင်စီလက်အောက်က အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ကြဖို့ သတိပေးစာတွေထုတ်ပြန်ရာမှာတခြားရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့အတူ သေဆုံးသူဦးဝေလင်းအောင်လည်း နုတ်ထွက်စာတင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒါပေမယ့် နုတ်ထွက်စာကို လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီး ကျေးရွာထဲမှာတော့ ဧည့်စာရင်းတိုင်ဖို့ ဖိအားပေးတာတွေ ဧည့်စာရင်းရက်ကျော်ရင် ဒဏ်ငွေကောက်ခံတာတွေဆက်လုပ်နေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    အခုလိုပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတွေ့မြင်လိုက်သူမရှိသလို ဒေသကာကွယ်ရေးတပ်တွေဘက်ကလည်းတရားဝင်သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူတွေ ပစ်ခတ်ခံရမှု၊ သေဆုံးမှုတွေဖြစ်ခဲ့ပေမဲ့ မင်္ဂလာဒုံမြို့နယ်ထဲမှာတော့ အုပ်ချုပ်ရေးမှုးတစ်ဦး ပစ်ခတ်ခံရပြီးတဲ့နောက် သေဆုံးတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

  14. ပုဒ်မ ၅၀၅(ခ)အမှုအတွက် ဒေါ်ဆောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆိုဖို့ရှိ

    ပုဒ်မ ၅၀၅(ခ)အမှုအတွက် ဒေါ်ဆောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆိုဖို့ရှိ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    စစ်အာဏာသိမ်းမှုစတင်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် စွပ်စွဲထားတဲ့အမှုတွေထဲက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အမှုအတွက် ဒီနေ့ အောက်တိုဘာလ ၂၆ ရက်မှာ ကိုယ်တိုင်သက်သေထွက်ဆိုဖို့ရှိနေပါတယ်။

    ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်တဲ့ စာနှစ်စောင်ကိုအကြောင်းပြုပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့အပေါ် ပုဒ်မတစ်ခုတည်း စွဲဆိုထားတဲ့အမှုလည်းဖြစ်ပါတယ်။

    ထုတ်ပြန်ချက်တစ်စောင်မှာဆို အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ သမ္မတဦးဝင်းမြင့်သာ တရားဝင်သမ္မတဖြစ်ကြောင်း ပါဝင်ပါတယ်။

    ဒီအမှုအတွက် သီးခြားလိုပြသက်သေ မတင်တော့ဘဲ စွပ်စွဲခံရသူ ၃ ဦးစလုံးက ကိုယ်တိုင်သက်သေထွက်ဆိုကြတာဖြစ်ပြီး ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုဖို့ရှိတာဖြစ်ပါတယ်။

    သူတို့ ၃ဦး အပါအဝင်အခြား NLD ထိပ်ပိုင်းခေါင်းဆောင်တွေလည်းအလားတူပုဒ်မနဲ့ တရားစွဲဆိုခံထားကြရပါတယ်။

    အရင်တစ်ခေါက် ရုံးချိန်းတုန်းကတော့ သမ္မတဦးဝင်းမြင့်ကကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပြီး စစ်အာဏာသိမ်းမှုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက်ခင်း ကြုံရတဲ့ဖြစ်ရပ်ကို ရုံးတော်မှာ ထွက်ဆိုခဲ့တာကို သူ့ရဲ့ရှေ့နေတွေကနေ တဆင့်သိရှိခဲ့ရတယ်။

    တစ်ဖက်မှာလည်း အမှုအတွက် လိုက်ပါဆောင်ရွက်တဲ့ရှေ့နေတွေဟာ ပုဒ်မ ၁၄၄ အထုတ်ခံရပြီး အမှုကိစ္စကို ပြင်ပအဖွဲ့အစည်းတွေ၊ မီဒီယာတွေကို မပြောဆိုဖို့ တားမြစ်ခံ ထားရပါတယ်။

    ဒါ့ကြောင့် ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အမှုနဲ့ပတ်သက်ပြီး ဘာတွေ ထွက်ဆိုမယ်ဆိုတာ ရှေ့နေတွေကနေတဆင့် သိရှိနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ အခြေအနေ ရှိနေပါတယ်။

  15. အာဆီယံ ထိပ်သီးဆွေးနွေးပွဲ - မြန်မာကို ကိုယ်စားပြုသူမရှိ အစည်းအဝေး စမယ့်နေ့ ရောက်ပြီ

  16. ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အသစ် ကြေညာပြီ

    စင်္ကာပူ နိုင်ငံသူ ကုလသမဂ္ဂ ဝါရင့် သံတမန် မစ္စ နိုလင်း ဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ခန့်အပ်ကြောင်း ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ဒေါက်တာ နိုလင်း ဟေဇာဟာ မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာရဲ့ နေရာကို ဆက်ခံသူ ဖြစ်လာပါတယ်။

    မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ရာ တာဝန်တွေကို တစိုက်မတ်မတ် ထမ်းဆောင်ခဲ့တဲ့ အတွက် မစ္စ ဘာဂနာ အပေါ် ကျေးဇူးများစွာ တင်ရှိပါကြောင်းလည်း မစ္စတာ ဂူတားရက်စ်က ဆိုပါတယ်။

    ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲ တာဝန်ကို ၂၀၀၇ ကနေ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့ပြီး၊ ဒီရာထူးကို အမျိုးသမီးတွေထဲ ပထမဆုံး စတင် ရရှိနိုင်သူ ဖြစ်ပါတယ်။

    မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပြီး၊ နာဂစ်မုန်တိုင်း အလွန် ပြန်လည် ထူထောင်ရေး ကိစ္စတွေ၊ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီ အချိန်က မြန်မာ အာဏာပိုင်တွေနဲ့ကြား နီးနီးကပ်ကပ် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

    အာဆီယံ ဒေသတွင်း တီမော-လက်စ်တေး ငြိမ်းချမ်းရေး တည်ဆောက်မှု ကဏ္ဍမှာလည်း ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အဖြစ် ဒေါက်တာဟေဇာဟာ ၂၀၁၃ ကနေ ၁၅ အထိ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။

    ဒေါက်တာဟေဇာဟာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ညှိနှိုင်းရေး အဆင့်မြင့် အကြံပေး ဘုဒ်ရဲ့ လက်ရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်္ကာပူ နိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုဒ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

    မစ္စဟေဇာဟာ စင်္ကာပူ တက္ကသိုလ်ကနေ ပထမ ဝိဇ္ဇာဘွဲ့နဲ့ နောက် မဟာသိပ္ပံဘွဲ့တွေ ရရှိခဲ့ပြီး ကိန်းဘရစ်ချ် တက္ကသိုလ်ကနေ လူမှုသိပ္ပံ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရယူ ထားသူ ဖြစ်ပါတယ်။

    နိုလင်းဟေဇာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာအရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးတွေမှာ အတွေ့အကြုံရှိသူ ဝါရင့် ကုလ သံတမန် ဒေါက်တာ နိုလင်းဟေဇာ
  17. အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံအကြီးအကဲ ဒါမှမဟုတ် ကိုယ်စားပြုပုဂ္ဂိုလ် တက်ခွင့်ရမှသာ လက်ခံမယ်လို့ စစ်ကောင်စီ ကြေညာချက်ထုတ်

    အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားလာတာဟာ အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ မကိုက်ညီသလို အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အစဉ်အလာကနေလည်း သွေဖည်နေတယ်လို့ စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

    အာဆီယံအစည်းအဝေးတွေ အားလုံးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အဆင့်တူ၊ တန်းတူ တက်ရောက်ဖို့ အာဆီယံပဋိညာဉ်စာတမ်းမှာ ပြဌာန်းထားပြီး မြန်မာကိုယ်စားလှယ်ရဲ့ အဆင့်အတန်းကို နှိမ့်ပြီးဖိတ်ကြားတာ၊ အစည်းအဝေးတွေမှာ ဆွေးနွေးရာမှာ ကန့်သတ်မှုတွေ ထားတာဟာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၅ နဲ့လည်း ကိုက်ညီမှုမရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။

    အာဆီယံ ထိပ်သီး အစည်းအဝေးကို နိုင်ငံအကြီးအကဲ ဒါမှမဟုတ် အစိုးရအဖွဲ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမယ့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် တက်ရမှသာ မြန်မာနိုင်ငံက လက်ခံမယ် ဆိုတာကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံ အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

    အာဆီယံ၊ မြန်မာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံအဖွဲ့က ထိပ်သီးဆွေးနွေးပွဲတက်ခွင့်မပြု
  18. ပုသိမ် ချောင်းသာကားလမ်းဘေးက ကျောက်ပန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    ပုသိမ်မြို့တစ်ဘက်ကမ်း ပုသိမ် ချောင်းသာကားလမ်းဘေးက ကျောက်ပန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အောက်တိုဘာလ ၂၅ ရက်နေ့က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ပုသိမ်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကျောက်ပန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကြီးဟာ ခေါင်းနဲ့လည်ပင်းမှာ သေနတ်ဒဏ်ရာ နှစ်ချက်ရပြီးသေဆုံးသွားခဲ့တယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။

    အသက် ၅၀ နှစ်အရွယ်ဦးကျော်ကြီး သေနတ်နဲ့ အပစ်ခံရအပြီးမှာတော့ စစ်တပ်နဲရဲတပ်ဖွဲ့က ရောက်လာပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားတယ်လို့လည်း သူတို့ကပြောပါတယ်။

    ကျောက်ပန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီကို သတင်းပေးနေတာကြောင့် အခုလို ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်၊

    အောက်တိုဘာလ ၂၄ ရက်ညနေပိုင်းတုန်းကလည်း ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့က ကညင်ငူကျေးရွာ ကားမှတ်တိုင်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားပေါ် ဗုံးပစ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီ သတင်းပေးတွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဧရာဝတီတိုင်းအတွင်း သတ်ဖြတ်မှုတွေရှိပေမဲ့ အခုရက်ပိုင်း ဧရာဝတီတိုင်းအတွင်းမှာ ပြောက်ကျားတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်တာလည်းရှိနေပါတယ်။

    ပြီးခဲ့တဲ့သြဂုတ်လက ပုသိမ်မြို့မှာရဲတပ်ဖွဲ့ကားတစ်စီးလုံခြုံရေးယူထားစဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့သြဂုတ်လက ပုသိမ်မြို့မှာရဲတပ်ဖွဲ့ကားတစ်စီးလုံခြုံရေးယူထားစဥ်
  19. မြောင်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်

    ဒီကနေ့မနက် အောက်တိုဘာလ ၂၅ ရက်နေ့ ၈နာရီလောက်မှာပဲ စစ်ကိုင်းတိုင်းမြောင်မြို့နယ်၊ ဆူးလေးကုန်းကျေးရွာအနီးမှာ ဒေသခံကာ ကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြားပစ်ခတ်မှုတွေဖြစ်တယ်လို့ ထွက်ပြေးနေကြရတဲ့ ဆူးလေးကုန်း ဒေသခံတွေထံကသိရပါတယ်။

    မနေ့က ညနေပိုင်းက အင်အား ၃၀ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျောက်တန်းရွာကနေ နနွင်းကိုင်းနဲ့ ဆူးလေးကုန်ရွာနားမှာ လာရောက်တပ်စွဲခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ အဲဒီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ ဆူးလေးကုန်းဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။

    ခြေတချောင်း နနွင်းကိုင်း ဆူးလေကုန်း စတဲ့ ရွာတွေက ဒေသခံ ၃၀၀၀ ထက်မနည်း မနေ့ကညနေကပဲ နီးစပ်ရာ ရွာတွေကိုထွက်ပြေးနေကြတယ်လို့သိရပါတယ်။

    မနေ့က နေ့လယ် ၁နာရီလောက်မှာ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာက စစ်ကောင်စီရဲ့ စစ်ဆေးရေးစခန်းတစ်ခုကို အဲဒီဒေသက ကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထောင်စုလွတ်မြောက်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ UDLA ကထုတ်ပြန်ပါတယ်။

    UDLA အဖွဲ့က တစ်ဦးထိခိုက်မှုအနည်းငယ်ရှိခဲ့ပေမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဘက်ကတော့ ၅ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ အဲဒီအဖွဲ့ကထုတ်ပြန် ပါတယ်။

    မြောင်မြို့အပါအဝင် စစ်ကိုင်းတိုင်းထဲကမြို့နယ်အတွင်းမှာ မကြာခဏဆိုသလို နှစ်ဖက်ပစ်ခတ်မှုတွေဖြစ် တာ၊ ရွာတွေကို စစ်ကောင်စီတပ်တွေက ပီဒီအက်ဖ်သံသယနဲ့ဝင်စီးကာ၊ ပီဒီအက်ဖ်စခန်းတွေကိုဝင်ရောက် ဖမ်းဆီးတာတွေက မကြာခဏ ဆိုသလိုဖြစ်နေပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ(မြောင်မြို့နယ်ဆုံမှတ် )

  20. အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်း မှာ နေအိမ်အချို့ပျက်စီးနေ, ပြန်လည်ပြုပြင်ရန် အကူအညီတွေလိုအပ်နေ

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းမှာ နေအိမ်အချို့ပျက်စီးနေသောကြောင့် ပြန်လည်ပြုပြင်ရန် အကူအညီတွေ လိုအပ်နေတယ်လို့အဲဒီစခန်းမှာနေထိုင်သူတွေကပြောပါတယ်။

    ''ကျွန်တော်တို့ ဒီကိုရောက်နေတာက သုံးနှစ်ပြည့်တော့မှာပါ။ တချို့နေအိမ်တွေက တက်လို့ မရအောင် ပျက်စီးနေပါပြီ။ ဒါကြောင့် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေပါတယ် '' လို့ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

    အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းဟာ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသ မှာ ရခိုင့်တပ်တော် ( အေအေ) နဲ့ မြန်မာစစ်တပ်တို့ကြား ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက် က စတင်ခဲ့တဲ့ အစောဆုံးစစ်ဘေးရှောင်စခန်း တစ်ခုဖြစ်ပါတယ်။

    ''ကျွန်မတို့ မိန်းခလေးတွေ ရေချိုးဖို့အတွက် နေရာသီးသန့်မရှိပါဘူး။ အဆင်ပြေသလိုပဲ ရေချိုးနေကြရတာပါ။ စိတ်ထဲမှာတော့ မလုံခြုံသလိုခံစားရပါတယ် '' ဟု စစ်ဘေးရှောင်မြိုအမျိုးသမီးတစ်ဦးကပြောပါတယ်။

    အဲဒီစခန်းဟာ ကျောက်တော်မြို့နယ်၊ ခမောင်း၊ သိန်းချောင်း၊ ကင်ပိ၊ မီးချောင်းခုပ်ကျေးရွာများအပါဝင် ကျေးရွာ ၉ ရွာ နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်သီဖျား၊ အဝပြန်စတဲ့ ကျေးရွာတွေကမြို၊ ဒိုင်းနက်စတဲ့ လူနည်းစုတိုင်းရင်းသား၊ အိမ်ထောင်စု ၁၅၀ စု၊ လူဦးရေ ၇၂၈ ဦး စစ်ဘေးရှောင် နေထိုင်နေကြပါတယ်။ ရခိုင်ပြည်နယ် မှာမြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော် (AA)တို့ ကြား၂၀၂၀ နိုဝင်ဘာလကစပြီး တိုက်ပွဲတွေရပ်တန့်နေလို့ နေရပ်ကို ပြန်သွားကြတဲ့ စစ်ဘေးရှောင်တချို့ရှိနေပေမယ့် အများစုက စစ်ဘေးရှောင်စခန်းအသီးသီးမှာယာယီခိုလှုံနေထိုင်နေကြဆဲဖြစ်ပါတယ်။

    မြိုစစ်ဘေးရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing / MPA

    ဓာတ်ပုံ ပုံစာ, မြိုစစ်ဘေးရှောင်စခန်း
    မြိုစစ်ဘေးရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing / MPA

    ဓာတ်ပုံ ပုံစာ, မြိုစစ်ဘေးရှောင်စခန်း
    မြိုစစ်ဘေးရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing / MPA

    ဓာတ်ပုံ ပုံစာ, မြိုစစ်ဘေးရှောင်စခန်း