
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဖခင် ဘာ့ဒ်ဒီ၊ မိခင်ရို့စ်နဲ့ အစ်ကို ဘရိုင်ယန် ... ဖဲန်စတာမိသားစုကိုတွေ့ရစဉ်၊ ဇွန် ၄ ရက် ၂၀၂၁။ဖရန့်တီးယား သတင်းဌာနက ဒင်နီဖဲန်စတာ ဖမ်းဆီးခံထားရတာ ရက် ၁၀၀ ရှိလာပြီအမေရိကန် စာနယ်ဇင်းသမား ဒင်နီဖဲန်စတာ Danny Fenster ကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတာ ရက် ၁၀၀ မြောက် ရှိလာချိန် မိသားစုဝင်တွေက သူ့လွတ်မြောက်ရေး အတွက် ထပ်လောင်း တောင်းဆိုတာတွေ ပြုလုပ်ကြပါတယ်။
ဒင်နီဖဲန်စတာဟာ မြန်မာအကျဥ်းထောင်ထဲမှာ ကိုဗစ် ကူးစက် ခံထားရကြောင်း ယုံကြည်ရတယ်လို့ အမေရိကန်မှာ ရှိတဲ့ သူ့ရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။
ဩဂုတ် ၁ ရက်နေ့ ဒင်နီနဲ့ နောက်ဆုံး စကားပြောခဲ့ရတုန်းက အနံ့ အရသာတွေ ပျောက်နေတယ်လို့ ဒင်နီက ပြောပြီး၊ အာရုံမစူးစိုက်နိုင် စိတ်ကြည်ကြည်လင်လင် အနေအထားမှာ ရှိပုံမရဘူးလို့ မိခင် ဖြစ်သူ ရို့စ်ဖဲန်စတာက ဆိုပါတယ်။
ဒင်နီဖဲန်စတန်ကို မြန်မာ အကျဥ်းထောင် အာဏာပိုင်တွေက ကိုဗစ်ပိုး ရှိမရှိ ဆေးစစ်ထားသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မြန်မာနိုင်ငံထဲ ကိုဗစ် တတိယလှိုင်း ဒဏ် အဆိုးဆုံး ခံရချိန် ကာလတွေမှာ အကျဥ်းထောင်တွေထဲက ကိုဗစ် ကူးစက်မှု အခြေအနေဟာလည်း စိုးရိမ်ရဖွယ် ဖြစ်ကြောင်း ကုလအေဂျင်စီတွေ၊ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီလို နိုင်ငံတကာ အဖွဲ့တွေက ပြောခဲ့ကြပါတယ်။
NLD ထိပ်ပိုင်း ခေါင်းဆောင်တချို့ အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေ ကိုဗစ် ကူးစက်ခဲ့ကြတာကို အတည်ပြုထားနိုင်ပြီး၊ ကိုဗစ် ထိန်းချုပ်ရေး အတွက် ထောင်တွင်း တောင်းဆို ဆန္ဒပြတာတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
ရို့စ်ဖဲန်စတာကတော့ .... “အင်မတန် ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ ရက် ၁၀၀ ပါ၊ အခုလို ရက်ပေါင်း ၁၀၀ တောင် ရှိသွားပြီ ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ” ဆိုပြီး အမေရိကန် စာနယ်ဇင်းသမားတွေနဲ့ လောလောလတ်လတ် စကားပြောခဲ့တာမှာ ရင်ဖွင့်ခဲ့ပါတယ်။
ဖရန့်တီးယား သတင်းမဂ္ဂဇင်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ၊ အသက် ၃၇ နှစ် အရွယ် ဒင်နီ ဖဲန်စတာဟာ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့ တုန်းက မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားတုန်း ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကို သွားမယ့် လေယာဥ်ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ဒင်နီ ဖဲန်စတာကို ပေးမတက်တော့ဘဲ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆောင်ခဲ့သူ တစ်ဦး အဖြစ် ဖဲန်စတာ့ အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပြီး ဖဲန်စတာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။
ဒင်နီ ဖဲန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မစ်ရှီဂန်ပြည်နယ် ဟန်တင်တန်ဝုဒ်စ်မှာ ဒင်နီဖဲန်စတာ လွတ်မြောက်ရေး စုဝေးလှုပ်ရှားမှု၊ ဇွန် ၄ ရက် ၂၀၂၁။