ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရမ်းဗြဲမြို့တွင်း ရေဝင်ရောက် ၊ ရပ်ကွက်တစ်ခုစမြုပ်နေ

    ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ရမ်းဗြဲမြို့ပေါ်မှာ ဒီကနေ့ ဇွန် ၂၄ ရက် မနက်ပိုင်းကစတင်ပြီးတော့ ရေတွေဝင်ရောက်လာပြီး အမှတ် ၄ ရပ်ကွက်မှာရေစမြုပ်နေပြီဖြစ်တယ်လို့ မြို့ခံတစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းဦးက ပြောပါတယ်။

    ရခိုင်မှာ ပြီးခဲ့တဲ့ည သန်းခေါင်ယံအချိန်လောက်ကစတင်ပြီးတော့ မိုးအဆက်မပြတ်ရွာသွန်းနေပြီး မိုးရေတွေပြည့်လျှံကာ မြို့လယ်ချောင်းဒီရေမြင့်တက်လာတဲ့အချိန်မှာ အခုလိုမြို့တွင်းအနိမ့်ပိုင်းနေရာတွေကို ရေဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ရမ်းဗြဲမြို့မှာ ရပ်ကွက်လေးရပ်ကွက်ရှိပြီး လတ်တလောမှာ အမှတ် ၄ ရပ်ကွက်အတွင်းမှာရှိတဲ့ လမ်းမကြီးမှာ မနက် ၁၀ နာရီအချိန်လောက်မှာ ရေနှစ်ပေခန့်နစ်မြုပ်နေပြီဖြစ်ကာ ဒီရေတိုးလာနေတာကြောင့် ဆက်လက်နစ်မြုပ်သွားမယ့် အခြေအနေ ရှိနေတယ်လို့ ကိုထွန်းထွန်းဦးက ပြောပါတယ်။

    ဒါ့အပြင် အမှတ်လေး ရပ်ကွက်နဲ့ကပ်ရက်တည်ရှိတဲ့ တခြားရပ်ကွက်တွေကိုလည်းဆက်လက်ဝင်ရောက်လာနိုင်ပြီး အခုလို မြို့တွင်းရေပြည့်လျှံနစ်မြုပ်ရတာဟာ ရေစီးရေလာမကောင်းတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    "အခုမနက်ပိုင်းမှာစဝင်လာတာပါ။ ကျွန်တော်တို့အမှတ် လေးရပ်ကွက်မှာ နစ်နေပါပြီ။ အဓိကတော့ မိုးရေပြည့်လျှံတယ်၊ တောင်ကျရေတွေများတယ်။ ရေစီးရေလာမကောင်းတော့ မြို့လယ်ချောင်းကဒီရေနဲ့ အိုင်သွားပြီးတော့ မြို့ထဲရေဝင်လာတာပါ။ အခုလောက်ဆို ရဲစခန်းဘက်ကိုလည်း ရောက်နေလောက်ပါပြီ" လို့ ကိုထွန်းထွန်းဦးက ပြောပါတယ်။

    ရမ်းဗြဲမြို့ဟာ ဟန်တာပင်လယ်ကမ်းခြေကမြို့တစ်မြို့ဖြစ်ပြီး ဒီရေတောတွေနဲ့ တောင်တွေဝန်းရံထားတဲ့နေရာလည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီရေထွက်ပေါက်တွေများပြားပြီး ရေကြီးရေလျှံမဖြစ်သင့်ပေမယ့် မြို့တွင်းလူနေအိမ်တွေမှာ ရေထွက်ပေါက်နေရာတွေကိုပိတ်ဆို့ပြီး ခြံစည်းရိုးခတ်တာတွေ၊ နေအိမ်မြေဖို့တာတွေ၊ ရေနုတ်မြောင်းပိတ်ဆို့နေတာတွေကြောင့် အခုလိုရေကြီးမှုဒဏ်ကိုကြုံနေရတာဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

    ရမ်းဗြဲမြို့ဟာ အခုလိုမိုးတွင်းကာလမှာ မိုးကြီးရေလျှံဖြစ်လေ့ရှိပြီး ရခိုင်ပြည်နယ်အတွင်းကမြို့နယ်အများစုမှာလည်း ရေကြီးနစ်မြုပ်မှုတွေနဲ့ နှစ်စဉ်လိုလိုကြုံတွေ့နေကြရတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အများစုတို့မှာ မိုးတွင်းကာလရေကြီးနစ်မြုပ်မှုနဲ့နှစ်စဉ်ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်တွေမှာတော့ မိုးရွာသွန်းမှုနည်းပါးခဲ့တဲ့အတွက် ရေမကြီးခဲ့ပေမယ့် အခုနှစ်မှာတော့ မြို့နယ်တော်တော်များများမှာ မိုးကြီးမဲ့အလားအလာတွေရှိနေတယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

  2. မန္တလေးပစ်ခတ်မှု ဖြစ်စဉ်ဟာ ဥပဒေနဲ့အညီ ကာကွယ်ခုခံတာလို့ NUGအစိုးရ ထုတ်ပြန်

    မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပစ်ခတ်မှုဖြစ်စဉ်ဟာ ဥပဒေက ပေးအပ်ထားတဲ့ ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြုတာဖြစ်ပြီး ဥပဒေနဲ့အညီဆောင်ရွက်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရေးဝန်ကြီးဌာနက ဒီနေ့ ဇွန် ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။

    ဇွန် ၂၂ ရက်က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ လက်နက်ကိုင်ပစ်ခတ်မှုဟာ စစ်ကောင်စီရဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် လူထုက အသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့ လူထုကိုယ်တိုင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်တယ်လို့လည်း NUG ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေ၊ အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ဆောင်ရွက်မှုတွေနဲ့ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ပြီး အပြစ်မဲ့ ပြည်သူလူထုက မိမိကိုယ်ကိုယ် ကာကွယ်ခုခံဖို့ လိုအပ်ရင် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်ခြင်းဟာ ဥပဒေက ပေးအပ်ထားတဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးလည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီ ပစ်ခတ်မှုဖြစ်စဉ်ဟာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF နဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်မှုလို့ MPDF က ထုတ်ပြန်ကြေညာခဲ့ပေမယ့် NUG ရဲ့ ကြေညာချက်မှာတော့ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူလူထုကိုယ်တိုင်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုလို့ ဖော်ပြထားပါတယ်။

    အဲဒီနေ့ဖြစ်စဉ်မှာ PDF ဘက်က ၈ ဦးသေဆုံးပြီး ၈ ဦးကို လက်နက်တွေနဲ့ ဖမ်းမိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အပြင်းအထန်ထိခိုက်ဒဏ်ရာရကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

    MPDF ဘက်ကတော့ သူတို့ရဲ့တပ်ခွဲတစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့ပြီး ၂ ဦးသေဆုံး၊ ခြောက်ဦးဖမ်းခံရတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်မှုအတွင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောကြားထားပေမယ့်စစ်ကောင်စီဘက်ကတော့ အတည်မပြုသေးပါဘူး။

  3. ဗလမင်းထင်တံတားနားက ဂိတ်ကို ကေအိုင်အေ တိုက်ခိုက်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး ဗလမင်းထင်တံတားနားမှာ ဒီကနေ့ညပိုင်းက တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ ကေအိုင်ဘက်က ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

    ဒီတိုက်ခိုက်မှုက တံတားနဲ့ ပေတစ်ထောင် ဝန်းကျင်အကွာက မိုင်းနား စုပေါင်းဂိတ်ကို ကေအိုင်အေ တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ဒေသတွင်း မီဒီယာတချို့မှာတော့ ညပိုင်း ၇ နာရီ၊ ၈ နာရီမှာ မှာ အဲဒီဂိတ်နားမှာ ပစ်ခတ်မှုတွေ ဖြစ်တယ်လို့ဆိုပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဥ်တွေပါ ရောက်လာတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း တွေ့ရပါတယ်။

    ဒီတိုက်ခိုက်မှုမှာ ထိခိုက် ဒဏ်ရာရမှု အခြေအနေကို မသိရသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဘက်က တုံ့ပြန်တဲ့အနေနဲ့ ကေအိုင်အေတပ်စခန်းတွေဘက်ကို လက်နက်ကြီး လှမ်းပြီး ပြန်ပစ်ခတ်တွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

    တပ်မဟာ ၃ နယ်မြေ မိုင်ဂျာယန်၊ လိုင်ဇာတစ်ဝိုက်က တပ်စခန်းတွေနဲ့ ဖားကန့်ဘက်က တပ်မဟာ ၉ ၊ တပ်ရင်း ၆ နယ်မြေ စတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ပြန်ပစ်ခတ်တာလို့ သူက ပြောပါတယ်။

    အခု ပြောဆိုနေတဲ့ ည ၁၁ နာရီကျော်မှာတော့ အဲဒီ ပစ်ခတ်မှု အားလုံး ပြန်ငြိမ်သွားပြီး ပစ်ခတ်မှုကြောင့် လူနဲ့ အဆောက်အအုံတွေ ကေအိုင်အေဘက်မှာ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေတပ်တွေ စခန်းသိမ်းတိုက်ပွဲအထိ ပြင်းပြင်းထန်ထန် ဖြစ်တာတွေရှိခဲ့ပြီး အခုညမှာတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောဆိုတာ မရှိသေးပါဘူး။

  4. ပျက်ယွင်းနေတဲ့ ဒီမိုကရေစီကို အဖတ်ဆယ်တယ်လို့ စစ်ခေါင်းဆောင် ပုံဖော်ပြော

  5. မြန်မာစစ်တပ် အာဏာလွယ်လွယ်နဲ့ စွန့်မှာမဟုတ်ကြောင်း တရုတ်အစိုးရ မျက်မှောက်ပြုထား

    မြန်မာပြည်ဟာ စစ်တပ်အုပ်ချုပ်မှုအောက် ကာလ အတန်ကြာ ဆက်ပြီး ရှိနေဦးမယ်လို့ တရုတ်ပြည်မကြီး အစိုးရက တွက်ဆထားတယ် ဆိုပြီး ဝါရှင်တန်ဒီစီ အခြေစိုက် စတင်မ်ဆန်ဌာန (The Stimson Center) သုတေသီပညာရှင် အဖွဲ့က ပြောပါတယ်။

    မြန်မာပြည်ထဲ ဘယ်လိုတွေ ဆက်ပြီး ဖြစ်လာနိုင်တယ် ဆိုတဲ့ အပေါ် ဘေဂျင်းအစိုးရက အခြေခံကျကျ ဆန်းစစ်မှုတွေ ပြုလုပ်ထားတာမှာ စစ်အာဏာသိမ်းတိုင်း အာဏာလွယ်လွယ်နဲ့ ပြန်မစွန့်တဲ့ အစဥ်အလာ အတိုင်း အခုတခေါက်လည်း ကာလတာရှည် အုပ်ချုပ်နေလိမ့်ဦးမယ် ဆိုတဲ့ ကောက်ချက်မျိုး ဆွဲထားကြောင်း အဲဒီ ပညာရှင် အဖွဲ့က ထောက်ပြနေပါတယ်။

    စတင်မ်ဆန်ဌာနဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကဏ္ဍကို အထူးပြု လေ့လာ စောင့်ကြည့်တဲ့ သုခမိန်အဖွဲ့တစ်ခု ဖြစ်ပါတယ်။

    ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို ဖယ်ရှားခဲ့တဲ့ မြန်မာစစ်တပ်အပေါ်နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက် ဝေဖန်နေချိန် တရုတ်ကတော့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ပိုပြီး ခိုင်မာအောင် တိုးမြှင့် တည်ဆောက် နေတယ်လို့ စတင်မ်ဆန်ဌာနက သုံးသပ်ထားပါတယ်။

    တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ စတင်မ်ဆန်ဌာနက ယွန်ဆွန် ပြောတာက ....

    “မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ အောင်မြင်တယ်လို့ ဘေဂျင်းအစိုးရ ရှုမြင်ထားပုံရပါတယ်။ ဒါ့ကြောင့် တရုတ်ပိုင်စီးပွားရေးတွေ ပစ်မှတ်ထား ရန်လိုခံရတာမျိုး ရှိပေမယ့် မြန်မာပြည်ထဲမှာ တရုတ်အကျိုးစီးပွားတွေကို ဆက်ပြီး ခိုင်မာစေလိမ့်မယ်” လို့ သုံးသပ်ပါတယ်။

    အာဏာသိမ်း စစ်တပ်အောက်က မြန်မာနဲ့ တရုတ်ပြည်မကြီး အစိုးရကြား ကုန်သွယ်ရေးရော၊ သံတမန် ဆက်ဆံရေးပါ ပုံမှန်အတိုင်း ရှိနေပြီး၊ အစိုးရချင်း တိုက်ရိုက် ထိတွေ့တဲ့ “နိုင်ငံတော်အဆင့်” စီးပွားရေး ဆက်ဆံမှုတွေလည်း ပြန်စနေပြီလို့ ဆိုပါတယ်။

    ဒီအချက်တွေကို ကြည့်ရင် စစ်တပ်က ဆက်ပြီး အာဏာချုပ်ကိုင်ထားမှာကို တရုတ်က မြင်နေသလို၊ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြား ထွက်ပေါက်အနေနဲ့ တရုတ်အပေါ် အလုံးစုံမှီခိုရေး ယခင်လမ်းကြောင်းအတိုင်း မြန်မာစစ်တပ် ပြန်သွားနေပြီလို့လည်း ယွန်ဆွန်က သုံးသပ်ပါတယ်။

    နိုင်ငံတကာ မျက်နှာစာမှာ စစ်ကောင်စီကို တရားဝင် အစိုးရသဖွယ် အသိအမှတ်ပြု မဆက်ဆံရေး ဆော်ဩလှုပ်ရှား နေတာတွေ အတိုင်းအတာ တစ်ခု အထိ ထိရောက်နေပြီး ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက မြန်မာစစ်တပ်ကို အာဏာသိမ်းတာ စွန့်လွှတ်ဖို့ ပြောနေပါတယ်။

    ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်မခံတဲ့ ဖြစ်ရပ်တွေ ရှိလာနေပါတယ်။

    တရုတ်ပြည်မကြီး အစိုးရကတော့ မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှု နောက်ပြန်လှည့်သွားတော့မှာ မဟုတ်ကြောင်း ဆန်းစစ်ထားနှင့်ပြီး ဖြစ်တယ်လို့ စတင်မ်ဆန်ဌာနက ပြောနေတာ ဖြစ်ပါတယ်။

  6. စစ်ကိုင်းတိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီး

  7. အထက်မြန်မာပြည် သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းရဲ့ မွေးရပ်ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရှာ

    စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ကနီနယ်တွေအပြင် ဝက်လက်စတဲ့မြို့တွေမှာလည်း နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုပြီး ဒီကနေ့နဲ့ မနေ့က ရွာတွေကို ဝင်ရောက်ရှာဖွေတာ၊ ရွာသားတွေကို ဖမ်းဆီးတာနဲ့ ရွာက အိမ်တွေကို မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပြီး စစ်ကောင်စီဘက်ကတော့ ငြင်းဆိုမှုတွေလည်း ရှိပါတယ်။

    အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် နေရာတချို့မှာ ဒေသခံတွေက တောတွေထဲကို ထွက်ပြေးတိမ်းရှောင်တာတွေလည်း လုပ်ခဲ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။

    ဘန့်ဘွေးတောပြင်

    ယင်းမာပင်နဲ့ ကနီနယ်စပ်မှာတော့ မနေ့က ညနေကဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး ဘန့်ဘွေးတောပြင် ဒေသက ဒေသခံ နေအိမ် ၈ လုံးမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးကျော်က ပြောပါတယ်။

    ဒီမီးလောင်မှုဟာ “အကြမ်းဖက်သောင်းကျန်းသူတွေကြောင့်” ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။ ထရော်ကျင်းရွာ အပြင်ဘက်က ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးခံရတာကြောင့် စစ်ကောင်စီ လုံခြုံရေးတပ်တွေက သွားရောက်ခဲ့တာဖြစ်ပြီး လက်နက်ကိုင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    ရွာသားတွေဟာ စစ်ကောင်စီတပ်တွေက ရွာထဲဝင်ရောက်လာတဲ့အခါ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေက သေနတ်တွေ ပစ်ဖောက်ရုံမက လက်နက်ကြီးတချို့နဲ့ပါ ပစ်တာတွေအထိ ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    ဒေါက်တာတေဇာစန်းဇာတိရွာ

    ဒါ့အပြင် ဝက်လက်မြို့နယ် ရွှေအိုးရ ကျေးရွာကိုလည်း ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်လာပြီး ရွာထဲမှာဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ရွှေအိုးရ ကျေးရွာဟာ အထက်မြန်မာပြည်ရဲ့သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းရဲ့ မွေးရပ်မြေလည်း ဖြစ်ပါတယ်။

    ရွှေအိုးရကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက် နှောက်ပစ်ခတ်မှု ကြောင့် ရွာသား တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သလို ရွာက အိမ်တော်တော်များများလည်း မွှေနှောက်ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုထားတာ မရှိပါဘူး။

  8. ပဲခူး ညောင်လေးပင် ရဲကင်း ပစ်ခတ်မှု BDF နဲ့ စစ်ကောင်စီ ပြောဆိုမှု

    ဒီကနေ့ မှာတော့ ပဲခူးတိုင်း ညောင်လေးပင် ရဲကင်းစခန်းကို ပဲခူးဒေသခံ ကာကွယ်ရေးတပ်က ဝင်တိုက်တာကြောင့် ရဲ ၇ ဦးသေဆုံးတယ်လို့ ပဲခူး ကာကွယ်ရေးတပ် BDF က ထုတ်ပြန်ထားပြီး စစ်ကောင်စီက ဒါကို ငြင်းထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ အဲဒီ ရဲကင်းစခန်းမှာ ပစ်ခတ်မှု ဖြစ်ပွားတာ မရှိခဲ့ဘူးလို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။

    အဲဒီလို တိုက်ခိုက်တာဟာ မနေ့က မန္တလေးမှာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ကို တိုက်ခိုက်ခံရတာကြောင့် ပြန်လည်တိုက်ခိုက်တာဖြစ်တယ်လို့ ပဲခူး BDF က ထုတ်ပြန်ထားပြီး ဘီဘီစီက သီးခြားအတည်ပြုချက် မရခဲ့ပါဘူး။

  9. ကိုဗစ်ကူးစက်သူအသစ်၆၈၀ဦးတွေ့၊၂ဦးသေဆုံး

    အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်အနီးအနားတွေက မြို့တွေမှာ ကိုဗစ်ကူးစက်သူတွေနဲ့ သေဆုံးသူတွေ တိုးလာလို့ ဒေသခံတွေ စိုးရိမ်နေချိန်မှာ ဒီကနေ့မှာ ကိုဗစ်ကူးစက်သူ အသစ် ၆၈၀ ဦး တွေ့ရှိပြီး သေဆုံးသူ ၂ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

    ကူးစက်မှု ရာချီတွေ့တာတွေ နေ့စဥ်တွေ့လာနေပြီး ကူးစက်သူတွေရော သေဆုံးမှုတွေပါ တိုးလာနေလို့ ဆေးဝါး၊ အောက်ဆီဂျင်နဲ့ ကျန်းမာရေး ဝန်ထမ်းမလုံလောက်မှု ပြဿနာတွေကို ဒေသခံတွေနဲ့ ဒေသခံ ပရဟိတအဖွဲ့တွေ တွေ့ကြုံနေရပါတယ်။

    အခုချိန်ထိမြန်မာနိုင်ငံမှာ စုစုပေါင်းကူးစက်သူ ၁၄၉,၉၂၇ ဦး ရှိပြီး သေဆုံးသူ ၃,၂၆၉ ဦး ရှိပြီဖြစ်ပါတယ်။

    မနေ့ကတော့ ကူးစက်သူ အသစ် ၆၃၀ ဦး ရှိခဲ့ပါတယ်။

  10. မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေ အချက် ငါးချက် သဘောတူပြီး အပစ်ရပ်ထား

    ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ခိုက်မှုတချို့ မြေပြန့်မှာ ဖြစ်နေချိန်မှာ တောင်တန်းဒေသဖြစ်တဲ့ ချင်းပြည်နယ် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တွေဟာ အချက် ငါးချက် သဘောတူပြီး အပစ်အခတ်ရပ်ထားပါတယ်။

    CDM ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေ မလုပ်ဖို့ ၊ မင်းတပ်-ကျောက်ထုသွားလမ်းတွေမှာ စစ်ကောင်စီဘက်က ဟန့်တားနှောက်ယှက်တာတွေ မလုပ်ဖို့၊မင်းတပ်ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဘက်က သတင်းမှားတွေ မပြန့်ဖို့ တာဝန်ယူဖို့ စတဲ့ အချက်တွေပါတဲ့ သဘောတူညီချက် ၅ ချက်နဲ့ ညှိနှိုင်းသဘောတူချက်တွေ ထုတ်ပြန်ပြီး ၁၄ ရက် အပစ်အခတ်ရပ်စဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

  11. ကိုဗစ်ကူးစက်မှု နယ်စပ်အနီး မြို့တွေမှာ တွေ့ရှိမှု တိုးလာနေ

    ကိုဗစ်လူနာသစ်တွေ့ရှိမှု မနေ့က ၆၃၀ ဦး အထိ တွေ့ရှိခဲ့ပြီး လက်ရှိမှာ နယ်စပ်ဝင်ပေါက်တွေနဲ့နီးတဲ့ ပြည်နယ်နဲ့တိုင်းတွေ့မှာ ပိုးတွေ့လူနာ ပိုများလာရတာကို တွေ့ရပါတယ်။

    • ကလေးမြို့

    အိန္ဒိယနယ်စပ်နဲ့ကပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန်လဆန်းကနေ ဒီကနေ့ အထိ ပိုးတွေ့လူနာ ၆၀၀ ကျော် တွေ့ရှိထားပါတယ်။ သေဆုံးသူ ဟာ အတည်ပြုနိုင်တဲ့စာရင်း အရ အယောက် ၃၀ လောက်ရှိပြီး အတည်မပြုနိုင်တဲ့ စာရင်းတွေအရဆိုရင်တော့ ကလေးမြို့မှာ ကိုဗစ်ကြောင့်သေဆုံးသူ အယောက် ၄၀ လောက်ရှိတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

    ဆေးဝါး၊ အောက်ဆီဂျင်နဲ့ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုတွေက အဓိကပြဿနာဖြစ်နေတယ်လို့ အိတ်စွပ်ကိုဗစ်စင်တာက တာဝန်ရှိသူကပြောပါတယ်။

    • ဖလမ်း

    ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာလည်း ရောဂါကူးစက်မှုမြန်နေသလို သေဆုံးမှုတွေကလည်း တိုးလာလို့ မြို့ခံတွေက စိုးရိမ်လာကြပါတယ်။

    တခါ ကုသပေးတဲ့အပိုင်းမှာလည်း လိုအပ်ချက်တွေ အများအပြားရှိနေလို့ အခက်အခဲတွေဖြစ်နေကြတယ်လို့ ဖလမ်းပရဟိတ အဖွဲ့က သိရပါတယ်။

    ပိုးတွေ့လူနာနဲ့ဖလမ်းမြို့လူဦးရေ မမျှတတဲ့အထိ ဖြစ်နေပြီလို့ ဖလမ်းစေတနာ့ဝန်ထမ်းပရဟိတက ကိုငယ်ပီးက ပြောပြပါတယ်။

    • ရှမ်းမြောက်က မြို့နယ်တွေ

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း လားရှိုးအပါအဝင် မြို့နယ်တချို့မှာ ဇွန် လဆန်းကနေ ဒီနေ့အထိ ကိုဗစ်ပိုးတွေ့လူနာဟာ ၂၀၀ နီးပါး အထိရှိလာပြီလို့ Covid-19 Operation Team ပရဟိတ အဖွဲ့က ပြောပါတယ်။

    Home Quarantine ထားရှိတဲ့ နေအိမ်တစ်အိမ်က အမျိုးသားတစ်ဦးဟာလည်း ကိုဗစ်ရောဂါရှိကြောင်း အဖြေထွက်ခဲ့လို့ စိတ်ဓာတ်ကျပြီး ကိုယ့်ကို သတ်သေခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

    လားရှိုးမှာကိုဗစ် ကူးစက်မြန်တဲ့ အခြေအနေဖြစ်လာလို့ လားရှိုးမြို့မဈေးနဲ့လမ်းအချို့ကို လော့ဒေါင်းလုပ်ထားတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ နယ်ဒေသတွေမှာ ကိုဗစ်ကူးစက်မှုမြန်လာတယ်လို့ စစ်ကောင်စီရဲ့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာနေပေမယ့် ဒေသအလိုက်ထိန်းချုပ်တာတွေ လုပ်ချင်တဲ့ စစ်ကောင်စီရဲ့အကြောင်းပြချက်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    တခါ ပရဟိတအဖွဲ့အများစုနဲ့ စေတနာ့ဝန်ထမ်းတွေကလည်း စစ်ကောင်စီလက်အောက်က ကိုဗစ်ကုသထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့မရှိဘူးလို့ ပြောဆိုနေကြပါတယ်။

    ကိုဗစ်ကူးစက်မှုတွေ တိုးလာလို့ Stay at home မြို့နယ်တွေသတ်မှတ်ထားတာ အခုဆိုရင် မြို့နယ် ကိုးခု အထိ ရှိလာပြီ ဖြစ်ပါတယ်။

  12. ရခိုင်မှာ ကိုဗစ်ပိုး ခြောက်ဦးထပ်တွေ့၊ အကျဉ်းသားတွေလည်းပါဝင်

    ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၂၃ ရက် ဒီကနေ့တစ်ရက်တည်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ ခြောက်ဦးရှိပြီး အဲဒီထဲမှာ အကျဉ်းသားနှစ်ဦးပါဝင်နေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က အတည်ပြုပြောဆိုပါတယ်။

    ဒီကနေ့ဆေးစစ်ချက်တွေအရ ပိုးတွေ့သူ ခြောက်ဦးအနက် လေးဦးမှာ ဒေသတွင်းကူးစက်ခံရသူတွေဖြစ်ပြီး အကျဉ်းသားနှစ်ဦးကတော့ ဘယ်လိုကူးစက်ခံထားရတယ်ဆိုတာကို မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

    အဲ့ဒီအကျဉ်းသားနှစ်ဦးကတော့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ သံတွဲဆေးရုံမှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ဘယ်ဒေသကလူတွေ ဖြစ်တယ်ဆိုတာကို မသိရသေးဘူးလို့ဆိုပါတယ်။

    ဒီကနေ့စစ်ဆေးတွေ့ရှိခဲ့တဲ့ ဆက်စပ်ကူးစက်ခံရသူ လေးဦးမှာ အသက်ကြီးပိုင်းတွေပါသလို လူငယ်တွေလည်းပါဝင်နေတယ်လို့ သိရပါတယ်။

    စစ်တွေမြို့မင်းဂံရပ်ကွက်က ဒေသတွင်းကူးစက်ခံခဲ့ရတဲ့ အမျိုးသမီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖျားနာ၊ ခေါင်းဆိုးဖြစ်ပြီး သတိလစ်ချင်သလိုလိုဖြစ်နေတဲ့အတွက် စစ်တွေဆေးရုံကြီးကို ရောက်ရှိလာတာကြောင့် သံသယနဲ့စစ်ဆေးခဲ့ရာမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိတို့နှစ်ဦးအနက် တစ်ဦးမှာလည်း ဖျားနာပြီး သတိလစ်နေတဲ့အတွက် မောင်တောခရိုင်ဆေးရုံကိုရောက်ရှိလာတဲ့အချိန် သံသယနဲ့စစ်ဆေးခဲ့ရာမှာ ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောဆိုထားပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ပိုးကူးစက်ခံရသူတွေကို နေ့စဉ်တွေ့ရှိနေတာဖြစ်ပြီး တစ်ရက်ထက်တစ်ရက် တွေ့ရှိမှုအခြေအနေက ပိုမိုများပြားလာနေသလို မနေ့ကနဲ့ ဒီကနေ့နှစ်ရက်ဆက်တိုက် ခြောက်ဦးစီ တွေ့ရှိထားတာပါ။

    ကိုဗစ်ပိုးကူးစက်ခံရမှုအများဆုံးကတော့ စစ်တွေမြို့ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းက ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်စည်ပို့ဆောင်နေတဲ့သင်္ဘောသားတွေဖြစ်ကြပါတယ်။

    လတ်တလောမှာတော့ ကိုဗစ်ပိုးကူးစက်ခံရမှုမြင့်တက်လာနေပေမယ့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုမရှိစေဖို့အတွက် နယ်စပ်ကုန်သွယ်စခန်းတွေကိုတော့ ပိတ်သိမ်းဖို့မရှိသေးဘူးလို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဘက်ကနေ ပြောဆိုထားပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ဧပြီလအတွင်းကနေ ကိုဗစ်ပိုးပြန်လည်စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သုံးလကျော်အတွင်းမှာ ပိုးကူးစက်ခံခဲ့ရသူပေါင်း ၈၆ ဦးထိရှိလာနေပြီ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရသူပေါင်း ၅၃ ဦးရှိနေတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

  13. မြန်မာစစ်တပ်အာဘော်တွေ ဖေ့စ်ဘုတ်က ဖြန့်ချိပေးသလို ဖြစ်နေ

    ဖေ့စ်ဘုတ်ရဲ့ အယ်လ်ဂိုရစ်သမ် စနစ်ကနေ အကြံပြုတဲ့ စာမျက်နှာတွေ၊ ပို့စ်တွေထဲမှာ မြန်မာပြည် စစ်အာဏာသိမ်းခံရမှု ဆန့်ကျင်ရေးသမားတွေ အပေါ် အကြမ်းဖက်ဖို့ လှုံ့ဆော်နေတာတွေလည်း ပါဝင်နေတယ်ဆိုပြီး နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့ တစ်ခုဖြစ်တဲ့ ဂလိုဘယ် ဝစ်တနက်စ် Global Witness အဖွဲ့က စစ်တမ်းတစ်စောင် ထုတ်ပြန်ပါတယ်။

    ဖေ့စ်ဘုတ် အယ်လ်ဂိုရစ်သမ်ဆိုတာ သုံးစွဲသူတွေနဲ့ သက်ဆိုင်မယ် ထင်တဲ့ အရာတွေကို အလိုအလျောက် ဦးစားပေး အကြံပြုပေးတဲ့ ကွန်ပျူတာဥာဏ်ရည် နည်းပညာ ဖြစ်ပါတယ်။

    မြန်မာသုံးစွဲသူ ဖေ့စ်ဘုတ်ယူဇာတွေကို အလိုအလျောက် အကြံပြုပေးနေတဲ့ ပို့စ်တွေ၊ စာမျက်နှာတွေထဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသမားတွေ အပေါ် အကြမ်းဖက် ရန်မူဖို့ လှုံ့ဆော် ထားတာတွေ ပါဝင်နေကြောင်း Global Witness က ထောက်ပြလာတာ ဖြစ်ပါတယ်။

    ဥပမာ- အမျိုးသမီးငယ်တစ်ယောက်ရဲ့ မျက်နှာနဲ့ ဖေ့စ်ဘုတ် ပရိုဖိုင်းကို စကရင်ရှော့ ရိုက်ပြီး လှိုင်သာယာမှာ မီးရှို့တဲ့သူ၊ အသေရရ အရှင်ရရ ဆုငွေ ၁၀ သန်း ဆိုတဲ့ ပို့စ်မျိုး ဖြစ်တယ်လို့ GW အဖွဲ့က ဆိုပါတယ်။

    နောက်ဥပမာ တစ်ခုက မြန်မာပြည်မှာ အကြမ်းဖက် အဖွဲ့ IS ရှိနေပြီ ဆိုတဲ့ လုပ်ကြံသတင်းနဲ့ အတူ စစ်အာဏာသိမ်းတဲ့အပေါ် ထောက်ခံတဲ့ အရေးအသားတွေ၊ ပြည်သူတွေ အပေါ် အကြမ်ဖက် ရန်ပြုတာကို အားပေးတဲ့ ပို့စ်မျိုးတွေလည်း တွေ့ရတယ်လို့ GW က စစ်တမ်းထုတ်ပါတယ်။

    ဖေ့စ်ဘုတ် အယ်လ်ဂိုရစ်သမ်က လူတွေကို အကြံပြုနေတဲ့ ပို့စ်တွေထဲ အဲဒီလို အသက်ကို ရန်မူဖို့ လှုံ့ဆော်တဲ့ စာမျိုးတွေ၊ သတင်းမှားတွေ ပါဝင် နေတာဟာ ဖေ့စ်ဘုတ် ကုမ္ပဏီ ကိုယ်တိုင် ကတိပြုထားတာတွေကို ချိုးဖောက်ရာ ရောက်နေတယ်လို့ GW က ဝေဖန်ပါတယ်။

    ဖေ့စ်ဘုတ်အနေနဲ့ မြန်မာ စစ်တပ်ပိုင် စာမျက်နှာတွေ၊ မြန်မာ စစ်တပ်ရဲ့ အာဘော်ကို ထင်ဟပ်တဲ့ တရားဝင် ပြန်ကြားရေး စာမျက်နှာတွေနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ အကောင့်တွေကို ဖယ်ရှားခဲ့ပြီး လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ကြောင်း သမိုင်းရှိနှင့်ပြီး ဖြစ်တဲ့ မြန်မာ စစ်တပ်ရဲ့ အာဘော်ကို ဖေ့စ်ဘုတ် ပလက်ဖောင်းကို အသုံးပြု ဖြန့်ချိခွင့် ပေးမှာ မဟုတ်ဘူးလို့ ကတိပြု ပြောဆို ထားပါတယ်။

    ဒါပေမယ့် ဖေ့စ်ဘုတ်ရဲ့ အယ်လ်ဂိုရစ်သမ်ကြောင့် စစ်တပ်အာဘော် ပို့စ်တွေ၊ စာမျက်နှာတွေနဲ့ အတူ သတင်းတု သတင်းမှားတွေဟာ မြန်မာ သုံးစွဲသူ ယူဇာတွေကြား ရောက်ရှိနေဆဲ ဖြစ်တယ်လို့ GW ရဲ့ စစ်တမ်းက တွေ့ရှိ ထားပါတယ်။

  14. မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်မယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးပြော

    ရုရှားနဲ့မြန်မာကြား စစ်ဘက် ဆက်ဆံရေး ပိုခိုင်မာ တိုးတက်အောင် ဆက်ပြီးလုပ်မယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေးရွှိုင်ဂူးက မော်စကိုမှာ ရောက်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့တယ်လို့ ရုရှားက လာတဲ့ သတင်းတွေက ဆိုပါတယ်။

    “ နှစ်နိုင်ငံကြား တည်ဆောက်နှင့်ပြီး ဖြစ်တဲ့ အပြန်အလှန် နားလည်မှု၊ လေးစား ယုံကြည်မှုတွေ အပေါ် အခြေခံလို့ ဆက်ဆံရေး ပိုခိုင်မာအောင် ဆက်လက် လုပ်ဆောင်ကြရေး စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်” လို့ ရုရှား ကာကွယ်ရေးဝန် ရွှိုင်ဂူးကို ကိုးကားပြီး ရုရှား သတင်းဌာန RIA က ရေးပါတယ်။

    မော်စကိုမှာ အခုသီတင်းပတ်ထဲ ကျင်းပနေတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ နှီးနှောပွဲ MCIS ကို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်နေပါတယ်။

    ဇွန်လ ၂၃ ရက်နေ့မှာ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် MCIS အစည်းအဝေးမှာ စကားပြောတဲ့ သတင်း ဓာတ်ပုံတွေ ရရှိထားပါတယ်။

    အာဏာသိမ်း စစ်တပ်ချုပ်ကိုင်ထားတဲ့ မြန်မာပြည်နဲ့ကြား လက်နက် အရောင်းအဝယ် အပါအဝင် စစ်ဘက် ဆက်ဆံရေး ရုရှားက ဆက်လက် ထားရှိနေတာ၊ အပြန်အလှန် ခရီးတွေ သွားရောက် နေကြတာတွေ အပေါ်လူ့အခွင့် အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန် နေကြပါတယ်။

    အဓိကကတော့ အာဏာသိမ်း စစ်ကောင်စီကို တရားဝင် အစိုးရသဖွယ် ရုရှားက အသိအမှတ်ပြု ဆက်ဆံနေတဲ့ သဘောသက်ရောက်မှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လက်ရှိ မော်စကို ခရီးစဥ် အတွင်းမှာတော့ ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ မရှိဘူးလို့ ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်ရှ်ကော့ဗ်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေက ရေးနေပါတယ်။

    မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ပြီး အရောက်သွားဖို့၊ ဖမ်းဆီးခံထားရတဲ့ တရားဝင် ရွေးကောက်တင်မြှောက်ခံ အစိုးရ ခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့ ဆိုတဲ့ အချက်တွေကို တရုတ်၊ ရုရှား အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ သဘောထား ထုတ်ပြန် ထားပါတယ်။

    ဒါ့အပြင် မြန်မာပြည်မှာ အရပ်သားတွေ သေဆုံးနေရတာကို အင်မတန် စိုးရိမ်ပူပန်ကြောင်း သမ္မတပူတင်ရဲ့ ရုရှားအစိုးရက ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

  15. ကင်းမ ရွာသူရွာသားတွေ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရသလဲ

  16. စစ်အာဏာသိမ်းဆန့်ကျင့်ရေး မြိုင်သပိတ်စစ်ကြောင်း

    မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနဲ့ မြောက်ပိုင်းဇုန်ရှိ ဒေသခံပြည်သူတွေပူးပေါင်းပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် ဇွန်လ ၂၃ရက်မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့မြင်ကွင်းတွေပါ။

    ဓာတ်ပုံ-CJ

  17. လှိုင်မြို့နယ် (၁၃)ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နေရာမှာတင်သေဆုံး

    ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ သီရိမြိုင် (၁၀)လမ်းက လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်ကြီးဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရလို့ နေရာတင်မှာတင်သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

    သူဟာ စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းပေးတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ပေါ်နေပြီးအခုလို ပစ်ခတ်ခံရမှုဟာ ဒီသံသယကြောင့် ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပေမယ့်ဘီဘီစီက ဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ဦးကျော်ကြီး သေဆုံးသွားကြောင်း လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ဖြစ်စဉ်နားနေ ပြည်သူ (၅)ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

  18. အဆိုတော်ရေမွန် ကွယ်လွန်

    Idiots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ ဒီနေ့ ဇွန် ၂၃ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဘာကြောင့် ကွယ်လွန်တယ်ဆိုတာတော့ မသိရသေးပါဘူး။

    ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ "လူအဂီတ" ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

    မကွယ်လွန်မီ ဇွန် ၁၉ ရက်နေ့က နိုင်ငံတဝန်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲရာမှာ ပါဝင်ခဲ့တာကို သူ့ရဲ့ လူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။ ရေမွန်ရဲ့ ဂီတတီးဝိုင်း Idiots ဖေ့စ်ဘွတ်စာမျက်နှာကလည်း အနက်ရောင်ပရိုဖိုင်းပြောင်းလဲထားပြီး ရေမွန်သေဆုံးသွားကြောင်းနဲ့ ကောင်းမွန်ရာဘုံဘဝရောက်စေဖို့ ဆုတောင်းပေးထားတာတွေ့ရပါတယ်။

  19. စစ်ကောင်စီနဲ့ ဆက်စပ်ကုမ္ပဏီတွေကို ယူကေ ထပ်မံ အရေးယူပိတ်ဆို့

    စစ်ကောင်စီက ဝင်ငွေရလမ်း ဖြစ်တဲ့ သစ်လုပ်ငန်းနဲ့ ပုလဲလုပ်ငန်းတို့ကို ပိတ်ဆို့ အရေးမယ်လို့ ယူကေ အစိုးရက ဇွန်လ ၂၁ ရက်က ကြေညာပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံမှာ ကုန်သွယ်မှု တိုးမြှင့်ဖို့ ယူကေ အစိုးရက ဆိုင်းငံ့ထားပြီး မြန်မာစစ်တပ် အကျိုးရှိမယ့် ကုန်သွယ်မှုဆက်ဆံရေးတွေ ရှောင်ရှားဖို့ ယူကေ စီးပွားရေးလုပ်ငန်းတွေကို အကြံပေးမယ်လို့လည်း ဆိုပါတယ်။