မြန်မာနိုင်ငံ ကိုဗစ်မျိုးကွဲသစ်
သုံးမျိုးသစ်တွေ့ရှိတယ်လို့ ကြေညာခဲ့ပြီး အခုရက်ပိုင်းအတွင်း ရန်ကုန်၊ လှည်းကူးမြို့နယ်က
မဟော်သဓာ ကျောင်းမှာ အစုလိုက်အပြုံလိုက် ပိုးတွေ့ရှိခဲ့သလို မွန်ပြည်နယ်၊ မော်လမြိုင်က
အထက်တန်းကျောင်းမှာလည်း ပိုးတွေ့ရှိမှု တချို့ရှိပါတယ်။
ကိုဗစ်ပိုးတွေ့ရှိမှုတွေ ဆက်တိုက်များပြားနေပေမယ့် ဇွန်လဆန်းမှာ ဖွင့်ခဲ့တဲ့ ကျောင်းတွေကတော့ ဆက်ဖွင့်နေဆဲပါ။
အဲဒီထဲကမှ ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်က အစိုးရကျောင်းတွေကိုတော့
အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါတယ်။
ပိုးတွေ့နှုန်းများနေတဲ့
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ ဆေးရုံမှာ တက်ရောက်ကုသသူထက် အိမ်တွေမှာ နေထိုင်တဲ့သူတွေ
ပိုများနေပါတယ်။
စစ်ဆေးရုံဘက်ကလည်း
ကိုဗစ် ပိုးရှိ၊ မရှိကိုသာ စစ်ဆေးပေးပြီး ပိုးတွေ့အတည်ပြု လူနာတွေကို လက်ခံကုသပေးတာမရှိဘူးလို့
ဒေသခံတွေက ဆိုပါတယ်။
ကလေးမြို့က ပိုးတွေ့အတည်ပြုလူနာတွေ
လက်ခံထားတဲ့ အိတ်စွပ်စင်တာရဲ့အခြေအနေကို အဲ့ဒီက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပြရာမှာ လက်ရှိမှာ
ပိုးတွေ့လူနာ ၂၄၀ လောက်အထိ လက်ခံထားပြီး စင်တာမှာ လူနာ ၄၀၀ လောက်ထိ လက်ခံနိုင်တဲ့ အခြေအနေရှိတယ်လို့
ဆိုပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယအပြင် ထိုင်းနိုင်ငံ တို့မှာပါ ကိုဗစ်ပိုးတွေ့နှုန်း မြင့်တက်လာတာကြောင့်
နယ်စပ်ဒေသတွေကို အထူးဂရုစိုက်ဖို့လိုတယ်ဆိုတဲ့ ထောက်ပြချက်တွေလည်းရှိပါတယ်။
ပြီးတော့ ကူးစက်မြန်လို့
ကုသမှုပိုင်းမှာလည်းခက်ခဲနိုင်တာကြောင့် ကြိုတင်ပြင်ဆင်သင့်တယ်လို့ကျန်းမာရေးပညာရှင်တွေက
ပြောကြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ
တာဝန်ရှိသူတွေက ရန်ကုန်မြို့က အင်းယားစင်တာနဲ့ မြန်မာကွန်ဗန်းရှင်းစင်တာတွေကို ပိုးတွေ့အတည်ပြုလူနာထားဖို့
ပြင်ဆင်နေပြီး မြို့နယ်တချို့မှာလည်း ကွာရန်တင်းစင်တာတွေထားဖို့
ပြင်ဆင်နေပါတယ်။