ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပုလဲ - ဂန့်ဂေါလမ်းမဘက်ကဖြတ်သွားတဲ့ စစ်ကား(၃) စီး မိုင်းမိပြီးပေါက်ကွဲမှုဖြစ်၊ လူသေဆုံးမှုရှိတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ခင်အေးကျေးရွာအနီး ပုလဲ - ဂန့်ဂေါလမ်းမပေါ်က ဖြတ်သွားတဲ့ စစ်ကား (၅) စီးအနက် (၃) စီးမိုင်းမိပြီး ပေါက်ကွဲတယ်လို့ သိရပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် လူသေဆုံးမှုရှိပြီး စစ်ကောင်စီဘက်ကပဲ ပြန်သယ်ယူသွားတယ်လို့ ဆိုပါတယ်။

    "သုံးစီးမှာ ၂စီးက တော်တော်ထိတယ်၊ တစ်စီးက နောက်ပိုင်းပဲထိတာ၊ သေတာကတော်တော်သေမယ် ထင်တယ်။ ဒါတွေက ရှေ့ပြေးကားတွေဖြစ်မယ်ထင်တယ်ဗျ။ ညကထဲက မြို့ထဲမှာဒီကား(၅)စီးကရောက်နေတာ။ ပေါက်ကွဲမှုပြီးတော့ စစ်ကား အစီး ၅၀လောက် ဂန့်ဂေါဘက်သွားတယ်။" လို့ ဒေသခံတဦးကပြောပါတယ်။

    ခင်အေးကျေးရွာအနီးမှ အရင်ကဒီလိုပေါက်ကွဲမှုကြီးကြီးမားမားမရှိခဲ့ဘူးလို့ သိရပါတယ်။

  2. ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေ ၂၄ နာရီပြန်လည်လက်ခံတော့မယ်လို့ဆို

    ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဒီကနေ့ ဇွန် ၂၅ ရက်နေ့ကစပြီး လူနာလက်ခံတာတွေကို ၂၄နာရီပတ်လုံး ပြန်လည်လက်ခံသွားတော့မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ဘီဘီစီကိုပြောပါတယ်။

    ‘‘ ၂၄ နာရီ ဂျုတီချပြီး လူနာတွေပြန်လက်ခံဖို့ ပြန်ဖွင့်တာပါ။ ဆရာဝန်အင်အားကတော့ လည်ပတ်နိုင်တဲ့ အနေအထားတော့ပြန်ရပြီ။ အရင်လို အင်တိုက်အားတိုက်တော့မဟုတ်သေးဘူးပေါ့။ အရင်ကတော့ အရေးပေါ်ပဲ။ အခုကတော့ လူနာတွေကို အရေးပေါ်တင်မဟုတ်ဘဲ ပြန်လက်ခံပေးနိုင်မှာပေါ့။ ကိုဗစ် အတွက်အဓိကနဲ့ တခြားရောဂါအတွက်လည်း ပါပါတယ်။’’ လု့ိ သူကပြောပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီက အာဏာရယူပြီးနောက်ပိုင်း အာဏာသိမ်းမှုအပေါ် လက်မခံနိုင်တဲ့ ဆရာဝန်အများစုဟာ အလုပ်မတက်ဘဲ အာဏာဖီဆန်မှုအနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့အတွက် နိုင်ငံအဝှမ်းက အစိုးရဆေးရုံအများစုဟာ ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

  3. အဆိုတော် ရေမွန် နာရေးအခမ်းအနားပြုလုပ်

  4. ကလေးမြို့မှာ မနေ့ကတစ်ရက်တည်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၄ဦးရှိခဲ့

    ကလေးမြို့မှာ မနေ့က ဇွန် ၂၄ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်ကြောင့် သေဆုံးရသူပေါင်း ၁၄ဦး ဝန်း ကျင်ရှိခဲ့တယ်လို့ ကလေးမြို့ခံတွေထံကသိရပါတယ်။

    ‘ ‘ စင်တာကနေ ဆုံးတာကတော့ ၄ဦးပါ။ ဒါပေမယ့် မြို့ထဲက ကိုယ့်အိမ်မယ်ကိုယ်နေနေသူတွေထဲက ဆုံးတာက ၁၀ ဦးလောက် ချပေးခဲ့ရတယ်လို့ ပရဟိတအဖွဲ့တွေဆီကပြန်သိရတယ်။ အိတ်စွပ်စင်တာမှာ လူ ၄၀၀ လောက်ဆံ့ပေမယ့် လူနာ ၂၀၀ ပဲရှိတယ်။ တချို့တွေက စင်တာက စစ်အစိုးရလက်ထက်မို့ သူတို့နဲ့ ပေါင်းဖွင့်တာဆိုပြီး မကုဘူးဆိုပြီး မလာတာတွေရှိတယ်။ ဒါပေမယ့် အခုကိုဗစ်က အောက်ဆီဂျင်ရှူရမယ့် အချိန်မှာ မရှူရရင် သေတာပဲ။’’ လို့ ကလေးအိတ်စွပ်စင်တာမှာ ဘော်လန်တီယာဆောင်ရွက်ပေးနေသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    တကျော့ပြန်ကိုဗစ် ဖြစ်ပွားနေတဲ့ ကလေးမြို့မှာတစ်လဝန်းကျင်အတွင်း အိတ်စွပ်စင်တာနဲ့ ကလေး ပြည်သူ့ဆေးရုံ ၂ခုပေါင်းမှာ ကိုဗစ်ကြောင့် သေဆုံးရသူပေါင်း စုစုပေါင်း ၃၂ ဦးအထိ ရှိပြီလို့ သိရပါတယ်။

    ‘ ‘ ၃၂ ဦးဆိုတာက တရားဝင်စာရင်းပေါ့နော်။ ဒါပေမယ့် ရပ်ကွက်တွေထဲ သေတဲ့သူက ၆၀ လောက်ရှိပြီလို့ သေဆုံးသူတွေကို အလောင်းကူချပေးနေရတဲ့ ပရဟိတတွေကပြောတယ်။ လက်ရှိ မြို့ပေါ်မှာတော့ နေအိမ် တွေမှာပဲ home quarantine နေတဲ့အိမ်ဆိုတဲ့ စာတမ်းချိတ်ပြီး နေအိမ်တွေမှာပဲ နေနေတဲ့သူတွေကလည်း အများကြီးပဲ။ ဆေးဆိုင် ၃ဆိုင်ကလည်း ဝန်ထမ်းတွေထိသွားတော့ ကျန်တဲ့ဆေးဆိုင်အများစုကပါ ကြောက်ပြီး ပိတ်ထားကြတယ်။ ဆေးတွေပါ ဝယ်ရခက်ကုန်တယ်။ အခုဆို ကိုဗစ်စစ်လို့ရတဲ့ Test kit တွေဝယ်ပြီး ကိုယ့်ဘာသာစစ်ကြပြီး ပေါ့စတစ်ဆို အိမ်မှာပဲ နေနေကြတာတွေလည်းရှိနေတယ်’’လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

    လက်ရှိမှာ ကိုဗစ်ဖြစ်ပွားမှုအခြေအနေဆိုးရွားလာတာကြောင့် ကလေးပြည်သူ့ဆေးရုံမှာ CDM လုပ်ထားတဲ့ ဆရာဝန်အချို့ဟာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး လူနာတွေကို ကုသပေးဖို့ ယာယီပြန်လာကူပေး သူဆရာဝန်အချို့လည်းရှိနေတယ်လို့ သိရပါတယ်။

  5. မြန်မာစစ်ကောင်စီကို အရေးယူဖို့ လက်နှေးနေတဲ့ ဩစတြေးလျအစိုးရ ဖိအားတွေနဲ့ကြုံ

    ဩစတြေးလျနိုင်ငံမှာ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင် ဦးဆောင်တဲ့ အစိုးရ အနေနဲ့မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ အပေါ် ပိတ်ပင် ကန့်သတ်တာတွေ ချမှတ်ဖို့ နိုင်ငံရေးပါတီ အသီးသီးက ပါတီဝင် ပါလီမန် အမတ်တွေ ဖိအားပေး နေပါတယ်။

    လက်ရှိမှာတော့ ဩစတြေးလျ အနေနဲ့ မြန်မာစစ်တပ် အရာရှိ ၅ ယောက်အပေါ် ၂၀၁၈ ကတည်းက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေပဲ ရှိနေပါတယ်။

    အဲဒီအထဲ အာဏာသိမ်း စစ်ခေါင်းဆောင် ထိပ်ဆုံး နှစ်ယောက်စလုံး မပါဝင်ဘူး ဆိုပြီး ထောက်ပြကြပါတယ်။

    ဩစတြေးလျ အစိုးရ အပေါ် ဖိအားပေးသူတွေထဲ၊ ဝန်ကြီးချုပ်မော်ရစ်ဆင်ရဲ့ လစ်ဘရယ်ပါတီဝင် အမတ်တွေလည်း ပါဝင်နေပြီး၊ ကျန်တဲ့ နေရှင်နယ်၊ လေဘာ၊ ဂရင်း ပါတီပေါင်းစုံက တောင်းဆို နေတာ ဖြစ်ပါတယ်။

    ဒါ့အပြင်၊ ဩစတြေးလျ ထဲ ဆက်ပြီး နေလိုတဲ့ မြန်မာနိုင်ငံသားတွေကို အမြဲတမ်း နေထိုင်ခွင့် ကမ်းလှမ်းဖို့လည်း အစိုးရအပေါ် ပါလီမန်အမတ်တွေ တိုက်တွန်း နေပါတယ်။

  6. မြန်မာအထည်ချုပ်အလုပ်သမားတွေကို အကာအကွယ်ပြုပေးတဲ့ ညွှန်ကြားလွှာ

    မြန်မာနိုင်ငံထဲ လတ်တလော အခြေအနေတွေကြောင့် အလုပ်ဆင်းဖို့ရာ အခက်အခဲ တွေ့ကြုံနေရတဲ့ အထည်ချုပ် စက်ရုံ အလုပ်သမားတွေကို အကာအကွယ်ပြု ပေးရမယ်ဆိုပြီး အလုပ်သမား အခွင့်အရေး ဆိုင်ရာ မြှင့်တင်ရေး နိုင်ငံတကာ အဖွဲ့အစည်း ACT initiative ကနေ ညွှန်ကြားချက်တွေ ထုတ်ပြန်လာပါတယ်။

    ACT initiative ဆိုတာ ဖိနပ် အပါအဝင် အထည်ချုပ် လုပ်ငန်းတွေထဲ ပတ်သက်နေကြတဲ့ နာမည်ကြီး ကုမ္ပဏီတွေ၊ ကုန်တိုက် အရောင်းဆိုင်တွေနဲ့ အလုပ်သမား သမဂ္ဂတွေကြား ရရှိထားတဲ့ နိုင်ငံတကာ သဘောတူမှုကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေထဲ ပါခဲ့လို့ အဖမ်းဆီး ခံရနိုင်တဲ့ အန္တရာယ်ရှိနေတဲ့ အတွက် အလုပ်မဆင်းပဲ တိမ်းရှောင်နေသူတွေကို အလုပ်ကနေ ထုတ်ပယ်တာမျိုး မလုပ်ဖို့ ACT initiative က စက်ရုံပိုင်ရှင်တွေကို ပြောထားတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ ရေးထားပါတယ်။

    ၃ ရက်ဆက်ပြီး အလုပ်မဆင်းရင်၊ အလုပ်ထုတ်တာမျိုး မလုပ်ပဲ၊ လစာမဲ့ ခွင့်အဖြစ် သတ်မှတ်ပေးဖို့ အထည်ချုပ် လုပ်ငန်းရှင်တွေကို ပြောတာဖြစ်ပါတယ်။

    အခုလို မြန်မာ အထည်ချုပ်လုပ်သားတွေ အရေး အကာအကွယ်ပေးလာတဲ့ နာမည်ကြီး ဘရင်းအမှတ်တံဆိပ် ကုမ္ပဏီတွေထဲ H&M၊ Zara ဇာယာပိုင်ရှင် အင်ဒီတက်ဇ် Inditex နဲ့ ပရိုင်မတ် Primark တို့ပါဝင်ပါတယ်။

  7. ကယားမှာတင် ဒုက္ခသည် သိန်းကျော်ရှိနေကြောင်း အိုချာအဖွဲ့ပြော

    မြန်မာပြည်မှာ စစ်အာဏာသိမ်းခံခဲ့ရပြီးတဲ့နောက် ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အခု ၅ လ တာ အတွင်း တိုင်းပြည်ရဲ့ အရှေ့တောင်ဘက်ပိုင်း အရပ်ဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင် ၁၇၇,၅၀၀ ဝန်းကျင်ထိ ရှိတယ်လို့ ကုလသမဂ္ဂ အဖွဲ့ ယူအဲန်အိုချာ (UNOCHA) က ထုတ်ပြန်ပါတယ်။

    အဲဒီ အရေအတွက်ထဲ ကယားပြည်နယ်မှာ မေလ ၂၁ ရက်နေ့က စပြီး ပေါ်ပေါက် လာခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးရသူ ၁၀၃,၅၀၀ ပါဝင်တယ်လို့ ဆိုပါတယ်။

    လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့ အကူအညီတွေပေးတဲ့ အိုချာအဖွဲ့ရဲ့ ဇွန်လ ၂၄ ရက်၊ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းလွှာထဲ ချင်းပြည်က အခြေအနေအကြောင်းလည်း ပါဝင်ပါတယ်။

    ဒေသခံ ချင်းမြေ ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တွေကြား အခု ဇွန်လ အစောပိုင်းကအထိ နေရာအနှံ့ဆိုသလို တိုက်ပွဲတွေ ရှိနေခဲ့ပြီး၊ ဘေးလွတ်ရာ ထွက်ပြေးကြရတဲ့ လူပေါင်း နှစ်သောင်းကျော်ဟာ ယာယီစခန်း ၁၀၀ ကျော်မှာ ခိုလှုံနေကြရတယ်လို့ ရေးသား ထားပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေထဲက ဦးစားပေးအဆင့် အနေနဲ့ အမေရိကန် ဒေါ်လာ ၁၂.၁ သန်းကို သုံးစွဲပြီး အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ အိုချာအဖွဲ့က ဆိုရင်းမှာပဲ၊ မြန်မာ အတွက် အသုံးပြုဖို့ လျာထားငွေ စုစုပေါင်း ဒေါ်လာ ၂၇၆ သန်းခွဲထဲက ၂၁% ပဲ လက်ထဲ ရှိနေသေးတယ်လို့ အသိပေးပါတယ်။

  8. ရခိုင်က ကာကွယ်ဆေးထိုးပြီးသားသူ ၃ ဦးမှာ ကိုဗစ်ပိုးတွေ့

  9. ဖမ်းမိတယ်ဆိုတဲ့ လက်နက်တွေ မန္တလေး PDF ရဲ့ လက်နက်တွေ မဟုတ်ဘူးလို့ဆို

    လူမှုကွန်ရက်မှာ ဒီကနေ့ မန္တလေးပီဒီအက်ဖ်အဖွဲ့ခေါင်းဆောင် နဲ့ လက်နက်တွေ ဖမ်းမိတယ်လို့ ပျံ့နှံ့နေပေမဲ့ အဲဒီ ဓာတ်ပုံပါလက်နက်တွေနဲ့ လူတွေဟာ မန္တလေး PDF ကမဟုတ်ကြောင်း မန္တလေးပီဒီအက်ဖ်ဘက်က ပြောဆိုပါတယ်။

    မန္တလေးမြို့ ၅၄ လမ်း နဲ့ ၁၁၁ လမ်းထွန်တုံးရပ်မှာ ဇွန် ၂၂ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တို့ကြား အပြန်အလှန်ပစ်ခတ်မှု နောက် ဒီကနေ့မှာ မန္တလေး PDF က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ထွန်းတောက်နိုင် ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    ဒီကနေ့မှာတော့ မန္တလေး PDF စာမျက်နှာကနေ ဗိုလ်ထွန်းတောက်နိုင်ဖမ်းခံရတာ မဟုတ်ကြောင်း အသိပေး ထုတ်ပြန်လာပါတယ်။

    ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ၂၂ ရက် နေ့ ပစ်ခတ်မှုကနေ ဖမ်းဆီးရမိသူတွေကို စစ်ဆေးမေးမြန်းမှုတွေကနေတစ်ဆင့် လက်နက်တွေ သယ်ဆောင်လာစဥ်မှာ လမ်းမှာ ဖမ်းဆီးရမိခဲ့တာလို့ ဖမ်းမိရမိတဲ့သူတွေရဲ့ ပုံတွေနဲ့ ယာဥ်တွေ၊ လက်နက်တွေရဲ့ ပုံတွေနဲ့ သတင်းထုတ်ပြန်ပါတယ်။

    ဒီဖမ်းဆီးမှုမှာ လက်နက်သယ်ဆောင်လာတယ်ဆိုတဲ့ သတင်းအရ စစ်ဆေးမှုတွေ လုပ်ရာကနေ လူလေးဦးကို ဇွန်လ ၂၃ ရက်မှာ လမ်းမှာ အရင်ဖမ်းမိခဲ့ပြီး သူတို့ရဲ့ ထွက်ဆိုချက်အရ လက်နက်သယ်ဆောင်လာတဲ့ ခြောက်ဘီးယာဥ် နဲ့ လက်နက်ရာချီ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ပါတယ်။

    လက်နက်တွေကို ဗန်းမော်-ငါးအိုး-သပိတ်ကျင်း လမ်းကြောင်းကနေ မန္တလေးမြို့ကို သယ်ဆောင်လာတယ်ဆိုတဲ့ သတင်းအရ ရှာဖွေရာမှာ သပိတ်ကျင်းမြို့နယ် တကောင်းလမ်းခွဲမှာ လူလေးဦးကို ဖမ်းမိပြီး အဲဒီထဲမှာ မန္တလေး ပီဒီအက်ဖ်က အဖွဲ့ဝင် ကိုရန်လင်းအောင် ခေါ် မိုးတိမ်နဲ့ ကိုဝေယံလင်း ခေါ် ထွန်းတောက်နိုင်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။

    အဲဒီနောက်ညနေပိုင်းမှာမန္တလေး ဗန်းမော်ကားလမ်းမှာ နစ်ဆန်းခြောက်ဘီးယာဥ်နဲ့လက်နက်တွေကိုဖမ်းမိတယ်လို့ ဆိုပါတယ်။

    လက်နက်မျိုးစုံ ၁၁၄ လက်နဲ့ ကျည်တောင့် တစ်သောင်း၊ လက်ပစ်ဗုံး၄၉၉ လုံးနဲ့အတူ အဝေးထိန်းမိုင်းခလုတ်တွေ၊ ယမ်းမှုန့်တွေ၊ စနက်တံ စတာတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီလက်နက်တွေကို မန်စီမြို့က စတင်သယ်ဆောင်လာပြီး ဖမ်းမိသူလေးဦးက သီးခြားလိုက်ပါလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ အဲလို ပြောဆိုမှုတွေဟာ မန္တလေး ပီဒီအက်ဖ်ကို ဖိနှိပ်ချင်လို့ ပြောဆိုမှုတွေသာ ဖြစ်တယ်လို့ မန္တလေး ပီဒီအက်ဖ်ဘက်က ငြင်းဆိုပါတယ်။

    ဒါ့အပြင် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ၂၂ ရက် ပစ်ခတ်မှုက သေဆုံးသူတွေထဲမှာ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေရဲ့ ဗိုလ်အဆင့်ရှိသူ တူးဖိုးနဲ့ ကိုရိုင်းတို့ ပါဝင်တယ်၊ အခုလက်နက်တွေကိုလည်း ကေအိုင်အေက ဆရာလွန်းဆိုသူရဲ့ စီစဥ်ပေးမှုနဲ့ သယ်ဆောင်လာတာဖြစ်တယ်လို့ ဆိုပြီး ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ကေအိုင်အေဘက်က တုံ့ပြန်မှုတွေကို မတွေ့ရသေးပါဘူး။

  10. မန္တလေး လက်နက် အများအပြား မိမှု မဟုတ်မှန်လို့ PDF ပြော

  11. ကိုဗစ် ကူးစက်သူ အသစ် ၇၈၇ ဦးတွေ့၊ ၆ ဦး သေဆုံး

    ကိုဗစ် ကူးစက်သူတွေနဲ့ သေဆုံးသူတွေ တိုးလာနေပြီး အစုလိုက်ကူးစက်မှုတွေ တွေ့ရှိလာနေရာမှာ ဒီကနေ့မှာ ကိုဗစ်ကူးစက်သူအသစ် ၇၈၇ ဦး တွေ့ရှိပြီး သေဆုံးသူ ၆ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှ ာစုစုပေါင်း ကူးစက်သူ ၁၅၀,၇၁၄ ဦး ရှိပြီး သေဆုံးသူ ၃,၂၇၅ ဦး ရှိပြီ ဖြစ်ပါတယ်။

    မနေ့ကတော့ ကူးစက်သူအသစ် ၆၈၀ဦး ရှိခဲ့ပါတယ်။

    ကူးစက်သူတွေရော သေဆုံးမှုတွေပါ တိုးလာနေလို့ မြို့နယ်တချို့မှာ ဆေးဝါး၊ အောက်ဆီဂျင်နဲ့ ကျန်းမာရေး ဝန်ထမ်းမလုံလောက်မှု ပြဿနာတွေကို ကြုံတွေ့နေရပြီး တချို့နေရာတွေမှာ ကူးစက်သေဆုံးသူ တရားဝင်ကိန်းဂဏန်းတွေနဲ့ မြေပြင်ဂဏန်းတွေ ကွာခြားမှုတွေရှိနေတယ်လို့လည်းပြောဆိုမှုတွေ ရှိနေပါတယ်။

  12. မော်လမြိုင်တက္ကသိုလ်က စာမေးပွဲဖြေနေတဲ့ ကျောင်းသူ ၂၀ ဦး မှာ ကိုဗစ်ပိုး တွေ့

    ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုးတွေ့ရှိမှု များပြားခဲ့လို့ သီးသန့်ခွဲထားကာ အဆောင်တွင်း စာမေးပွဲဖြေဆိုနေတဲ့ မော်လမြိုင်တက္ကသိုလ် အင်ကြင်းဆောင် ကျောင်းသူ ၂၅ ဦးအနက် ကျောင်းသူ ၂၀ ဦးမှာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ‌ကြောင်း ဇွန်လ ၂၃ ရက်နေ့က စစ်ဆေးမှုအရ သိရတယ်လို့ မော်လမြိုင်တက္ကသိုလ်သတင်းဌာန က သတင်းထုတ်ပြန်ပါတယ်။

    တက္ကသိုလ် တာဝန်ရှိသူတွေဟာ ကျန်ရှိ‌တဲ့ ကျောင်းသူ ကျောင်းသားများ စာမေးပွဲ ပြီးဆုံးသည်အထိ ဆက်လက်ဖြေဆိုနေစေပြီး အဆိုပါ ကျောင်းသူ ၂၀ဦးကို မူ စာမေးပွဲဖြေဆိုမှု ရပ်နားထားကာ ထားဝယ်ဆောင်၌ ကွာရန်တင်း ထားရှိတယ်လို့ဆိုပါတယ်။

    လက်ရှိအချိန်ထိ မော်လမြိုင် တက္ကသိုလ်မှာ ရောဂါပိုး ကူးစက်ခံထားရသူ အရေအတွက်မှာ အယောက် ၄၀ ကျော်ရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။

    တက္ကသိုလ်တွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်လာရခြင်းမှာ ၊ တက္ကသိုလ်အာဏာပိုင်တွေက သတင်းအမှောင်ချထားမှုနဲ့ ပေါ့လျော့ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှုကြောင့်ဖြစ်တယ်လို့လည်း မော်လမြိုင်တက္ကသိုလ် သတင်းဌာနကရေးပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်‌နေ့က မော်လမြိုင်တက္ကသိုလ် တက်နေတဲ့ ရူပဗေဒ မေဂျာမှ ကျောင်းသူတစ်ဦး နေမကောင်းလို့ ဇာတိဖြစ် သံဖြူဇရပ်မြို့ကို ပြန်သွားပြီး ဇွန်လ ၁၈ ရက်နေ့ သံဖြူဇရပ်မြို့မှာ စစ်ဆေးရာမှ ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီးတော့ သူ့အခန်းအဖော်အပါအဝင် ကျန်အဆောင်ကလူတွေလည်းကူးစက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

  13. အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဩစတြေးလျ အမတ်တွေ ထပ်မံတောင်းဆို

    မြန်မာစစ်ခေါင်းဆောင်တွေအပေါ် တင်းမာတဲ့ ရပ်တည်ချက် သဘောထား ချမှတ်ဖို့ ဩစတြေးလျ အစိုးရကို လွှတ်တော်အမတ်တွေက ဆက်လက်တွန်းအားပေးနေပါတယ်။

    လစ်ဗရယ်အမတ် ဒေးဖ်ရှာမား ဦးဆောင်တဲ့ ပါတီစုံကော်မတီဟာ မြန်မာစစ်အာဏာသိမ်းမှုအကြောင်းနဲ့ ဆန္ဒပြသမားတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေရဲ့ အကျိုးဆက်တွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

    အာဏာသိမ်းစစ်တပ်ကို ဖိအားပေးတဲ့ အနေနဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ရေး ပြန်လည်သုံးသပ်ဖို့ ဩစတြေးလျအစိုးရကို ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ဒီကော်မတီရဲ့ ဘုံသဘောတူညီမှု အစီရင်ခံစာမှာ တောင်းဆိုထားတယ်လို့ ဩစတြေးလျ SBS သတင်းဌာနမှာ ရေးသားထားပါတယ်။

    မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၊ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လိမိတက် (MEHL) တို့လို မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေအပေါ်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ ဆိုပါတယ်။

    ဩစတြေးလျရောက် မြန်မာနိုင်ငံသားတွေကို အမြဲတမ်းနေထိုင်ခွင့် ပေးဖို့ကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ ဩစတြေးလျအစိုးရကို ဒီကော်မတီက တိုက်တွန်းထားပါတယ်။

    စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနဲ့ စစ်ရေးဆက်ဆံမှုတွေကို ဖြတ်တောက်ခဲ့တဲ့ ဩစတြေးလျအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဒီကော်မတီက ကြိုဆိုပေမယ့် မြန်မာစစ်တပ်အပေါ် ကမ္ဘာ့တဝန်း လက်နက်တင်ပို့ရောင်းချမှုတွေ ပိတ်ပင်ဖို့ ကိစ္စမှာ တက်တက်ကြွကြွ ဖိအားပေးဖို့ ဩစတြေးလျအစိုးရကို တောင်းဆိုနေတာပါ။

    ဩစတြေးလျအစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက မြန်မာစစ်တပ်လူပုဂ္ဂိုလ် ငါးဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

    ဒါပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တော့ အဲဒီဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ မပါပါဘူး။

    ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၈၇၇ ယောက် သေဆုံးခဲ့ပြီး ၆၀၀၀ ကျော် အဖမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက သတင်းထုတ်ပြန်ပါတယ်။

  14. စစ်ရှောင်တွေဆီက ပစ္စည်းတွေလုယူခံနေရတယ်လို့ ဒေသခံတွေပြော

    ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေဘက်က စစ်ရှောင်ပြည်သူတွေဆီကပစ္စည်းတွေလုယူတာတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ခိုင်းစေမူတွေပြုလုပ်တာတွေ ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်

    စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားယာယီ အပစ်ခတ်ရပ်စဲထားတဲ့ဇွန်လ ၁၅ရက်နေ့ နောက်ပိုင်းကတည်းက ဒီးမော့ဆို့မြို့နယ် အရှေ့ဘက်ခြမ်းက ထီးဖိုးကလိုးအုပ်စုထဲက ကျေးရွာတော်တော်များများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လှည့်လည်တပ်စွဲနေခဲ့တာ ဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ် ။

    " ဒီးမော့ဆို့ အရှေ့ဘက်က ရွာအားလုံးနီးပါးကိုပဲ လှည့်ပြီးတပ်စွဲနေတာ။ စစ်ရှောင်တွေရှိတဲ့နေရာကိုရောက်ရင် စစ်ရှောင်တွေကထပ်ဖယ်ပေးရတယ် ။ သူတို့ရောက်ပြီဆိုရင် စစ်ရှောင်တွေရဲ့ ပိုင်ဆိုင်မူတွေကိုယူတယ် ဆိုလာတို့ ချက်ပြီးသားထမင်းတို့ ယူတယ်။ နောက်ပြီး စစ်ရှောင်တွေကိုထမင်းချက်ခိုင်းတာ ရေခပ်ခိုင်းတာ ၊ အရက်သွားဝယ်ခိုင်းတာတွေရှိတယ်။မလုပ်ရင်လည်းအနောက်ကလိုက်ပစ်မှာကြောက်လို့ လုပ်ပေးရတယ်လို့ "ဒေသခံရွာသားတစ်ဦးကဘီဘီစီကိုပြောပါတယ် ။

    လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရှောင်ပြည်သူတွေဆေးကုသမူခံယူနေတဲ့နေရာတွေထိ တပ်စွဲမူတွေရှိနေပြီး နေရပ်ကိုပြန်ဖို့ပြောတာတွေလည်း ရှိပေမယ့် စစ်ရှောင်ပြည်သူတွေကတော့ ပြန်ဖို့ကြောက်ရွံ့နေကြတုန်းလို့ဆိုပါတယ်။

    စစ်ဘေးရှောင်ဖို့ နေရာကျဉ်းမြောင်းနေတဲ့အပြင် စားနပ်ရိက္ခာပို့ရာလမ်းကြောင်းတွေလည်း ပိတ်ဆို့ခံထားရတာကြောင့် အစားသောက်နဲ့ ဆေးဝါးတွေရရှိဖို့ခက်ခဲနေပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ရိက္ခာပြတ်တောက်မူတွေရင်ဆိုင်ရတော့မယ့် အခြေနေလည်းရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။

    ခုလိုဖြစ်ရပ်နဲ့ ပတ်သတ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့ရာလမ်းကြောင်းတွေကို ပိတ်ဆို့တာ စစ်ဘေးရှောင်ပြည်သူတွေရဲ့အခွင့်အရေးကိုချိုးဖောက်နေတာတွေနဲ့ပတ်သတ်ပြီး ဒါတွေဟာ စစ်ကောင်စီအနေနဲ့ စစ်ဘေးရှောင်တွေအပေါ် ရာဇဝတ်မူတွေကျူးလွန်တာ ဖြစ်တယ်လို့ ကရင်နီပြည်နယ်လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေသုံးသပ်ပြောဆိုထားပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း ဒါတွေနဲ့ပတ်သတ်လို့စစ်ဘေးရှောင်တွေအပေါ် လူသားချင်းစာနာမူအကူညီတွေ ထောက်ပံ့ပေးဖို့နဲ့လူ့အခွင့်အရေးချိုးဖောက်မူတွေကိုရပ်တန့်ဖို့နဲ့ဖိအားပေးဖို့ နိုင်ငံတကာကိုတောင်းဆိုမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

    ဒီး့ာဆိုမြို့နယ်အတွင်း ကျေးရွာအချို့မှာ လက်နက်ခဲယမ်းတွေ ဖောက်ခွဲရေးပစ္စည်းတွေ အကြမ်းဖက်လုပ်ရပ်များနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများကို သိမ်းဆည်းတာပဲရှိကြောင်း ပျက်စီးစာရင်းတွေကောက်ယူရာမှာလည်း သက်ဆိုင်ရာမြို့နယ် ကျေးရွာတာဝန်ရှိသူတွေပါကြောင်းနဲ့ Facebook စာမျက်နှာမှာရေးသားထားတဲ့ အိမ်ဖောက်ထွင်းပြီး ပစ္စည်းတွေငွေတွေ ယူတာမရှိကြောင်း မည်သည့်ဖြစ်စဥ်ရှိရှိ သက်သေနဲ့တကွ တိုင်ကြားနိုင်ပါတယ်လို့ စစ်ကောင်စီဘက်က ဘီဘီစီကို ဇွန်လ ၂၁ ရက်နေ့မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    လက်ရှိမှာတော့ ကရင်နီပြည်နယ်နဲ့နပ်စပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ဒေသခံတပ်ဖွဲ့တွေအကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်စစ်ရှောင်ပြည်သူပေါင်း တစ်သိန်းဝန်းကျင်ရှိနေတယ်လို့ဒေသခံလူမူကူညီရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

  15. ရန်ကုန်မှာ စစ်ဆေးမှုလုပ်ရင်း ဖုန်းတွေကို ဖျက်ဆီးမှုတွေရှိ

    ရန်ကုန်မြို့တွင်းစစ်ဆေးမူတွေလုပ်ရင်း ပြည်သူတချို့ရဲ့ မိုဘိုင်းဖုန်းတွေကိုပါ ဖျက်ဆီးမူတွေရှိနေလို့ဇွန်လ ၂၄ ရက်နေ့မနက်ပိုင်းက လမ်းမှာအစစ်ဆေးခံရသူတွေက ပြောပါတယ်။

    " ကားပေါ်ကဆင်းလာပြီးပြီးချင်း အိတ်ကိုစစ်တယ် ။ ပြီးတော့ ဖွင့်ပြခိုင်းပြီး အထဲမှာဆန္ဒပြထားတဲ့ ဓါတ်ပုံတွေ့တော့ သေနတ်နဲ့ဝိုင်းပြီးထုချေကြတယ်။ ပါးစပ်ကလည်းပြောသေးတယ် အခုတော့ အမေလည်းမကယ်နိူင်တော့ဘူးမဟုတ်လားဆိုပြီး "ပြောဆိုတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့သူတ်ဦးက ဘီဘိစီကိုပြောပါတယ်။

    ဒီနေ့ဇွန်လ ၂၄ ရက်မနက်ကမာရွတ်လှည်းတန်းနဲ့ရန်ကုန်မြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမူတွေတင်းကြပ်ခဲ့ပြီး Food Panda ကအစားသောက်ပို့ဆောင်သူတွေ၊ အနှေးယာဉ်မောင်းတွေနဲ့လူငယ်တွေကို စစ်ဆေးနေတဲ့ပုံတွေလည်း လူမူကွန်ရက်တွေမှာ ထွက်ပေါ်လာခဲ့ပါတယ် ။

    ဖုန်းတွေ အထုခံရလို့ ကွဲသွားကြောင်းဘီဘီစီကို ဓာတ်ပုံနဲ့တကွ ပေးပို့ကြတာရှိပြီး ဘီဘီစီ က စစ်ကောင်စီဘက်ကို ဆက်သွယ်အတည်ပြုလို့‌တော့မရသေးပါဘူး။

  16. မြစ်ကြီးနားမှာ ပစ်ခတ်မှုတွေ ဒီနေ့ထပ်ဖြစ်တယ်လို့ မြို့ခံတွေပြော

    ဇွန်လ ၂၃ ရက်နေ့ညက ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်မြစ်ကြီးနားမှာ ဒီကနေ့ မနက်ပိုင်း ဇွန်လ ၂၄ ရက်နေ့ ကလည်း မြစ်ကြီးနားမြို့ ရွက်လှမြိုင် နန်းပုံ၊နန်းကွေ့ဘက်မှာ ပစ်ခတ်မှုတွေထပ်ဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။

    ဇွန်လ ၂၃ ရက် မနေ့ညပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ မြစ်ကြီးနား ဗလမင်းထင်တံတားအနီးက မိုင်းနားစုပေါင်းဂိတ်မှာလည်း စစ်ကောင်စီတပ်တွေ မရှိတော့ဘဲ ဆုတ်ခွာသွားတယ်လို့မြို့ခံတွေကပြောပါတယ်။

    ဒါပေမယ့် ဒီနေ့မနက်ပိုင်းကစလို့ တံတားပေါ်ဖြတ်သွားတဲ့ ဆိုင်ကယ်တွေကားတွေ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ က တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေလုပ် နေတယ်လို့ဆိုပါတယ်။ ကေအိုင်အေဘက်ကတော့ တံတားနဲ့ ပေတစ်ထောင် ဝန်းကျင်အကွာက မိုင်းနား စုပေါင်းဂိတ်ကို ကေအိုင်အေ တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဘီဘီစီကိုပြောထားပါတယ်။

    မြစ်ကြီးနားမြို့ခံတွေက ဗလမင်းထင်တံတားအနီးမှာ ပစ်ခတ်မှုတွေရှိခဲ့တယ်ဆိုပေမယ့် ဒဏ်ရာရသေဆုံးမှုနဲ့ပတ်သက်လို့ ရော တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က‌ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး

  17. ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်နဲ့ အစိုးရ လျှို့ဝှက်ချက်အက်

  18. သီပေါမှာမနေ့ညက ပစ်ခတ်ခံရပြီးသေဆုံးသူ နာရေး ဒီနေ့ ညနေ ပြုလုပ်မယ်

    ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ မနေ့ကဇွန်လ ၂၃ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ပစ်ခတ်မူတွေကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    သီပေါမြို့မြန်မာရပ်ကွက်ရုံးအနီးကလက်ဖက်ရည်ဆိုင်အနီးမှာ ဇွန်လ ၂၃ရက်နေ့ည ၈နာရီလောက်မှာ အသက် ၂၇နှစ်အရွယ်ကိုအောင်မင်းသူက လက်ဖက်ရည်သောက်ပြီးအပြန်သေနတ်သံဆက်တိုက်ကြားရပြီးနောက် ပစ်ခတ်ခံရသူဟာ ဦးခေါင်းကိုထိမှန်ပြီးသေဆုံးခဲ့တာလို့ အနီးနားမျက်မြင်တွေက ပြောပါတယ်။

    " အိမ်ကနေ သေနတ်သံကိုးချက်လောက်ကြားလိုက်တော့ အပြေးထွက်ကြည့်တာပဲ။ သူလက်ဖက်ရည်ဆိုင်ထွက်သွားတာသိလို့ပြေးကြည့်တာ။ ဟိုရောက်တော့ ဆိုင်ကယ်လဲပြီးခေါင်းထိတယ်လို့ပြောတယ်။ အဲ့ဒီနားကဗိုလ်မှူးတွေရဲတွေက တော့ ဆိုင်ကယ်ရပ်ခိုင်းတာမရပ်လို့သူတို့ကသေနတ်ကိုမိုးပေါ်ထောင်ပစ်တာလို့ပြောတယ်။ အလောင်းကိုလည်းရင်ခွဲရုံပို့လိုက်ကြ ပြီတဲ့ ။ ဆိုင်ကယ်နောက်ကလိုက်စီးတဲ့ကောင်လေးကလည်းကြောက်လို့ပြေးပြီးရှာလို့မရတော့ဘူး။ သူ့မိန်းမက အခှမှ ကလေးမွေးထားတာ၂၂ရက်ပဲရှိသေးတယ်။ သူ့ဟာသူ လက်ဖက်ရည်သောက်ပြီးအပြန်မှာအခုလိုဖြစ်တာ။ ယူကျုံးမရဖြစ်တယ်" လို့ သေဆုံးသွားတဲ့ကိုအောင်မင်းသူရဲ့မိသားစုဝင်တွေကဘီဘီစီကိုပြောပါတယ်။

    အလောင်းကတော့ လက်ရှိမှာ ရင်ခွဲရုံကိုရောက်ရှိနေပြီး ဒီနေ့ ညနေပိုင်းမှာ မိသားစုက သင်္ဂြိုဟ်ခွင့်ရမယ်လို့ ပြောပါတယ်။ သီပေါမြို့မှာဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တော်လှန်ရေးဆန့်ကျင်ဆန္ဒပြပွဲသပိတ်စစ်ကြောင်းမှာလည်း အမျိုးသားတစ်ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့ပြီး အခုသေဆုံးမှုဟာဒုတိယမြောက်ဖြစ်စဉ်ဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဒီပစ်ခတ်ခံရသူနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

  19. လှည်းတန်းကမာရွတ်အနီးတဝိုက်ဖြတ်သွားဖြတ်လာသူတချို့ကို စစ်ဆေး

    ဒီနေ့ဇွန်လ ၂၄ ရက်မနက်ပိုင်းမှာ ကမာရွတ်မြို့နယ်လှည်းတန်းလမ်းဆုံအနီးနဲ့ဇေယျာသီရိလမ်းထိပ်အနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကားတွေနေရာယူပြီး ဖြတ်သွားဖြတ်လာသူတွေကိုစစ်ဆေးမှုတွေလုပ်နေတယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    " လှည်းတန်း Ice Berry နားမှာ စစ်ကားတွေရပ်ထားတယ်။ ဇေယျာသီရိလမ်းကို သံတန်းတွေပါ ပိတ်ထားတယ်။ အနားကဖြတ်သွားတဲ့သူတွေကိုလည်းစစ်နေတယ်" လို့ ကမာရွတ်မြို့နယ်အတွင်းနေထိုင်သူတွေကပြောပါတယ် ။

    စစ်ဆေးမှုတွေလုပ်တဲ့နေရာမှာ လူငယ်တွေကို ဦးတည်စစ်ဆေးနေတာဖြစ်ပြီးလူငယ်တချို့ရဲ့ဖုန်းကိုယူစစ်တာတွေလုပ်နေတဲ့အပြင် ဖုန်းထဲမှာ ဆန္ဒပြတဲ့ဓာတ်ပုံပါရင်ဖုန်းသိမ်းတာတွေ၊ ဖုန်းတွေကိုထုချေဖျက်စီးတာတွေလုပ်နေတယ်လို့ လူငယ်တချို့က ပြောပါတယ်။

    မနေ့ကဇွန်လ ၂၃ရက်နေ့ညနေပိုင်းက လှည်းတန်း ဇေယျာသီရိလမ်းထိပ်မှာ ကားတာယာမီးရှို့ပြီးလမ်းပိတ်ထားတဲ့ဖြစ်စဉ်တွေလည်းဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလိုစစ်ဆေးတင်းကျပ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း အနီးတဝိုက်ကဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖုန်းတွေကိုထုချေဖျက်စီးတာတွေ ဖုန်းတွေသိမ်းဆည်းတာတွေလုပ်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်နဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  20. ဒေါက်တာအောင်မိုးညိုအပါအဝင် မကွေးတိုင်းအစိုးရအဖွဲ့ဝင်တချို့ကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီအမှုဖွင့်, ရန်ကုန်လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုလည်း အဂတိနဲ့အမှုဖွင့်ထား

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုနဲ့ မကွေးတိုင်းအစိုးရအဖွဲ့ဝင်တချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတာ လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ ပါရှိပါတယ်။ မကွေးတိုင်းအစိုးရအဖွဲ့ထဲက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးမြင့်ဇော်၊ လူမှုရေး ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးတင်နွယ်ဦးတို့ကို ဒီပုဒ်မနဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။

    ဒေါက်တာအောင်မိုးညိုဟာ နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က လုပ်ငန်းရှင်တစ်ဦးကနေ ရွေးကော်ကပွဲအောင်နိုင်ရေးအကြောင်းပြလှူဒါန်းတဲ့ ကျပ် သိန်း ၅၀၀ ကို လက်ခံရယူခြင်း၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လုပ်ကိုင်ခွင့်ချပေးထားတာမရှိတဲ့ မြေတစ်ဧကကို စက်သုံးဆီဆိုင်ဖွင့်လှစ်နိုင်ရေး လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ချပေးခဲ့ခြင်းကြောင့်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

    ဒါ့အပြင် ရန်ကုန်တိုင်းအစိုးရလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုလည်းအလားတူ ပုဒ်မနဲ့အရေးယူထားတယ်လို့ ပါရှိပါတယ်။ ဦးနိုင်ငံလင်းကိုလည်း တိုင်းအစိုးရအဖွဲ့ ဘတ်ဂျတ်နဲ့ ဆောက်တဲ့ပညာရေးဆိုင်ရာအဆောက်အဦဆောက်လုပ်ရေးတင်ဒါကော်မတီဥက္ကဋ္ဌဆောင်ရွက်စဉ်က ဆောင်ရွက်ခဲ့မှုတွေမှာ လုပ်ငန်းရှင်တွေဆီက ငွေကြေးနဲ့ ပစ္စည်းတွေလက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားပါတယ်။

    လက်ရှိမှာ အန်အယ်လ်ဒီအစိုးရခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက နေပြည်တော်မှာ အမှုဖွင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော်စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ကိုလည်း အဂတိပုဒ်မ ၅၅/၆၃ နဲ့ တရားစွဲထားပြီး ဘယ်တရားရုံးမှာ ဘယ်တော့ စတင်စစ်ဆေးမယ်ဆိုတာမသိရသေးပါဘူး။

    ဒါ့အပြင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဒေါ်မိုးမိုးစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားကြောင်း ဇွန်လ ၁၅ မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားက ကြေညာထားပါတယ်။ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ရာထူးရှိစဉ် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လှူဒါန်းရရှိငွေ ကျပ်၂၃၉ သန်းကျော်ကို စာရင်းမဖွင့်လှစ်ဘဲ ရုံးခန်းအတွင်းရှိ မီးခံသေတ္တာ နှစ်လုံးမှာထားရှိသုံးစွဲခဲ့ပြီး ကုမ္ပဏီပိုင်ရှင်တစ်ဦးက မြေဧက ၂၀၀ ကျော်အား လုပ်ကိုင်ခွင့်ရရှိလို့ပေးတဲ့ မော်တော်ယာဉ်တစ်စီးကိုတံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    ဒါ့အပြင်လျှပ်စစ်လမ်းမီး လုပ်ငန်းကို တင်ဒါမခေါ်ဘဲ ငွေကျပ်သန်း ၂၀၀၀ ခန့် တန်ဖိုးရှိ လုပ်ငန်း ၁၅ ခုကို ကုမ္ပဏီတစ်ခုတည်းသို့ လုပ်ကိုင်ခွင့်ပြုခဲ့တာတွေကြောင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ပဲခူးမြို့မ ရဲစခန်းမှာ ဇွန်လ ၁၅ ရက်က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    အလားတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ဟာလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် လှူဒါန်းကောက်ခံရရှိတဲ့ ငွေကျပ် ၁၄၇ သိန်းကျော်အနက် ငွေကျပ် သိန်း ၈၀ ကျော်ကို သုံးစွဲခဲ့ပြီး လက်ကျန်ငွေကျပ် ၆၆ သိန်းကျော်ကို ကိုယ်ကျိုး အလွဲသုံးစားခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။ ဒါ့အပြင် လှည်းကူးကိုဗစ်စင်တာအတွက် ခင်မင်ရင်းနှီးသူတစ်ဦးကို အစားသောက်ပေးသွင်းခွင့်ပြုပြီး ၁၆ သိန်းတန် ဆမ်ဆောင်း ဖုန်းတစ်လုံးလက်ခံရယူခဲ့တယ်လို့လည်းစွပ်စွဲထားပါတယ်။

    အခု အမှုဖွင့်တရားစွဲခံထားရသူ အားလုံးဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

    ဒေါက်တာအောင်မိုးညိုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ထောင်နှစ်နှစ်ချမှတ်ထားပါတယ်။