စစ်ကောင်စီကို အာဏာ
ဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်နေတဲ့အတွက် အစိုးရဝန်ထမ်း ဆရာဝန်တွေ ငါးလနီးပါး လုပ်ငန်းခွင်နဲ့
ကင်းကွာနေရာမှာ အစိုးရဝန်ထမ်းအဖြစ်က ထုတ်ပစ်တဲ့အပြင် ဘွဲ့လွန်သင်တန်း လျော်ကြေးတွေကိုပါ
စစ်ကောင်စီ လက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက တောင်းခံနေပါတယ်။
စစ်ကောင်စီ အနေနဲ့
အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း CDM လှုပ်ရှားမှု မှာပါဝင်တဲ့ ဆရာဝန်တွေကို
ထုတ်ပယ်ကြောင်း အစဉ်တစိုက် စာတွေ ပေးပို့နေခဲ့တာလည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ အဲဒီ
ဆရာဝန်တွေထဲက ပြည်တွင်း ဘွဲ့လွန်သတင်တန်း တက်ထားသူ ဆရာဝန်တွေက လျော်ကြေး ကျပ် ၂၅ သိန်းစီ
ပေးဖို့နဲ့ ပြည်ပဘွဲ့လွန်သင်တန်း တက်ထားတဲ့ ဆရာဝန်တွေက ကျပ် သိန်း ၄၀ စီပေးဖို့ စစ်ကောင်စီလက်အောက်
ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုနေတာ ဖြစ်ပါတယ်။
အခုလို ရာထူးက ထုတ်ပယ်မှုနဲ့ လျော်ကြေးတောင်းခံတဲ့ စာတွေကို လာရောက် မဖြေရှင်းရင် မျက်ကွယ်မှာပဲ သက်သေတွေနဲ့
စစ်ဆေးမယ်လို့ ပြောဆိုထားပေမယ့် အဲဒီ ဆရာဝန်တွေက တိမ်းရှောင်နေတဲ့အတွက် စာကို အချိန်လွန်မှ
ရတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ချေးငွေ နှစ်လစာကိုလည်း
ပြန်ဆပ်ဖို့ အကြောင်းကြားထားပြီး မကျေနပ်လို့ ၆ လ အယူခံတဲ့ ကာလအတွင်းမှာ အဲဒီ လျော်ကြေးနဲ့
ချေးငွေတွေကို ပြန်မဆပ်ရင် တရားစွဲမယ်လို့လည်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက
စာရေးသား ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် အလုပ်က ထုတ်ပယ်ခံရတဲ့အပြင်
လျော်ကြေးပါ တောင်းဆိုခံရတဲ့ ဆရာဝန်တွေ အနေနဲ့ သူတို့လက်ခံတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ
NUG က ကင်းလွတ်ခွင့် ပေးထားပြီး ဖြစ်တဲ့အတွက် ဂရုစိုက်မှာ မဟုတ်ဘူးလို့ ဘွဲ့လွန်သင်တန်း
တက်ရောက်နေရင်း CDM လှုပ်ရှားမှုထဲ ပါဝင်သွားခဲ့တဲ့ ဆရာဝန် တဦးက ဘီဘီစီကို ပြောပါတယ်။
နောက်ထပ် အလားတူ
CDM လှုပ်ရှားမှုထဲ ပါဝင်နေတဲ့ ဆရာဝန်တဦးကလည်း ဆရာဝန်လောင်းတွေ အနေနဲ့ အလုပ်သင်ဘဝမှာ
အလုပ်ချိန်များ၊ လစာနည်းပြီး၊ မိသားစုကို အချိန်မပေးနိုင်တဲ့ ပြဿနာကို သိရှိပြီးမှ
တက်ရောက်တာ ဖြစ်တဲ့အတွက် အလုပ်ထွက်သူနည်းပေမယ့် လက်ရှိ စစ်ကောင်စီ လက်အောက်မှာ အလုပ်ထွက်ရတဲ့
ဆရာဝန် စံချိန်တင်နိုင်တယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် ပြည်တွင်း
ဆရာဝန် ဘွဲ့လွန်သင်တန်း တက်ထားသူတွေက ငါးနှစ်၊ ပြည်ပ ဆရာဝန် ဘွဲ့လွန်သင်တန်းတက်ထားသူတွေက
၇ နှစ် ပြည့်အောင် တာဝန်မထမ်းဆောင်ရင် အခုလို လျော်ကြေးပေးရလေ့ရှိတာ ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီ
လက်ထက် အစိုးရဝန်ထမ်းအဖြစ်က ထုတ်ပယ်ပြီး လျော်ကြေးတောင်းခံရမှုတွေကို ပညာရေးဝန်ထမ်းတွေလည်း
ကြုံနေရတယ်လို့ ဆိုပါတယ်။