ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မိုးဗြဲ ရထားလမ်းတိုက်ပွဲအပြီး အရပ်သားတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းသွား

    ကယားပြည်နယ်နဲ့နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲမြို့ထဲမှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ ဇွန်လ ၄ ရက်တုန်းက ဖြစ်ခဲ့တဲ့ ရထားလမ်းအနီးတိုက်ပွဲအပြီးမှာ အရပ်သားတချို့ ဖမ်းဆီးခံရတယ်ဆိုပြီး ဒေသခံတွေဆီက သိရပါတယ်။

    သတ်မှတ်ထားတဲ့စည်းကို ကျော်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရထားလမ်းအနီးမှာ မနေ့ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက နာရီနဲ့ချီတိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက အဲဒီကနေ ပြန်ရုတ်သွားခဲ့တယ်လို့လည်း MPDF က သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်တွေဟာ တပ်ပြန်အဆုတ်မှာ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ပွဲကုန်း-၂ မှာရှိတဲ့ မိုးဗြဲ ဘုရားကျောင်းကြီးမှာ ဝေယာဝစ္စလုပ်ဖို့ ကျန်နေခဲ့သူတွေအပါအဝင် စစ်ဘေးရှောင်အရပ်သားတချို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ‘ကျမတို့ မြို့အပေါ် အစွန်အနားလေးမှာ ရထားလမ်းရှိတယ်လေ။ အဲဒီအထက်တွေမှာဆိုရင်တော့ PDF တွေ လှုပ်ရှားသွားလာလေ့ရှိတယ်။ အဲနားအထိ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက တက်လာတယ်။ ပြည်သူက ပြန်ခုခံတော့ ပြန်ဆုတ်တယ်။ ဆုတ်ရင်းနဲ့ ဝင်ဖမ်းသွားတာ’လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    အခုတော့ အဖမ်းခံထားရသူတွေထဲက သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပြန်လွတ်လာပြီလို့ သိရပါတယ်။

    စစ်ကောင်စီတပ်တွေ ပွဲကုန်းရပ်ကွက်တွေထဲ ဝင်ရောက်ချိန် ဖမ်းဆီးခံသွားရသူတွေထဲမှာ အသက်မပြည့် သေးတဲ့ လူငယ်တစ်ဦးအပါအဝင် CDM လုပ်ထားတဲ့ ကျောင်း ဆရာ ၂ ဦး၊ စုစုပေါင်း ညီအကို ၃ ဦးလည်း အဖမ်းခံထားရတယ်လို့လည်း သူတို့နဲ့သူငယ်ချင်းဖြစ်သူ မြို့ခံတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့သီတင်းနှစ်ပတ်လောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုးဗြဲရဲစခန်းကို ဝင်တိုက်မှုဖြစ်ချိန် စစ်ကောင်စီတပ်တွေက လက်နက်ကြီးငယ်တွေ ပြန်လည်ပစ်ခတ်ခဲ့မှု ဖြစ်ခဲ့ပြီးကတည်းက မိုးဗြဲမြို့ပေါ် ရပ်ကွက် တော်တော်များများက ပြည်သူတွေ ဘေးလွတ်ရာ တောထဲနဲ့ နီးစပ်ရာ ကျေးရွာ တွေဆီ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

  2. "ဆီဈေးတွေ တက်လာစရာအကြောင်းမရှိပါဘူး။ အဲဒါတော့ အာမခံပါတယ်"

    ပြည်တွင်းက ပုဂ္ဂလိကစက်သုံးဆီသိုလှောင်စခန်းတွေရဲ့ လက်ကျန်သိုလှောင်မှုပမာဏဟာ ၃၀ရာခိုင်နှုန်းခန့်နဲ့ အနည်းဆုံးသတ်မှတ်ချက်အောက် ကျဆင်းနေတယ်လို့ ပြည်တွင်း စက်သုံးဆီ လုပ်ငန်းရှင်တွေက ပြောပါတယ်။

    လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအောက် ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ စက်သုံးဆီတွေ အမြန်ဆုံး ဖြည့်တင်းကြဖို့ဆိုပြီး အသိပေးစာထုတ်ပြန်ထားပါတယ်။

    ဒီအခြေအနေဟာ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတမှုမရှိတဲ့ အခြေအနေဖြစ်ပေါ်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

    လက်ရှိမှာ ကမ္ဘ့ာစက်သုံးဆီဈေးကလည်းမြင့်တက်နေပြီး အခုလက်ရှိ ကမ္ဘာ့ပေါက်ဈေးဟာ ၂၀၁၈ခုနှစ်မှာ အမြင့်ဆုံးတက်ခဲ့တဲ့ အခြေအနေနဲ့ အတူတူပြန်ဖြစ်နေတာပါ။

    ဒီအခြေအနေမှာပဲ ပြည်တွင်းမှာ ဒေါ်လာငွေလဲလှယ်နှုန်းထားမြင့်တက်နေမှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာအခက်အခဲတွေက လည်း ဆီးဈေးမြင့်တက်စေတဲ့ အချက်ဖြစ်တယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေကပြောပါတယ်။

    ပြည်တွင်း မှာ သုံးစွဲနေတဲ့ ဓါတ်ဆီနဲ့ဒီဇယ် ရဲ့ ၉၈ ရာခိုင်နှုန်းကိုပြည်ပ ကနေတင်သွင်းနေရပြီး လတ်တလောမှာ နှစ် လစာ ဆီဂါလံ ၁၂သိန်းကျော်သာ သိုလှောင်ထားရှိနိုင်တာဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ လောင်စာဆီ ထုတ်လုပ်တဲ့ စက်ရုံတွေက ဟောင်းနွမ်းနေသလို ထုတ်လုပ်နိုင်စွမ်းက နည်းပါးနေတယ်။

    ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကိုလည်း မေးမြန်းထားပါတယ်။

  3. ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူ

  4. ချင်းပြည်နယ်က လေးမြို့နယ်ကို Stay at Home ထပ်ကြေညာ၊ကူးစက်မှု အသစ် ၂၁၂ ဦးထပ်တွေ့

    ကိုဗစ်ကူးစက်မှုတွေများပြားလာလို့ ချင်းပြည်နယ်က တီးတိန်၊ ဖလမ်း၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တို့ကို Stay at Home သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။

    အဲဒီအမိန့် ဇွန်လ ၅ ရက် မနက် ၄ နာရီမှာ အသက်ဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကိုဗစ်ကူးစက်မှုတွေ တစ်နေ့တည်း တွေ့ရှိသူ ရာဂဏန်းဝန်းကျင်ရှိတဲ့ ရက်တွေရှိခဲ့ပြီးနောက် Stay at Home မြို့နယ်တွေကို တိုးပြီး ကြေညာနေပါတယ်။

    အခုသီတင်းပတ်တွေအတွင်း တွန်းဇံ၊ တမူးနဲ့ ကလေးမြို့နယ်တို့ကို Stay at Home မြို့နယ်တွေ အဖြစ် ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။

    ဒီကနေ့ ကူးစက်သူ အသစ် ၂၁၂ ဦး ထပ်တွေ့ခဲ့တယ်လို့ ကြေညာခဲ့ပြီး မနေ့ကတော့ ကူးစက်သူ ၁၂၂ ဦး အသစ်တွေ့ရှိခဲ့ပါတယ်။

    ဒီကနေ့ဟာ အခုရက်ပိုင်း ကူးစက်မှုတွေအတွင်း စံချိန်တင် တွေ့ရှိမှု ဖြစ်ပါတယ်။

    အခုချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၁၄၄,၁၅၇ ဦး ရှိပြီး သေဆုံးသူ ၃၂၂၁ ဦး ရှိပြီ ဖြစ်ပါတယ်။

  5. အာဆီယံသံတွေစစ်ကောင်စီ ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့၊ NUG နဲ့မဆက်ဆံတဲ့အပေါ် NUG ဝေဖန်

    အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး Erywan Pehin Yusofနဲ့ အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi တို့ဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

    ဒါဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် အာဆီယံသံတမန်တွေ မြန်မာနိုင်ငံကို ပထမဆုံး ရောက်လာတာ ဖြစ်ပါတယ်။

    အဲဒီတွေ့ဆုံမှုမှာ လူသားချင်းထောက်ထားမှု အကူအညီတွေမှာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    အာဆီယံ ထိပ်သီးအစည်းအဝေး ရလဒ်၊ ကိုဗစ်ကာကွယ်ဆေး အာဆီယံရဲ့ ဆောင်ရွက်ချက်၊ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ အခြေအနေတွေ စတာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

    ၂၀၂၀ မဲစာရင်းမှားယွင်းမှုတွေကို နိုင်ငံတကာကို ရှင်းပြဖို့ ရှိပြီး အာဆီယံကိုလည်း ဖိတ်ခေါ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

    ဧပြီလမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးက ထွက်ပေါ်လာတဲ့ အာဆီယံ ဘုံသဘောတူညီချက်ထဲမှာ ဘက်အားလုံး တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အချက်ပါရှိပေမဲ့ ဒီကနေ့ ဆွေးနွေးမှုမှာတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ အကြောင်း ပြောဆိုတာကို မတွေ့ရပါဘူး။

    စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ဟာအကြမ်းဖက်အဖွဲ့တွေလို့အပြန်အလှန် ကြေညာထားကြပြီး ဖမ်းဆီးထားသူတွေ မလွှတ်ဘဲ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဘူးလို့ NUG က ပြောထားပါတယ်။

    ဒီကနေ့ NUG အစိုးရရဲ့ အွန်လိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ အာဆီယံဟာ စစ်ကောင်စီနဲ့ပဲ ဆက်သွယ်ပြောဆိုနေပြီး NUG ရဲ့ ဆက်သွယ်မှုတွေကို တုံ့ပြန် ဆက်သွယ်ဆောင်ရွက်တာ မရှိတဲ့အတွက် အာဆီယံအပေါ် မျှော်လင့်ချက်ကုန်သလို ဖြစ်နေတယ်လို့ NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

    အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အရ မြန်မာနိုင်ငံကို ကိုယ်စားလှယ် စေလွှတ်ရေး သဘောထားကွဲလွဲမှုတွေ အာဆီယံအဖွဲ့အတွင်း ဖြစ်ပေါ်နေတယ်လို့ သံတမန်အသိုင်းကနေ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

    မြန်မာ စစ်တပ်နဲ့ နီးစပ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ အကြား သဘောထား ကွဲလွဲနေတယ်လို့ အဲဒီသတင်းတွေက ဆိုပြီး အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ရက်တနို မာဆူဒီကတော့ အာဆီယံဟာ ဘက်အားလုံးနဲ့ ဘက်အားလုံးနဲ့ ဆက်သွယ်မှုရှိနေရမယ်လို့ ပြောဆိုထားပါတယ်။

    အာဆီယံ ဘုံသဘာတူညီချက် ငါးချက်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့၊ အကူအညီတွေ ပေးဖို့၊ အာဆီယံအထူးသံခန့်ဖိုနဲ့ မြန်မာနိုင်ငံက ဘက်အားလုံးနဲ့ တွေ့မယ့် အာဆီယံ သံကိုယ်စားလှယ်စေလွှတ်ဖို့တို့ ပါဝင်ပါတယ်။

  6. အတိုင်ပင်ခံနဲ့ စီးပွားရေးအကြံပေးတို့ အပါအဝင် ဝန်ကြီးတွေရဲ့အမှုကို တရားလွှတ်တော်ချုပ်မှာ ဆက်ကြားနာမယ်, ဦးခင်မောင်ဇော်ကတော့ ဒါဟာ ဒီအမှုအတွက်ကိုယ်စားလှယ်လွှဲစာရတဲ့ ရှေ့နေအကူအညီကို ငြင်းပယ်လိုက်တဲ့သဘောဖြစ်နေတယ်လို့ ပြောပါတယ်။

    နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)/ဂနဲ့ တမှုတည်း တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်အပါအဝင် ဝန်ကြီးဟောင်း (၃) ဦးတို့ကို တရားရုံးပြောင်းလဲတဲ့အပေါ် လျှောက်လွှဲချက်ပေးရမယ့် ရုံးချိန်းလာမယ့် ဇွန်(၂၃)ရက်မှာ ရှိတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တရားစွဲဆိုထားတဲ့ ဒီအမှုကို တရားလွှတ်တော်က ပြီးခဲ့တဲ့သီတင်းပတ်တွေ ကတည်းက တောင်းယူသွားခဲ့ပေမဲ့ ဇွန်လ ၃ ရက်မှာ အရှေ့ပိုင်းခရိုင်တရားရုံးမှာပဲ ရုံးချိန်းပြုလုပ်ခဲ့သလို ဇွန်လ ၁၇ ရက်ကို ရုံးချိန်းပြန်ချိန်းခဲ့တယ်လို့ အမှုအတွက် လိုက်ပါဆောင်ရွက်ခွင့်ရထားတဲ့ရှေ့နေ ဒေါ်စန်းမာလာညွန့်က အစောပိုင်းက ပြောထားပါတယ်။

    ‘တရားလွှတ်တော်မှာ အမှုကို တောင်းယူကြည့်ရှုခွင့်ရှိတယ်ဆိုတဲ့ အခွင့်အာဏာရှိပါတယ်။ ဒီလိုတောင်းသွားတယ်ဆိုတာက ဒါ သူ့အခွင့်အာဏာရ တောင်းကြည့်တယ်ဖို့ ကျွန်တော်တို့က အရင်တုန်းက ယူဆထားတာ။ အခုတော့ မဟုတ်ဘူးဗျ။ နိုင်ငံတော်က လျှောက်ထားတာ။ လျှောက်ထားလို့ အမှုကို ခေါ်သွားတာဗျ။ အဲလိုလျှောက်လို့ခေါ်တယ် ဆိုရင်တော့ မူလဖြစ်တဲ့ခရိုင်တရားရုံးကို ပြောထားရမှာဗျ။ ခရိုင်တရားရုံးကလည်း အမှုလိုက်တဲ့ရှေ့နေကို ပြောရမှာပေါ့ဗျာ။ ဖြစ်စဉ်ကို အမှန်အတိုင်း မသိရကြဘူးပေါ့ဗျာ’ လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

    ဒါပေမဲ့ မနေ့ဇွန်လ ၃ ရက်နှောင်းပိုင်းမှာ တင်ထားတဲ့ တရားလွှတ်တော်ချုပ်ရဲ့ထုတ်ပြန်ချက်အရတော့ ဇွန်လ ၂၃ ရက် ရုံးချိန်းအတွက် လျှောက်ထားခံရသူ ရှေ့နေတွေဆိုတဲ့နေရာမှာ စွပ်စွဲခံရသူတွေဖြစ်တဲ့ မစ္စတာရှောင်တာနဲလ်၊ ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီးဦးဆက်အောင်နဲ့ ဝန်ကြီးဟောင်းဦးကျော်ဝင်းတို့ ကိုယ်တိုင်လို့ ပါရှိနေပါတယ်။

    ဒီအမှုအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လျှောက်ထားသူက နိုင်ငံတော်ဖြစ်ပြီး လျှောက်ထားသူရှေ့နေဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးလို့လည်း ဖော်ပြထားတာရှိထားပါတယ်။

    ဦးခင်မောင်ဇော်ကတော့ ဒါဟာ ဒီအမှုအတွက်ကိုယ်စားလှယ်လွှဲစာရတဲ့ ရှေ့နေအကူအညီကို ငြင်းပယ်လိုက်တဲ့သဘောဖြစ်နေတယ်လို့ ပြောပါတယ်။

    အမှုတစ်တွဲလုံးကို တရားရုံးအသစ်ပြောင်းလိုက်တာဟာ သက်ဆိုင်ရာတရားရုံးမှာ အမှုအသစ်အဖြစ် လက်ခံလိုက်တာဖြစ်တာကြောင့် ရှေ့နေပါဝါအသစ်တင်ရမယ်လို့လည်း သူက ပြောပါတယ်။

    ‘အမှုအတွက် ပါဝါ သပ်သပ်တင်ရတယ်။ ဒါပေမဲ့ အဲဒီလို ပါဝါတင်ဖို့ အတွက်ရော၊ ခုခံချေပဖို့ အတွက်ရော ကာယကံရှင်က ရှေ့နေတွေနဲ့ ဆက်သွယ်ရမှာပေါ့ဗျာ။ အဲတော့ ကာယကံရှင်နဲ့ ရှေ့နေနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးပေးမထားဘူး။ ကာယကံရှင်နဲ့ ကျွန်တော်နဲ့လည်း အဆက်အသွယ် မရဘူး’လို့ သူက ဆက်ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်လ်တာနယ်ဆီက တွေ့ရှိရတဲ့ စာရွက်စာတမ်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပုဒ်မနဲ့ စစ်ကောင်စီက တိုင်းကြားထားတာလို့ ရှေ့နေတွေက ပြောထားပါတယ်။

    တရားလွှတ်တော်ချုပ်ရဲ့ ကြေညာချက်မှာတော့ အမှုအမျိုးအစားနေရာမှာ ရာဇဝတ်အထွေထွေလျှောက်လွှာလို့ ပြောထားတာကြောင့် ဒါဟာ အမှုအတွင်းမှာပေါ်ပေါက်တဲ့တစ်ခုချင် းပြဿနာတွေအပေါ်မှာ လိုအပ်လို့ အထက်ရုံးကို လျှောက်တဲ့အမှုလို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

    လက်ရှိမှာ ဦးခင်မောင်ဇော်အပါအဝင် ရှေ့နေအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ တစ်မှုတည်း စွပ်စွဲခံထားရတဲ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသလို ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း နေပြည်တော်မှာ စွပ်စွဲခံထားရတဲ့အမှုတွေအတွက်လည်း ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခွင့်ရထားသူတွေ ဖြစ်ပါတယ်။

  7. ပင်လယ်ထဲ ရက် ၁၀၀ ကျော် မျောနေတဲ့ ရိုဟင်ဂျာလှေ အင်ဒိုနီးရှားကျွန်းတစ်ကျွန်းမှာ ဆိုက်ကပ်

  8. အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို လုံးဝလုပ်မှာမဟုတ်ဘူးဆိုတာ ပြည်သူတွေကို ထပ်လောင်းပြောချင်ပါတယ်

  9. ရေစကြိုရဲစခန်းရှေ့က မြို့အဝင်စစ်ဆေးရေးဂိတ်နဲ့ ရွှေလှံကျေးရွာရဲကင်းစခန်း မီးရှို့ခံရ

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ မြို့မရဲစခန်းရှေ့က မြို့အဝင်စစ်ဆေးရေးဂိတ်၊ ယာယီမိုးကာတဲဟာ ဒီနေ့ ဇွန်လ ၄ ရက် မနက် ၄ နာရီအချိန်ခန့်က မီးအရှို့ခံလိုက်ရပါတယ်။

    ဒါ့အပြင် ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာမှာရှိတဲ့ နယ်မြေရဲကင်းစခန်းလည်း ဒီနေ့ မနက်အစောပိုင်းက မီးအရှို့ခံရပါတယ်။

    ကျေးရွာလူထုကအသိမြန်လို့ ဝိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့လို့ ရဲကင်းစခန်းရဲ့ အဖီသာ မီးလောင်သွားတယ်လို့ အမည်မဖော်လိုသူ တစ်ဦးထံကသိရပါတယ်။

    ဇွန်လ ၃ ရက်နေ့ မနေ့က ညနေပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကား ၂ စီးနဲ့ ကျေးရွာထဲရောက်လာပြီး သေနတ် ပစ်ဖောက်တာတွေလည်း ရှိခဲ့ပါတယ်။

    ဒီနေ့မနက် အစောပိုင်းရွာက ရဲကင်းစခန်း မီးလောင်းနေတာရွာဘက်ကလူနေအိမ်တွေမီးကူးဆက်မှာဆိုးလို့ရွာသားအချို့ကသွားရောက်မီးငြိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရသည်။

  10. ဆီဆိုင်က တပ်နယ်မြေဧက ၃၀၀ မှာ မိုင်း ဆင်ထားမယ်လို့ စစ်တပ်ပြော

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ တပ်နယ်မြေ ဧက ၃၀၀ မှာ လုံခြုံရေးအတွက် မိုင်းတွေထားရှိမယ်ဆိုပြီး စစ် ကောင်စီ သတင်းထုတ်ပြန်ရေးဘက်က ပြောလာပါတယ်။

    စစ်ကောင်စီဘက်ကတော့ သောင်းကျန်းသူတွေရန်က ကာကွယ်ဖို့ လို့ ပြောပါတယ်။

    ဆီဆိုင်တပ်နယ် ကွပ်ကဲမှုအောက်မှာရှိတဲ့ အမှတ်-၄၂၃၊ ၄၂၄ ခြေမြန်တပ်ရင်းတွေ၊ ထောက်ပို့တပ်ဆွယ်နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အောက်က အမှတ်-၁ စစ်ဗျူဟာ တပ်ပိုင်မြေဧရိယာတွေထဲမှာ မိုင်းတွေထားမှာဖြစ်တယ်လို့ အစောပိုင်းက စာတစ်စောင်ထုတ်ထားပါတယ်။

    ဆီဆိုင်က တပ်ပိုင်မြေထဲ ဇွန်လ ၃ ရက် မနက်ပိုင်းကစလို့ တိုက်မိုင်း၊နင်းမိုင်း၊ ရှေ့ထွက်မိုင်းနဲ့စွန့်လွှတ်မိုင်းတွေ တပ်ဆင်ထား ရှိမှာဖြစ်လို့ မြို့နယ်ထဲကလူထုအနေနဲ့ထိခိုက်နစ်နာမှုမရှိဖို့ ဆီဆိုင်တပ်နယ်ထဲကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ မြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေကို အသိပေးစာတပ်ဘက်က ထုတ်ပြန်တာဖြစ်ပါတယ်။

    တပ်ဧရိယာထဲကို ဝန်းကျင်ကပြည်သူတွေ ဖြတ်သန်းသွားလာမိရင် ထိခိုကမှု တစ်စုံတရာမဖြစ်စေဖို့ သက်ဆိုင်ရာ မြို့နယ်/ကျေးရွာ ထွေအုပ်ရုံးတွေကို ဇွန်လ ၂ ရက်နေ့ကကတည်းက အသိပေးထားတာလို့ ဆိုပါတယ်။

  11. လှည်းကူး အမှတ် ၃ လမ်းဆုံစစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့ယာဉ်ကိုပစ်ခတ်လို့ ယာဉ်ပေါ်ပါသူအချို့ ဒဏ်ရာရ

    လှည်းကူး အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ ဒီကနေ့မွန်းတည့် ၁၂ နာရီ ဝန်းကျင်လောက်က စစ်ဆေးရေးဂိတ်မှာ ယာဉ်မရပ်ပေးလို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ ယာဉ်ပေါ်ပါသူ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရသွားခဲ့တယ်လို့ အဲဒီအနီးတဝိုက်မှာနေထိုင်သူအချို့က ဘီဘီစီကိုပြောပါတယ်။

    ဒီပစ်ခတ်မှုမတိုင်ခင် မနက်ပိုင်းကလည်း အမှတ် ၃ ဂိတ်နားက ဆီဆိုင်အနီးမှာ ယာဉ်တစ်စီးပေါ်ကနေ စစ်ဆေးရေး ဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

    "မနက်ကတော့ ကျွန်တော်တို့ရှေ့မှာပဲ စစ်သား ၇ယောက်ထွက်သွားတာ။ မကြာဘူး။ ဆီဆိုင်နားမှာ ပစ်ကြတာ။ ဒဏ်ရာရသူရှိတယ်တော့ ကြားတာပဲ။ အခုကတော့ ယာဉ်မရပ်ပေးလို့ ပစ်တာတဲ့။ ဒီက ကယ်ရီဆွဲတဲ့သူတွေလည်း ပြန်လှည့်လာရတယ်။ ယာဉ်မောင်းအမျိုးသားရော သူ့အမျိုးသမီးရော ထိတယ်။ စိုးရိမ်ရတယ်တဲ့။ ကလေးတစ်ယောက်ပါတာ ရှပ်ထိသွားတယ်လို့လည်း ကြားတယ်။ လူနာတင်ကား တွေလည်း ရောက်လာတာတွေ့တယ်။ ဓတ်ပုံတွေ ဘာတွေတော့ရိုက်မရဘူး။ အပစ်ခံရတဲ့ကားကတော့ မှန်တွေဘာတွေကွဲပြီး ဘေးထိုးရပ်ထားရတယ်" လို့ အနီးတဝိုက်မှာနေထိုင်သူက ပြောပြပါတယ်။

  12. မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်စာရင်းမှာ ပါဝင်သူတချို့ နုတ်ထွက်

    မြန်မာနိုင်ငံ ဂီတအစည်းအရုံး ယာယီအမှုဆောင်စာရင်း ဆိုပြီး မနေ့ ဇွန်လ ၃ ရက်ညနေပိုင်းက ထွက်ပေါ်လာခဲ့အပြီး စာရင်းမှာပါဝင်တဲ့ ဂီတအနုပညာရှင်နဲ့ အဆိုတော်တွေထဲက တချို့ဟာ မိမိသဘောအလျောက် နုတ်ထွက်မှုတွေ ရှိလာနေပါတယ်။

    ဒီအမှုဆောင်စာရင်းမှာ ပါဝင်တဲ့ အဆိုတော်တချို့က သူတို့ကို စာရင်းမှာ ထည့်သွင်းထားတာကို အသိပေးခြင်း မရှိတဲ့အတွက် ကာယကံရှင်ကိုယ်တိုင်တောင် မသိဘူးလို့ ပြောကြားပါတယ်။

    ဒီစာရင်းထဲက အဆိုတော် မနောနဲ့ တေးရေး အဆိုတော်ဝေကြီးတို့က ဒီတာဝန်ကို မထမ်းဆောင်နိုင်ကြောင်း ဂီတအစည်းအရုံးကို ပြန်လည်ပေးပို့တဲ့စာတွေကို လူမူကွန်ရက်ပေါ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။ အမှုဆောင်စာရင်းရဲ့ ဥက္ကဋ္ဌနေရာမှာ ထည့်သွင်းထားတဲ့ အဆိုတော် ကိုင်ဇာကလည်း ကျန်းမာရေးအခြေအနေအရ တာဝန် မထမ်းဆောင်နိုင်ကြောင်း အကြောင်းပြန်ထားတဲ့စာကို ဒီနေ့ ဇွန် ၄ ရက် မနက်မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

    စစ်ကောင်စီအစိုးရ လက်အောက်မှာ ဖွဲ့စည်းဖို့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးရဲ့ယာယီအမှုဆောင်အဖွဲ့ အမည်စာရင်းမှာ မြန်မာ့ရုပ်ရှင်တသက်စာ ထူးချွန်ဆုရထားတဲ့ ဗိုလ်ကလေးတင့်အောင်ကို နာယကအဖြစ် ထည့်သွင်းထားပြီး အလုပ်အမှုဆောင်အဖွဲ့ဝင်စုစုပေါင်း ၂၉ ယောက် ပါဝင်တာကို တွေ့ရပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တချို့ဟာ စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသလို အဲဒီပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။

  13. ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေစီးနင်းတယ်လို့ ဒေသခံတွေ ပြော

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာထဲကို မနေ့က ဇွန်လ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ခဲ့ပြီး ရှာဖွေဖျက်ဆီးမူတွေ ၊ ရွာထဲက စားနပ်ရိက္ခာတွေကိုသိမ်းဆည်းတာတွေလုပ်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။

    အခုလိုရွာထဲကို ဝင်ရောက်ဖျက်ဆီးချိန်မှာ ကျေးရွာနေပြည်သူတွေ တိမ်းရှောင်နေတာကြောင့် ရွာထဲမှာ ဒေသခံတွေအများစု ရှိမနေခဲ့ဘူးလို့ နှမ်းခါးကျေးရွာနေပြည်သူတစ်ဦးကပြောပါတယ်။

    "သူတို့ က ရွာထိပ်က ဆေးရုံကုန်းမှာတပ်စွဲထားတာ။ မနေ့က မနက်၈နာရီခွဲလောက်က ဝင်လာပြီးမွှေတာ။ ရွာထဲမှာက ဘယ်သူမှမရှိဘူး ။ သူတို့ဝင်လာတာနဲ့ထွက်သွားတာကိုပဲမြင်လိုက်ရတာ ။ ဖျက်ဆီးသွားတဲ့မှတ်တမ်းပဲ ရလိုက်တာ။ ဆန်အိတ်တွေ ဆီပုံးတွေလည်း အကုန်ယူသွားတယ် ။ ငါးတွေဖမ်းတယ်။ ကြက်တွေသတ်စားပြီး အရက်တွေသောက်သွားတာတွေလည်း တွေ့တယ် ရွာနားနီးစပ်မှာဒလန်တွေကိုရှင်းပစ်နေတာတွေရှိလို့အခုလိုဝင်လာတယ်လို့ထင်ပါတယ်" လို့နှမ်းခါးကျေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ် ။

    လက်ရှိမှာ ကျေးရွာထဲမှာ သက်ကြီးရွယ်အိုလူအနည်းငယ်သာနေထိုင်နေပြီး ရွာသားအားလုံးက ရွာနဲ့မလှမ်းမကမ်းမှာ တိမ်းရှောင်နေရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့အခြေနေကိုကြည့်ပြီး စားနပ်ရိက္ခာတွေရွာထဲပြန်ယူနေရတယ်လို့လည်းဆိုပါတယ် ။

  14. ရန်ကုန်စီးပွားရေးတက္ကသိုလ်စီမံခန့်ခွဲမှု ပညာဌာန မဟာတန်းကျောင်းသားကျောင်းသူ ၉၈ ရာခိုင်နှုန်း CDM ပြုလုပ်ကြောင်း ကြေညာ

    ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမူပညာဌာန မဟာတန်းကျောင်းသားကျောင်းသူ ၉၈ ရာခိုင်နူန်းဟာ ဇွန်လဆန်းပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ မဟာဘွဲ့သင်တန်း MBA ကိုဆက်လက်မတက်ရောက်ဘူးလို MBA 25th batch က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

    မဟာဘွဲ့ကျောင်းသားတွေအနေနဲ့ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်တဲ့ အစိုးရကိုသာယုံကြည်ကြောင်း စစ်အာဏာရှင်အလိုမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး CDM ပြုလုပ်နေတဲ့ဆရာ၊ဆရာမများနဲ့အတူရပ်တည်တဲ့အတွက် အခုလို ကျောင်းမတက်ဖို့ဆုံးဖြတ်ကြတာဖြစ်တယ်လို့ဆိုပါတယ်။

    " ကျွန်မတို့က ဒီပညာရေးတောက်လျှောက်ကို တလျှောက်ဖြတ်သန်းခဲ့ကြတယ်။ ဖြတ် သန်းခဲ့ကြတဲ့တောက်လျှောက်မှာ ကျွန်မတို့ရခဲ့တဲ့ပညာရေးကအောက်တန်းကျတယ်။ ကျွန်မတို့ပညာရေးကို ဘယ်သူကမှအသိမှတ်မပြုခဲ့ကြဘူး။ ဒီအတွေ့အကြုံကြောင့် ကျွန်မတို့က ဒီအုပ်ချုပ်မှုကိုတွန်းလှန်ချင်တဲ့ အတွက် သူတို့အုပ်ချုပ်မှုအောက်ကဆက်သွားမယ့်ပညာရေးကို မသွားချင်ဘူး။ ဒီလိုဆုံးဖြတ်ရတဲ့အတွက် ကျွန်မတို့ အများကြီးနစ်နာတယ်။ ဝင်ခွင့်ဖြေရတယ်။ ရေးဖြေတွေကော နှုတ်ဖြေတွေကော တနှစ်တနှစ် ဝင်လျှောက်တဲ့သူတွေကလည်းအများကြီးပဲ။ အခု ကျွန်မတို့မဟာတန်းကကျောင်းမတက်ဘူးလုပ်တဲ့သူတွေ ၊ သုတေသနဆက်မလုပ်ဘူးဆိုတဲ့လူတွေဆို အများကြီးနစ်နာတယ် အများကြီးပေးဆပ်လိုက်ရတာ ။ ကျွန်မ ဒီအလုပ်ပြီးသွားရင် ကျွန်မရမယ့်အလုပ်အကိုင်အခွင့်လမ်းက MBA ဆိုတဲ့ဘွဲ့နဲ့အညီလစာတွေတက်သွားမှာပေါ့နော်။ အချိန်တွေလည်းအများကြီးပေးခဲ့ရတယ်။ အလုပ်ဆင်းတဲ့အချိန်ကျောင်းပြေးတက်ခဲ့ရတယ်။ ရင်းခဲ့ရတာအရမ်းများပေမယ့် ဒီအကြမ်းဖက်စစ်ကောင်စီရှိနေ သရွေ့ဒါတွေကိုမလုပ်ဘူး။ ပြည်သူ့အစိုးရတက်မှ ဒီဘွဲ့ကိုဆက်ယူမှာ။ ဒီကာလဘယ်လောက်ရှည်မယ်မသိဘူး။ အစ်မတို့ဘွဲ့တွေလည်းမသေချာတော့ဘူး ။ နောက်ဆုံးကျောင်းကနေမှ သုတေသနလာမလုပ်လို့ကျောင်းကထုတ်မယ်ဆိုလည်းအထုတ်ခံရမှာပေါ့နော်။ ကျွန်မတို့ထက်အများကြီးကိုယ်ကျိုးစွန့်နေသူတွေလည်းရှိသေးတယ် ။ မိသားစုတွေရှိသမျှအရာတွေအားလုံးစွန့်လွှတ်တဲ့ မျိုးဆက်တွေ ၊ ပညာရှင်တွေနဲ့ယှဉ်ရင်ကျွန်မတို့လုပ်တာက သေးသေးလေးပါပဲ ။ ဒါပေမဲ့ ကျွန်မလုပ်တဲ့သေးသေးလေးအတွက် ဂုဏ်ယူတယ် " လို့ EMBA မဟာတန်းကိုဆက်လက်မတက်ရောက်ဖို့ဆုံးဖြတ်ခဲ့တဲ့ ကျောင်းသူတစ်ယောက်ကဘီဘီစီကိုပြောပြပါတယ်။

    လက်ရှိမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်စီမံခန့်ခွဲမူပညာဌာနရဲ့ MBA 25th batchရဲ့ မဟာတန်းကျောင်းသားတွေရဲ့ ၉၈ ရာခိုင်နူန်းကျော်အပြင် ညနေခင်းတက်ရတဲ့ EMBA တန်းခွဲ၅ဝရာခိုင်နူန်းကျော်က ကျောင်းကိုဆက်လက်တက်ရောက်တာတွေ သုတေသနပြုလုပ်တာတွေအားလုံးကိုရပ်ဆိုင်းထားတာပဲဖြစ်တယ်လို့ သိရပါတယ်။

  15. မြိုင်၊ လယ်စုရွာ ညသပိတ် ဆိုင်ကယ်နဲ့ဝင်တိုက်ခံရပြီး တိုက်တဲ့အမျိုးသားသေဆုံး

    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲက လယ်စုရွာမှာ ဇွန်လ ၃ ရက် ညသပိတ်ဆင်နွှဲတဲ့ ဆိုင်ကယ်သပိတ်တစ်ခု ခါးလယ်ကနေ ဖြတ်တိုက်ခံရပြီးနောက် ဝင်တိုက်သူ အမျိုးသားတစ်ဦး သေဆုံးပြီး သပိတ်မှာပါဝင်သူ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် အဲဒီအမျိုးသား သေဆုံးတာကြောင့် ရွာကို ရဲကား ၂ စင်း ချက်ချင်းရောက်လာပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်လို့ ရွာခံတွေ တဝက်ကျော် ညတွင်းချင်းပဲ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

    ‘ဒလန်သဘောမျိုးနဲ့ လူတစ်ယောက်က ကျွန်တော်တို့ သပိတ်ကို ခါးလလယ်ဖြတ်တိုက်တာ။ ရွာထဲပတ်ပြီး အနောက်ပိုင်း ကို သွားဖို့ ပြန်လှည့်တဲ့အချိန် သူက ဆိုင်ကယ်နဲ့ဝင်တိုက်တာ။ ဘယ်သူရယ်၊ ဘာရယ်လို့ တိုက်တာမျိုးတော့ ဟုတ်ဟန်မတူဘူး။ ဘယ်သူဖြစ်ဖြစ်ဆိုပြီး စပိ(အမြန်နှုန်း) ကောင်းကောင်းနဲ့ သူဝင်တိုက်တာ။ ကံမကောင်းဘဲ သူ့ ဟာသူ အကျနာပြီးဖြစ်သွားတာ။ ကျွန်တော် တို့ဘက်က လူကတော့ မိနစ် ၃၀၊ ၄၅ မိနစ်လောက် မေ့သွားတယ်။ တိုက်တဲ့ သူ ကတော့ သူ့အရှိန်နဲ့သူ ကတ္တရာလမ်းပေါ် ပွဲချင်းပြီး ဆုံးတယ်’လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လယ်စုရွာဟာ အရှေ့ပိုင်း၊ အနောက်ပိုင်းရှိပြီး သေဆုံးတဲ့အမျိုးသားဟာ အနောက်ပိုင်းက အသက် ၃၀ ဝန်းကျင် ကိုဇော်မင်းဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

    ‘တကယ်တော့ ကျွန်တော်တို့ရွာက မြိုင်နဲ့ဆို ၆ မိုင်လောက်ဝေးတယ်။ ဖြစ်ဖြစ်ချင်းမကြာမီမှာပဲ သူတို့ ရောက် လာတာ။ ကြည့်ရတာ ဒီလိုမဖြစ်လည်း သူတို့က လာမှာပဲ ထင်တယ်။ ညပိတ်ကလည်း မနေ့ညကမှ ပထမဆုံး စလုပ်တာ။ လုပ်လုပ်ချင်းမှာပဲ ဒီလိုဖြစ်တာ’ လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတစ်ဦးကပြောပါတယ်။

    မနေ့ည ၁၂ နာရီလောက်မှာ ရဲတွေ ရွာထဲကနေ ထွက်သွားပေမဲ့ ဒီနေ့ ဇွန်လ ၄ ရက် မနက်ပိုင်းမှာ ပြန်လာမယ်ဆိုပြီး ကြိမ်းမောင်းသွားတာမျိုးရှိလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာသွားတွေဟာ ရွာထဲပြန်ဖို့ အခြေအနေကို စောင့်ကြည့် နေရတယ်လို့ သိရပါတယ်။

  16. မြန်အောင်မှာ မြို့နယ် USDP ပါတီဥက္ကဋ္ဌအိမ်ရှေ့မှာ ဗုံးပေါက်ကွဲ

    ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ ကြာနီကန်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ မြို့နယ်ပါတီဥက္က္ကဋ္ဌဦးနေဝင်းဇော်အိမ်ရှေ့မှာ ဒီကနေ့ ဇွန် ၄ ရက် မနက် ၄နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ တယ်လို့ ဒေသခံအချို့ကဘီဘီစီကိုပြောပါတယ်။‘ ‘ မနက်က အသံကြားလိုက်တဲ့အချိန် နာရီကြည့်မိတော့ ၃နာရီ ၅၇ မိနစ်ရှိပြီ။ လူထိခိုက်တာတော့မရှိဘူး။ သူ့ရဲ့ကားတော့ နည်းနည်းထိခိုက်သွားတယ်လို့ သိရတယ်။ အဲဒီချိန် ကျွန်တော့်ရဲ့ ကုန်ကားတစ်စီး ထွက်ဖို့ လုပ်တော့ အဲဒီဘက်ကလမ်းပိတ်ထားလို့ တခြားဘက်ကသွားရတယ်။ အခုတော့ လမ်းလည်းပြန်ဖွင့် ထားပါပြီ။ မြို့ထဲမှာတော့ စစ်တာဆေးတာက အရင်နေ့တွေထက် ဆိုင်ကယ်တွေကို ပိုစစ်တယ်။ တူးဘောက်တွေပါဖွင့်စစ်တာတွေ့ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းတာဆီးတာတော့မကြားရသေးဘူး’’လို့ အဲဒီအနီးတဝိုက်မှာ နေထိုင်သူကပြောပြပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်က မြို့နယ် USDP ပါတီဥက္ကဋ္ဌတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရပါတယ်။

  17. အာဆီယံသံတမန် နေပြည်တော်ရောက်နေ

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ဘုရင်ကိုယ်စား ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ၂ နဲ့ အာဆီယံအတွင်းရေးမှူး ချုပ်တို့ နေပြည်တော်ကို မနေ့ ဇွန်လ ၃ ရက်ညပိုင်းကတည်းက ရောက်နေတဲ့အကြောင်း မြန်မာအကြီးတန်းအရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    သံတမန်တွေဟာ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီနေ့ ဇွန်လ ၄ ရက် မနက်ပိုင်းမှာတွေ့ဖို့ရှိပြီး တွေ့ဆုံပွဲအပြီး သတင်းအချက်အလက်တွေကို မြန်မြန်ထုတ်ပေးမယ်လို့လည်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောထားပါတယ်။

    ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ပြည်ပသံတမန်တွေ ပထမဆုံး ပြည်တွင်းကို လာတဲ့ ခရီးစဉ်လည်းဖြစ်လာပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်ပြီး အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမှာ ဧပြီလ ၂၃ ရက်တုန်းက ကျင်းပ ခဲ့တဲ့ မြန်မာ့အရေးအထူးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေကြား ဘုံသဘောတူညီချက် ၅ ချက်ရရှိခဲ့ပါတယ်။

    ဒါပေမဲ့ နိုင်ငံအတွင်းတည်ငြိမ် အေးဆေးမှ ဒီသဘောတူညီချက်တွေ အထောင်အထည်ဖော်ရေးကို စဉ်းစားမယ်ဆိုပြီး အာဏာသိမ်းခေါင်းဆောင် စစ်ကောင်စီဥက္ကဋ္ဌက ပြောထားပါတယ်။

  18. ချင်းပြည်နယ်က စစ်ဘေးရှောင်တွေကို စစ်ကောင်စီ ရိက္ခာဖြတ်တောက်

  19. အာဏာသိမ်းစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ အီးယူ ချမှတ်ဖို့ရှိ

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေကို လာမယ့်ရက်ပိုင်းတွေအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ အီးယူ ဥရောပသမဂ္ဂဘက်က ချမှတ်ဖို့ ရှိတယ်လို့ အီးယူနိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

    ဒီအရေးယူ ပိတ်ဆို့မှုတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အီးယူဘက်က ချမှတ်တဲ့ တတိယအကြိမ်မြောက် အရေးယူမှုလည်း ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်က စစ်ဗိုလ်ချုပ်တွေအပါအဝင် စစ်တပ်ပိုင် စီးပွားရေး အကျိုးစီးပွားတွေကို ကိုယ်စားပြုတဲ့ လုပ်ငန်းတစ်ရပ်လုံးကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ မကြာမီရက်ပိုင်းအတွင်း ချမှတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း မစ္စတာ ဘိုဝဲလ်က ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဗိုလ်ချုပ် ၂၁ ဦးနဲ့ စစ်ကောင်စီလက်အောက်မှာ လုပ်ကိုင်နေတဲ့ အရပ်သားတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ သူတို့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကန့်သတ်တာတွေကို အီးယူဘက်က ချမှတ်ထားပါတယ်။

    အီးယူ နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ပါတဲ့သူတွေကို ငွေကြေးထောက်ပံပေးမှုတွေကိုလည်း တားမြစ်ထားပါတယ်။

    ဧပြီလတုန်းက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေထဲမှာ ပါဝင်တဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် MEHL ၊မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ကုမ္ပဏီတွေနဲ့ အီးယူ ရင်းနှီးမြှုပ်နှံ့သူတွေ၊ ဘဏ်တွေ စီးပွားရေး လုပ်ဆောင်မှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။

  20. အာဆီယံ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ် နေပြည်တော်ကို ဒီနေ့ည ရောက်မယ်

    အာဆီယံ ဥက္ကဋ္ဌ ကိုယ်စား ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်ကို ဒီကနေ့ညပိုင်းမှာ ရောက်ရှိလာမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ ရိုက်တာသတင်းအရ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ၂ Erywan Yusof နဲ့ ဘရူနိုင်းကပဲ ခန့်ထားတဲ့ အာဆီယံ အတွင်းရေးမှူး Lim Jock Hoi တို့လာရောက်မယ်လို့ သိထားရပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ အာဆီယံအဖွဲ့ထဲမှာ သဘောထားကွဲလွဲနေတဲ့ကြားမှာပဲ အခုအစီအစဥ် ဖြစ်လာတာလို့ အဲဒီသတင်းမှာ ဖော်ပြခဲ့ပါတယ်။

    • အာဆီယံ ထိပ်သီးဆွေးနွေးပွဲက မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်မလား
    • အာဆီယံ မြန်မာ့အရေး ထိပ်သီးစည်းဝေးပွဲ - "အာဆီယံ ကိုယ်တိုင်က ပြဿနာ ကိုယ်စီနဲ့ တိုင်းပြည်တွေ ချည်းပဲ"

    အာဆီယံထိပ်သီးအစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ဘုံသဘောတူညီချက်အရ မြန်မာနိုင်ငံကို အာဆီယံ ကိုယ်စားလှယ် အဖွဲ့စေလွှတ်ရေး ကိုယ်စားလှယ်ခန့်ထားမှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိနေလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ကိုယ်စားလှယ် အမြန်ဆုံးခန့်ထားဖို့ အင်ဒိုနီးရှားနိုင်ငံက တောင်းဆိုထားပါတယ်။