အာဏာသိမ်း စစ်ကောင်စီဟာ တရားမဝင်သစ်တွေ
တန်ချိန် ထောင်ပေါင်းများစွာကို နိုင်ငံတကာ စျေးကွက်ထဲ ရောင်းပြီး ငွေရအောင်လုပ်ဖို့
ကြိုးစားနေတယ်ဆိုပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နိုင်ငံတကာ စုံစမ်း ဖော်ထုတ်တဲ့
အဖွဲ့ တစ်ခု ဖြစ်တဲ့ EIA က သတိပေး နေပါတယ်။
စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို
ပိတ်နိုင်ဖို့ စီးပွားရေး ဆိုင်ရာ ပြစ်ဒဏ်ခတ် အရေးယူမှုတွေကို အမေရိကန်၊ ဗြိတိန်နဲ့
အီးယူတို့ အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက လုပ်ဆောင် နေချိန်မှာ စစ်ကောင်စီက
သစ်တွေရောင်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ခံ
NLD အစိုးရလက်ထက် ပစ်မှတ်ထား ကိုင်တွယ်ခဲ့တဲ့ အထဲ တရားမဝင် သစ်ခိုးထုတ်မှု ပပျောက်ရေးလည်း
ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် တရားမဝင်
ခုတ်လှဲထားတဲ့ သစ်တွေ၊ ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ သစ်တွေကို NLD အစိုးရလက်ထက် နိုင်ငံတော် အနေနဲ့
ဖမ်းဆီးရရှိထားတာ တန်ချိန် ၂ သိန်း ဝန်းကျင် အထိ ရှိနိုင်တယ်လို့ လေ့လာသူတွေက
ခန့်မှန်း ထားကြပါတယ်။
အခု အဲဒီ သစ်တွေကို ထုတ်ရောင်းဖို့
စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ EIA က ပြောနေတာ ဖြစ်ပါတယ်။ နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်းလည်း
အခုဆို စစ်ကောင်စီ ထိန်းချုပ်မှုအောက် ရောက်နေပြီ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံပိုင်
လုပ်ငန်းတွေကနေ ငွေမရှာနိုင်အောင် ကျောက်မျက်၊ ပုလဲနဲ့ငါး စသဖြင့် လုပ်ငန်းတွေ အပေါ်
နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ် ခံထားရပါတယ်။
စစ်ကောင်စီက တရားမဝင် သစ်တွေကို
စျေးနှုန်း မဖော်ပြ မသတ်မှတ်ပဲ လေလံတင် ရောင်းချမှာ ဖြစ်ပြီး၊ ဝင်ပြီး လေလံဆွဲ
ဝယ်ချင်တဲ့ သူတွေဟာ အရင်ဆုံး အမေရိကန် ဒေါ်လာ တစ်သောင်းကို ကြိုတင်ငွေ အဖြစ် စစ်ကောင်စီထံ
ပေးသွင်းရမှာ ဖြစ်တယ်လို့ စုံစမ်း လေ့လာ ဖော်ထုတ်တဲ့ EIA အဖွဲ့က ဆိုပါတယ်။
မြန်မာပြည်သူတွေကို ဆက်လက်
ဖိနှိပ်နိုင်ရေး အတွက် စစ်ကောင်စီမှာ ငွေ အသည်းအသန်လိုနေပြီလို့ အကဲခတ်တွေက
ပြောကြပါတယ်။
ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး အေဂျင်စီ EIA အဖွဲ့ဟာ
၁၉၈၀ ပြည့်ကျော် နှစ်တွေ ကတည်းက ပတ်ဝန်းကျင် အရေး လှုပ်ရှား တက်ကြွသူ ၃ ယောက်နဲ့ ယူကေမှာ
စတင် တည်ထောင် လာခဲ့တာ ဖြစ်ပါတယ်။ အခု လန်ဒန်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တွေမှာ
ရုံးခန်းတွေ ထားရှိပါတယ်။