အတိုင်ပင်ခံ၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ အမှု ရုံးချိန်းရှိ
စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့အမှု ရုံးချိန်းကို ဒီနေ့ ဇွန်လ ၇ ရက်မှာ နေပြည်တော်မှာ ပြုလုပ်ဖို့ရှိနေပါတယ်။
သူတို့ သုံးဦးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ အမှုတွဲတစ်ခုတည်းအနေနဲ့ စွပ်စွဲခံ တရားရင်ဆိုင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ခေါက် ရုံးချိန်းမှာတော့ သုံးဦးစလုံးကို ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်ခဲ့ပါတယ်။
အဲဒီမတိုင်ခင် အရင်တစ်ခေါက် ရုံးချိန်းတုန်းကတော့ နေပြည်တော်ကောင်စီနယ်မြေထဲက မြနန်းဘုံသာလမ်းမှာရှိတဲ့ သီးသန့်တရားခွင်မှာ အမှုကို ရုံးထုတ်မယ်လို့ ရုံးချိန်းပေးခဲ့တာဖြစ်ပေမဲ့ မေလ ၂၄ ရက်မှာ အမှန်တကယ် ရုံးထုတ်တဲ့အခါ မြနန်းဘုံသာလမ်းထဲမှာ မဟုတ်ဘဲ နေပြည်တော်ကောင်စီရုံးဝင်းထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီတရားခွင်နေရာကို အမှုတွက်လိုက်ပါဆောင်ရွက်တဲ့ရှေ့နေတွေ ကြိုတင် မသိခဲ့သလို တရားခွင်နေရာကို စစ်ကောင်စီရဲ့အာဘော် နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်မှ သိခဲ့ရတာပါ။
ရှေ့နေအဖွဲ့ကတော့ အမှုသည်နဲ့ရှေ့နေ လူချင်းတွေ့ခွင့် အရင်ရုံးချိန်းတွေမှာအကြိမ်ကြိမ်တောင်း ဆိုပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ မေလ ၂၄ ရက် ရုံးချိန်းမှာ အမှုသည်တွေနဲ့ နာရီဝက်စီ သီးခြားတွေ့နိုင်ခဲ့တယ်လို့ ပြောထားပါတယ်။