စစ်ကောင်စီတပ်တွေ အကြိမ်ကြိမ်၀င်နေတဲ့ တန့်ဆည်က ကပေါင်းကျမှာ ရွာလုံးကျွတ်တိမ်းရှောင်နေရ
တန့်ဆည်မြို့နယ် ကပေါင်းကျရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလ ၂၉ ရက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့အတွက် ဒေသခံပြည်သူတွေရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှုအပြီး ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလိုဝင်ရောက်ပစ်ခတ်တာဟာ ဧပြီလလယ်လောက်ကတည်းကဆိုရင် ၆ ခါအထိရှိပြီလို့ ရွာသားတွေကဆိုပါတယ်။
ကပေါင်းကျကျေးရွာမှာ အိမ်ခြေ(၇၀၀)ဝန်းကျင်ခန့်နဲ့လူဦးရေ (၃) ထောင်ကျော်ရှိနေပြီး စစ်ကောင်စီတပ်တွေ ဒီတကြိမ်ဝင်ရောက်ပစ်ခတ်မှုမှာ တောထဲအထိလိုက်လံပစ်ခတ်ခဲ့တာကြောင့် ပြေးစရာမြေမရှိတော့ဘူးလို့ ဒေသခံရွာသားတွေကပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ရွာသားတွေထဲကတချို့ဟာ တောထဲ ယာစောင့်တဲတွေမှာ ခိုလှုံနေကြရပြီး ယာစောင့်တဲမရှိသူတွေမှာ တောထဲဖြစ်သလိုနေနေကြရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်တွေ ကပေါင်းကျကျေးရွာကို ဝင်ရောက်တဲ့အခါတိုင်းမှာ ရွာသားတွေရဲ့အိမ်တွေကို ဖျက်ဆီးဝင်ရောက်ရှာဖွေမှုတွေ၊ ပစ္စည်းတွေကို ယူဆောင် ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာကြောင့် ရွာသားတွေအနေနဲ့အိုးသစ်အိမ်သစ် ပြန်လည် ထူထောင်ရမယ့်အခြေအနေမျိုးပါ ကြုံတွေ့နေရတယ်လို့ ရွာသားတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေ ကပေါင်းကျကျေးရွာကို ဝင်ရောက်နေတာဟာ အနီအစိမ်းပြဿနာကြောင့်ဖြစ်တယ်လို့ မီဒီယာတချို့မှာဖော်ပြနေတာဟာ သတင်းမှားတွေဖြစ်ပြီး ဆန္ဒပြပွဲတွေ၊ CDM ဝန်ထမ်းတွေကို ကပေါင်းကျကျေးရွာ ရွှေမျောလုပ်ငန်းရှင်တွေက ကူညီထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အခုလို ပြုလုပ်နေတာလို့ ရွာသားတဦးကပြောပါတယ်။
ကပေါင်းကျကျေးရွာဟာ စစ်ဖြစ်နေတဲ့ဒေသလဲမဟုတ်၊ နိုင်ငံရေးလှုပ်ရှားသူတွေလဲမရှိပါဘဲ အခုလိုပြုမူခံနေရတာဟာ လူအခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခံနေရတာဖြစ်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေကို အမြန်ဆုံးထိန်းချုပ်ပေးစေချင်တယ်လို့လည်း ရွာသားတွေက တောင်းဆိုနေကြပါတယ်။