ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘယ်လူမျိုးကိုမှ နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်မထားဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

    ဘယ်လူမျိုးကိုမှ နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားတာမရှိကြောင်းနဲ့ စည်းကမ်းဥပဒေနဲ့အညီ ခွင့်ပြုပေးလျက်ရှိကြောင်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

    "မည်သည့်လူမျိုးကိုမှ နိုင်ငံသားဖြစ်ခွင့်ကို ပိတ်ပင်မထားပါဘူး။ စည်းကမ်းဥပဒေနဲ့အညီ ခွင့်ပြုပေးလျက်ရှိပါတယ်။ နံပါတ် တစ်အနေနဲ့ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ အခြားကမ္ဘာ့နိုင်ငံများနည်းတူ တည်ဆဲလူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေကို ကျော်လွန်ပြီးတော့ ဆောင်ရွက်မှာမဟုတ်ဘူးလို့ပြောလိုပါတယ်" လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဇွန် ၁၂ ရက်မှာ ကျင်းပတဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ရုပ်သံသတင်းဌာန ဖီးနစ်တို့တွေ့ဆုံမေးမြန်းခန်းမှာ ရိုဟင်ဂျာဆိုတာ မရှိကြောင်းနဲ့ စိတ်ကူးယဉ်ပြောကြားမှုသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဖြေကြားချက်နဲ့ပတ်သက်ပြီး ဒီနေ့သတင်းစာရှင်းလင်းပွဲစစချင်းမှာပဲ ဒီမူဝါဒနဲ့ပတ်သက်လို့ စစ်ကောင်စီက အကျယ်တဝင့် ရှင်းပြခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ရိုဟင်ဂျာမူဝါဒထုတ်ပြန်လာခဲ့ပြီး အဲဒီမူဝါဒကို အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတချို့က ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာတာတွေရှိထားပါတယ်။

  2. ရွှေတိဂုံစေတီအနီး ပေါက်ကွဲမှုဖြစ်ပွားပေမယ့် ဘုရားကို ပုံမှန်အတိုင်း ဖွင့်လှစ်ထား

    ဒီနေ့ ဇွန်လ ၁၂ ရက်နေ့မနက်ပိုင်းဖြစ်ခဲ့တဲ့ ရွှေတိဂုံစေတီအနီးက ပေါက်ကွဲမှုဟာ ဘုရားပရဝဏ်ထဲမှာ မဟုတ်ဘူးလို့ရွေတိဂုံဘုရားရုံးအဖွဲ့က ဘီဘီစီကိုပြောပါတယ်။

    ဒီနေ့မနက်ပိုင်းမှာပဲ ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနားမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတွေကိုတားဆီးစစ်ဆေးနေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့တာပါ ။

    " ဘုရားတောင်ဘက်မုခ်မှာမဟုတ်ပါဘူး။ ဘုရားဝင်းထဲမှာလည်းလုံးဝမဟုတ်ပါဘူး ။ ဘုရားဝင်းအပြင်က မော်တော်ပီကယ်ရုံးနားမှာဖြစ်တာပါ။ လက်ရှိတော့ ဘုရားပိတ်တာ တွေလည်း မရှိပါဘူး" လို့ ရွှေတိဂုံစေတီတော်ဂေါပကရုံးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကဘီဘီစီကိုပြောပါတယ်။

    ရန်ကုန်မြို့ရဲ့ အထင်ကရဖြစ်တဲ့ရွှေတိဂုံစေတီတော်ကို ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေနေကြောင့် ပိတ်ထားခဲ့ရာကနေ ၂၀၂၁ ခုနှစ်၊ မတ်လ နောက်ဆုံးပတ်ကနေစပြီး အချိန်အကန့်သတ်နဲ့ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး အခုအခါ အချိန်ပြည့်ပြန်လည်ဖွင့်လှစ်ဖူးမြော်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

  3. ကြားကာလပညာရေးအစီအစဉ်ကို မကြာမီကြေညာမယ်လို့ NUG ရဲ့ ပညာရေးဒုဝန်ကြီးပြော

    ကြားကာလပညာရေးအစီအစဉ်အတွက် NUG ပညာရေးဝန်ကြီးဌာနက မကြာမီမှာ ဝန်ကြီးဌာန တရားဝင် ဖေစ့်ဘုတ်စာမျက်နှာ နဲ့အင်တာနက်ဝက်ဆိုက်တွေကနေတဆင့် ကြေညာသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

    လက်ရှိမှာ ဖွင့်နေတဲ့ ဖွင့်နေတဲ့ ပညာရေးဝန်ဆောင်မှု ကျောင်းတွေ အစီအစဉ်တွေကို ပညာရေးဝန်ကြီးဌာနက တရားဝင်စံသတ်မှတ်ပေးနိုင်ဖို့ မူဝါဒတွေ ရေးဆွဲနေတုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘယ်ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းကိုမှ တရားဝင် အသိအမှတ်ပြုစံသတ်မှတ်ပေးခြင်းကို မလုပ်ဆောင်ရသေးကြောင်းနဲ့ မူဝါဒရေးဆွဲပြီးပါက စံသတ်မှတ်နိုင်ဖို့အစီအစဉ်တွေကို ပြန်လည်ကြေညာပေးမယ်လို့ ဆိုပါတယ်။

    ကြားကာလပညာရေးအစီအစဉ်ကို ဇွန်လအတွင်း စတင်နိုင်အောင် စီစဉ်နေပြီး အင်တာနက်နည်းပညာပိုင်း (cyber security ) လုံခြုံအောင်စီစဉ်နေရတာကြောင့် အနည်းငယ်ကြန့်ကြာသွားကြောင်းလည်း ဒုဝန်ကြီးကပြောပါတယ်။

    လတ်တလောမှာတော့ အဆင့်မြင့်ပညာပိုင်းအနေနဲ့ တော်လှန်ရေးကာလအတွင်း လက်တွေ့ အသုံးဝင်မဲ့ နည်းပညာပိုင်းနဲ့ လူမှုရေးသိပ္ပံဆိုင်ရာ ဘာသာရပ်ရက်တိုသင်တန်း (short course) တွေကို ဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့်လေ့လာနိုင်ပြီ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

  4. ဘားအံမှာ ဆန္ဒပြလူငယ် ၃၆ ဦးကိုထောင်နှစ်နှစ်ချခံရတဲ့အပေါ် ကျောင်းသားသမဂ္ဂ တုံ့ပြန်

    ငြိမ်းချမ်းစွာဆန္ဒပြတဲ့လူငယ်တွေကို ထောင်ဒဏ် ၂ နှစ်ထိချမှတ်လိုက်တာဟာ ဘားအံ့ဒေသကို အကြောက်တရားတွေရိုက်ထည့်လိုက်တာဖြစ်လို့ ဘားအံ့နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂက လူငယ်တွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဘားအံ့မြို့၊ ပိတောက်လမ်း ၊ ကမ်းနားမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတုန်းဖမ်းဆီးခံလိုက်ရတဲ့ကျောင်းသား လူငယ် ၃၆ ယောက်ကို ဇွန်လ ၁၁ ရက်နေ့က ပုဒ်မ ၅၀၅ (က)နဲ့ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်တဲ့အပေါ် ဘားအံ့ ကျောင်းသားသမဂ္ဂက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ် ။

    " ငြိမ်းချမ်းစွာဆန္ဒပြရုံနဲ့ ၅၀၅ (က) နဲ့တရားစွဲပြီး အခုလိုထောင်ချလိုက်တာ။ ငြိမ်းငြိမ်းချမ်းချမ်းတောင် ဆန္ဒပြခွင့်မရှိဘူး ။ ကျွန်တော်တို့ကိုအကြောက်တရားဖန်တီးလိုက်တာ။ ရန်ကုန်မှာဆိုရင် တာမွေအဖမ်းခံရတဲ့ဖြစ်စဉ်မှာဆိုရင် ကျောင်းသားတွေအားလုံး ပြန်လွှတ်တယ်။ ဒီမှာကျတော့ ဒီဒေသရဲ့အကြောက်တရားကိုယူချင်တာ။ ဆက်လုပ်ရင် ဒါထက်ဆိုးတဲ့အပြစ်ပေးမယ်ဆိုပြီး အကြောက်တရားတွေရိုက်သွင်းလိုက်တာ ။ အဲ့နေ့အဖမ်းခံရတဲ့ဖြစ်စဉ်ပြီးကတည်းက ဘားအံ့မှာဆန္ဒပြတာတွေနည်းသွားတယ် ။ ပြောက်ကျားသပိတ်တွေပဲထွက်ဖြစ်တော့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကသွေးမအေးပါဘူး။ သူတို့နဲ့အတူတူဆက်ရှိနေတယ်လို့ပဲပြောချင်ပါတယ်" လို့ ဘားအံ့နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂက တာဝန်ရှိသူတစ်ယောက် ဘီဘီစီကိုပြောပါတယ်။

    စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမူတွေအားကောင်းခဲ့တဲ့ဖေဖော်ဝါရီလအတွင်း သပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ရန်ကုန်နဲ့တိုင်းဒေသကြီးအချို့ကလူငယ်တချို့ကိုတော့ ခံဝန်ကတိတွေနဲ့ပြန်လွှတ်ပေးခဲ့တာတွေရှိခဲ့ပါတယ်။ လက်ရှိဘားအံ့မြို့တွင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်စစ်ကြောင်းတွေက ဆက်ရှိနေတုန်းပဲလို့လည်းသိရပါတယ် ။

  5. အာဏာသိမ်းမှုစကတည်းက အဖမ်းခံရချိန် နှိပ်စက်ခံရပြီးသေဆုံးသူ ၂၂ ဦးရှိပြီလို့ AAPP ပြော

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကတည်းကဆိုရင် ဖမ်းဆီးထိန်းသိမ်းခံရချိန် နှိပ်စက်ခံရပြီး သေဆုံးသူအရေအတွက် ၂၂ ဦးအထိရှိတယ်လို့ ဒီအချက်အလက်တွေကို လေ့လာစုဆောင်းနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။

    ထိန်းသိမ်းခံရချိန် နှိပ်စက်ခံရလို့ သေဆုံးသူ ၂၂ ဦးထဲမှာ ၃ ဦးရဲ့အလောင်းကို မိသားစုက ပြန်မရခဲ့ဘူးလို့လည်းဆိုပါတယ်။

    ဒါ့ပြင် အဲဒီထဲက ၁၃ ဦးဟာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့တာဖြစ်ပြီး အဖမ်းခံရပြီး ၂ ရက်အတွင်း သေဆုံးသူ ၄ ဦး၊ တစ်ပတ်အတွင်းသေဆုံးသူ နောက်ထပ် ၄ ဦးတို့လည်း ပါဝင်နေတယ်လို့ AAPP က ပြောပါတယ်။

    ဒီလိုအဖမ်းခံရပြီးသေဆုံးခဲ့သူတွေထဲမှာ ရွှေပြည်သာမြို့နယ်ထဲက ပညာဒါနကျောင်းတစ်ကျောင်းက အသက် ၄၆ နှစ်အရွယ် ဦးဇော်မြတ်လင်းလည်းပါဝင်ပါတယ်။

    အဖမ်းခံရတဲ့ညတွင်းချင်းမှာပဲ သေဆုံးခဲ့တာဖြစ်သလို မျက်မြင်တွေရဲ့အပြောအရ ဦးဇော်မြတ်လင်း ခေါင်းမှာ ဒဏ်ရာရနေတဲ့အပြင် ပုံပျက်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောကြတယ်လို့ AAPP က ဖော်ပြပါတယ်။

    ဘီဘီစီက သိရှိရသလောက် ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်းသေဆုံးခဲ့လို့ မိသားစုကို အလောင်းလာထုတ်ခိုင်းခံခဲ့ရသူတွေထဲမှာ ဦးဇော်မြတ်လင်းအပါအဝင်၊ ပန်းပဲတန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးခင်မောင်လတ်၊ ပခုက္ကူမြို့က အသက် ၃၉ နှစ်အရွယ် ဒေါ်မာလာဝင်း၊ ရွှေဘိုမြို့က ကဗျာဆရာခက်သီ၊ ပြည်ထဲရေးဒုဝန်ကြီးရဲ့ညီအရင်း ကိုစိုးမိုးလှိုင်(ခ)မဲကြီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဇဗ္ဗူသီရိမြို့နယ် အလုပ်အမှုဆောင် ဦးကျော်ကျော် ခေါ် အဂ္ဂမိုးညိုတို့ ပါဝင်ပါတယ်။

    ဦးဇော်မြတ်လင်းဟာ ဖမ်းဆီးချိန် ခုန်ချထွက်ပြေးလို့ ချွန်ထက်တဲ့အရာနဲ့ထိုးမိထားတယ်လို့ စစ်ကောင်စီဘက်က သေဆုံးရတဲ့အကြောင်းရင်းကို ထုတ်ပြန်ခဲ့သလို ဆေးစာမှာလည်း ပေ ၃၀ အမြင့်က ခုန်ချလို့ သံချွန်နဲ့ဗိုက်ကို ထိုးမိပြီး သေဆုံးတာလို့ ရေးထားပေမဲ့ ဇနီးဖြစ်သူကတော့ ဦးဇော်မြတ်လင်း ခုန်ချခဲ့တဲ့နေရာက သွပ်ပြားတပြားစာဆို ၇ ပေခွဲ ၈ ပေလောက်ပဲရှိတယ်လို့ ပြောထားပါတယ်။

    နောက် ကဗျာဆရာခက်သီဟာလည်း စစ်ကောင်စီတပ်တွေညဘက် လာဖမ်းသွားခဲ့အပြီး မနက်မှာ မိသားစုက အလောင်းကိုပဲ သွားထုတ်ခဲ့ရသူပါ။

    သူ့ကိုတော့ နှလုံးအဆို့ ချို့ယွင်းခဲ့တယ်လို့ ဆေးစာမှာ ပြောထားပေမဲ့ ဇနီးဖြစ်သူကတော့ ခက်သီမှာ ရောဂါအခံမရှိသလို အိမ်ပြန်ရောက်လို့ အလောင်းကို သေသေချာချာကြည့်ချိန်မှာ ဦးခေါင်းတွေ ခြေလက်တွေမှာ ဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

    ဒီလို ဖမ်းဆီးခံရပြီး နေ့မြင်ညပျောက် ညတွင်းချင်း အသက်ဆုံးရှုံးရတဲ့ဖြစ်စဉ်တွေ အပေါ် ဘီဘီစီက စစ်ကောင်စီပြောခွင့်ရသူကို မေလ ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ မေးခဲ့ဖူးပါတယ်။

    စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဖမ်းဆီးမှုတွေရှိသလို သေဆုံးမှုတွေလည်း ရှိတာမှန်ပေမဲ့ သေဆုံးတဲ့အခါ မဖုံးကွယ်ဘဲ မိသားစုကို အကြောင်းကြားတာ၊ ဘာ့ကြောင့်သေဆုံးတယ်ဆိုတာကို ဆရာဝန်ရဲ့သက်သေနဲ့ ရင်ခွဲစစ်ဆေးချက်တွေကို အချိန်မရွေး စစ်ဆေးကြည့်ရှုနိုင်တယ်လို့ ပြန်ဖြေကြားထားပါတယ်။

  6. ဦးဝင်းထိန်ရုံးထုတ်- ရှေ့နေတွေ ကန့်ကွက်ထားတဲ့ စစ်ကောင်စီဘက်က စာရွက်စာတမ်းသက်သေတွေကို တရားရုံးခွင့်ပြု

    နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က နဲ့ စစ်ကောင်စီက တရားစွဲ ဖမ်းဆီးထားတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယက ဦးဝင်းထိန်ကို ဒီကနေ့ နေပြည်တော် ထောင်တွင်း တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

    ဒီရုံးချိန်းက ပြီးခဲ့တဲ့ တရားရုံးကြားနာစစ်ဆေးမှုမှာ စစ်ကောင်စီဘက်က သက်သေခံအဖြစ်တင်သွင်းတဲ့ စာရွက်စာတမ်းတွေကို ဦးဝင်းထိန်ရဲ့ ရှေ့နေတွေဘက်က ကန့်ကွက်ခဲ့တဲ့ ကိစ္စအတွက် ဆုံးဖြတ်ချက်ပေးတဲ့ ရုံးချိန်းဖြစ်ပြီး အဲဒီ သက်သေတွေကို လက်ခံတယ်လို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။

    သောကြာနေ့ တရားခွင်မှာ စစ်ကောင်စီ တရားလို ဘက်က နောက်ထပ်သက်သေခံအဖြစ် ထပ်မံ တင်သွင်းတာတွေလည်း ရှိခဲ့ပါတယ်။

    နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီ စာနဲ့ နေပြည်တော် ကောင်စီရဲ့ အမိန့်စာ အရ သက်သေခံ အဖြစ် ထပ်မံတင်သွင်းတာတွေက ဦးဝင်းထိန် ပြုလုပ်ခဲ့တဲ့ ပြည်သူသို့ ပန်ကြားချက် ဆိုတဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့ စာရွက်နဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားတဲ့ စီဒီခွေတို့ ဖြစ်တယ်လို့ ဦးဝင်းထိန်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့က နေပြည်တော် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးအေးလူက တရားလိုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၂၄ က နဲ့ ဦးဝင်းထိန်ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

    အခုလို ပုဒ်မ ၁၂၄ နဲ့ တရားစွဲမယ်ဆိုရင် နိုင်ငံတော် သမ္မတရဲ့ အမိန့် ဒါမှ မဟုတ် သမ္မတက အခွင့်အာဏာအပ်နှင်းထားသူက တရားစွဲမှသာ တရားရုံးက လက်ခံဆောင်ရွက်ရမှာဖြစ်တဲ့အတွက် တရားလိုဘက်က တင်သွင်းတဲ့ သက်သေကို ကန့်ကွက်ခဲ့တာလို့ ဦးဝင်းထိန်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

    စစ်ကောင်စီဘက်က တင်ပြတဲ့ သက်သေတွေကို တရားရုံးက ခွင့်ပြုခဲ့ပြီးနောက်မှာ တရားလိုကို ဆက်လက် စစ်ဆေးခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဦးဝင်းထိန်နဲ့ ခဏတာ စကားပြောခွင့်ရခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

    ဦးဝင်းထိန်ရဲ့ ကျန်းမာရေးကို ထောင်ဆရာဝန်တွေ နဲ့ စစ်ဆေးပေးပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားတယ်လို့ သိရတဲ့အကြောင်းနဲ့ ကျန်းမာရေးအကြောင်းပြချက်နဲ့ အာမခံ လျှောက်ထားမှုကိုလည်း ဦးဝင်းထိန်ရဲ့ ဆန္ဒအရ ထပ်မလျှောက်သေးဘူးလို့ သူ့ရှေ့နေက ပြောပါတယ်။

    ကျန်းမာရေးအကြောင်းပြချက်နဲ့ ဦးဝင်းထိန်ရဲ့ အာမခံ လျှောက်ထားမှုကို ဧပြီလ ၉ ရက်နေ့ ရုံးချိန်းတုန်းက ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

    လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ ရုံးချိန်းပေးလိုက်ပါတယ်။

  7. ဘားအံမြို့ပေါ်မှာ ၇ နေရာထက်မနည်းပေါက်ကွဲ၊ ထိခိုက်သူမရှိ

    ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက အနည်းဆုံး နေရာ ၇ နေရာထက်မနည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

    ဇွဲကပင်ကုန်း၊ ကံ့ကော်လမ်းနား၊ ဘားအံ-လှိုင်းဘွဲ့သွားလမ်းခွ မော်တော်ပီကယ်ရုံးနား၊ အမှတ် ၈ ရပ်ကွက်ရုံးအနီး၊ အမှတ် ၇ ရုံးနား ၊ ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန ကညနရုံး နားနဲ့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းနား တို့မှာ ဗုံးတစ်လုံးစီ ပေါက်ကွဲခဲ့ပါတယ်။

    မပေါက်ကွဲသေးတဲ့ ဗုံးနောက်တစ်လုံးကိုလည်း အဲဒီ အထက ၃ ကျောင်းနားမှာ ထပ်တွေ့ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေတော့ မရှိဘူးလို့ သိရပါတယ်။

    ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက် ဘားအံမြို့ အဝင် အထွက်နေရာတွေနဲ့ မြို့ပေါ်ရပ်ကွက် နေရာတချို့မှာ ဆိုင်ကယ်နဲ့ ကား အသွားအလာတွေကို ပိတ်ဆို့စစ်ဆေးနေပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံတွေက ကပြောပါတယ်။

    ဘားအံမြို့နဲ့ မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း ခရီးသွားလာသူတွေကို အခုလ ဇွန်လ၇ ရက်နေ့ ကနေ ဇွန်လ ၁၁ ရက်နေ့ထိ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့ရဲ့ ယာဉ်လိုင်စင်၊ လူလိုင်စင်တွေကို စစ်ကောင်စီ တပ်ဖွဲ့တွေကနေရာအနှံ့မှာ စစ်ဆေးပြီး ဖမ်းဆီး၊ ဒဏ်ရိုက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

  8. မင်းတပ် စစ်ရှောင်တွေ တိုက်ပွဲတွေကြောင့် နေရာတွေ ထပ်ရွှေ့နေရ

    ချင်းပြည်နယ် မင်းတပ်မှာ စစ်ရှောင် နေရာတွေအထိ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာလို့ စစ်ရှောင်တွေက တစ်နေရာပြီး တစ်နေရာပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။

    တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေအတွက် ရိက္ခာပို့တဲ့လမ်းကြောင်းတွေဖြတ်တောက်ခံထားရလို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

    ဒါ့အပြင် မိုးရာသီရောက်လာပြီး မိုးတွေဆက်တိုက်ရွာလို့ လမ်းချော်တာ အပါအဝင် လမ်းပမ်းဆက်သွယ်ရေးအခက်အခဲကလည်း ရှိပြန်တာကြောင့် အလှူရှင်တွေ ပေးပို့ထားတဲ့ ရှိပြီးသားပစ္စည်းတွေကို စစ်ဘေးရှောင်သူတွေဆီ ရောက်အောင် ပို့နိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ မင်းတပ်က စစ်ရှောင်ပြည်သူတွေကို ကူညီနေတဲ့ ကူညီထောက်ပံ့ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီအတိုင်း ဆက်ဖြစ်နေရင် မကြာခင်ရိက္ခာ ပြတ်တောက်ပြီး ငတ်မွတ်လို့ အသက်သေဆုံးနိုင်တဲ့ အခြေအနေမျိုးတောင်ဖြစ်သွားနိုင်တယ်လို့ သူက ပြောပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပွားခဲ့တဲ့ လမ်းပေါ်က ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးသူ ၈၀၀ ကျော် ရှိလာချိန်မှာပဲ မေလအတွင်းမှာ နိုင်ငံအနှံ့ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ဒေသခံ ပြည်သူတွေ တစ်သိန်းလောက်ရှိနေပြီလို့ ခန့်မှန်းနေကြပါတယ်။

  9. မိုးဗြဲ စစ်ရှောင်တွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေမီးရှို့ခံရတယ်လို့ဆို

    ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ လွယ်ယင်း တောင်ခြေရွာကကျောင်းမှာ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းထားတဲ့ ဆန်အိတ်တွေနဲ့ ဆေးဝါးတွေကို ဒီကနေ့မနက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလာရောက် မီးရှို့ ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒါတွေနဲ့ပတ်သက်လို့ ကယားပြည်နယ်ထဲက လတ်တလော အခြေအနေကို စစ်ကောင်စီကတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    အခုလောလောဆယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်တွေက ပြင်းထန်လာပြီး ကျေးရွာတွေအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ တောင်ပေါ်နဲ့ တောတွေထဲအထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    စစ်ရှောင်တွေ ရိက္ခာမကြာခင် ပြတ်တောက်မယ့် အခြေအနေ ဖြစ်နေသလို ဆေးဝါးနဲ့ နေထိုင်ရေးအခက်အခဲတွေ ကြုံတွေနေရပြီး လွိုင်ကော်ဘက်မှာ စက်သုံးဆီ မကြာခင် လုံးဝပြတ်တော့မယ့် အခြေအနေရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

    ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှမ်း ကယားနယ်စပ်က မိုးဗြဲမြို့တို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား မေလက စတင်ပြီး ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

  10. အရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးပြုနေတယ် - ကုလလူ့အခွင့်အရေး မဟာမင်းကြီး

    မြန်မာနိုင်ငံတဝန်း ထိခိုက်သေကြေဒဏ်ရာရမှုတွေ၊ အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာနိုင်ပြီး အတိဒုက္ခရောက်လုနီးပါးဖြစ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သတိပေးလိုက်ပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စစ်အင်အားတွေ တိုးချဲ့ချထားတယ်ဆိုတဲ့ သတင်းတွေလည်း လက်ခံရရှိထားတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘတ်ခ်ျလက်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေအပါအဝင် အရပ်သားတွေ၊ သူတို့ပိုင်ဆိုင်မှုတွေနဲ့ ဒေသကာကွယ်ရေးတပ် လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ကြီးတွေနဲ့ကော လေကြောင်းကနေပါ ဆက်လက်တိုက်ခိုက်နေတယ်လို့လည်း သူက ဆိုပါတယ်။

    “အာဏာသိမ်းစစ်တပ်ဟာ တင်းမာမှုတွေကို လျှော့ချဖို့ အားထုတ်ကြိုးပမ်းနေပုံမပေါ်ပဲ အဲဒီအစား အဓိက ကျတဲ့ နေရာဒေသတွေမှာ စစ်အင်အားတွေ တိုးချဲ့ချထားတယ်။

    ဒီအချက်ဟာ အကြမ်းဖက်မှုတွေကို ရပ်တန်ဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ မြန်မာစစ်တပ်ကြား ရရှိထားတဲ့ သဘောတူညီချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့”လည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြပါတယ်။

    မြန်မာစစ်တပ်ဟာ အရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးပြုပြီး အရပ်သားတွေရဲ့ နေအိမ်တွေ၊ ဘုရားကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ရုံသာမက အကူအညီပေးနေတဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်ပြီး လူသားချင်းစာနာထောက်ထားတဲ့ အကူညီတွေ ပေးနေတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ထားတဲ့ သတင်းတွေလည်း ရှိတယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း ကယားပြည်နယ်မှာ လူပေါင်း ၁၀၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခဲ့ရတယ်လို့လည်း ပြောပါတယ်။

    မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို အကာကွယ်ပေးဖို့ကိုလည်း မစ္စ ဘတ်ခ်ျလက်က တောင်းဆိုလိုက်ပါတယ်။

  11. နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတစ်ဦးမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ

    ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်နယ်မောင်တော်မြို့နယ်အတွင်းကို တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူတစ်ဦးဆီက ကိုဗစ် ၁၉ ပိုးစစ်ဆေးတွေ့ရှိထားတယ်လို့ မောင်တောဆေးရုံ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံက အတည်ပြုပြောဆိုပါတယ်။

    ကိုဗစ်ပိုးတွေ့ရှိသူဟာ အသက် ၃၆ နှစ်အရွယ် မွတ်ဆလင်အမျိုးသား ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့က မောင်တောနယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက်နေစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    အဲ့ဒီနယ်စပ်ဖြတ်ကျော်လာသူကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး မောင်တောဆေးရုံမှာ လာရောက်စစ်ဆေးတဲ့အခါမှာ ပိုးကူးစက်ခံထားကြောင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။

    “မနေ့ကတွေ့တာပါ။ သူက တစ်ဖက်နိုင်ငံကနေ ခိုးဝင်လာတာလို့သိရပါတယ်။ ကျွန်မတို့ဆီကို ရဲစခန်းကနေပြီးတော့ ခေါ်လာတယ်။ ဆေးစစ်တော့ Positive တွေ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေလာတာလို့သိရပါတယ်”လို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။

    ပိုးတွေ့ရှိတဲ့အမျိုးသားဟာ ယခင်က မောင်တောမြို့နယ် ရေခပ်ချောင်းခွဆုံကျေးရွာမှာ နေထိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ပဋိပက္ခအတွင်း တစ်ဖက်နိုင်ငံကိုရောက်ရှိသွားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဟုခါလီဒုက္ခသည်စခန်းမှာနေထိုင်ခဲ့သူဖြစ်ပြီး ပြန်လည် ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။

    လက်ရှိမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ကိုဗစ် ၁၉ တတိယလှိုင်းအပြင်းအထန်ဖြစ်ပွားလျက်ရှိနေပြီး သေဆုံးမှုတွေ လည်းများပြားလာနေသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာလည်း ကိုဗစ် ၁၉ ပိုးကူးစက်ပျံ့နှံ့မှုတွေ လည်းရှိနေတယ်လို့ သိရပါတယ်။လတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းတွေကိုဖွင့်လှစ်ထားပြီး ပညာသင်ကြားနေတဲ့ကာလ ဖြစ်တာကြောင့် ကိုဗစ် ၁၉ ပိုး ဒေသတွင်းကူးစက်ပျံ့နှံ့မှုတွေဖြစ်ပွားလာခဲ့လို့ရှိရင် ကျောင်းတွေကိုပါ ပိတ်ပစ်ရတဲ့အထိဖြစ်လာခဲ့လို့ရှိရင် ပညာရေးကိုပါထိခိုက်လာနိုင်တဲ့အနေအထားမျိုးကြုံရနိုင်တယ်လို့ စိုးရိမ်ပူပန်မှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာတော့ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရသူတွေ စစ်ဆေးတွေ့ရှိထားတဲ့အတွက် ဆက်လက်ပြီးတော့ ကူးစက်ပျံ့နှံမှုတွေဖြစ်ပွားလာမှာကိုစိုးရိမ်ပြီး ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေကို ယာယီပိတ်ထားဖို့အတွက် ဇွန်လ ၉ ရက်နေ့က မြို့နယ်ပညာရေးဌာနကနေ စာထုတ်ထားပါတယ်။လက်ရှိမှာတော့ ပိုးတွေ့ရှိသူ မာမွတ်တော်ယုတ်ကို မောင်တောဆေးရုံကြီးမှာ ဆေးဝါးကုသပေးမှုတွေပြုလုပ်ပေးနေပြီး ရောဂါလက္ခဏာတွေတော့ ထူးထူးခြားခြားမရှိဘဲ ပုံမှန်အတိုင်းကျန်းကျန်းမာမာရှိနေတယ်လို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက ကိုဗစ်ပိုးစတင်ဖြစ်ပွားတဲ့အချိန်တွေမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အခုလိုမျိုး တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာခဲ့သူတွေဆီကနေတစ်ဆင့် မောင်တော်မြို့နယ်အတွင်း ပိုးတွေ့ရှိခဲ့ပြီး ဒေသတွင်းကူးစက်မှုတွေထိ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင် ၂၀၂၀ ခုနှစ်အတွင်းမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့ကာ လူသေဆုံးမှုအထိဖြစ်ပွားခဲ့တဲ့ ကိုဗစ် တတိယလှိုင်းဟာလည်း စစ်တွေမြို့နယ်အတွင်းကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

  12. ဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၅ ယောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ

    ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၅ယောက်ဟာ လက်ရှိအချိန်ထိ မိသားစုနဲ့အဆက်သွယ်မရဘူးလို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကပြောပါတယ်။

    ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုဇင်လင်းအောင် ၊ ကိုမောင်မောင်မင်းခန့် ၊ ကိုမင်းသုခကျော် ၊ကိုထူးဝေလေင်းနဲ့ မဆုမွန်အောင် ၅ယောက်ဟာ ဇွန်လ ပထမပတ်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး သူတို့ထဲက ကိုထူးဝေလင်းနဲ့ကိုမင်းသုခကျော်တို့ကို ဖောက်ခွဲမူဖြစ်စဉ်တွေမှာ ပါဝင်သူတွေလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

    "လက်ရှိ ဖမ်းဆီးခံထားရတာဆိုရင် တကသ ကျောင်းသားဟောင်းများအင်အားစုမှာဆိုရင်လေးယောက် ၊ ရန်ကုန် အခြေစိုက်တကသကွန်ယက်မှာဆိုရင် ၅ယောက် စုစုပေါင်း ၉ ယောက်ရှိသွားပါပြီ။ ဒီ ၉ယောက်ကိုတော့ ၅ဝ၅ (က)နဲ့အမူဖွင့်ထားပါတယ်။ အားလုံးကအမူရင်ဆိုင်နေရဆဲပါ ။ အမိန့်မချသေးပါဘူး။ အဖွဲ့အစည်းတွေမှာ ဦးဆောင်နေတဲ့သူတွေတင်မဟုတ်ဘဲ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမင်းသုခ ၊ ကိုထူးဝေလင်းတို့လို အာဏာရှင်ကိုဆန့်ကျင်နေတဲ့ ကျောင်းသားတွေကိုပါ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေနေတွေကို တွေ့ရပါတယ် " လို့တကသကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်းက ပြောပါတယ်။

    ဒါ့ပြင်ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အကြမ်းဖက်ပုဒ်မတွေနဲ့နိူင်ငံပိုင်သတင်းစာတွေက ကြေညာချက်ထုတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၅ယောက်ဟာ မိသားစုနဲ့ အဆက်သွယ်လည်းပြတ်တောက်နေခဲ့တာပဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တကသ ကျောင်းသားဟောင်းတွေ နဲ့ကျောင်းသားလှုပ်ရှားမူမှာ ပါဝင်တဲ့လူငယ်တွေ ၊ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ တွေရဲ့နေအိမ်တွေကို ဝင်ရောက်ရှာတွေဖမ်းဆီးမူတွေ ဆက်တိုက်ဆိုသလိုပြုလုပ်နေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

  13. ပုဒ်မ ၅၀၅ (က)နဲ့ဖမ်းဆီးခံရတဲ့ အဆိုတော်အေသင်ချိုဆွေ ပြန်လွတ်

    နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဆိုတော်အေသင်ချိုဆွေ ဇွန်လ ၁၁ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့မိသားစုဝင်တွေက ပြောပါတယ် ။ အဆိုတော်အေသင်ချိုဆွေကို ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့က နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးအခုလိုပြန်လည်လွတ်မြောက်လာတာဟာ ငွေကြေးတစုံတရာပေးခဲ့ရတာမရှိဘူးလို့အေသင်ချိုဆွေရဲ့မိခင်ဖြစ်သူက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ ရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌဟောင်း သရုပ်ဆောင်ဇင်ဝိုင်းပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိမှာ ၅ဝ၅ (က)နဲ့ဖမ်းဝရမ်းထုတ်ခံထားရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်ပေါင်း ၅ဝ ထက်မနည်းရှိနေပါတယ်။

  14. အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးကနေ တရုတ်နယ်စပ် ကုန်စည်ပို့ဆောင်ရေး ၆၀ ရာခိုင်နှုန်းကျဆင်း

    မန္တလေး-မူဆယ်-ချင်းရွှေဟော် ကုန်စည်ပို့ဆောင်ရေးတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၆၀ ရာခိုင်နှုန်းကျော်ထိ ကျဆင်းသွားတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေကပြောပါတယ်။ "ဒီကနေ နယ်စပ်ဂိတ် ကုန်ပို့နိုင်ဖို့က ရက်လေးဆယ်လောက်ကြာတယ်။

    မနှစ်က ဒီလိုအချိန်မိုးရာသီဆို ခါလီတောင် ဆွဲနိုင်တယ်။ ကိုဗစ်ကာလပေမယ့် ကုန်ပို့ပေးနေရတယ်။ သုံးရက် တခေါက် ရကြတယ်။ အခုက ဝါဆောင်မဆိုသေးဘူး။ ထက်ဝက်ကျော်လောက်ကို ကျသွားတာ" လို့ မန္တလေး-မူဆယ်-ချင်းရွှေဟော် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

    တရုတ်နိုင်ငံ နယ်စပ်ဈေးကွက်ဖြစ်တဲ့ မူဆယ်၊ ပန်ဆိုင်း၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ မန့်ဝိန်း၊ ဝမ်တိန်၊ ကျင်းစန်းကျော့ တွေ ရှိပေမယ့် ကိုဗစ် ဒုတိယလှိုင်းမှာ တရုတ်နယ်စပ်ဂိတ်တချို့ကို လပိုင်းအလိုက် ပိတ်ခဲ့ပါတယ်။

    လက်ရှိမှာ ဝမ်တိန်ကွင်းတပေါက်သာ ဖွင့်လို့ ကုန်ကားဝင်ရောက်ရာမှာ ယာဉ်ကြောကြပ်တည်းတာ အချိန်ကြာမြင့်တာတွေ တွေ့ကြုံနေရတယ်လို့ ကုန်စည်ပို့ဆောင်သူတွေက ပြောပါတယ်။

    အရင်က တရုတ်နယ်စပ် ကုန်စည်ပို့ဆောင်ရာမှာ တစ်ရက်ကို အစီး ၅၀၀ ဝန်းကျင် ဝင်ရောက်နိုင်ပေမယ့် လက်ရှိမှာ အစီး ၅၀ ဝန်းကျင်သာ ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။

    လက်ရှိအဆင်းကုန်တွေလည်း ထက်ဝက်လောက်နဲ့ ကုန်စည်ပို့ဆောင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ တရုတ်နယ်စပ်ဘက် ဝမ်တိန်ဝင်ထွက်ခွင့်ကို ဇွန်လ ၅ ရက်ကစတင်ပြီး Export ကုန်ကားတွေ ကျင်စန်းကျော့ဂိတ်က ဝင်ရောက်ပြီး ခါလီကားတွေကို ဝမ်တိန်ဂိတ်ကနေ ထွက်ခွာခွင့်ပြုမှာဖြစ်ပါတယ်။

    ဒေသတွင်း စားနပ်ရိက္ခာဖူလုံဖို့ ဟင်းသီးဟင်းရွက် ကုန်စည်တွေကို ဝမ်တိန်ဂိတ်ကနေ အရေတွက် ကန့်သတ်ဝင်ဆောင်ခွင့်ပြုမှာဖြစ်တယ်လို့ ဝမ်တိန်အုပ်ချုပ်ရေးဌာနကနေ ထုတ်ပြန်ထားပါတယ်။

  15. မြန်မာ့လက်ရွေးစင်အသင်း ဝမ်းနည်းခြင်းအထိမ်းအမှတ် လက်ပတ်အနက်ရောင် ဝတ်ကစား

    ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းဟာ ဒီကနေ့ ဇွန် ၁၁ ရက်မှာ ဂျပန်နိုင်ငံမှာ အိုဆာကာမြို့ ယမ်မာ ကစားကွင်းမှာ ကာဂျစ္စတန် အသင်းနဲ့ ဂျပန်စံတော်ချိန် ၄နာရီ (မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ) အချိန် မှာ ကစားမှာဖြစ်ပါတယ်။

    ဒီကနေ့ ကစားပွဲမှာ ဇွန် ၈ ရက်ကရုတ်တရက် ကွယ်လွန်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ Kit Manager ဦးပြည့်စုံနိုင်ကွယ်လွန်ခြင်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်မှာဖြစ်သလို ကစားသမားတွေအနေနဲ့ လက်ပတ်နက် ဝတ်ဆင် ကစားကြမှာဖြစ်ပါတယ်။

    ဒီကနေ့ ပွဲအတွက် မြန်မာအသင်းမှာတော့ အသင်းခေါင်းဆောင်အဖြစ် မောင်မောင် လွင်နဲ့ ဂိုးသမား ဆန်းဆက်နိုင်တို့ ဖြစ်ပြီး ဂျပန် အသင်းနဲ့ နေ့က ကစားသမားစာရင်းနဲ့ အနည်းငယ်ပဲ အပြောင်းအလဲရှိပါတယ်။

    အုပ်စု အနေအထားအရ မြန်မာအသင်းဟာ လက်ရှိ အဆင့်(၄)နေရာမှာ ရောက်ရှိနေပြီး ဂျပန် အသင်းနဲ့ယှဉ်ပြိုင်ထားပြီး ၁၀ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။

    ဒီကနေ့ ကာဂျစ်စ္စတန် အသင်းနဲ့ ကစားပွဲ ရလဒ်ကို ကြည့်ရမှာဖြစ်ပြီး တာဂျီကစ္စတန် အသင်း နဲ့ ဇွန် ၁၅ ရက်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာပါ။

    မြန်မာအသင်းဟာ နှစ်ပွဲနိုင်ရင် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မှာဖြစ်လို့ မြန်မာအသင်း နည်းပြဂျာမဏီနိုင်ငံသားအန်တိုနီဟေးကတော့ နှစ်ပေါင်း ၅၀ ကျော်ကြာ ဝေးကွာနေတဲ့အာရှဖလားပြိုင်ပွဲကိုတက်ရောက် ကစားခွင့်ရဖို့ဒါဟာအခွင့်အရေးလို့ ပြောထားပါတယ်။

  16. မန္တလေး ကညနရုံးရှေ့ ဗုံးပေါက်ပြန်

    မကြာခဏ ဗုံးပေါက်ကွဲမှုတွေဖြစ်နေတဲ့ မန္တလေး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးရှေ့မှာ ဒီကနေ့ ဇွန်လ ၁၁ ရက် ၁၁ နာရီခွဲ ဝန်းကျင်က ဗုံးပေါက်ကွဲမှုထပ်ဖြစ်ပါတယ်။

    ပေါက်ကွဲမှုကြောင့် လိုင်စင်သက်တမ်းလာတိုးသူတစ်ဦး ဒဏ်ရာရသွားပြီးဆေးရုံပို့ခဲ့ဆောင်ပေးခဲ့တယ် လို့ မြို့ခံတွေက ပြောပါတယ်။

    အဲ့ဒီ ကညန ရုံးမှာပဲ မေလ ၁၀ ရက် တုန်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားနေပြီး လက်လုပ်မိုင်းနဲ့ လက်လုပ်ဗုံး ၅၉၄၇ လုံးနဲ့ လုပ်သေနတ် ၉၁၄ လက်ကို ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

  17. ဖောက်ခွဲမှုနဲ့ လက်နက်မှုအပါအဝင် လူ ၆ ရာကျော်ကို ဖမ်းထားတယ်လို့ စစ်ကောင်စီထုတ်ပြန်, လက်လုပ်ဗုံး ၆ ထောင်နီးပါးနဲ့ လုပ်သေနတ် ကိုးရာကျော်ပါဖမ်းမိ

    တရားမဝင်လက်နက်ခဲယမ်းကိုင်ဆောင်သူ ၂၅၆ ဦးနဲ့ ဖောက်ခွဲရေးသမား ၂၇၂ ဦး ကို ဖမ်းမိထားတဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေက ထုတ်ပြန်ပါတယ်။

    အဲ့ဒီလိုဖမ်းဆီးမှုမှာ လက်လုပ်မိုင်းနဲ့ လက်လုပ်ဗုံး ၅,၉၄၇ လုံးနဲ့ လုပ်သေနတ် ၉၁၄ လက်ကိုပါ ဖမ်းမိတယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် လက်နက်ငယ် အလက် ၅၀ နဲ့ ကျည်မျိုးစုံ အတောင့် ၂,၅၀၀ ကျော်ကိုပါဖမ်းမိတယ်လို့လည်း ထုတ်ပြန်ချက်မှာပါပါတယ်။

    ဒါ့အပြင် မီးရှို့သူ ၄၉ ဦးနဲ့ လူသတ်မှု ကျူးလွန်သူ ၆၁ ဦး ကိုပါ ဖမ်းမိကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

    နိုင်ငံတဝန်း ခုလိုဖောက်ခွဲဖျက်ဆီးတိုက်ခိုက်မှုတွေကိုတော့ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ပါလို့ ထုတ်ဖော်ဝန်ခံတာမရှိသေးပါဘူး။ ဒါပေမဲ့ ဖောက်ခွဲမှုတွေမီးရှို့မှုတွေနဲ့ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့်လုပ်ရပ်တွေ လုပ်ဆောင်ခြင်းမရှိဘူးလို့ အတိအလင်းကြေညာချက်ထုတ်ပြန်ပြောဆိုထားတာတွေရှိထားပါတယ်။

  18. NCA အတိုင်းသွားမယ်ပြောပေမဲ့စစ်ကောင်စီနဲ့ကေအန်ယူတိုက်ပွဲတွေဆက်ဖြစ်နေ

    ကေအန်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ မေလ ၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ခဲ့တဲ့ နိုင်ငံရေး ဦးဆောင်လမ်းညွှန်မှုကို ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ ကရင့်အမျိုးသားရေးတို့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကေအန်အယ်လ်အေက လိုက်နာမယ်ဆိုပြီး စစ်ဦးချုပ်ရဲ့သဘောထားကို မနေ့က ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

    KNLA ဟာ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ နိုင်ငံရေး ဦးဆောင် လမ်းညွှန်မှုကို ခံယူလိုက်နာပြီး NCA မူဘောင်အတိုင်းပဲ သွားမယ်ဆိုပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကေအန်အယ်လ်အေက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီရဲ့ သဘောထားကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ကေအန်ယူရဲ့ နိုင်ငံရေး အကြီးအကဲရော၊ စစ်ရေးအကြီးအကဲတွေကပါ ဒီလို ထုတ်ပြန်ချက်တွေ ထုတ်ပေမယ့် လက်ရှိ စစ်မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၅ အပါအဝင် တပ်မဟာ ၂၊ တပ်မဟာ ၃ နဲ့ တပ်မဟာ ၆ တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ကရင်လူမျိုး စစ်ဘေးရှောင်တွေက ပြေးလွှားနေရဆဲပဲ ဖြစ်တယ်လို့ ကရင်စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဒေါ့ကလူ ကွန်ရက်ထံက သိရပါတယ်။

    ကရင်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးလမ်းစဉ်ဆုံးဖြတ်ချက်တွေကို ကရင်လူမှုရေးအဖွဲ့တွေကတော့ လိုက်နာမှာဖြစ်ပေမယ့် စစ်ကောင်စီဘက်က တိုက်ပွဲတွေ ဖန်တီးလာနိုင်ခြေတော့ရှိတယ်လို့ ဒေါ့ကလူ ကွန်ရက်ရဲ့ အတွင်းရေးမှူး ကောနေမိုးက ဘီဘီစီကို ပြောပါတယ်။

    အခုချိန်မှာတော့ စစ်ဘေးရှောင်ပြေးနေရတဲ့ ကရင်ဒေသခံတွေဟာ တပ်မဟာ ၅ ဖာပွန်နယ်မြေမှာ များပြီးတပ်မဟာ ၇ နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူး ကျေးရွာမှာလည်း မကြာသေးခင်က တိုက်ပွဲတွေဖြစ်တာကြောင့် ဒေသခံ ပြည်သူ ၄၀၀ နီးပါး သောင်ရင်းမြစ်ကို ဖြတ်ကူပြီး စစ်ဘေးရှောင် နေခဲ့ရပါတယ်။

    အခုလို NCA လမ်းကြောင်းနဲ့ သွားမယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒါဟာ ခေါင်းဆောင်တွေရဲ့ သဘောထားသာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်လာပါတယ်။

    တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗဒိုမန်းမန်းကတော့ ဒါတွေနဲ့ ပတ်သက်ပြီး “NCA စာချုပ်ကိုက ဥပဒေကြောင်းအရ တိကျ ခိုင်မာမှု မရှိဘူး၊ NCA စာချုပ်ဟာ ၂၀၀၈ အခြေခံ ဥပဒေအောက်ကို ထိုးသွင်းတဲ့စာချုပ်ဖြစ်တယ်၊ ဒါကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ ဒီလိုအခြေအနေကို ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုတာ မှန်းဆထားပြီးသားဖြစ်တယ်” လို့ပြောဆိုပါတယ်။

    KNU လက်အောက်ခံ တောင်ငူခရိုင် တပ်မဟာ ၂ ဟာလည်း ကယားပြည်နယ်နဲ့ ထိစပ်နေတာပြီး အခုလက်ရှိ ကယားပြည်နယ်ထဲက ဒေသခံ ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတို့ကြားတိုက်ပွဲတွေကြောင့် ဒုက္ခသည် ၇၀၀ ကျော်ဟာလည်း အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။

  19. မြန်မာဘက်က ခိုလှုံသူတွေ လာမယ့်လတွေမှာ အိန္ဒိယဘက် ပိုတိုးလာနိုင်ခြေရှိတယ်လို့ဆို

    အိန္ဒိယဘက်ကို မြန်မာဘက်က ထွက်ပြေးလာသူတွေ ရှေ့လတွေမှာ ပိုတိုးလာနိုင်ခြေရှိတယ်လို့ အိန္ဒိယဘက်က လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒေသအာဏာပိုင်တွေက ပြောကြားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

    မီဇိုရမ်၊ မဏိပူရနဲ့ နာဂလန်းပြည်နယ်တွေမှာ အခုလက်ရှိ မြန်မာဘက်က လာရောက်ခိုလှုံနေသူ တစ်သောင်းခြောက်ထောင်လောက်ရှိတယ်လို့ သူတို့က ခန့်မှန်းထားကြပါတယ်။

    သူတို့ထဲက အများစုဟာ မီဇိုရမ်ပြည်နယ်ထဲကို ရောက်နေတယ်လို့ ဆိုပါတယ်။

    ထွက်ပြေးလာသူတွေထဲမှာ မြန်မာဘက်က ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေလည်း ပါလာခဲ့ပြီး အခုတော့ ပြန်သွားကြပြီ ဖြစ်ကြောင်းနဲ့ ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြည်နယ် အစိုးရ အကြံပေး တစ်ဦးက ပြောပါတယ်။

    မီဇိုရမ်ပြည်နယ်ထဲမှာ သူတို့တွေကို ဘယ်တော့မှ လေ့ကျင့်သင်ကြားခွင့်မပေးဘူးလို့ သူက ပြောပါတယ်။

    ဒါတွေက မီဇိုရမ်ထဲက ဒုက္ခသည်တွေအတွက် ပြဿနာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

    ဒါပေမဲ့ မေလ အစောပိုင်းမှာ မြန်မာဘက်က လူ ၅၀ လောက်ပါတဲ့ အုပ်စုတစ်စုဟာ မီဇိုရမ်ထဲမှာ လေ့ကျင့်ရေးစခန်းတစ်ခု ဖွင့်ခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့က ရိုက်တာကို ပြောပါတယ်။

    မီဇိုရမ်ပြည်နယ် ချန်ဖိုင် ခရိုင်ထဲမှာ လုပ်ခဲ့တဲ့ အဲဒီစခန်းမှာ လက်နက်အသုံးပြုတာတော့ မပါဝင်ဘဲ အိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့တွေက မေးမြန်းစုံစမ်းတာတွေ လုပ်ခဲ့ပြီးနောက် လူစုခွဲခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်သားက ပြောပါတယ်။

    လူငယ်တွေ အကုန်လုံး မြန်မာဘက်ကို ပြန်သွားကြပြီလို့ သူက ဆိုပါတယ်။

    ချင်းပြည်နယ်က ဒေသခံကာကွယ်ရေးသမားတချို့ဟာ လက်နက်တွေကို အိန္ဒိယဘက်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ဆီကနေ ရခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောတယ်လို့လည်း ရိုက်တာသတင်းထဲမှာ ဖော်ပြထားပြီး ဒါနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။

    ဒီနယ်စပ်ဖြတ်ကျော်မှုတွေကြောင့် အိန္ဒိယဘက်က လက်နက်ကိုင်မှုပုန်ကန်မှုတွေ ပိုဆိုးသွားစေမှာမျိုးကို အိန္ဒိယအစိုးရ အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။

    အဲဒီနယ်စပ်က အခြေအနေတွေကို မြန်မာစစ်တပ်ဘက်က ပြောခွင့်ရသူကို ရိုက်တာက ဆက်သွယ်ရာမှာတော့ ဖြေကြားခြင်း မရှိပါဘူး။

    အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ပြည်ထဲရေးဝန်ကြီးဌာနကို မေးမြန်းဖို့ ပြောခဲ့ပြီး အဲဒီဌာနကတော့ ပြန်လည်တုံ့ပြန်ခြင်း မရှိပါဘူး။

    ဒီနယ်စပ် မတည်ငြိမ်မှုတွေက အိန္ဒိယနဲ့ မြန်မာဗိုလ်ချုပ်တွေအကြား ဆက်ဆံရေးကို ရိုက်ခတ်စေနိုင်ပြီးမြန်မာနိုင်ငံထဲမှာ အိန္ဒိယက ရင်းနှီးမြှုပ်နှံထားတဲ့ ဒေါ်လာသန်း ၆၅၀ တန် လမ်းနဲ့ ဆိပ်ကမ်း စီမံကိန်းတွေကို ထိခိုက်လာစေနိုင်ပါတယ်။

    လူ တစ်သောင်းခွဲလောက်ရောက်နေတဲ့ မီဇိုရမ်ထဲမှာ ဒုက္ခသည်စခန်း ရှစ်ခုဆောက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနထံကို ဒေသအာဏာပိုင်တွေက ဇွန်လ ၁ ရက်မှာ အကူအညီတောင်းတဲ့စာကို ရိုက်တာက တွေ့မြင်ခဲ့ပါတယ်။

  20. မင်းတပ်မှာ CDF စခန်းတွေရှိရာအထိ စစ်ကောင်စီတပ်တွေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေပြော

    ချင်းပြည်နယ် မင်းတပ်ဘက်မှာ မင်းတပ် CDFတွေ အခြေစိုက်ရာနေရာတွေအထိ စစ်ကောင်စီတပ်တွေဘက်က တိုက်ခိုက်စီးနင်းထားတဲ့ အခြေအနေကို ရောက်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

    နေ့စဉ်ဆိုသလို ဒီရက်ပိုင်းတွေမှာ မိုးဆက်တိုက်ရွာတာ၊ ရေငွေ့တွေနဲ့ ပိတ်နေတဲ့ မင်းတပ်ရာသီဥတုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ အသုံးပြုကြတဲ့ လက်နက်တွေက အခက်အခဲရှိလာတာကြောင့်လည်း စစ်ကောင်စီတပ် တွေက အခုလိုအနေအထားထိ စီးနင်းနိုင်တဲ့အခြေအနေကို ရောက်လာတာလို့ CDF ဘက်က သုံးသပ်ကြပါတယ်။

    စစ်ကောင်စီတပ်တွေဘက်က စီးနင်းလာတာကြောင့်လည်း CDF ဘက်ကတော့ နောက်ဆုတ်ရတဲ့အနေအထားရှိတဲ့အပြင် စစ်ဘေးရှောင်ကြတဲ့ ပြည်သူတွေကလည်း နီးစပ်ရာ မကွေးတိုင်းဘက်က ကျေးရွာတွေနဲ့ တခြားနီးစပ်ရာနေရာတွေကို ထပ်မံထွက်ပြေးနေရတယ်လို့ သိရပါတယ်။