ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှု လာမယ့်ရုံးချိန်းမှာ စွဲချက်တင်မတင် အမိန့်ချဖို့ရှိနေ
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံနေရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့အမှုကို လာမယ့် ဇွန် ၂၅ ရက်နေ့ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက် ပေးကြရမှာဖြစ်ပြီး အမှုနဲ့ပတ်သက်လို့ စွဲချက်တင်ရန် သင့်မသင့် အမိန့်ချမှတ်ဖို့ရှိနေတယ်လို့ ဦးညီပုရဲ့မိသားစုတွေနဲ့ ရှေ့နေတွေက ပြောပါတယ်။
အမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကခေါ်ယူခဲ့တဲ့ရုံးချိန်းမှာ တရားလိုနဲ့လိုပြသက်သေငါးဦးတို့ကို တရားရုံးက စစ်ဆေးမှုပြီးစီးခဲ့ပြီး အခုလ ၂၅ ရက်နေ့ကို ထပ်မံချိန်းဆိုထားတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စံမင်းက ပြောပါတယ်။ ဖမ်းဆီးခြင်းခံလိုက်ရပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင် နေရတာဖြစ်သလို တရားလိုနဲ့လိုပြသက်သေတွေကိုစစ်ဆေးမှုပြီးစီးတဲ့အချိန်ထိ ဦးညီပုဟာ တရားရုံးကိုလာရောက် စစ်ဆေးခံရခြင်းမရှိဘဲ အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် အမှုရင်ဆိုင်နေရတာဖြစ်တယ်လို့ဆိုပါတယ်။
“အမှုအခြေအနေကတော့ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ကရုံးချိန်းမှာ လာမယ့် ၂၅ ရက်နေ့ကိုပြန်ချိန်းတယ်။ တရားလိုဘက်က လူတွေကိုတော့အကုန်လုံးစစ်ပြီးပြီပေါ့။ ၂၅ ရက်နေ့မှာအမိန့်ချမယ်လို့ပြောတာပဲ” လို့ ဉီးညီပုရဲ့သားဖြစ်သူက ပြောပါတယ်။
မိသာစုတွေဘက်ကတော့ ရုံးချိန်းတွေမှာလည်း လူချင်းတွေ့ဆုံခွင့်၊ ပြောဆိုခွင့်တွေမရရှိဘဲ အွန်လိုင်းဗီဒီယိုကနေ တစ်ကြိမ်သာတွေ့ခွင့်ရရှိသေးတဲ့အတွက် စိုးရိမ်မှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။
ဦးညီပုဟာ ဖမ်းဆီးခံလိုက်တဲ့အချိန်ကစလို့ တပ်မတော်ရဲ့ထိန်းသိမ်းခြင်းကိုခံနေရပြီး တပ်မတော်လက်ထဲကပဲ အမှုရင်ဆိုင်နေရတာဖြစ်သလို ရုံးချိန်းတွေမှာလည်း တရားရုံးကို လာရောက်အမှုရင်ဆိုင်ခွင့်မရရှိဘဲ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ၊ မိသားစုတွေနဲ့လည်း လူချင်းတွေ့ခွင့်မရရှိသေးဘူးလို့ ဦးညီပုရဲ့သားဖြစ်သူက ပြောပါတယ်။
ဒါ့အပြင် ဉီးညီပုရဲ့သမီးဖြစ်သူ ဒေါ်မိုးဆန်းစုကြည်ဟာ ဦးညီပုဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်ပိုင်း ရန်ကုန်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ကိုလည်းမိသားစုတွေနဲ့တွေ့ဆုံးခွင့်မရရှိသလို ရှေ့နေတွေဆီကနေတစ်ဆင့်ဆက်သွယ်နေရတယ်လို့ မိသားစုတွေက ပြောပါတယ်။ လတ်တလောမှာတော့ ဒေါ်မိုးဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရရှိသေးပေမယ့် သူ့ကို အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ရှေ့နေတွေရဲ့ပြောကြားချက်တွေအရသိရကြောင်း မိသားစုတွေက ပြောပါတယ်။
ဉီးညီပုအမှုကိုစစ်ဆေးတဲ့အခါမှာ တရားလိုနဲ့ လိုပြသက်သေတွေကပဲရုံးကိုလာရောက်စစ်ဆေးခံရပြီး ဦးညီပုကိုရုံးထုတ်ခြင်းမရှိတဲ့အတွက် တရားမျှတမှုမရှိသလို ဥပဒေပါအခွင့်အရေးတွေကိုမရရှိတာကြောင့် တရားလိုနဲ့သက်သေတွေကို ဉီးညီပုရှေ့နေတွေက အစပိုင်းမှာစစ်ဆေးမေးမြန်းတာတွေမလုပ်ခဲ့ကြပါဘူး။
နောက်ပိုင်းမှာတော့ ကာယကံရှင်ဖြစ်တဲ့ ဉီးညီပုက ဥပဒေအရ မေးသင့်တာတွေကိုမေးဖို့ရှေ့နေတွေကို အကြံပြုပြောဆိုတဲ့အတွက် လိုပြသက်သေနှစ်ယောက်ကိုပဲ မေးမြန်းတာတွေပြုလုပ်ခဲ့တယ်လို့ ရှေ့နေဦးအောင်စံမင်းက ပြောပါတယ်။
ဦးညီပုကို ပုဒ်မ ၅၀၅ (ခ)နဲ့စွဲဆိုထားတာဟာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေပြုလုပ်ကြဖို့၊ CDM မှာပါဝင်ကြဖို့တိုက်တွန်းပြောဆိုတာတွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေ၊ အမိန့်တွေနဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့မလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်က နိုင်ငံတော်အကြည်အညိုပျက်စေတယ်ဆိုပြီး စွဲဆိုထားတာလည်းဖြစ်ပါတယ်။
လာမယ့်ရုံးချိန်းမှာတော့ နှစ်ဘက်ရှေ့နေတွေရဲ့လျှောက်လဲချက်ကိုကြားနာပြီး တရားရုံးကစွဲချက်အမိန့်ချမှတ်တော့မှာလည်း ဖြစ်ပါတယ်။ တရားလိုနဲ့ လိုပြသက်သေတွေကို စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဉီးညီပုကိုစွဲဆိုထားတဲ့ပုဒ်မနဲ့ အခြင်းအရာတွေကတော့ ကွဲလွဲနေတာကိုတွေ့ရတယ်လို့ ရှေ့နေတွေဆီကနေ သိရပါတယ်။
“အမှုတွဲမှာ ပေါ်ပေါက်နေတဲ့အချက်ကိုကြည့်မယ်ဆိုရင် ထုတ်ပြန်ချက်ထုတ်တဲ့ကာလမှာဆိုလို့ရှိရင် ဦးညီပုက အကျယ်ချုပ်နဲ့ ထိန်းသိမ်းတာခံထားရပြီးပြီ။ အဲ့ဒီကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဉီးညီပုက ဗဟိုကော်မတီဝင်ဖြစ်ပေမယ့် ထိန်းသိမ်းခံထားရတဲ့အချိန်ဖြစ်လို့ ဉီးညီပုနဲ့ဘာမှမဆိုင်ဘူး။ အဲ့လိုပဲပြောထားပါတယ်”လို့ ရှေ့နေဦးအောင်စံမင်းက ပြောပါတယ်။
ဦးညီပုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီဝင်ဖြစ်တဲ့အတွက် ပါတီကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ သူ့မှာလည်းတာဝန်ရှိတယ်ဆိုပြီး အခုလို ပုဒ်မတွေနဲ့တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ဇနီး၊ သမီးတို့ဟာ တပ်မတော်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က ခေါ်ယူထိန်းသိမ်းခဲ့ပြီး အဲ့ဒီနေ့မှာပဲ ဇနီးနဲ့သမီးတို့ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ၂ ရက်နေ့မှာတော့ ဦးညီပုကို ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်နဲ့ထားရှီပြီးတော့ ၁၀ ရက်နေ့ညမှာ ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။