ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ညပိုင်းပစ်ခတ်သံတွေကြားရတဲ့ကောလင်းမှာ မနက်ခင်း လူခြေတိတ်တဲ့အထိဖြစ်ခဲ့

    စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့မှာတော့ မနေ့ညပိုင်းက ပစ်ခတ်သံတွေ ကြားခဲ့ရပြီးမှာ ဒီနေ့ မေလ ၂၈ ရက် မနက်အစောပိုင်းမှာ ဈေးပိတ်ပြီး မြို့ထဲ လူသွားလူလာရှင်းလင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ''ညက သူတို့ဘာသာ ပစ်ဖောက်နေတာ။ အပြန်အလှန်တိုက်ခိုက်တာမျိုး မဟုတ်ဘူး။ ကန်ဘောင်ဘက်မှာ ပစ်သွားတာ။ ဈေးကတော့ အစောပိုင်းတုန်းက ပိတ်တယ်။ အခုတော့ တချို့ဆိုင်တွေ ပြန်ဖွင့်ပါပြီ'' လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

  2. မြန်မာမှာ ကိုဗစ်ကူးစက်သူ တစ်နေ့တည်း တစ်ရာနီးပါးရောက်လာ

    အိမ်နီးချင်း နိုင်ငံတွေမှာ ကိုဗစ်လှိုင်း တစ်ကြော့ပြန်လာချိန်မှာ မြန်မာနိုင်ငံမှာလည်း ဒီကနေ့ ပိုးတွေ့သူ အရေအတွက်က တစ်ရက်တည်း ၉၆ ဦး အထိ ရှိလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    အရင်ရက်တွေမှာ ပိုးတွေ့သူ ဆယ်ဂဏန်းကျော် ရှိခဲ့ပေမဲ့ ဒီကနေ့မှာ ၁၀၀ နီးပါးထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

    ဒါကြောင့် အခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ တစ်သိန်းလေးသောင်းကျော်ရှိပြီ ဖြစ်ပြီး သေဆုံးသူ ၃၂၁၆ ဦး ရှိပြီ ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းဆန့်ကျင်မှုတွေကြောင့် အခြေခံပညာ ကျောင်းဖွင့်ရာသီမှာ မိဘတွေက ကျောင်းမအပ်တာတွေ ရှိနေပေမဲ့ ကိုဗစ်ကြောင့် ပညာရေးနှောင့်နှေးမှုတွေရှိလို့ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုပြီး စစ်ကောင်စီက စီစဥ်နေပါတယ်။ အဲဒါနဲ့အတူ ကိုဗစ်ရောဂါ ကာကွယ်ရေး ထိန်းသိမ်းရေးတွေကို လိုက်နာလုပ်ဆောင်ဖို့ ပြောဆိုနေတာတွေ ရှိနေပါတယ်။ မကြာခင် ရက်ပိုင်းအတွင်း ကျောင်းတွေ ပြန်ဖွင့်ဖို့ ရှိနေချိန်မှာ ကိုဗစ်ရောဂါ ကူးစက်မှုက အခုလို ရာဂဏန်းနား နီးကပ်လာတာ ဖြစ်ပါတယ်။

  3. အမေရိကန်စွမ်းအင်ကုမ္ပဏီကြီး ရှက်ဗရွန် ကို နယူးယောက်မှာ ဆန္ဒပြ

    အမေရိကန်စွမ်းအင်ကုမ္ပဏီကြီး Chevron က မြန်မာစစ်တပ်ကို ထောက်ပံ့နေတာကို ဆန့်ကျင်ဆန္ဒပြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့ အမေရိကန်အစိုးရကို တိုက်တွန်းတဲ့ လှုပ်ရှားမှုကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ Diversity plaza, Jackson Heights မှာ မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

  4. စစ်ကောင်စီဆီရောက်မယ့် နိုင်ငံခြားဝင်ငွေတချို့ကို ရေနံကုမ္ပဏီကြီးတွေ ဆိုင်းငံ့

    ပြင်သစ်ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး Total နဲ့ အမေရိကန် စွမ်းအင် ကုမ္ပဏီ Chevron တို့ဟာ သဘာဝဓာတ်ငွေ့တူးဖော်ရေး ဖက်စပ်လုပ်ငန်းတွေကနေ ပေးချေရမယ့် ငွေတချို့ကို ဆိုင်းငံထားလိုက်ပြီလို့ ကြေညာပါတယ်။

    ရေနံနဲ့သဘာဝဓာတ်ငွေ့ နိုင်ငံတကာကုမ္ပဏီကြီးတွေကနေ မြန်မာအာဏာသိမ်းစစ်တပ်က နိုင်ငံခြားဝင်ငွေတွေ ရရှိနေတဲ့အတွက်ကြောင့် ဒါကို ပိတ်ပင်တားဆီးဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကော ဒီမိုကရေစီတက်ကြွလှုပ်ရှားရေး ဆန္ဒပြသမားတွေကပါ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် မုတ္တမ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (MGTC) ရဲ့ အစုရှယ်ရာဝင်များ နှစ်စဉ်အစည်းအဝေးမှာ Total နဲ့ Chevron ကုမ္ပဏီကြီးနှစ်ခုက ပူးတွဲအဆိုပြုချက် တင်ပြပြီးနောက်ပိုင်း အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Total ကုမ္ပဏီက ပြောပါတယ်။

    မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ရှုတ်ချသလို အီးယူ ဥရောပ သမဂ္ဂ၊ အမေရိကန်နိုင်ငံတွေက ပြဋ္ဌာန်းထားတဲ့ အရေးယူပိတ်ဆို့မှုတွေအပါအဝင် ပြည်တွင်းနဲ့ နိုင်ငံတကာ အာဏာပိုင်တွေက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်သွားဖို့ ထပ်လောင်းအတည်ပြုတယ်လို့လည်း ဆိုပါတယ်။

    အမေရိကန် Chevron ကုမ္ပဏီကြီးကလည်း မြန်မာပြည်သူတွေအတူ ရပ်တည်သွားမှာ ဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လေးစားလိုက်နာတဲ့ ငြိမ်းချမ်းစွာအဖြေရှာမှုတစ်ရပ်ကို တောင်းဆိုနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ရှိနေမှာပါလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

    နိုင်ငံတကာကုမ္ပဏီကြီးတွေ ပါဝင်ဆောင်ရွက်နေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဓိက ဝင်ငွေရပေါက်ရလမ်း သုံးခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံ ၂၀၀၀ လောက် ဝင်ငွေရှိတယ်လို့လည်း NUG စီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။

    ဒါကြောင့် ဒီဝင်ငွေ အာဏာသိမ်းစစ်ကောင်စီလက်ထဲမရောက်ဖို့အတွက် ဆန္ဒပြသမားတွေက Total နဲ့ Chevron ကုမ္ပဏီကြီးတွေကို တလျှောက်လုံး တောင်းဆိုခဲ့တာဖြစ်ပါတယ်။

  5. သတင်းသမားတွေအပေါ် တရားစွဲဆိုမှု ရပ်ဆိုင်းဖို့ အေအိုင်အဖွဲ့တိုက်တွန်း

    အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သတင်းထောက်တွေအပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေကို ချက်ချင်း ပယ်ဖျက်သင့်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အေအိုင်လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

    ဒီထဲမှာ တရားစွဲဆိုခြင်း မခံရသေးပဲ ထိန်းသိမ်းခံထားရသူများ၊ အာမခံနဲ့ လွတ်လာသူတွေနဲ့ လူ့အခွင့်အရေးတွေ ကျင့်သုံးပြီး သတင်း အလုပ်လုပ်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ခံထားရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    မြန်မာပြည်တွင်း ဘာတွေဖြစ်ပျက်နေလဲဆိုတဲ့ အမှန်တရားဖော်ထုတ်ဖို့အတွက် သတင်းထောက်တွေဟာ ရှေ့ဆုံးကနေ ရုန်းကန်လှုပ်ရှားနေရတယ်လို့ အေအိုင်အဖွဲ့ရဲ့ သုတသနပိုင်းဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

    မြန်မာနိုင်ငံတွင်းက သတင်းသမားတွေ ကြုံနေရတဲ့ တရားစွဲဆိုမှု၊ ခြိမ်းခြောက်မှု၊ ထိပါးနှောင့်ယှက် အကြမ်းဖက်မှုတွေဟာ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ကျူးလွန်နေတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို မှေးမှိန်အောင်လုပ်ဖို့၊ သဘောထားကွဲလွဲသူတွေအပေါ် ဖိနှိပ်ဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းချက်ဖြစ်တယ်။

    နိုင်ငံတဝန်း ဖြိုခွင်းမှုတွေကြောင့် သတင်းအချက်အလက် ရယူပိုင်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ အများအပြား ဆုံးရှုံးနေတယ်လို့လည်း ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၈၈ ဦး အဖမ်းခံခဲ့ရပြီး အဲဒီထဲဟာ တဝက်ကျော်ကျော်ဟာ ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက သတင်းထုတ်ပြန်ထားပါတယ်။

    မေလ ၂၄ ရက်နေ့မှာလည်း အမေရိကန်နိုင်ငံသား ဒန်နီ ဖန်စတာ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။

  6. မေလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ရာနဲ့ချီ သေဆုံးတယ်လို့ KNU ထုတ်ပြန်

    ကရင်ပြည်နယ် မူတရော်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း မေလအစောပိုင်းကတည်းဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ၁၂၈ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။

    ဒီသေဆုံးမှုတွေကို ဘီဘီစီက သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

    ဒီသေဆုံးသူတွေထဲမှာ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် အရာရှိ သုံးဦး ပါဝင်တယ်လို့လည်း ပြောပါတယ်။

    မေလ ၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ဒဏ်ရာရသူ ၁၈၀ ဦး ရှိခဲ့ပြီး ကား ၉ စီး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲ ၁၉၃ ကြိမ် အတွင်း မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ၊ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေလည်း အမြဲလိုလို ရှိနေတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဒီတိုက်ပွဲတွေအတွင်း KNLA ဘက်က နှစ်ဦး၊ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

    KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

  7. မြောင် ချောင်းဇင်းမှာ စစ်တပ်က ဘုန်းကြီးကျောင်းမှာတပ်စွဲပြီးစောင့်ကြည့်နေ

    မေ ၂၆ရက်နေ့က စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ချောင်းဇင်းရွာနဲ့ ပေါက်ချောင်းရွာတို့မှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားအပြီးမှာ စစ်တပ်က ချောင်းဇင်း စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကြား အုတ်တံတိုင်းကို အကာကွယ်ယူပြီး မေလ ၂၇ ရက်နေ့ မှာ ဆက်လက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်တပ်အင်အား ၃၀ နီးပါးခန့်ရှိပြီး တပ်ပြန်မဆုတ်ဘဲ အဲဒီနေရာမှာ ရှိနေကြောင်းနဲ့ ဒေသခံ PDF တွေက လည်း တပ်ပြန်ဆုတ်မဲ့ အချိန်ကိုစောင့်နေကြတယ်လို့ ပြောပါတယ်။

    ချောင်းဇင်းမှာ ပိတ်မိနေတဲ့ စစ်တပ်ကို ကူဖို့ ကားတွေထွက်လာတယ် သတင်းရပေမဲ့လည်း အခုအထိရောက်လာတာမရှိသေးဘူးလို့လည်း သူတို့ကပြောပါတယ်။

    ချောင်းဇင်းကို လာတဲ့ လမ်းတွေမှာ သစ်ပင်တွေခုတ်ထားပြီး အတားအဆီးတွေ လုပ်ထားတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    မေလ ၂၆ ရက်နေ့က ချောင်းဇင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အုတ်တံတိုင်းကို အကာကွယ်ယူပြီး ခုခံခဲ့တယ်လို့ ‌‌ဒေသခံတွေက ‌ပြောပါတယ်။

    ချောင်းဇင်းဒေသခံ အချို့ကတော့ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်ပြီး တိမ်းရှောင်နေကြတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

  8. ကနီ နယ်တိုက်ပွဲမှာ ပျောက်နေတဲ့ PDF တစ်ဦး အလောင်းပြန်တွေ့

    စစ်ကိုင်းတိုင်းဒေသကြီး ကနီနယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းလက်ပံစုရွာ အနီး မေလ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးရဲ့ အလောင်းကို ဒီကနေ့ မေလ ၂၇ ရက်နေ့ မှာ ပြန်တွေ့ခဲ့တယ်လို့ ကနီဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးခဲ့သူဟာ လက်ပံစုရွာက မောင်တင်ထူးနိုင် (ခ)ပွားပွား အသက် ၂၃ နှစ်ဖြစ်ပြီး လက်နက်ကြီးတွေ ကျခဲ့တဲ့နေရာ ကိုသွားရှာရာမှာ အလောင်းကို တွေ့ခဲ့ရတာဖြစ်တယ်လို့ သူကပြောပါတယ်။

    မေလ ၂၅ ရက်က တိုက်ပွဲ ဖြစ်ပွားတာ အနည်းဆုံး ၃ ကြိမ်ခန့်ရှိပြီး တော့ စစ်ကောင်စီတပ်တွေဘက်ကလည်း သေဆုံးသူတွေရှိတယ်လို့ ပြောပါတယ်။

    စစ်ကောင်စီ ဘက်ကတော့ ဒီရက်ပိုင်း ကနီနယ်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

    တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြွေပိုင်းတောင်အနီးဖြစ်ပြီးတော့ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ချင်းတွင်းမြစ်ဘေးက ကင်းရွာ ဘုန်းကြီးကျောင်းမှာလည်းစစ်ကောင်စီတပ်တွေ ရောက်ရှိတပ်စွဲနေပြီးတော့ ရွာခံတွေက တော့ ရွာလုံးကျွတ်တိမ်းရှောင်နေကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

  9. ဂျပန်မှာ ကန်မယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဆန္ဒပြမှာ မဟုတ်ဘူးလို့ မြန်မာနည်းပြပြော

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ကမ္ဘာ့ဖလား အတွက်မြန်မာ့လက်ရွေးစင် အသင်းနဲ့ အတူ ဂျပန်မှာ ခြေစစ်ပွဲတွေ လိုက်ပါကစားဖို့ ငြင်းဆိုသပိတ်မှောက်ခဲ့တဲ့ ဂိုးသမား ကျော်ဇင်ထက်က သူ့အသင်းဖော်တွေကို မြန်မာပြည်သူတွေနဲ့ တသားတည်း ရှိတာကို ပြတဲ့ အနေနဲ့ လက်သုံးချောင်းထောင် အလေးပြု ဆန္ဒဖော်ထုတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

    ကျော်ဇင်ထက်က ကမ္ဘာက ကြည့်ရှုမယ့် ပွဲမှာ ဒီလို ဆန္ဒဖော်ထုတ်သင့်တယ်လို့ ဆိုပါတယ်။ သူက နိုင်ငံတကာ ပရိတ်သတ်တွေ ရှေ့မှာ အသင်းသားတွေထဲက တချို့က လက်သုံးချောင်းထောင်ပြီး ဆန္ဒပြသ နိုင်မယ်ဆိုရင် ကောင်းမယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ ဒါသူတို့ ပေးနိုင်တဲ့လုပ်လည်း လုပ်နိုင်တဲ့ သတင်းစကား တခုပါလို့ ဆိုပါတယ်။

    မြန်မာဟာ အုပ်စု အက်ဖ်မှာ အိမ်ရှင် ဂျပန် အသင်းနဲ့ ကစား ရမှာ ဖြစ်ပြီး ကာဂစ်စတန်၊ တာဂျီကစ္စတန် အသင်းတွေနဲ့ လည်း ကစားဖို့ ရှိပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဒီလို နိုင်ငံရေး သဘောဆောင်တဲ့ သင်္ကေတတွေ နဲ့ အပြုအမူတွေ မလုပ်ဖို့ ပိတ်ပင်ထားပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ အတွင်းက အိုင်စလန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲ မတိုင်ခင်မှာ ဂျာမနီအသင်းက ၂၀၂၂ကမ္ဘာ့ဖလား အိမ်ရှင် ကာတာကို ရည်ရွယ်ထားတဲ့ လူ့အခွင့်အရေး ဆိုတာ စာတန်းပါတဲ့ တီရှပ်တွေ ဝတ်ဆင်ခဲ့တာကိုတော့ အရေးယူ ခဲ့တာ မျိုး မရှိပါဘူး။

    ဒိန်းမတ်၊ နယ်သာလန်နဲ့ နော်ဝေတို့ဟာလည်း ဒီလို ခပ်ဆင်ဆင် ဆန္ဒဖော်ထုတ်မှုမျိုးတွေ လုပ်ခဲ့ဖူးပါတယ်။

    ကျော်ဇင်ထက်ကတော့ မြန်မာအသင်းက ဂျပန်မှာ ဒီလို ဆန္ဒဖော်ထုတ်တာမျိုး လုပ်ဖို့တော့ သိပ်မဖြစ်နိုင်ဘူး၊ အသင်းသားတွေက မညီညွတ်ကြဘူးလို့ ပြောပါတယ်။ တကယ်လို့ ကစားသမားတွေ အကုန်လုံး မကစားဖို့ သပိတ်မှောက်ခဲ့ရင်တော့ ပိုထိရောက်မှု ရှိခဲ့မှာပါလို့ ဆိုပါတယ်။ သူကတော့ သူ့ယုံကြည်ချက်နဲ့ ပြောခဲ့တဲ့ စကားတွေ တည်စေဖို့ သပိတ်မှောက်ခဲ့တာလို့ ပြောပါတယ်။ နောက်ပြီး တချို့ အသင်းသားတွေအနေနဲ့ ခြေစစ်ပွဲ ကစားပေးဖို့ ဖိအားတွေ အပေးခံခဲ့ရတယ်လို့ ပြောပါတယ်။ လူငယ်ကစားသမားတွေကို ဒီပွဲမကစားပေးရင် သူတို့ ဘောလုံးအနာဂတ်ပျောက်သွားမယ်ဆို ခြိမ်းခြောက်ကြတာကြောင့် ဒါကို စိုးရိမ်နေကြပုံ ရပါတယ်လို့ ဆိုပါတယ်။

    နည်းပြ အန်တွိုင်း ဟေးကတော့ သူ့အသင်းဟာ ဖီဖာရဲ့ စည်းကမ်းတွေကို လိုက်နာသွားမယ်၊ ဆန္ဒဖော်ထုတ်ခြင်းကိစ္စက သူတို့ နဲ့ မဆိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဖီဖာရဲ့ စည်းကမ်းတွေက ဒီလို နိုင်ငံရေးနဲ့ ဘာသာရေး ဆန်တဲ့ အပြုအမူတွေကို ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအပါအဝင် ဘောလုံးပွဲတွေမှာ မလုပ်ရဘူးလို့ ရှင်းရှင်းလင်းလင်း တားမြစ်ထားပါတယ်။ ဒီစည်ကမ်းကို လိုက်နာသွားမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်၊ နောက်ပြီး သူ့အသင်း လူရွေးချယ်မှုနဲ့ ပတ်သက်လို့လည်း ဘယ်သူကမှ သူ့လက်ထက်မှာ လက်ရွေးစင်အသင်းကို သူတို့ အကျိုးစီးပွားအတွက် အသုံးချတာမျိုးကို ခွင့်မပြုခဲ့သလို ခွင့်ပြုသွားမှာလည်း မဟုတ်ကြောင်း ပြောပါတယ်။

    တယောက်ယောက်က လက်ရွေးစင် အသင်း လူရွေးချယ်မှု၊ ကစားကွက်နဲ့ ပွဲထွက် ကစားသမား ကိစ္စတွေမှာ ဝင်ပါနိုင်မယ်လို့ ထင်ရင် ဒါဟာ ကျွန်တော့်လို နည်းပြတယောက်ကို လေးစားမှု မရှိတာကို ပြသနေတာပဲ ဖြစ်ပါတယ်လို့ ဟေးက ပြောပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းသား ၂၄ ယောက်ထဲမှာ အများစုဟာ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲတွေမှာ ကစားကြတာ ဖြစ်ပြီး အဲဒီထဲက အများစုကလည်း ရန်ကုန် ယူနိုက်တက် အသင်းက ဖြစ်ပါတယ်။ အခု လက်ရွေးစင်တွေထဲမှာ နာမည်ကြီးတွေ ဖြစ်တဲ့ အောင်သူနဲ့ ကျော်ကိုကိုတို့လို ကစားသမားတွေ မပါဝင်ပါဘူး။

    နည်းပြ ဟေးကတော့ ကစားသမားတွေဘက်က ကစားဖို့ ငြင်းဆိုခဲ့ကြတာ အကြောင်းအမျိုးအမျိုး ရှိနိုင်တယ်လို့ ပြောပါတယ်။ နိုင်ငံရေးကြောင့် သာမက တခြား အိမ်တွင်းရေး ကိစ္စတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။ ဒီလိုပဲ အခြေအနေတွေမှာပဲ အသင်းအတွက် လူရွေးရတာပါလို့ ဆိုပါတယ်။

    မြန်မာအသင်းဟာ ၂၀၁၉ နိုဝင်ဘာလ နောက်ပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တွေကြောင့် ပွဲမကစားနိုင်ခဲ့တာ ဖြစ်သလို ပြည်တွင်း အမှတ်ပေး ပွဲတွေကိုလည်း ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ ကတည်းက ရပ်နားထားပါတယ်။

    လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ကတော့ အခွင့်အရေး မရှိသလောက် နည်းသွားပြီ ဖြစ်ပြီး အာရှဖလားပြိုင်ပွဲမှာတော့ ၅၅ နှစ်အတွင်း ပထမဆုံး ယှဥ်ပြိုင်ခွင့် ရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

    မြန်မာအသင်းဟာ ၂၀၂၃ တရုတ် အာရှဖလား ပြိုင်ပွဲအတွက်လည်း ခြေစစ်ပွဲတွေ ကစားဖို့ ရှိပါတယ်။ နည်းပြ ဟေး ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သူ့အသင်း အနေနဲ့ ကောင်းကောင်း လေ့ကျင့်နိုင်ခဲ့လို့ သောကြာနေ့ ပွဲအတွက် အသင့်ဖြစ်နေပါပြီလို့ ပြောပါတယ်။

  10. ကလေးမြို့က စစ်တပ်နဲ့ရဲ ဖမ်းတာခံရပြီး ၂၄ နာရီတွင်း သေဆုံးခဲ့သူ နာရေး

    ပြီခဲ့တဲ့ မေလ ၂၄ ရက် နေ့လယ် ၁၂ နာရီ၀န်းကျင်က စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ၂၄ နာရီမပြည့်မီ အသက်သေဆုံးသွားခဲ့ရတဲ့ ကလေးမြို့ နတ်ချောင်းလမ်း " စိတ်ထားမဏ္ဍိုင် " ဆိုင်ကယ်ပြင်ဆိုင်က ကိုမင်းမင်း (အသက် ၃၉ နှစ်) ဈာပနကို ယနေ့ မေလ ၂၇ ရက်နေ့ ဂူသွင်းသင်္ဂြိုဟ် ခဲ့တယ်လို့သိရပါတယ်။

    ကိုမင်းမင်း အလောင်းကို ပြန်ပေးတဲ့ အချိန်မှာ ကျောမှာ အညို အမည်းစွဲနေတဲ့ ဒဏ်ရာတွေ အများအပြားတွေ့ရသလို လက်ကို ဓားနဲ့မွှန်းထားသလို ဒဏ်ရာတွေလည်းတွေ့ရတယ်လို့ လည်းကလေးမြို့ခံတွေက ပြောပါတယ်။

    ကိုမင်းမင်းဟာ စစ်ကောင်စီ ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်မှု မရှိသူတစ်ဦးဖြစ်တယ်လို့ ဒေသခံ PDF တစ်ဦးကပြောပါတယ်။

    ကိုမင်းမင်း ဟာကွယ်လွန်ချိန်မှာ ဇနီးနှင့် ၅ နှစ်အရွယ် သားတစ်ဦး၊ ၂ နှစ်အရွယ် သမီးတစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။

  11. ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို ၅၀၅ က နဲ့ တရားရုံအမှုစွဲတင်

    ဒီနေ့ မေလ (၂၇)ရက်မှာ အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ ကနဲ့ တရားရုံးအမှုစွဲတင်တယ်လို့ရှေ့နေအသိုင်းအဝိုင်းက နေသိရပါတယ်။

    ဒါ့အပြင် ပုဒ် ၅၀၅ ကနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကိုလည်း ရက်ပေါင်း ၁၈၀အတွင်း အမှုအပြီးစစ်မှာပါ။

    တရားရုံးစတင်စွဲတင်တဲ့ မေလ (၄)ရက်ကစပြီး ရက်ပေါင်း ၁၈၀အတွင်း စစ်ဆေးမယ့်အကြောင်း မနေ့ မေလ ၂၆ရက်မှာ ပြုလုပ်တဲ့ မှုခင်းစီမံခန့်ခွဲရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကနေဆုံးဖြတ်ပါတယ်။ ပိုင်တံခွန်ကို စစ်အုပ်ချုပ်ရေးမြို့နယ် မြောက်ဒဂုံမှာ ဖမ်းဆီးခံခဲ့ရပေမယ့် မာရှယ်လောမကြေညာခင် ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် စစ်ခုံရုံးနဲ့အစစ်မခံရဘဲ အရပ်သားတရားရုံးမှာ ရုံးထုတ်တာဖြစ်ပါတယ်။

    "အမှုက ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီး ရက်ပေါင်း (၁၈၀ )အတွင်း အပြီးစစ်မှာပါ။ နောက်ရုံးချိန်းက ဇွန်လ (၉)ရက်ပါ။ ကိုရဲတိုက်ရဲ့ (၂) မှုမှာ လသာအမှုကို ဇွန်လ (၁) ရက်မှာစစ်မှာဖြစ်ပြီး မရမ်းကုန်းအမှုကိုက ဇွန် (၃)ရက်ပါ။ တရားလိုတွေကို စစစ်ကြမှာပါ"လို့ ပိုင်တံခွန်နဲ့ရဲတိုက်အမှု လိုက်ပါ ဆောင်ရွက်နေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ သရုပ်ဆောင်ရဲတိုက်ကိုတော့ ပုဒ်မ ၅၀၅ (က) အပြင် မူးယစ်ဥပဒေ ၁၆(ဂ)နဲ့ပါ တရားစွဲဆိုထားတာဖြစ်ပါတယ်။

  12. မန္တလေးတက္ကသိုလ်နဲ့ မန္တလာတက္ကသိုလ်က ဆရာနဲ့ဝန်ထမ်းတွေကို ရာထူးက ထုတ်ပယ်

    မန္တလေးတက္ကသိုလ်နဲ့မန္တလာတက္ကသိုလ်တို့က အရာထမ်း၊အမှုထမ်း ၆၀၀ ကျော်ကို CDM လုပ်ဆောင်တဲ့အတွက် မေလ ၂၀ ရက်နေ့က စတင်ကာ ရာထူးက ထုတ်ပယ်ကြောင်း စစ်ကောင်စီရဲ့သက်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်များက မနေ့က ညနေပိုင်းက ထုတ်ပြန်ပါတယ်။

    မန္တလေးတက္ကသိုလ်က ထုတ်ပြန်တဲ့စာရင်းမှာတော့ အရာထမ်း ၂၄၅ ယောက်နဲ့ ၊ အမှုထမ်း ၁၄၁ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

    မန္တလေးတက္ကသိုလ်အနေနဲ့ ယာယီရပ်ဆိုင်း ကြေညာခဲ့စဥ်က အရာထမ်း ၂၄၉ ယောက် ရှိကာ အလုပ်ပြန်ဝင်သူ(Non-CDM) ၄ ယောက် ရှိပြီး ယာယီရပ်ဆိုင်းခံရတဲ့ အမှုထမ်း ၁၅၃ ယောက်မှာ အလုပ်ပြန်ဝင် ၁၂ ယောက် ရှိခဲ့တယ်လို့သိရပါတယ်။

    မန္တလာတက္ကသိုလ်က ထုတ်ပြန်တဲ့စာရင်းမှာတော့ အရာထမ်း ၁၆၅ ယောက်၊အမှုထမ်း ၅၇ ယောက် ရာထူးမှ ထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။

    မန္တလာတက္ကသိုလ်အ​နေနဲ့ ယာယီရပ်နားစာရင်း ထုတ်ပြန်ချိန်က စာရင်းအတိုင်းဖြစ်ပြီး အတိုးအလျော့မရှိဘူးလို့ အဲဒီတက္ကသိုလ်က ပါမောက္ခတစ်ဦးက ဆိုပါတယ်။

  13. ဒီးမော့ဆိုမှာ အရပ်သား၂ ဦး မနေ့က ပစ်သတ်ခံရ၊ ဒီနေ့နေ့လယ်မှာ ဒေသကာကွယ်ရေးအဖွဲ့က တစ်ဦးသေဆုံး

    ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ကနေ စစ်ရှောင်နေတဲ့ အရပ်သား လူငယ်၂ဦးဟာ မနေ့က နေအိမ်ကိုခဏအပြန်လမ်းမှာ စစ်ကောင်စီတပ်ကတွေ့လို့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

    သေဆုံးသွားသူ၂ဦးစလုံးဟာ ငုပလော့ရွာကအမျိုးသားတွေဖြစ်ပြီး ဒီကနေ့မနက်ကမှ အလောင်းတွေကို ပြန်သယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    "သူတို့က မြို့ကနေ ရှောင်ပြီးသွားပြီ။ ရွာပြန်ပြီး ကျန်ခဲ့တဲ့ဆိုင်ကယ်နဲ့ ပစ္စည်းတချို့သွားယူတာလို့ပြောတယ်။ ရွာသားတွေအပြင် ဒီမနက် တိုက်ပွဲ ဖြစ်လို့ နေ့လယ် ၁နာရီလောက်က ကာကွယ်ရေးအဖွဲ့က တယောက်ကျသွားတယ်။ စစ်တပ်ဘက်က စနိုက်ပါရော လက်နက်ကြီးတွေနဲ့ရောပစ်နေတာ။ မနေ့ကလည်း စစ်ရှောင်တွေနေတဲ့ဘုရားကျောင်းကို လက်နက်ကြီးနဲ့ပစ်လို့ စစ်ရှောင်တွေကို ဘေးလွတ်ရာ ကယ်ထုတ်ရတယ်။ "လို့ ဒေသခံလူငယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

  14. မန္တလေး ကျောက်ဝိုင်းမှာလည်း ဗုံးပေါက်

    မန္တလေးမြို့ ဒီမနက် ၉နာရီ ဝန်းကျင်လောက်မှာ မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်း ဗုံးပေါက်ကွဲတယ်လို့ ကျောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။

    "မနက်အစော အထုပ်တွေ့တယ်လို့ အသံကြားကတည်းက ကျောက်ဝိုင်း ရှုပ်ရှက်ခက်သွားတာပဲ။ ပစ္စည်းသိမ်းတဲ့သူနဲ့ ပြန်ကြသူနဲ့ပေါ့"လို့ ကျောက်ကုန်သည်တဦးကပြောပါတယ်။မေ ၂၇ရက် မနက် ၆နာရီဝန်းကျင်က အဲ့ဒီ ကျောက်မျက်စခန်းအ‌ရှေ့‌မြောက်ဘက်အနီးမှာ ဗုံးလို့သံသယရှိတဲ့ အထုပ်တခုကို တွေ့လို့ အကြောင်းကြားရာက စစ်ကောင်စီကရောက်လာပါတယ်။

    မနက် ၈ နာရီ‌ ၄၅ မှာ အဲ့ဒီအထုပ်ကို ဖောက်ခွဲပစ်လိုက်လို့ ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့သိရပါတယ်။ ဗုံးပေါက်လို့ စစ်ကောင်စီတပ်တွေ ရောက်လာပြီး တပ်စွဲထားတာရှိသလို ကျောက်‌ရောင်းဝယ်သူအားလုံးကို ကျောက်ဝိုင်းအတွင်းဝင်ခိုင်းပေမယ့် လှည့်ပြန်ပြေးကြသူတွေရှိတယ်လို့ ကျောက်လုပ်ငန်းလုပ်ကိုင်သူ တချို့က ဖြစ်စဉ်ကို ပြောပြပါတယ်။

    မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း ပေါက်ကွဲမှုဖြစ်တာ ဒါဟာ နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ညနေ ၃နာရီဝန်းကျင်လောက်က ကျောက်သွေးခုံအတန်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။

    ဒီမဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးမှာ ရောင်းဝယ်လုပ်ကိုင်သူ‌တွေက မန္တလေးမြို့ လူဦးရေရဲ့ သုံးပုံနှစ်ပုံထိရှိပါတယ်။ စခန်းကို ကိုဗစ်ရောဂါ စတင်ပျံ့နှံ့ကတည်းက ယာယီပိတ်ထားတာပါ။

    စစ်အာဏာသိမ်းပြီး ကျောက်မျက်ရောင်းဝယ်ရေးစခန်းကို မေလဆန်းမှာ ပြန်လည်ဖွင့်ပေးခဲ့‌ပေမယ့် အရောင်းဝယ်ပြုလုပ်သူ မရှိခဲ့ပါဘူး။ ဒါကြောင့် မေလ ၁၄ရက်နေ့မှာ ကျောက်မျက်အရောင်းအဝယ် ဈေးဆိုင်ခန်းတွေကို နောက်ဆုံးထားဖွင့်လှစ်ဖို့ စည်ပင်သာယာက သတိပေးစာနဲ့ ထုတ်ပြန်ကြေညာပါတယ်။ လက်ရှိမှာ အပြင်အခင်းဝိုင်းတွေမှာ အရောင်းဝယ်ပြုလုပ်နေတာ အနည်းငယ်ရှိပေမယ့် စခန်း အတွင်းပိုင်း‌တွေမှာ ဈေးဆိုင်ခန်းဖွင့် ကျောက်အရောင်းဝယ်ပြုလုပ်တာ မရှိသလောက်ပဲလို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။

    " ဘယ်လာကြမလဲ။ တခုခုဖြစ်ရင် ပစ္စည်းတွေ လုမှာ ကြောက်တာလေ။ တချို့ ပွဲခနဲ့လုပ်စားရသူတွေ ပစ္စည်းပါသွားလို့ လျော်ရရင်အများကြီးလေ "လို့ လုပ်သက် ၃၀ကျော်ရှိ ကျောက်ကုန်သည်တဦးကပြောပါတယ်။

  15. မွန်ပြည်နယ် ဘီးလင်းမှာ ပစ်သတ်ခံရတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နာရေးချက်ချင်းပြုလုပ်

    ဒီနေ့ မေလ ၂၇ ရက် ၊ မနက် ၈နာရီကျော်မှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနဲ့ ဇနီးကို သေနတ်နဲ့ပစ်ခတ်တာကြောင့် ဦးမြင့်ဆွေနေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

    သူတို့ဟာ အလူးလေးရွာနဲ့ ဝင်းပြန်ရွာအနီးက သူတို့ပိုင် ကျွဲကောခြံကို ဆိုင်ကယ်နဲ့သွားရာမှာ လမ်းခွဲတနေရာအရောက် ဆိုင်ကယ်ကိုတားပြီး သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

    "ဦးမြင့်ဆွေအလောင်းကို ဘီးလင်းရေခဲတိုက်ကနေ အခုနေ့လယ် ၁၂ခွဲ ၁ လောက်မှာ ချက်ချင်းအသုဘချလိုက်ပြီ။ သူ့ဇနီးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် မော်လမြိုင်ဆေးရုံပို့ထားရတယ်"လို့ ဦးမြင့်ဆွေနဲ့နီးစပ်တဲ့ ဒေသခံတဦးကနေသိရပါတယ်။

    အခုချိန်ထိ ပစ်ခတ်သွားသူတွေရဲ့သတင်းကိုမသိရသေးဘဲ အလူးလေးရွာနဲ့ ဝင်းပြန်ရွာဘက်ခြမ်းတွေမှာ စစ်ဆေးနေပြီး ဘီးလင်းမြို့ပေါ်မှာတော့ ပုံမှန်အတိုင်းပဲလို့ ဆိုပါတယ်။ ဒီလို ဘီးလင်းမြို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအသတ်ခံရတာကြောင့် မိသားစုဝင်နဲ့ ထပ်တူဝမ်းနည်းကြောင်း မွန်ပြည်နယ် ကြံ့ခိုင်ရေး ပါတီဘက်ကထုတ်ပြန်ပါတယ်။

    ပါတီအနေနဲ့ ဒီဖြစ်စဉ်အပေါ် ဘယ်လိုဆောင်ရွက်မလဲဆိုတာ လတ်တလောမပြောနိုင်သေးဘဲ သေဆုံးမှုဖြစ်စဉ်ကိုလည်း ပြည်နယ်ပါတီဝင်တွေဘက် အတည်ပြုနေဆဲဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရ ဦးနန္ဒာလှမြင့်က ဘီဘီစီကိုပြောပါတယ်။

  16. မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ရဲ့ ကစားသမားစာရင်း ပြိုင်ပွဲရက်ကပ်မှထုတ်ပြန်

    ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ကစားသမားစာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက် ကစားသမားတွေကြား သဘောထားကွဲလွဲမှုတွေရှိနေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့စာရင်းကို မနက်ဖြန် မေလ ၂၈ ရက် ဂျပန်နဲ့ပွဲမတိုင်မီမှသာ ရက်ကပ်ပြီးထုတ်ပြန်ခဲ့တာပါ။

    ထွက်ပေါ်လာတဲ့ကစားသမားစာရင်းမှာတော့ဂိုးသမားတွေအဖြစ် ဆန်းဆက်နိုင်၊ပြည့်လွမ်းအောင်၊ကိုကိုနိုင်တို့ဖြစ်ပါတယ်။

    ကွင်းလယ်လူအဖြစ် မောင်မောင်လွင်၊ ရန်န်ိုင်ဦး၊ ငြိမ်းချမ်းအောင်၊ပြည့်မိုး၊လွင်မိုးအောင်၊ မောင်မောင်ဝင်း၊ တင်ဝင်းအောင်၊လှိုင်းဘိုဘို၊မြတ်ကောင်းခန့်၊ထက်ဖြိုးဝေတို့ပါဝင်ပါတယ်။

    နောက်တန်းကစားသမားတွေအဖြစ် ဇော်ရဲထွန်း၊ ဒေးဗစ်ထန်း၊ရဲမင်းသူ၊စိုးမိုးကျော်၊ဟိန်းထက်စည်သူ၊သိန်းသန်းဝင်း၊လာဒင်မော်ရာ၊ရှေ့တန်းမှာတော့ ဝင်းနိုင်ထွန်း၊ဆွန်လန်းမာန်၊သန်းထက်အောင်တို့ပါဝင်ပါတယ်။

    မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား (ကာတာ) ခြေစစ်ပွဲနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲတွေအတွက် ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(F)ကို ဆက်လက်ယှဉ်ပြိုင်ရမှာပါ။ခြေစစ်ပွဲတွေကို ၂၀၁၉ ခုနှစ်က စတင်ကာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ​ခေတ္တရပ်နားထားခဲ့ရတာပါ။

    အုပ်စု အနေအထားအရ မြန်မာအသင်းဟာ လက်ရှိ အဆင့်(၄)နေရာမှာ ရောက်ရှိနေပြီး ဂျပန်၊ ကာဂျစ်စ္စတန်၊ တာဂျီကစ္စတန် အသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေတာပါ။အဲဒီလက်ကျန် ၃ ပွဲကို လက်ရွေးစင်အသင်းဟာဂျပန်နိုင်ငံ မှာမေလ ၂၈ ရက် ကနေ ဇွန်လ ၁၅ ရက်အထိကစားကြမှာပါ။

    မြန်မာအသင်းနည်းပြဂျာမဏီနိုင်ငံသားအန်တိုနီဟေးကတော့ နှစ်ပေါင်း ၅၀ ကျော်ကြာ ဝေးကွာနေတဲ့အာရှဖလားပြိုင်ပွဲကိုတက်ရောက် ကစားခွင့်ရဖို့ဒါဟာအခွင့်အရေးဖြစ်လို့ လက်လွတ်မခံသင့်ဘူးလို့ပြောထားပါတယ်။ ဒါပေမယ့် မြန်မာ့လက်ရွေးစင် အများစုကတော့ စစ်အာဏာသိမ်းဆန့်ကျင်တယ်ဆိုပြီးဝင်ရောက်ကစားဖို့ငြင်းဆန်ထားကြတာပါ။

  17. မြစ်ကြီးနားက ဖမ်းဆီးခံသတင်းထောက်တွေရုံးချိန်း ဇွန် ၂ ရက်ကို ပြန်ချိန်းထား

    မြစ်ကြီးနားမှာ ဖမ်းဆီးခံထားရတဲ့ မြစ်ကြီးနားဂျာနယ်၊ The 74 media ၊ kachin waves သတင်းဌာနတွေက သတင်းထောက်တွေကိုလာမယ့် ဇွန်လ ၂ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုထားတယ်လို့ ရှေ့နေကပြောပါတယ်။

    မေလ ၂၆ ရက်နေ့ ရုံးချိန်းမှာတော့ ထောင်တွင်းတရားရုံးမှာ အမှုတွေများတာကြောင့် တရားလိုတွေ ရောက်ရှိလာပေမယ့် စစ်ဆေးမှုတွေမပြုလုပ်လိုက်ရဘူးလို့သိရပါတယ်။

    ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနားဂျာနယ်က သတင်းထောက် ၃ ဦး၊ Kachin waves က တစ်ဦး၊ The 74 media က တစ်သီးနဲ့ ဖားကန့်က အလွတ်တန်းသတင်းထောက် တစ်ဦး စုစုပေါင်းဖမ်းဆီးခံထားရတဲ့သတင်းထောက် ၆ ဦးထိ ရှိနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်မှာ နောက်ထပ်အလွတ်တန်းသတင်းထောက်တစ်ဦး ထပ်မံဖမ်းဆီးခံထားရပါတယ်။

  18. သာကေတ ၃ မာန်ပြေထဲက ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

    သာကေတမြို့နယ်၊ ၃ ရပ်ကွက်၊ မာန်ပြေ လမ်း ၂၀ ထဲက ရာအိမ်မှူးတစ်ဦး နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြုပါတယ်။

    ဒီနေ့ မနက် ရှစ်နာရီခန့်မှာ ဗုံးနှစ်လုံးဆင့် ဆက်တိုက်ပေါက်ကွဲသံကြားရပြီးချိန် ရာအိမ်မှူး ဦးဘုန်းငွေရဲ့နေအိမ်ကို သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရာအိမ်မှူးဟာနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရာအိမ်မှူးနေအိမ်ထဲက တခြားမိသားစုဝင်တွေကတော့ ထွက်ပြေးလွတ်မြောက်လို့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း သိရပါတယ်။ အခု ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ၃ ရပ်ကွက် မာန်ပြေထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ဒီမနက် သာကေတမှာ ဗုံးတွေ ခြောက်ကြိမ်ဆက်တိုက်ပေါက်ကွဲမှုမှာ သာကေတ ၊ ဆယ်ရပ်ကွက်က အမှတ် ၂ ရဲစခန်းအနီးမှာလည်း နှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

  19. ဒီးမော့ဆိုမြို့က စိန့်ဂျိုးဇက် ဘုရားကျောင်း ပစ်ခတ်ခံရ

    ကယားပြည်နယ်မှာ မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဒီးမော့ဆိုမြို့ပေါ်က စိန်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းကိုထိမှန်ပျက်စီးခဲ့တယ်လို့ ကယားပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ကထုတ်ပြန်လာပါတယ်။

    လွိုင်ကော်မှာလည်း မေ ၂၃ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် ကယန်းသာယာကျေးရွာအတွင်းက ကယန်းသာယာ(တောင်) ဘုရားကျောင်း ပျက်စီးခဲ့ပြီး ဘုရားကျောင်းတွင်းမှာ ခိုလှုံနေတဲ့ ဒေသခံလေးဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

    စစ်ကောင်စီကတော့ အဲဒီကယန်းသာယာ တောင် ဘုရားကျောင်းဝင်းအတွင်း လက်နက်ကိုင်အဖွဲ့တွေ ခိုအောင်းနေထိုင်ခဲ့တဲ့အထောက်အထားတွေတွေ့ရသလို ပစ်ခတ်ထားတဲ့လက်နက်ကျည်ဆန်အခွံတွေကိုလည်း တွေ့ရပြီး လက်နက်ကိုင်သူတွေဟာ ဘုရားကျောင်းကို အကာအကွယ်ယူပြီးပစ်ခတ်ခဲ့တာလို့ မနေ့ ၂၆ ရက်ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် မေ ၂၄ ရက်နေ့တုန်းကလည်း ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်တွင်းက ဘုရားကျောင်းဝင်းထဲ အမြောက်ကျည်ဆန်ကျရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အများပြည်သူဝတ်ပြုကိုးကွယ်တဲ့ဘုရားကျောင်းကန်တွေ၊ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုဖို့ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသာနာ ဥက္ကဋ္ဌ ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက မေတ္တာရပ်ခံထားပါတယ်။

  20. သာကေတမှာ ပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက်ဖြစ်

    သာကေတမှာ ဒီနေ့ မေ ၂၇ ရက်မနက်ပိုင်း ၇ နာရီခွဲကျော်ကစလို့ ပေါက်ကွဲမှု ဆက်တိုက် ငါးကြိမ်ဖြစ်ပွားခဲ့ပါတယ်။

    ပေါက်ကွဲသံတွေကို သာကေတ ရန်ပြေ၊ မာန်ပြေ၊ ၄ တောင်၊ ၄ မြောက်ရပ်ကွက်က ဒေသခံတွေ ကျယ်လောင်စွာကြားခဲ့ရပါတယ်။

    မနက် ၇ နာရီ ၅၅ မှာတစ်ကြိမ်၊ ၈ နာရီထိုးခါနီးမှာတစ်ကြိမ်၊ ၈နာရီခွဲမှာ နှစ်ကြိမ်နဲ့ ကိုးနာရီ ထိုးခါနီးမှာတစ်ကြိမ် စုစုပေါင်း ငါးကြိမ်ပေါက်ကွဲသံကိုကြားရတာဖြစ်ပါတယ်။

    ပေါက်ကွဲမှုကြောင့် သာကေတမြို့နယ်၊ မာန်ပြေ လမ်း ၂၀ အရှေ့က နေအိမ်တစ်အိမ်မှာ ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။