ရုရှားနိုင်ငံ မော်စကိုမှာ ကျင်းပတဲ့
ရဟတ်ယာဥ် ပြပွဲကို မြန်မာ စစ်တပ်က ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့အဖွဲ့
တက်ရောက်နေပါတယ်။ ဒါဟာ အာဏာသိမ်းပြီးတဲ့နောက် ရုရှားကို တပ်မတော်အဆင့်မြင့်အရာရှိကြီးတစ်ဦး
ပထမဆုံးအကြိမ်သွားရောက်တဲ့ ခရီးစဥ်ဖြစ်ပါတယ်။
အဲဒီ ပြပွဲဟာ နိုင်ငံပေါင်း
၅၀ ကျော်တက်ရောက်မယ့် HeliRussia ဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ရဟတ်ယာဥ်ပြပွဲဖြစ်ပြီး
မေလ ၂၀ ကနေ ၂၂ ရက်အထိ ပြုလုပ်မယ့် ဒီပြပွဲကို
မြန်မာလေတပ်ဗိုလ်ချုပ်ကြီး တက်ရောက်မယ်လို့ ရုရှားအခြေစိုက် မီဒီယာတွေကရေးသားနေကြတာ
ဖြစ်ပါတယ်။
အဲဒီပြပွဲမှာ ရုရှားက
နောက်ဆုံးထုတ် Ka-52 နဲ့ Mi-28NE တိုက်ခိုက်ရေး
ရယာဥ်တွေနဲ့အတူ ဘက်စုံသုံး ရဟတ်ယာဥ်တွေကို ပြသထားမယ်လို့ ရှရှားမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရုရှားအစိုးရ
လက်နက် ထုတ်လုပ်ရောင်းချရေးလုပ်ငန်းထုတ် ဒရုမ်းတွေလည်း ပြပွဲမှာ ပြသထားမယ်လို့ ဆိုပါတယ်။
ဧရာဝတီသတင်းဌာနရဲ့သတင်းဖော်ပြချက်မှာ
ဒီပြပွဲကိုသွားရောက်တဲ့ မြန်မာအဖွဲ့မှာ ရုရှားနဲ့အဆက်သွယ်ကောင်းတဲ့ နာမည်ကြီးခရိုနီ
ဦးတေဇလည်းပါတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်
ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ်မှာ
ရုရှားက မြန်မာကို လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေ၊ ထောက်လှမ်းရေးသုံးဒရုမ်းတွေနဲ့
ရေဒါစနစ်တွေရောင်းဖို့ သဘောတူခဲ့တယ်လို့ရုရှားမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။
လေတပ် ဦးစီးချုပ်ရဲ့ဒီခရီးစဥ်ဟာ
ဒီကိစ္စတွေနဲ့ သက်ဆိုင်မှုရှိမရှိ စစ်ရေးအကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။
ရဟတ်ယာဥ်နဲ့ပတ်သက်ရင် မြန်မာလေတပ်ဟာ ရုရှားရဲ့အဓိက
ဖောက်သည်လည်းဖြစ်ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး
တပ်မတော်နဲ့နီးစပ်တဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဒေါက်တာနိုင်ဆွေဦးက တပ်မတော်မှာ
သုံးတဲ့ ရဟတ်ယာဥ်တွေ အားလုံးနီးပါးက ရရှားရဟတ်ယာဥ်တွေ ဖြစ်တယ်၊ ဒီလို ပြပွဲတွေသွားရောက်မှ
ခေတ်မီလက်နက်တွေကို မျက်ဝါးထင်ထင်တွေ့မြင်ရမှာ ဖြစ်ပြီး အနာဂတ်အတွက် စဥ်းစားပြင်ဆင်နိုင်မယ်လို့
ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးကတည်းက
တိုက်ပွဲတွေ ပြန်ပြင်းထန်တဲ့ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်ထဲမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ မေလဆန်းပိုင်းက
ကချင်ပြည်နယ် မိုးမောက် မြို့နယ်မှာ စစ်တပ်ရဲ့ ရဟတ်ယာဥ်တစ်စင်းကို ကေအိုင်အေက ပစ်ချခဲ့ပါတယ်။
စစ်တပ်က လေကြောင်းကနေ ပြင်းပြင်းထန်ထန်တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ စစ်လက်နက်ဝယ်ယူမှုအပြင်
ပညာတော်သင်စေလွှတ်မှုအပိုင်းမှာပါ ရုရှားကိုအားထားပါတယ်။ ရုရှားကာကွယ်ရေးဒုဝန်ကြီးဟာ
အာဏာသိမ်းပြီးမှလုပ်တဲ့ တပ်မတော်နေ့အခမ်းအနားကိုတောင် လာတက်ခဲ့ပါသေးတယ်။
ကုလသမဂ္ဂလုံခြုံရေကောင်စီအနေနဲ့လည်း
မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြဌာန်းဖို့
ကမ္ဘာ့အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က မေလဆန်းက တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု
အမြန်ဆုံးဆိုင်းငံ့ဖို့ ဆုံးဖြတ်ချက်မူကြမ်းတစ်စောင် ထွက်လာရေးကုလအစည်းအဝေးကို မေလ ၁၈ ရက်မှာ ပြုလုပ်ဖို့ရှိခဲ့ပေမဲ့
ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပါတယ်။