ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မြန်မာပြည်တွင်းအခြေအနေ အတော်ဆိုးရွားနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြော

’လက်ရှိ ချင်းပြည်နယ်က အခြေအနေဆို အတော်လေးကို ဆိုးရွားနေတယ်။ ဒီလို ထွက်ပြေးရသူတွေဟာ အစားအသောက်၊ရေနဲ့ အမိုးအကာအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတယ်’ လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကနီနယ်ကျေးရွာတွေမှာ ပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံး

    စစ်ကောင်စီတပ်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ကနီမြို့နယ်၊ ကနီ -မင်းကင်း လမ်းပေါ်က မြောင်းကုန်းရွာ၊ ပါဟဲရွာနဲ့ နံစုရွာတို့က ဒေသခံ ၃ ဦး ဒီကနေ့ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မြောင်းကုန်းရွာ ပစ်ခတ်မှုအတွင်း အသက် ၃၅ နှစ်အရွယ် ကိုဖိုးဆွေ သေဆုံးခဲ့ပြီး ကျန်ကျေးရွာတွေက ပစ်ခတ်ခံရပြီးသေဆုံးခဲ့သူတွေရဲ့ နာမည်တွေကို စုံစမ်းနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ် ကင်းရွာကို မေလ ၂၄ ရက်နေ့ ညနေပိုင်းက စစ်တပ်အဖွဲ့ဝင် အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက် ရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့လည်း ကင်းရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်တပ်တွေဟာ ဒီကနေ့ ညနေပိုင်း ၄ နာရီခွဲလောက်မှာ ရွာထဲကို ဝင်ရောက်လာခဲ့ပြီး ရွာကလူ အများစုကတော့ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သူတို့ကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ကင်းရွာထဲကို မဝင်မီ ကင်းရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မြောင်းကုန်းရွာမှာ တပ်စွဲနေခဲ့ပြီး မေလ ၂၂ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကတော့ မေလ ၂၂ ရက် ကနီနယ်က ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

  2. လွိုင်ကော်မှာ ပစ်ခတ်မှုတွေဖြစ်

    မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်ကစပြီး ကယားပြည်နယ် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ‌ဒေသခံ PDF တပ်ဖွဲ့တွေ ပစ်ခတ်နေကြပြီလို့ ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

    စစ်​ကောင်စီတပ်ဖက်က ရပ်ကွက်ကို ဝိုင်းထားပြီးလက်နက်ကြီးတွေနဲ့ပါ ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီ​ကနေ့မနက် ၇ နာရီကျော် လောက်ကလည်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့က လမ်းမကြီးဘေးတစ်လျှောက်မှာ ရှိတဲ့ အိမ်တချို့နဲ့ ရုံးတွေ မီးရှို့ခံခဲ့ရပါတယ်။

    ဒီးမော့ဆိုမြို့နယ်မှာ အင်တာနက်တွေ၊ ဖုန်းလိုင်းတွေ၊ မီးတွေ အကုန်လုံးကို ဖြတ်တောက်ထားတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ပြောပါတယ်။

    မနေ့က ရဲစခန်းတိုက်ခိုက်ခံရတဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်ထဲမှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    မနေ့ညက ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့ကြားမှာ ရှိတဲ့ ကယန်းသာယာတိုက်နယ်ထဲက ဘုရားကျောင်းတစ်ကျောင်းပေါ်ကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျလို့ အဲဒီမှာ ခိုလှုံနေတဲ့ အရပ်သား ၄ ဦး မနေ့က သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆီကနေတစ်ဆင့် သိရပါတယ်။။

  3. နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ရဲ့ရှေ့နေ ဖမ်းဆီးခံရ

    စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံနေရတဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အတွက် အမှုလိုက်ပါဆောင်ရွက်ခွင့်ရသူ ရှေ့နေ ဦးသိန်းလှိုင်ထွန်းဟာ အမှုသည်ရဲ့ဒီနေ့ မေလ ၂၄ ရက် ရုံးချိန်းအပြီးမှာပဲ ဖမ်းဆီးခံလိုက်ရပါတယ်။

    အခုလို ဖမ်းဆီးခံရတာကို ရှေ့နေ ဦးသိန်းလှိုင်ထွန်းနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ရဲ့ရုံးချိန်းကို သွားခဲ့တဲ့ရှေ့နေတွေက အတည်ပြုပါတယ်။

    ဦးသိန်းလှိုင်ထွန်းကို ရန်ကုန်မှာရှိတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာဖွင့်ထားတဲ့ ပုဒ်မ ၅၀၅(က) အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ အမှုတွေအတွက်လိုက်ပါဆောင်ရွက်ခွင့်ရတဲ့ရှေ့နေ ၅ ဦးရှိပြီး ဦးသိန်းလှိုင်ထွန်းက ဒေါက်တာမျိုးအောင်တစ်ဦးတည်းအတွက် အမှုလိုက်ဖို့ ထပ်တိုးရှေ့နေဖြစ်ပါတယ်။

    ''ဒီအမှုနဲ့ပတ်သက်ပြီးလူလျော့သွားတာပေါ့ဗျာ။ အမှုနဲ့တိုက်ရိုက်ပတ်သက်တာတော့ မဟုတ်ဘူး။ ဒဂုံဆိပ်ကမ်းမှာ ၅၀၅(က)လို့ပြောတယ်။ ဒါကလည်း သူ့အပြောပါ။ ရဲကပြောတာကို သူက ကျတော်တို့ကို တယ်လီဖုန်းနံပါတ်ပေးပြီးတော့ သ့ူအိမ်ကို ပြန်ပြောပေးပါဦးဆိုပြီး သူပြောပြလို့။ ဒါပဲသိရတာပါ'' လို့ ဒီနေ့ရုံးချိန်းကိုသွားခဲ့တဲ့ရှေ့နေအဖွဲ့ထဲက ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

    ဒေါက်တာမျိုးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ နည်းတူ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ တရားရင်ဆိုင်နေရသူဖြစ်ပါတယ်။

  4. ရခိုင်က အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေ စတင်လက်ခံ

    ရခိုင်ပြည်နယ်အတွင်းမှာတော့ ဒီနေ့ မေလ ၂၄ ရက် မနက်ပိုင်းကစတင်ပြီး အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်နိုင်တင်းရောဂါကြောင့် တနိုင်ငံလုံးကျောင်းတွေ ပိတ်ထားခဲ့ရာမှာ ရခိုင်ပြည်နယ်မှာလည်း ကျောင်းတွေ ပိတ်ခဲ့ရပါတယ်။

    အဲဒီမတိုင်ခင်တည်းကလည်း စစ်တပ်နဲ့ ရခိုင်တပ်(AA) တို့ကြားက တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ထဲက နေရာတချို့မှာ စာသင်ကျောင်းတွေ မဖွင့်နိုင် ဖြစ်ခဲ့ရတာပါ။

    စစ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေမှာ ကျောင်းမတက်ကြဖို့ ဆန္ဒပြမှုတွေဟာ ရခိုင်ပြည်နယ်မှာကလွဲလို့ နိုင်ငံ့နေရာတော်တော်များများမှာ ဖြစ်နေပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြမှုတွေမဖြစ်သလို ဒီကနေ့မှာ ပြန်ဖွင့်တဲ့ အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းလာအပ်သူတွေအများအပြားကိုတွေ့မြင်ရပါတယ်။

    ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းသူ ကျောင်းသားတွေရဲ့ မိဘတွေကတော့ တိုက်ပွဲတွေကြောင့် ကလေးတွေကျောင်းမတက်ရတာ၊ ကိုဗစ်ကြောင့် ကျောင်းတနှစ်နားခဲ့ရတာတွေကြောင့် ကလေးတွေကို ဒီနှစ်ကျောင်း ပြန်တက်စေ ချင်တဲ့အကြောင်း ဘီဘီစီကို ပြောထားကြပါတယ်။

  5. ပြည်သူရှိသရွေ့ ပါတီရှိနေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထူထောင်ထားတာဟာ ပြည်သူတွေအတွက်ဖြစ်လို့ ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မေလ ၂၄ ရက်မှာ သတင်းစကားပါးလိုက်ပါတယ်။

    နေပြည်တော်မှာပြုလုပ်တဲ့ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တွေ့ဆုံချိန် အခုလို သတင်းစကားပါးလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောလိုက်တာပါ။

    စစ်ကောင်စီက ခန့်အပ်တဲ့ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ကော်မရှင်နဲ့ ပါတီပေါင်း ၆၀ ကျော်တွေ့ဆုံပွဲမှာ NLD ပါတီကို ဖျက်သိမ်းဖို့အထိ ပြောခဲ့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစကား ထွက်ပေါ်လာတာပါ။

    အာဏာသိမ်းမှုဖြစ်အပြီးကတည်းက ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်စုကြည်ဟာ ပုဒ်မ ၆ ခုနဲ့ စွပ်စွဲခံနေရပြီး တရားရင်ဆိုင်နေရတာပါ။

    ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ဟာ နေပြည်တော်ကောင်စီထဲက ခြံတစ်ခြံထဲ သီးသန့်တရားခွင်မှာပြုလုပ်တဲ့ ရုံးချိန်းမှာ သူတို့ အမှုတွေအတွက် လိုက်ပါဆောင်ရွက်ပေးမယ့်ရှေ့နေတွေနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခွင့် ရခဲ့တာဖြစ်ပါတယ်။

  6. ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေ ပထမဆုံးတွေ့ခွင့်ရ

    စစ်အာဏာသိမ်းမှုအပြီးကတည်းက ထိန်းသိမ်းခံရပြီး အမှုတွေနဲ့ စွပ်စွဲခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီအမှုတွေနဲ့ လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေတွေ ဒီနေ့ မေလ ၂၄ ရက်မှာ ပထမဆုံး လူချင်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။

    နေပြည်တော်ကောင်စီထဲမှာရှိတဲ့ ခြံတစ်ခြံအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့တာလို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ''ဒီနေ့မနက် ၈ နာရီမှာ ကျမတို့ ရှေ့နေ ၆ ယောက်ပေါ့၊ ဒေါက်တာမျိုးအောင်အတွက် ရှေ့နေ တစ်ယောက်အပါအဝင် အားလုံး အမှတ် ၁ ရဲစခန်းကို သွားရတယ်။ အဲဒီကနေ သူတို့ခြံရံနဲ့ရဲကားနဲ့ နေပြည်တော်ကောင်စီထဲမှာရှိတဲ့ ခြံတစ်ခြံကို ကျမတို့ကိုခေါ်သွားပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရပါတယ်။ အဲဒီမှာ အမှုသွားအမှုလာအတွက် ရှေ့နေနဲ့ အမှုသည်ကြား နာရီဝက် instruction ယူရပါတယ်'' လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဒီနေ့ရုံးချိန်းဟာ အဲဒီခြံထဲကထဲက အဆောက်အအုံ တစ်ဖက်ခြမ်းက အခန်းထဲ မှာ ပြုလုပ်တာလို့လည်း သူက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ instruction ယူဖို့ ရှေ့နေနဲ့ အမှုသည် နာရီဝက်ပဲ တွေ့ဆုံခွင့်ရတာ အချိန်နည်းတယ်ဆိုပြီး ပြောတာမျိုး ရှိတယ်လို့ ဒေါ်မင်းမင်းစိုးက ပြန်ပြောပြပါတယ်။

    ဒီနေ့ရုံးချိန်းမှာ အမှုစစ်ဆေးတာမျိုးမဟုတ်ဘဲ အရင်ရုံးချိန်းက ရှေ့နေနဲ့အမှုသည် တွေ့ပြီး instruction ယူဖို့ ဖြစ်တာကြောင့် ဒီနေ့တွေ့ပြီးဖြစ်တဲ့အကြောင်း၊ ဒီနေ့ရုံးချိန်းမှာ နောက်တစ်ချိန်းကို ဘယ်နေ့မှာ အမှုကို ဆက်ဆောင်ရွက်မယ် ဆိုပြီး ခေါ်ယူတဲ့အနေအထားဖြစ်တယ်လို့လည်း ရှေ့နေက ပြောပါတယ်။

    ဒီနေ့တရားခွင်ကို ဘယ်မှာပြုလုပ်တယ်ဆိုတာ ရှေ့နေဘက်က ထုတ်မပြောပေမဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ညွှန်ကြားချက်အရ အခုတစ်ပတ်ရုံးချိန်းကို နေပြည်တော်ကောင်စီနယ်မြေ၊ မြနန်းဘုံသာလမ်းက သီးသန့်တရားခွင်မှာ စစ်ဆေးသွားမယ်ဆိုပြီး တရားရုံးက ရုံးချိန်းပေးခဲ့တာပါ။

    ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မဲဆွယ်ကာလ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သဘာဝဘေးစီမံခန့်ခွဲမှုဥပေဒပုဒ်မ ၂ ခု၊ နိုင်ငံတော်အကြည်ညိုပျက်စမှေု ပုဒ်မ ၁ ခု၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၁ ခု အပြင် နေအိမ်မှာ စကားပြောစက် (Walkie Talkie)တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန် ပုဒ်မ စတဲ့ အမှု ၆ ခုကို ရင်ဆိုင်နေရတာပါ။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

  7. ကယန်း သာယာ ဘုရားကျောင်း လက်နက်ကြီးကျပြီး အရပ်သား ၄ ဦးသေဆုံး

    ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့ကြားမှာ ရှိတဲ့ ကယန်းသာယာတိုက်နယ်ထဲက ဘုရားကျောင်းတစ်ကျောင်းပေါ်ကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျလို့ အဲဒီမှာ ခိုလှုံနေတဲ့အရပ်သား ၄ ဦး မနေ့ မေလ ၂၃ ရက်ညပိုင်းက သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မိုးဗြဲမှာ မနေ့က ပစ်ခတ်မှုကြောင့် ထိတ်လန့်တဲ့ဒေသခံတွေ ဘုရားကျောင်းမှာ ခိုလှုံနေချိန် အနီးနားမှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျခဲ့တာလိ့ု သိရပါတယ်။

    ''တိုက်နယ်ထဲမှာက သူတို့ အမြှောက်တပ်ရှိတယ်။ အဲဒီကို လုံခြုံရေးတိုးလာတဲ့သူတို့က ဘုရားကျောင်းထဲမှာ လူတွေ ရှိနေတယ်ဆိုတာကို သိပြီး ည ၈ နာရီခွဲလောက်မှာ ကျောင်းကို ဝိုင်းတယ်။ PDF ပြည်သူ့ကာကွယ်ရေးတပ် မလာအောင်ပေါ့။ ဒါပေမဲ့ ဘုရားကျောင်း အဝိုင်းခံထားရတယ်ပြောတော့ PDF နဲ့ ည ၉ နာရီခွဲကနေ ၁၀ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်တယ်။ သူတို့ ဘက်က အင်အားများလာလို့ PDF က ဆုတ်သွားရတယ်။ အဲဒီအတောအတွင်းမှာ ဘုရားကျောင်းကို လက်နက်ကြီးနဲ့ အပစ်ခံရတာ။'' လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ တိုက်နယ်ထဲက လူတွေအပါအဝင် ဒေသခံ ရာချီ တောတောင်တွေထဲ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

    စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေဟာ မနေ့ည ၈ နာရီကစပြီး မနက် ၃ နာရီ အထိ ခပ်စိပ်စိပ်ဖြစ်နေခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဒီနေ့ မေလ ၂၄ ရက်မှာလည်း ညက ဒဏ်ရာရသွားတဲ့ဒေသခံတွေကို ဆေးကုသပေးနေတဲ့နေရာကို စစ်ကောင်စီတပ်တွေက သိပြီး လာရောက်ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

    ညပိုင်း ပစ်ခတ်မှုဖြစ်ခဲ့တဲ့ကန်သာယာတိုက်နယ်ဟာ မနေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုလုပ်ခဲ့တဲ့ မိုးဗြဲမြို့နဲ့ ၇ ကီလိုမီတာအကွာမှာ ရှိပါတယ်။

  8. အတိုင်ပင်ခံကို ဒီနေ့ ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးမယ်

    စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ထိန်းသိမ်းခံထားရပြီး အမှုတပ် စွပ်စွဲခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဒီနေ့ မေလ ၂၄ ရက်မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးဖို့ ရှိနေပါတယ်။

    ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ညွှန်ကြားချက်အရ အခုတစ်ပတ် ရုံးချိန်း ကစလို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အနီးမှာ ရှိတဲ့ သီးသန့်တရားခွင်မှာ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မဲဆွယ်ကာလ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သဘာဝဘေးစီမံခန့်ခွဲမှုဥပေဒပုဒ်မ ၂ ခု၊ နိုင်ငံတော်အကြည်ညိုပျက်စမှေု ပုဒ်မ ၁ ခု၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၁ ခု အပြင် နေအိမ်မှာ စကားပြောစက် (Walkie Talkie)တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန် ပုဒ်မ စတဲ့ အမှု ၆ ခုကို ရင်ဆိုင်နေရတာပါ။

    အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ ဒီအမှုတွေထဲက တချို့ကို ရုံးထုတ်ချိန်က အင်တာနက်မရလို့ ရုံးချိန်မလုပ်ဖြစ်ခဲ့တာအပါအဝင် အမှုလိုက်ပါ ဆောင်ရွက်ခွင့်ရတဲ့ရှေ့နေရဲ့ အမှုသည်နဲ့တွေ့ဆုံခွင့်တောင်းဆိုမှုတွေဟာလည်း ရုံးချိန်းတစ်ကြိမ်မက ရှိခဲ့ပါတယ်။

    အဲဒီနောက် နောက်ရုံးချိန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗီဒီယို ကွန်ဖရန်ဇင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပြီး အခုတော့ ပထမဆုံးအကြိမ် လူတွေ့စစ်ဆေးမှာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို လူမြင်ကွင်းမှာ မတွေ့ရတာ ဖေဖော်ဝါရီလ အာဏာသိမ်းကတည်းကဖြစ်ပါတယ်။

    အမှုအတွက် လိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးကတော့ ဒီနေ့ ရုံးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

  9. လွိုင်ကော်မှာ ညပိုင်း ပေါက်ကွဲသံတွေကြားနေရ

    လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ဒီညပိုင်း ၇နာရီကျော်ကစပြီး ည ၁၀ နာရီဝန်းကျင်အထိ ပြင်းထန်တဲ့ပေါက်ကွဲသံ အဆက်မပြတ် ဖြစ်ပွားနေသလို အချက်ပေါင်းများစွာပစ်ခတ်နေတယ်လို့ ကယားပြည်နယ် အခြေစိုက် သတင်းဌာနတွေက ဘီဘီစီကို ပြောပါတယ်။

    " လက်နက်ကြီး ပစ်သံတွေရော၊ ကားသံတွေပါကြားနေရပြီး ဆက်တိုက် ပစ်နေတာ အချက် ၅၀ ထက်မနည်းတော့ဘူး။ " လို့ ဒေသခံတစ်ဦးကို ကိုးကားပြီး သတင်းဌာနတွေက ရေးပါတယ်။

    လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်က ကားတွေနဲ့ လှည့်ပတ် ပစ်ခတ်နေတာ နေအိမ်ပါ တုန်ခါတဲ့အထိ ပြင်းထန်တယ်လို့ သိရပါတယ်။

    လက်နက်ကြီး အချက်များစွာ ပစ်ခတ်နေသလို လက်နက်ငယ်တွေနဲ့လည်း ခြောက်လှန့်ပစ်ခတ်နေတာကြောင့် ပြည်သူလူထုက စိုးရိမ်နေကြပါတယ်။

    ဒီကနေ့ မေလ ၂၃ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲ ပြင်းထန်ခဲ့သလို ညနေပိုင်းမှာ စစ်ကောင်စီတပ်က တင့်ကားတွေသုံးခဲ့ပြီး စစ်သုံး ရဟတ်ယာဥ်တွေလည်း မြိုတွေပေါ်မှာ ဝဲနေခဲ့တာ ဖြစ်ပါတယ်။

  10. တရုတ်နယ်စပ် မူဆယ်မြို့မှာ တိုက်ပွဲဖြစ်

    နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ရှမ်းပြည်နယ် မူဆယ်မြို့မှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ စစ်ကောင်စီတပ်တွေကြား မေလ ၂၃ ရက်နေ့က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ဦး ဝန်းကျင် သေဆုံးခဲ့တယ်လို့ မြို့ခံတွေကြား ပြောနေကြပါတယ်။

    မူဆယ်မြို့က ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက မူဆယ်မြို့ပြင်မှာ ပစ်ခတ်သံတွေကြားခဲ့တယ်လို့ ပြောပြီး ဘယ်အဖွဲ့အစည်းနဲ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ မသိရကြောင်းလည်း သူတို့ကပြောပါတယ်။ ဒေသခံ အချို့ကတော့ စစ်ကောင်စီတပ်တွေဟာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ပစ်ခတ််မှုတွေဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

    မူဆယ်မြို့ ပစ်ခတ်မှုအတွင်း နေအိမ်နဲ့ ကားအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

    မူဆယ်မှာ မနေ့က မေ ၂၂ ရက်နေ့ကလည်း ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ယာဉ်စစ်ကွင်းက ယာဉ်စစ်ဆေးတဲ့ X-ray စက်ကို ဗုံးလှမ်းခွဲလို့ စက်ကို ပြန်လည်ပြုပြင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    တရုတ်နဲ့ အဓိက နယ်စပ်ကုန်သွယ်ပေါက်တစ်ခုဖြစ်တဲ့ မူဆယ်မြို့မှာတော့ ပစ်ခတ်မှုတွေရှိခဲ့ပေမဲ့ နှစ်ဖက်ကုန်သွယ်ရေးဆက်ရှိနေပြီး နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုတော့မရှိသေးဘူးလို့ ကုန်သည် ပွဲစားအချို့က ပြောကြပါတယ်။

  11. ဒီးမော့ဆို မှာ တင့်ကားတွေရောက်လာပြီး ပစ်ခတ်နေ

    ကယားပြည်နယ် လွိုင်ကော် ဒီးမော့ဆို လမ်းမကြီးပေါ်ရှိ ၆ မိုင်ကျေးရွာ အနီးမှာ ကယားပြည်နယ်ဒေသ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့ မေလ ၂၃ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ တစ်ဆင့် သတင်းရရှိပါတယ်။

    ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဟာ၂နာရီ နီးပါး ကြာမြင့်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က၂၆ ဦးကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

    ဒီးမော့ဆိုမြို့ ကောင်းကင်မှာ စစ်ရဟတ်ယာဥ်တွေ ဝဲနေပြီးတော့ တင့်ကားတွေရောက်လာပြီး မြေပြင်မှာ ပစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    မြို့ အနီးမှာလည်း ပစ်ခတ်သံတွေကြားနေရပြီးတော့ ထိခိုက်သေဆုံးမှုရှိတာကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာစစ်ကောင်စီ ဘက်က တင့်ကားတွေအပြင် စစ်အင်အား အလုံးအရင်းနဲ့ စစ်ကူတွေလာရောက်နေကြောင်းလည်း သိရပါတယ်။

  12. ကနီနယ်မှာ တိုက်ပွဲဖြစ် ၊နှစ်ဖက် အသေအပျောက်များ

    စစ်ကိုင်းတိုင်း ကနီမြို့နယ် မျှိုင်းရွာလမ်းခွဲအနီးမှာ မေ ၂၂ ရက် မနေ့က ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်သေဆုံးမှုတွေရှိတယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မေ ၂၂ ရက် နေ့ က ကနီ မင်းကင်းလမ်းပေါ် ကင်းရွာနဲ့ ၁၂ မိုင်ခန့်၊ စစ်ကောင်စီတပ်တွေစခန်းချတဲ့ မြောင်းကုန်းရွာနဲ့တစ်မိုင်လောက် ဝေးတဲ့နေရာမှာ တိုက်ပွဲ ဖြစ်ခဲ့တာဖြစ်ပြီးတော့ တိုက်ပွဲအပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးနေပြီးတော့ ၁၀ ဦးကျော်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။

    စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခံရလို့ ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့က ပြောပေမဲ့ ဘီဘီစီကတော့ သီခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

    ကနီကို စစ်ကူလာတဲ့ကားတွေ ယင်းမာပင်နဲ့ ကနီကြားမှာ ဖြတ်တိုက်နေတာကြောင့် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်း ဘုတလင် မြို့နယ် ညောင်ကန် နဲ့ ကနဲရွာဖက်ကနေ စစ်ကား ၅ စီးနဲ့ စစ်သားတွေလာပို့ခဲ့ပြီး၊ စစ်ကြောင်းက ချင်းတွင်းမြစ်ကူးပြီး ကနီဘက်ခြမ်းကို ကူးလာနေတယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် ချင်းတွင်းမြစ်ထဲကနေ စက်သေနတ်တွေ တင်လာတဲ့ သင်္ဘောတစ်စီး နဲ့ အမြန်ရေယာဥ်နှစ်စီးလည်း ကနီ ဆိပ်ကမ်းမှာ ရပ်နားနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

  13. NLD ပါတီ ဖျက်သိမ်းမယ် ဆိုတဲ့ ကော်မရှင်ကို EU ကသတိပေး

    ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းမယ်လို့ စစ်တပ်ကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ‌မေလ ၂၁ ရက် သောကြာနေ့မှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တဲ့အပေါ် EU ဥရောပသမဂ္ဂက ဒီနေ့ မေလ ၂၃ ရက်နေ့က သတိပေးလိုက်ပါတယ်။

    စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဟာ စီစဉ်ထားတဲ့အတိုင်း NLD ပါတီကို ဖျက်သိမ်းပစ်မယ်ဆိုရင် စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒတွေနဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေကိုပါ ဗြောင်ကျကျ အလေးမထားတဲ့ လုပ်ရပ်တစ်ခုကို ထပ်မံပြုလုပ်တာဖြစ်တယ်လို့ EU ဥရောပသမဂ္ဂက မေလ ၂၃ ရက်၊ ဒီကနေ့ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

    နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ သဘောထားကို အပြည့်အဝ ထင်ဟပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ် ဆိုတာကို EU ဥရောပသမဂ္ဂ အနေနဲ့ ထပ်လောင်း ပြောဆိုခဲ့ပြီး ၊ ဒီအချက်ကိုလည်း ပြည်တွင်းနဲ့ နိုင်ငံတကာမှာရှိတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက အတည်ပြုထားပြီး ဖြစ်တယ်လို့လည်း EU ကဆိုပါတယ်။

    ဒါကြောင့် စစ်တပ်ကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဆုံးဖြတ်ချက်ချပြီး အဲဒီရလဒ်ကို ပယ်ဖျက်ပစ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

    EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်စေမယ့် လုပ်ရပ်တွေနဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းလဲပစ်မယ့် လုပ်ရပ်မှန်သမျှကို ပြစ်တင်ရှုတ်ချသွားမှာဖြစ်ကြောင်း၊ စစ်တပ်က မတရားသိမ်းယူထားတဲ့ အာဏာဟာ တရားဝင်မှာ မဟုတ်ဘူးလို့လည်း EU ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

  14. မိုးဗြဲ ရဲစခန်းတိုက်ပွဲ ၁၄ဦးထက်မနည်းသေဆုံးလို့ ဒေသအခြေစိုက် သတင်းသမားတွေပြော

    ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုတွေအပြီး အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း အခြေစိုက် Karenni post က ဘီဘီစီကို ပြောပါတယ်။

    အစောပိုင်းက ၂၀ ဦးခန့်အထိ သေဆုံးတယ်လို့ ကနဦး သတင်းတွေရပေမဲ့ မျက်မြင်တွေ့တဲ့ ဒေသခံတွေဆီက သတင်းအရ Karenni post က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦးကို အတည်ပြုနိုင်တယ်လို့ပြောပါတယ်။

    ဘီဘီစီက ကြည့်ရတဲ့ ဒေသခံတွေ တင်ထားတဲ့ မိုးဗြဲရဲစခန်းတိုက်ပွဲ ဗီဒီယို ဖိုင်မှာတော့ စစ်တပ် ယူနီဖောင်းဝတ် နှစ်ဦးနဲ့ ရဲယူနီဖောင်းဝတ်တွေ ၄ ဦး ပေါင်း ၆ ဦးခန့်သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

    ရဲယူနီဖောင်းဝတ်တစ်ဦးအပါအဝင် လူ လေးဦးကို လက်ပြန်ကြိုးတုပ်ပြီးဖမ်းဆီးထားတာကိုလည်း တွေ့ရပါတယ်။

    မိုးဗြဲမြို့ဟာ ရှမ်းပြည်နယ်ထဲမှာ တည်ရှိပေမဲ့ အဲ့ဒီမှာနေထိုင်သူ အများစုကတော့ ကယားလူမျိုးတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    မိုးဗြဲမှာမေလ ၂၃ ရက် မနက် ၉ နာရီခွဲလောက်က စပြီးလက်နက်ကြီး ပစ်သံတွေကြားရပြီး တော့ စစ်တပ်ဘက်က လည်း လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    လွိုင်ကော်ဘက်က လာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ဒေသခံတွေနဲ့ တစ်ချိန်တည်း တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း သူတို့ကပြောပါတယ်။

    မိုးဗြဲမှာ ပစ်ခတ်မှုတွေ အတွင်း လမ်းသွားလာသူ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ မိုးဗြဲ ရဲစခန်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မေလ ၂၃ ရက်နေ့ ညနေပိုင်း အထိတော့ သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

  15. မင်းတပ်မြို့အထွက်ကို စစ်ကောင်စီက တင်းကျပ်မှုလုပ်နေ

    ချင်းပြည်နယ်ထဲ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက မြို့အဝင်ထက် မြို့အတွက်ကို တင်းကျပ်နေတယ်လို့ မြို့ခံ တွေဆီကနေ သိရပါတယ်။

    ''မြို့ထဲကို အဝင်ထက် မြို့ထဲက အထွက်ကို ပိုတင်းကျပ်ထားတာတွေ့ရတယ်။ စစ်ရှောင်ဖို့ပဲ ထွက်ထွက်၊ ဘာကြောင့်ပဲ ထွက်ထွက် တပ်ရင်းမှူးထောက်ခံစာနဲ့မှရမယ့် သဘောမျိုး မြို့အဝင်အထွက်တွေမှာတင်းကျပ်ထားတယ်'' လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

    မင်းတပ်မှာ မနေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

    လောလောဆယ်မှာ စစ်ကောင်စီဘက်က တပ်ဖွဲ့အင်အား ၂၀၀ လောက် မင်းတပ်မြို့ထဲရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဖြစ်ထားတဲ့အရှိန်က မြို့တွင်းမှာ ကျန်နေတဲ့လူထုကလည်း အပြင်မထွက်သလောက်အထိဖြစ်နေတယ်လို့ မြို့ခံ တစ်ဦးကပြောပါတယ်။

    စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ မတ်လ ၁၃ ရက် ကတည်းက ကြေညာထားတာဖြစ်ပြီး အဲဒီနောက် မတ်လ ၁၅ ရက်မှာ မြေပြင်ရော၊ ဝေဟင်ကပါ ထိုးစစ်ဆင်လို့ မြို့ခံရာထောင်ချီဟာ နီးစပ်ရွာရွာတွေနဲ့ တောထဲမှာ စစ်ဘေးရှောင်နေရပါတယ်။

    စစ်ဘေးရှောင်တွေအတွက် အကူအညီသယ်ယူပို့ဆောင်နေတဲ့လမ်းကြောင်းကို စစ်ကောင်စီဘက်က စောင့်ကြည့်နေတာကြောင့် လက်ရှိအချိန်အထိ အကူအညီတွေ မရောက်သေးသလို လက်ခံထားတဲ့ရွာတွေကပဲ စစ်ဘေးရှောင်တွေအတွက် ရှိတဲ့ရိက္ခာကို မျှဝေနေ စားသောက်နေရတယ်လို့သိရပါတယ်။

  16. နန်စီပွန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုမှာ တပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီပြော

    စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ထဲက နန်စီပွန်နယ်မြေရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA) က မနေ့ မေလ ၂၂ ရက်တုန်းက ဝင်တိုက်ခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးနေပြီး နောက်ထပ် ရဲ ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က ဒီနေ့ မေလ ၂၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ သတင်းဖော်ပြလာပါတယ်။

    မနေ့က စခန်းအတိုက်ခံရချိန်မှာ ရဲဘယ်နှဦးအထိ ပျောက်ဆုံးနေတယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားတာမျိုးမရှိပါဘူး။

    ဒေသခံတွေရဲ့အပြောအရဆိုရင် နန်စီပွန်ဒေသမှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီတွေမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ နေရာနှစ်ခုကို KIA က မေ ၂၂ ရက်မနက် ၄ နာရီခွဲလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ KIA ဟာ သာလွန်အင်အားနဲ့ လေးဘက်လေးတန် ဝိုင်းပြီး တိုက်ခဲ့တာလို့ ဆိုပါတယ်။

    ဒေသခံတွေအပြောအရဆိုရင် ပစ်ခတ်ခံခဲ့ရတဲ့နေရာဟာ ရဲတပ်ရင်း ၁၆ ရဲ့ ရဲကင်းနေရာဖြစ်ပြီး အဲဒီလိုတိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ကျောက်မျက်ကုမ္ပဏီတစ်ခုရဲ့ ကားဝပ်ရှော့ဆောင်မီးလောင်ခဲ့သလို အနီးနားမှာရှိတဲ့ နန်စီပွန်ရွာထဲမှာလည်း မီးခိုးတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

  17. မန္တလေးက လက်ဖက်ရည်သပိတ်

    မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့လူငယ်အများစုပါဝင်တဲ့ ဒေသခံတွေက မြို့တွင်းမှာ ဒီနေ့ မေလ ၂၃ ရက် မနက်ပိုင်းက လက်ဖက်ရည် သပိတ်ဆင်နွှဲသွားတဲ့ပုံတွေဖြစ်ပါတယ်။

    မန္တလေးမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ၊ သံဃာတွေ၊ လူထုရဲ့သပိတ်တွေ ပုံမှန်ဆိုသလို လမ်းပေါ်တက် ပြုလုပ်နေတာဖြစ်ပေမဲ့ စစ်ကောင်စီတပ်တွေရဲ့ လုံခြုံရေးတင်းကျပ်မှုကြောင့် ဆန္ဒပြသူတွေရဲ့သပိတ်ပုံစံလည်း ပြောင်းလဲ လာနေတာဖြစ်ပါတယ်။

  18. မိုးဗြဲက မြို့ပေါ်ရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေဖြစ်နေ

    ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့က မြို့ပေါ်ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်တွေက ဒီနေ့ မေလ ၂၃ ရက်မနက်ပိုင်းကစလို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ''ဒီမနက် ၈ နာရီလောက်မှာ စပစ်တာ၊ ခုထိပစ်ခတ်သံတွေကြားနေရတုန်းပဲ။ ရဲစခန်းရှိတဲ့ ပွဲကုန်း ရပ်ကွက်ဘက်မှာပစ်နေတာ။ အခုတော့ တဖြည်းဖြည်းနဲ့ အသံက နီးလာနေတယ်။ သစ်ယာကုန်းရပ်ကွက်ထဲတောင်ရောက်နေပြီ ထင်တယ်'' လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ ဘယ်အဖွဲ့နဲ့ဖြစ်တယ်ဆိုတာ မပြောနိုင်သေး ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က မိုးဗြဲမှာ တိုက်ပွဲစတော့မှာဖြစ်လို့ မြို့ခံတွေကို အထုပ်အပိုးပြင် အသင့်ရှိနေဖို့ အချင်းချင်းပြောဆိုတာမျိုးရှိထားခဲ့ ဖူးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လွိုင်ကော်မှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုတွေလုပ်နေလို့ မိုးဗြဲက လူထုက ဆန္ဒထွက်ပြတာရှိခဲ့ပြီး စစ်ကောင်စီဘက်က ဆန္ဒပြသူတွေကို ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။

    မိုးဗြဲမြို့ဟာ ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်စပ်မှာရှိပြီး ကယားမြို့တော် လွိုင်ကော်နဲ့လည်း ကပ်လျက်ရှိတဲ့မြို့ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဗြဲရဲစခန်းဘက်က ညတိုင်းနီးပါး ပစ်ခတ်သံတွေ၊ ဗုံးသံတွေ ကြားခဲ့ရပေမဲ့ အခုရက်ပိုင်းမှာ မြို့ထဲမှာ ရဲအပါအဝင် စစ်ကောင်စီတပ် တွေ သွားသွားလာလာလုပ်တာ မတွေ့ရဘူးလို့ ရဲစခန်းနားမှာနေထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီနေ့မနက်ပစ်ခတ်မှုတွေဟာ လူနေရပ်ကွက်တွေထဲမှာဖြစ်ပေမဲ့ အဆောက်အအုံတချို့ လက်နက်ကြီးကျတာမျိုးရှိပေမဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

  19. မူဆယ်သုသာန်နားက လုံခြုံရေးကုန်းမှာ ပစ်ခတ်မှုတွေ ဖြစ်

    မူဆယ်မြို့တောင်ပိုင်းက မူဆယ်သုသာန်အနီးမှာရှိတဲ့ ငှက်ပျောကုန်းမှာ ဒီနေ့ မေလ ၂၃ ရက် မနက်အစောပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ''မူဆယ်သုသာန်ရဲ့တစ်ဖက်လမ်းက ငှက်ပျောကုန်းနားမှာ ဒီမနက် ၅ နာရီ ကျော်လောက်က ဖြစ်တာ။ နက်လက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံ ကြားရတယ်။ အဲဒီနားမှာ 97 ဆပ်ပြာစက်ရုံနဲ့လည်း နီးတယ်။ အဆောက်အအုံ တစ်လုံး လက်နက်ကြီးစင်လို့ လူတချို့ထွက်ပြေးရတယ်ကြားမိတယ်။ လူနေ မထူထပ်ပေမဲ့ အခုတော့ အဲဒီဘက်မှာက နေတဲ့သူ တဖြည်းဖြည်းများလာနေတယ်လေ။''လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ဒေသအခေါ် ငှက်ပျောကုန်းလို့ခေါ်တဲ့အဲဒီနေရာမှာ အရင်က ပြည်သူ့စစ်တွေ လုံခြုံရေးယူခဲ့တာမျိုးရှိပြီး အခုတော့ တပ်ဘက်က လုံခြုံရေးယူထားတဲ့သဘောမျိုးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီနေ့မနက် တိုက်ပွဲဟာ ဘယ်အဖွဲ့တွေကြားဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ အဲဒီနယ်မြေဟာ ကချင်တပ် KIA နဲ့ ပလောင်တပ် TNLA တို့ လှုပ်ရှားတဲ့နေရာဖြစ်လို့ ဒီအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ဖြစ်တာဖြစ် နိုင်တယ်လို့ ဒေသခံတွေက ယူဆနေပါတယ်

  20. မန္တလေး-ကလေး-တမူး ကုန်စည်ပို့ဆောင်မှု ထက်ဝက်အထိကျဆင်းနေ

    မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မန္တလေး-ကလေး-တမူး ကုန်စည်ပို့ဆောင်ပေးရမှု ထက်ဝက်ကျဆင်းသွားတယ်လို့ ပို့ဆောင်ရေးလုပ်ငန်းလုပ်နေသူတွေနဲ့ ကုန်သည်တွေကပြောပါတယ်။

    "ကိုဗစ်ဖြစ်ပြီးလို့ ကုန်ပို့ဖို့အရှိန်ရတော့မယ့် အချိန်မှ နိုင်ငံရေးမတည်မငြိမ်ဖြစ်တယ်။ ကုန်စည်စီးဆင်းမှုက လုံးဝတန့်သွားမယ့်အခြေနေရှိတယ်။ ငါးဆယ် ရာခိုင်နူန်းကျသွားတာ။ ပုံမှန်အခြေနေက လုံးဝမရောက်နိုင်ဘူး"လို့ မန္တလေး-ကလေး-တမူး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ မန္တလေးဘက်က ကုန်စည်တင်ပို့မှုသာရှိပြီး ကလေး၊ တမူးဘက်က ကုန်စည်မရှိလို့ ခါလီ(ကုန်မပါ)နဲ့ ကုန်စည်ပို့ဆောင်ရေးကို လုပ်ကိုင်ရတာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်သုံးဆီဈေးနူန်း ၊ ကုန်စည်ဈေးနူန်းတွေ မြင့်တက်လာလို့ ကုန်ပို့ခနူန်းထားတွေပါ တက်လာတာ ၁၂ ဘီးကားတစ်စီးစာ ဆိုရင် ပို့ခ အနည်းဆုံး ကျပ်ငွေငါးသောင်းကျော်ထိ မြင့်တက်လာပါတယ်။

    ကလေး-တမူး ကုန်စည်ပို့ဆောင်ရာလမ်းမှာ လမ်းပိုင်းချို့ယွင်းတာတွေ ရှိတဲ့အပြင် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ချိန် ပစ်ခတ်တာတွေပါရှိလို့ ကုန်စည်ပို့ဆောင်ရာမှာ အချိန်ကြာမြင့်တာ၊ လုံခြုံမှုမရှိတာတွေပါ တွေ့ကြုံရတယ်လို့ ကုန်ကားမောင်းသူ တချို့ကပြောပါတယ်။

    ကုန်စည်စည်းဆင်းမှု ပုံမှန်ရောက်ဖို့က ငွေပေးချေမှု အပိုင်းမှာလည်း အဆင်မပြေတာကို အများဆုံး တွေ့ကြုံရတယ်လို့ ကုန်သည်နဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။