အကြမ်းဖက်အဖွဲ့နဲ့ငြိသူကို လက်ခံရင် ထောင် ၃ နှစ်ကနေ ၇ နှစ်အထိ ကျနိုင်တယ်လို့ စစ်ကောင်စီပြော
အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ အဖွဲ့အစည်းတစ်ခုခုက လူကို ဖမ်းဆီး အရေးယူခွင့် မပြုနိုင်အောင်၊ လွတ်မြောက်စေအောင် ထိန်ချန်တာ၊ ခိုလှုံခွင့်ပေးတာ၊ ပုန်းအောင်းခွင့်ပေးတာတွေလုပ်ရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်ကြောင်း စစ်ကောင်စီ ဘက်က ပြောလာပါတယ်။
ဒါဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ က နဲ့ငြိတာကြောင့်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ မေလ ၁၅ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
ဒါ့အပြင် အကြမ်းဖက်အုပ်စုတစ်ခုခု အသုံးပြုဖို့ ရည်ရွယ်ပြီး ငွေကြေးကောက်ခံ၊ လွှဲပြောင်း၊ လက်ခံ၊ ထောက်ပံ့တာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းလို့ ၁၀ နှစ်ကနေ တသက်အထိ ကျခံနိုင်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၀ ရွေးကောက်ခံ အမတ်တွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့ စည်းတာ၊ CRPH ကနေ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ဖွဲ့စည်းတာ၊ အဲဒီနောက် NUG က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖွဲ့စည်းထားတွေ လုပ်ထားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီက CRPH ကို တရားအသင်းအဖြစ်ကြေညာခဲ့ပြီး ၊ CRPH အပါအဝင် NUG နဲ့ PDF အဖွဲ့တွေ၊ သူတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်း အားလုံးကို မေလ ၈ ရက်မှာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားပါတယ်။