ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မြန်မာပြည်တွင်းအခြေအနေ အတော်ဆိုးရွားနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြော

’လက်ရှိ ချင်းပြည်နယ်က အခြေအနေဆို အတော်လေးကို ဆိုးရွားနေတယ်။ ဒီလို ထွက်ပြေးရသူတွေဟာ အစားအသောက်၊ရေနဲ့ အမိုးအကာအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတယ်’ လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. NLD ပါတီ ဖျက်သိမ်းမယ်လို့ ရွေးကော် ပြောတဲ့အပေါ် NLD ရဲ့ တုံ့ပြန်ချက်

  2. ကျည်တစ်တောင့်တည်းနဲ့ နှစ်ယောက်ထိမှန်ခဲ့တဲ့ ဇနီးမောင်နှံ

  3. ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် သတင်းဌာန နဲ့ မေးမြန်းခန်း တစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

    ဒါဟာ အာဏာသိမ်းပြီးနောက် ပထမဆုံး သတင်းမီဒီယာနဲ့ မေးမြန်းမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်အခြေစိုက် ဖီးနစ် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မေးမြန်းခန်းအပြည့်အစုံကိုတော့ မကြာခင်မှာ ထုတ်ပြန်မှာ ဖြစ်တယ်လို့ သိရပါတယ်။

    မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးမှာ တွေ့မြင်ရလိမ့်မယ်လို့လည်း သူက အဲဒီမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

    အဆိုပါ မေးမြန်းခန်း အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ အနေနဲ့ မဲမသမာမှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။

    စစ်တပ်ရဲ့ မဲမသမာမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပြ ဝေဖန်မှုတွေ ရှိနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး အာရှ ကွန်ရက် အဖွဲ့က မြန်မာ့ ရွေးကောက်ပွဲမှာ မဲမသမာမှု ကြီးကြီးမားမား မရှိကြောင်း ထုတ်ပြန် ထားခဲ့ပါတယ်။

    လာမယ့် တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အပေါ်တရားစွဲဆိုထားတဲ့ အမှုတွေ အတွက် ရုံးထုတ်ဖို့ ရှိပေမယ့် လက်ရှိ အချိန်အထိ ရှေ့နေတွေနဲ့ လူချင်းတွေ့ဆုံပြီး စကားပြောခွင့် မရသေးပါဘူး။

  4. မင်းတပ်မှာ စစ်ရှောင်တွေများလာပြီး အကူအညီလိုအပ်

    မင်းတပ်ကနေ စစ်ဘေးရှောင်လာသူတွေ တောထဲမှာပြေးနေရတာ ထောင်နဲ့ချီရှိနေပြီး သူတို့အတွက် အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ နယ်ခံကူညီရေးသမားတွေက ပြောပါတယ်။

    မေလ ၂၂ ရက်နေ့မနက်ပိုင်းမှာတုန်းက မင်းတပ်မြို့အနီးက ဘူကွန်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အတွက် ရာနဲ့ချီတဲ့ ရွာသားတွေ စစ်ရှောင်နေရတယ်လို့လည်း ပြောပါတယ်။

    သူတို့ကို ထောက်ပံ့ ကူညီဖို့အတွက် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

    ဒီကနေ့ မှာလည်း ချင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပြောကြပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောဆိုပါတယ်။ ထိခိုက်မှုတွေ ပျက်စီး ဆုံးရှုံးမှု စာရင်းတွေကိုတော့ ဘီဘီစီ အနေနဲ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    ချင်းပြည်နယ်မှာ ဒေသခံကာကွယ်ရေး တပ်တွေကို စစ်ကောင်စီ ဘက်က ဖိနှိပ်နှိမ်နှင်းမှုတွေ ရှိနေတဲ့ အတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန် ထားပါတယ်။

  5. မုဆိုးခြေထောက်ဆူးမကြောက်တတ်ပေ

  6. ယုဇန ပလာဇာ ဝင်ပေါက်အနီး ပေါက်ကွဲမှုဖြစ်

    ရန်ကုန်မြို့ ယုဇန ပလာဇာမှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့ အသံအကျယ်ကြီးကို ကြားလိုက်ရတယ်လို့ မျက်မြင်သက်သေ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    နေထိုင်ရာ အိမ်အနီးက ယုဇနပလာဇာ ဝင်ပေါက်နားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးခိုးတွေ တက်သွားတာကို လှမ်းမြင် လိုက်ရတယ်လို့ အဆိုပါ မျက်မြင်သက်သေက ဆိုပါတယ်။

    “အုံးခနဲ အသံကြားလိုက်ရပြီး၊ အဲဒီ အရှိန်က အိမ်ထဲအထိတောင်ရောက်တယ်” လို့ သူက ပြောပါတယ်။

    ညနေ ၅နာရီ ၂၁ မိနစ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိမရှိကို မသိရသေးပါဘူး။ လောလောဆယ်မှာတော့ စစ်ကားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

    ပုံမှန်ဆို အဲဒီနေရာမှာ လုံခြုံရေး အစောင့်တွေရှိကြပေမဲ့ ပေါက်ကွဲမှု ဖြစ်တဲ့ အချိန်မှာ မတွေ့ရဘူး လို့လည်း အနီးအနား နေထိုင်သူတွေက ဘီဘီစီကို ပြောကြပါတယ်။

  7. ဒီးမော့ဆို ဒေါ့တဝီ ဂိတ်ကို ဒေသခံတွေ သိမ်းယူ

    ဒီးမော့ဆိုမြို့ အထွက်က ဒေါ့တဝီ ဂိတ်ကို ဒေသခံကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ပြီး သိမ်းယူလိုက်တယ်လို့ ပြောကြပါတယ်။

    အဲဒီမှာ မနက်ပိုင်း ၉ နာရီလောက်ကတည်းက ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာပါ။

    တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ဘယ်လောက် ရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

    ဒီးမော့ဆို ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ ရက်အတန်ကြာနေပါပြီ။ စစ်ကောင်စီဘက်က မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေသလို ဒေသခံ ကာကွယ်ရေး အဖွဲ့တွေဘက်ကလည်း အပြင်းအထန် ခုခံမှုတွေ လုပ်နေပါတယ်။

    လွိုင်ကော်မြို့ပေါ်မှာလည်း ပေါက်ကွဲသံတွေ ၄ ချက်ထက် မနည်းကြားလိုက်ရပြီး ဗုံးပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ မြို့နေသူတွေက ပြောကြပါတယ်။

    ပြီးခဲ့တဲ့ တစ်ရက်ကလည်း ထူးလွီးဘီလာ ဂိတ်ကို ဒေသခံကာကွယ်ရေး အဖွဲ့က သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

  8. သင်္ဃန်းကျွန်း မိုင်တဲလ် ရုံးခွဲရှေ့မှာ ပေါက်ကွဲမှုဖြစ်

    ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ MyTel ကုမ္မဏီရုံးခွဲရှေ့မှာ ညနေ ၃ နာရီလောက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    ဘာ့ကြောင့်ပေါက်ကွဲမှုဖြစ်တာလဲဆိုတာကို အတည်ပြုလို့ မရပေမယ့် လက်လုပ်ဗုံးဖြစ်နိုင်တယ်လို့ အနီးဝန်းကျင်က လူတွေက ဘီဘီစီကို ပြောကြပါတယ်။

    လောလောဆယ်မှာ စစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ လုပ်နေ တယ်လို့လည်း ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု၊ လူသေဆုံးမှု ရှိမရှိကို မသိရသေးပါဘူး။

    ဒီကနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာလည်း သုဝဏ္ဏက အထက်တန်းကျောင်းမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကိုယ်ပိုင်ကားနဲ့ လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

  9. ကန်ပက်လက်ရဲစခန်းက ရဲ ၁၂ ဦး CDM ဝင်လာ

    ချင်းပြည်နယ်၊ ကန်ပက်လက်ရဲစခန်းက ရဲ ၁၂ ဦးဟာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတယ်ဆိုပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်(CDF)က ဒီနေ့ မေလ ၂၂ ရက် ညနေပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။

    CDM ဝင်တဲ့ရဲတွေဟာ ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲဒုတပ်ကြပ် ၂ ဦးနဲ့ ရဲသားတွေဖြစ်ကြပါတယ်။

    CDF ကတော့ အခုလို CDM ဝင်လာတဲ့ရဲတွေကို ကြိုဆိုကြောင်းပြောသလို အသက်လုံခြုံရေးကို တာဝန်ယူမယ်လို့ ကတိပြုထားပြီး ကျန်တဲ့ရဲတွေလည်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြဖို့ အမြန်ဆုံး CDM ဝင်ဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။

    ချင်းပြည်နယ်ထဲက မင်းတပ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး တပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ် ရေးကြေညာခဲ့အပြီး တစ်ပတ်ကျော်အကြာမှာ ဒီရဲတပ်ဖွဲ့ဝင် ၁၂ ဦး CDM ဝင်လာကြတာလည်းဖြစ်ပါတယ်။

  10. ကနီ-မင်းကင်းလမ်းပေါ် တိုက်ပွဲဖြစ်နေ

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကနီ-မင်းကင်းလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ဒီနေ့ မေလ ၂၂ ရက်မနက်ပိုင်းကတည်းကလို့ တိုက်ပွဲဖြစ်နေတယ်လို့ နယ်ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ''ကနီ-မင်းကင်းလမ်းပေါ်က ကင်းရွာနားမှာဖြစ်နေတာပါ။ မနေ့ညကည်းက ကင်းကို ဝင်မယ်ဆိုလို့ ဒေသခံတွေရော၊ ပတ်ဝန်းကျင် ရွာတွေပါ ဘေးလွတ်ရာ ပြန်ထွက်ပြေးနေရတယ်။ သူတို့ အင်အားကတော့ ကား ၁၀ စီးလောက်ရှိမယ်ထင်တယ်။ ဘန်ဘွေ(ရွာ)မှာ စတဲ့အစက မပြီးတော့ဘူး။ ဘာမှမရှိတဲ့ရွာလေးတွေကိုလည်း ဝင်နေတာပဲ။ သတင်းပေးတွေရဲ့စနက်ပေါ့။''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဒီထိတွေ့မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိထားတဲ့အပြင် စစ်ကားတစ်စင်းလည်း မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောနေပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ကင်းရွာအပြင် ရွာအနီးပတ်ဝန်းကျင်က ပဲခင်း၊ မိကျောင်းတွင်းနဲ့ခုံကြီးအုပ်စု ရွာခံတွေဟာ ပြီးတဲ့ခဲ့သီတင်းပတ်တွေတုန်းက စစ်ကောင်စီတပ်တွေရဲ့ မြစ်ကြောင်းက တိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာထွက်ပြေးခဲ့ကြအပြီးမှာ သက်ဆိုင်ရာရွာတွေထဲကို ပြန်လည်ဝင်ရောက်နေထိုင်နေကြတာ ရက်ပိုင်းပဲ ရှိနေပါသေးတယ်။

    အခုတော့ စစ်ကောင်စီတပ်တွေ ရွာတွေကို ဝင်မယ်ဆိုတဲ့သတင်းတွေထွက်နေတာအပြင် လက်ရှိဖြစ်နေတဲ့ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံတွေ နောက်တစ်ကြိမ်ဘေးလွတ်ရာ ပြန်ပြေးနေကြရပါတယ်။

    အခုလဆန်းပိုင်းတုန်းက ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီတပ်သားတချို့လိုက်လာတဲ့ရေယာဉ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေးရာကနေ ထိပ်တိုက်တွေ့ခဲ့ကြလို့ စစ်ကောင်စီက ကင်းရွာအပြင် အနီးနားက ရွာတွေကို ချင်းတွင်းမြစ်ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတာတွေလုပ်ခဲ့ပါတယ်။

  11. ခရိုင်ပညာရေးမှူးရုံးရှိတဲ့ အထက(သုဝဏ္ဏ) ကျောင်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို အိမ်စီးကားနဲ့ လာရောက်ပစ်ခတ်

    မေလ ၂၂ ရက် နေ့လည် ၁နာရီခွဲလောက်မှာ သုဝဏ္ဏပန်းခြံအနားမှာရှိတဲ့ အထက(သုဝဏ္ဏ) ကျောင်းရှေ့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

    အဲ့ဒီကျောင်းမှာ ခရိုင်ပညာရေးမှူးရုံးလည်းရှိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနည်းဆုံး ၃၊ ၄ဦး နေ့စဉ်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "ရပ်ကွက်ထဲမှာတော့ စစ်ကောင်စီဘက်က ၃ ယောက်ထိတယ်၊ ၁ယောက်သေတယ် ကြားတယ်။ သေနတ်သံတွေကြားမိပြီး အော်သံကြားပေမယ့် ရန်ဖြစ်နေတယ်ပဲထင်လိုက်တာ၊ လမ်းထိပ်က မျက်မြင်တွေ့တဲ့တစ်ယောက်က ကျတော့ လူတစ်ယောက်လဲသွားတာတဲ့ စကသဘက်ကလူ သူ့မျက်စိရှေ့တင်တဲ့" လို့ ဖြစ်စဉ်အနီးမှာ နေထိုင်သူတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒဏ်ရာရရှိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုတော့ သင်္ဃန်းကျွန်းဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

    စဖြစ်ဖြစ်ချင်း လမ်းတွေကို ပိတ်ထားလိုက်ပေမယ့် အခုတော့ ပြန်ဖွင့်ပေးထားတယ်လို့ဆိုပါတယ်။ ဒီလိုပစ်ခတ်မှုဖြစ်ပြီးနောက် အဲ့ဒီကျောင်းအနီးမှာနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ကို သဲအိတ်တွေလာဖြည့်ထားတယ်လို့ မျက်မြင်ပြည်သူတဦးကနေသိရပါတယ်။အဲဒီကျောင်းမှာ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်တွေကို ထုတ်ပေးနေတာမို့ စစ်ကောင်စီတပ်တွေက လာရောက်ပြီးလုံခြုံရေးရယူနေတာလို့လည်း သိရပါတယ်။

  12. ခန္တီး နန်စီပွန်ဒေသက ကျောက်မျက်ကုမ္ပဏီတွေအနီး စစ်ကောင်စီတပ်တွေရှိတဲ့နေရာကို ကေအိုင်အေ တိုက်ခိုက်

    စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း နန်စီပွန်ဒေသမှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီတွေမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ နေရာနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေက ဒီနေ့ မေ ၂၂ ရက်မနက် ၄ နာရီခွဲလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ကျောက်မျက်ကုမ္ပဏီတစ်ခုရဲ့ ကားဝပ်ရှော့ဆောင်မီးလောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အကျအဆုံးအထိအခိုက်ကိုမသိရသေးဘဲ အနီးနားမှာရှိတဲ့ နန်စီပွန်ရွာထဲမှာလည်း မီးခိုးတွေ တွေ့ခဲ့ရတယ်လို့ ဆက်ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်တွေ ပစ်ခတ်ခံရလို့ ရဲတပ်ရင်း ၁၆ ရဲ့ ရဲကင်းနေရာယူထားတဲ့ တောင်ကုန်းက ကင်းစခန်းပြာကျသွားပြီး အဲဒီလိုပစ်ခတ်တိုက်ခိုက်ခံရမှုအပြီးမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

  13. ဒီမော့ဆို ထိတွေ့တိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၃ ဦးသေဆုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်

    ကယားပြည်နယ် ဒီမောဆိုမြို့နယ်ထဲမှာ မနေ့ မေလ ၂၁ ရက် မနက်ပိုင်းက ဖြစ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားက ထိတွေ့တိုက်ပွဲ ၂ ကြိမ်အတွင်း တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၃ ဦးသေဆုံးတယ်လို့ စစ်ကောင်စီဘက်က နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပြန်လာပါတယ်။

    ဒီမော့ဆိုမြို့နယ် မားနာပလော့ကျေးရွာအနားမှာ လုံခြုံရေးကင်းလှည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့ကာ ကား ၃ စင်းလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    လာတိုက်ပြီး ဆုတ်သွားတဲ့ လူ ၂၀ နီးပါးနောက်ကို လိုက်စစ်ဆေးချိန် မားနာပလော့ရွာ လယ်ကွင်းထဲမှာ ရာဘာကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်းတစ်လောင်းကို တူမီးသေနတ် ၂ လက်၊ လက်လုပ်သေနတ် ၁ လက်နဲ့ တွေ့ခဲ့တဲ့အပြင် လူ ၁၅ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

    အဲဒီနောက် ဖမ်းဆီးထားသူတွေကို စစ်ဆေးဖို့ လွိုင်ကော်ကို တပ်ယာဉ်တွေနဲ့ ခေါ်လာချိန် ငွေတောင်ကျေးရွာနားမှာ ထပ်မံတိုက်ခိုက်ခံရလို့ လာတိုက်သူတွေကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ယာဉ် ၃ စင်း ပျက်စီးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

    ဒီထိတွေ့ပစ်ခတ်မှု ၂ ခုမှာ အကြမ်းဖက်သူ ၁၀၀ နီးပါးက တိုက်ခိုက်တယ်လို့ စစ်ကောင်စီဘက်ကပြောပေမဲ့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ကတော့ စစ်ကောင်စီတပ်တွေက ရပ်ရွာအတွင်း နယ်မြေကျူးကျော်လာတာကြောင့် ပြန်လည်ခုခံတိုက်ပွဲဖြစ်တယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့ပြင် ဒီမော့ဆိုမြို့က ထူလွီးဘီလာကျေးရွာ ရဲဂိတ်ကို မနေ့ညနေ ၆ နာရီခန့်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )က သိမ်းပိုက်၊ မီးရှို့ ဖျက်စီးခဲ့တယ်လို့လည်း PKPF က ပြောထားပါတယ်။

  14. ၂၂၂၂၂ အထွေထွေသပိတ် ၃ လပြည့် မုံရွာလူငယ်တွေရဲ့သပိတ်

    ၂ ငါးလုံးအထွေထွေသပိတ် သုံးလပြည့်အဖြစ် မုံရွာက လူငယ်တချို့ ဒီနေ့ မေလ ၂၂ ရက် မနက်မှာပြုလုပ်သွားတဲ့ပြောက်ကျားသပိတ်ဖြစ်ပါတယ်။

    မုံရွာက လုံခြုံရေးအထူထပ်ဆုံး သာစည်လမ်းမှာ ပြုလုပ်ခဲ့တဲ့ လူငယ်သပိတ်ဖြစ်ပြီး အောင်မြင်စွာလူစုခွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ၂ ငါးလုံးအထွေထွေသပိတ်ကို ဆင်နွှဲခဲ့ကြပြီး အဲဒီနေ့မှာ မြန်မာနိုင်ငံတဝန်း မြို့ရွာအနှံ့ သိန်းနဲ့ချီတဲ့လူထုတွေ လမ်းပေါ်ထွက် စုဝေးပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

    မုံရွာမှာ ထင်ရှားတဲ့ လူငယ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကတော့ ဆန္ဒပြပွဲအတွင်း စစ်ကောင်စီတပ်တွေက အရပ်ဘက်ကားနဲ့ တိုက်ပြီး ဖမ်းဆီးခဲ့ပြီးတဲ့နောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ လူသတ်မှုအပါအဝင် ပုဒ်မပေါင်း ဆယ်ခုနဲ့ တရားစွဲဆိုထားပါတယ်။

    ဖမ်းဆီးခံရတာ တစ်လကျော်ကြာတဲ့အထိ မိသားစုနဲ့လည်း တွေ့ဆုံခွင့်မရသေးပါဘူး။

  15. ဖလမ်းမြို့အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

    ဖလမ်း-ကလေး ကားလမ်းပေါ်က ရွာတစ်ရွာမှာ မေန့ မေလ ၂၁ ရက် မနက်ပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့လက်ချက်နဲ့ စစ်ကောင်စီဘက်က အရာရှိ အဆင့် တစ်ယောက်အပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်လို့ ဖလမ်းမြို့ဒေသခံတွေက ပြောပါတယ်။

    မင်းတပ်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီး တိုက်ခိုက်မှုတွေ ပြင်းထန်နေချိန်မှာ ချင်းပြည်နယ်က နောက်မြို့ တမြို့ ဖြစ်တဲ့ ဖလမ်းမှာမနေ့က စစ်ကောင်စီ တပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့တပ်ဖွဲ့တွေကြား ပစ်ခတ်မှုခဲ့တာပါ။

    စစ်တပ်ဘက်က ၆ ဦးသေဆုံးပြီး ပြည်သူဘက်က တယောက် ကျဆုံးခဲ့တယ်လို့ ဖလမ်းမြို့သူ တယောက်က ပြောပါတယ်။

    ''သူတို့စစ်သားက ၈ ယောက်ရှိတယ်။ ဖလမ်းကနေ ဆင်းသွားကြတယ်လို့ သတင်းရတယ်ပေါ့။ ပြည်သူဘက်ကနေ သူတို့တိုက်တယ်။ တိုက်တော့ သူတို့စစ်သားထဲက ၂ ယောက်က လွတ်သွားတယ်။ ဒဏ်ရာတော့ရတယ်ပြောတယ်။ ၆ ဦးက ဆုံးသွားတယ်။ ပြည်သူ ဘက်ကနေဆို ၁ ဦးဆုံးတယ်။ စစ်တပ်ဘက်က ဗိုလ်မှူးလည်း ပါတယ်လို့ အချင်းချင်းသတင်းမျှဝေရင်းကြားမိတယ်။'' လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

    မနေ့မနက်ပိုင်းက ဖလမ်းမှာဖြစ်တဲ့ ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ထုတ်သတင်းစာတွေမှာဖော်ပြတာမျိုး မတွေ့ရပါဘူး။

    တဆက်တည်းမှာပဲ ကိုဗစ်နိုင်တင်းကူးစက်မှုမြင့်တက်နေတဲ့ အိန္ဒိနဲ့ နယ်စပ်နီးတဲ့ဖလမ်းမှာ ကျန်းမာရေးလုပ်သားတွေ အပါအဝင် လူ ၆ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိထားတယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။

    ဒါပေမဲ့ အစိုးရဆေးရုံမှာ ဝန်ထမ်းတွေက အလုပ်မဆင်းဘဲ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM) မှာ ပါဝင်နေကြလို့ အခုပိုးတွေ့တဲ့လူနာတွေကို ဆေးရုံမှာ မဟုတ်ဘဲ သက်ဆိုင်ရာနေအိမ်တွေမှာပဲ ရောဂါစောင့်ကြည့်ထားတယ်လို့ သိရတယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။

    တဖက်မှာလည်း မင်းတပ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် ဖလမ်းနားအထိ တိုက်ပွဲတွေ ဖြစ်လာတာကြောင့် ကိုဗစ်ထက် စစ်ကောင်စီတပ်တွေကို ပိုကြောက်နေရတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

  16. ရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲတက်ရောက်ဖို့ မည်သူ့ကိုမှ တာဝန်မပေးခဲ့ကြောင်း CNLD ပါတီ ထုတ်ပြန်, တက်ရောက်ခဲ့တဲ့ ပူးနိုထန်ကပ်ဟာ ပါတီကနေ နုတ်ထွက်စာတင်ထားသူလို့ ဆို

    စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို တက်ရောက်ဖို့ မည်သူ့ကိုမှ တာဝန်မပေးခဲ့ကြောင်းနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းနဲ့ ချင်းပြည်နယ်တွင်းဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကြောင့် ဒီတွေ့ဆုံပွဲကို တက်ရောက်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံ မေ ၁၇ ရက်နေ့တည်းက အကြောင်းကြားထားကြောင်း ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD က ဒီနေ့ မေ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

    မနေ့ မေ ၂၁ ရက်နေ့က နိုင်ငံရေးပါတီတွေနဲ့ UEC တို့ရဲ့ နေပြည်တော်တွေ့ဆုံပွဲကို တက်ရောက်တဲ့ ၅၉ ပါတီစာရင်းမှာ CNLD လည်းပါဝင်ခဲ့ပါတယ်။

    ဒါပေမဲ့ အဲဒီပွဲကိုတက်ရောက်ခဲ့တဲ့ ပါတီဝင် ပူးနိုထန်ကပ်ဟာ ပါတီကနေ နုတ်ထွက်ကြောင်း မေ ၂၁ ရက်အဲဒီနေ့ ည ၉ နာရီချိန်မှာပဲ စာတင်လာခဲ့ကြောင်း ပါတီရဲ့ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

    ဒါကြောင့် အဲဒီ နုတ်ထွက်စာနဲ့ပတ်သက်လို့လည်း အရေးပေါ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမြန်ဆုံးခေါ်ယူပြီး ဆုံးဖြတ်သွားမယ်လို့ လည်း ကြေညာချက်က ဆိုပါတယ်။ တက်ရောက်ခဲ့တဲ့ ပူးနိုထန်ကပ်ဟာ ပါတီရဲ့အတိုင်ပင်ခံဖြစ်တယ်လို့လည်း သိရပါတယ်။

  17. နွေဦးတော်လှန်ရေး လူကြိုက်များ “အလိုမရှိ”သီချင်း နိုင်ငံတကာက နားထောင်နိုင်အောင် ဘာသာပြန်ဆို

    စစ်အာဏာသိမ်း ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတွေ အစဦးကာလမှာ သီဆိုခဲ့ကြတဲ့ သီချင်းတွေထဲကပြည်ပနိုင်ငံတွေက ဆန္ဒပြပွဲတွေမှာပါ သီဆိုခဲ့ကြတဲ့ အလိုမရှိ သီချင်းကို နိုင်ငံတကာက နားလည်နိုင်အောင် ဘာသာပြန် သီဆိုထားတယ်လို့ အဲဒီသီချင်းကို ဘာသာပြန်ဆိုသူက ပြောပါတယ်။

    အခုတော့ အဲဒီသီချင်းကို အင်္ဂလိပ်နဲ့ ဂျပန် ဘာသာစကားတွေနဲ့ ပြန်လည် သီဆို ထားတယ်လို့ ဆိုပါတယ်။

    အဲဒီ သီချင်းရဲ့ စာသားကို မရည်မွန်နဲ့ Ah Tu တို့ကမြန်မာကနေ အင်္ဂလိပ်နဲ့ ဂျပန်လို ဘာသာပြန်ပေးပြီး တေးရေး ဆရာ Kevin Mooney က တေးသွားနဲ့ ကိုက်ညီပြီး ပြန်ဆိုရလွယ်အောင် ရေးစပ်ပေးခဲ့ပါတယ်။ လတ်တလောမှာ အင်္ဂလိပ် ဘာသာနဲ့ နားထာင်နိုင်ပြီ ဖြစ်ပြီး ဂျပန်ဘာသာနဲ့ နားထောင်နိုင်ဖို့ လည်း ဆက်လက် ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

    နောက်ခံတီးလုံးကိုလည်း ဂျပန်လူမျိုး အဆိုတော်၊ တေးရေးဆရာ Yoshiyuki Obi က မူရင်း ရသ မပျက်စေဘဲ အစအဆုံး ပြန်လည် တီးခတ်ပေးပြီး အသံသွင်းခဲ့ကြပါတယ်။

    အဲဒီ သီချင်းမှာ YN, Miu (ရည်မွန်), Kyaw Zin Min, Kevin နဲ့ Ah Tu တို့ ပါဝင် သီဆိုထားကြပြီး သီချင်းတီးခတ်သူကပဲ တီးလုံးနဲ့ အဆိုထပ်ပေးခဲ့ပါတယ်။ Yoshiyuki Obi ဟာ mixing engineer တယောက်လည်း ဖြစ်ကာ သီချင်းတီးနေတုန်းနဲ့ mixing လုပ်နေတုန်းမှာ live တွေလွှင့်ပြီး မြန်မာနိုင်ငံအတွက် အလှူငွေကောက်ခံပေးခဲ့ပါသေးတယ်။ သူ့ website မှာ အလှူငွေလက်ခံတဲ့ page သီးသန့်ဖွင့်ပြီး ကောက်ပေးခဲ့တာပါ။ အဲဒီငွေတွေကို ဂျပန်မှာရှိတဲ့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဖွဲ့တစ်ဖွဲ့ဆီ ပေးလှူမှာဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီ သီချင်းအတွက် music video ကိုတော့ ဂျပန်က vlogger, video editor JohnN Vlog က ကူညီဖန်တီးပေးထားပါတယ်။

    မရည်မွန်က ဒီ အလိုမရှိ သီချင်းကို နိုင်ငံရပ်ခြားက ဆန္ဒပြပွဲတွေမှာလည်း ဆိုကြတယ်၊ ဒါကြောင့် မြန်မာစကား နားမလည်တဲ့သူတွေကိုပါ အဓိပ္ပာယ်သိစေချင်တဲ့အတွက် နိုင်ငံခြားဘာသာစကားနဲ့ ပြန်သီဆိုဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသီချင်းစာသားထဲမှာ အာဏာရှင်ကို အလိုမရှိကြောင်း အကြိမ်ကြိမ် ပြတ်ပြတ်သားသား ပြောဆိုထားတယ်။ နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်တွေထဲကတစ်ခုလည်းဖြစ်တဲ့ သံပုံးတီးတာကိုပါ ထည့်သွင်းသီဆိုထားတယ်၊ မကောင်းဆိုးဝါးတွေကို သံပုံးတီးပြီးမောင်းထုတ်တဲ့ မြန်မာ့ရိုးရာဓလေ့ကိုမိတ်ဆက်ပေးရာ ရောက်သလို အာဏာရှင်တွေကို မကောင်းဆိုးဝါးတွေလို့ ယူဆနေကြတယ်ဆိုတဲ့ ပြည်သူတွေရဲ့ သဘောထားလည်း ထင်ဟပ်နေတယ်လို့ ပြောပါတယ်။

    အဲဒီသီချင်း ဗီဒီယိုထဲမှာ သုံးထားတဲ့ ဓာတ်ပုံတွေရဲ့ မူရင်း ရိုက်ကူးသူတွေနဲ့ သီချင်းကို မူရင်းရေးစပ်ဖန်တီးခဲ့ကြသူတွေကို ကျေးဇူးတင်ပြီး credit ပေးပါတယ်လို့လည်း မရည်မွန်က ပြောပါတယ်။

    ဒီ သီချင်းကို မြန်မာ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ နေထိုင်သူတွေ လူမျိုး ဘာသာ မတူတဲ့ မိတ်ဆွေတွေ အတူပေါင်းပြီး ဖန်တီးခဲ့ကြတာ ဖြစ်လို့ တနေရာစီ ဝေးနေကြပေမယ့် တော်လှန်ရေးအတွက် နှလုံးသားတွေ တစုတစည်းတည်း ရှိနေတယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်လို့ မရည်မွန်က ပြောပါတယ်။

  18. မြို့ကြီးအတော်များများမှာ ပေါက်ကွဲမှုတွေဖြစ်

  19. တပ်ချုပ်နဲ့ ဒုတပ်ချုပ်ရာထူးတွေရဲ့အသက်ကန့်သတ်ချက် ပယ်ဖျက်

    စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဘီဘီစီသတင်းထောက် ကိုနန္ဒက ဆက်သွယ်မေးမြန်းထားပါတယ်။

  20. ၂၀၂၁ မှာ အစပျိုးလာပြန်တဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ဆန့်ကျင်မှု