ပြည်လုံးကျွတ်သပိတ် လုပ်ဖို့ ဆော်သြမှုတွေရှိထားတဲ့ ဒီနေ့ မေလ ၂ ရက်မှာ ရန်ကုန်မြို့က နေရာတချို့မှာ အင်္ကျီအနက်ဝတ်ဆင်ထားသူတွေနဲ့ လူငယ်တချို့ကို တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မျက်မြင်ကြုံတွေ့ခဲ့ရသူတွေက ဘီဘီစီကိုပြောပါတယ်။
“အကျီအနက်ဝတ်တာမဝတ်တာထက် လူငယ်ဆိုတာနဲ့စစ်တာပဲ။ ကျောပိုးအိတ်လွယ်ထားတဲ့သူတွေ၊ ဝေါကင်းရူးတွေဝတ်ထားတဲ့သူဆို စစ်တယ်" လို့ ဒီကနေ့သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့လူငယ်တစ်ဦးကပြောပြပါတယ်။
ဒါ့ပြင် ဒီကနေ့မနက်ပိုင်းက လှည်းတန်းစံရိပ်ငြိမ်အနီးမှာ အကျီအနက်ဝတ်ဆင်ထားတဲ့ လူငယ် ငါးယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံတွေ လူမူကွန်ရက်တွေမှာ ထွက်ပေါ်လာပါတယ်။
" စစ်တာမဟုတ်ဘူး။ တွေ့တာနဲ့ဖမ်းတဲ့ပုံစံပဲ။ လမ်းထဲဆွဲခေါ်တာ။ ကျွန်မတောင် သူတို့ကိုမြင်တာနဲ့လမ်းထဲပြေးဝင်လိုက်ရတယ်။ အကျီအမည်းရောင်ဝတ်ထားတဲ့ကောင်လေးတစ်ယောက်ကို ၃၂ လမ်းထဲဆွဲခေါ်လာပြီး ဖမ်းသွားတယ်။ ဖမ်းတဲ့ရဲထဲက တစ်ယောက်က ဖိနပ်တောင်မပါဘူး "လို့ဗိုလ်ချူပ်လမ်း နဲ့အနော်ရထာလမ်းပေါ်က မြင်ကွင်းတစ်ခု မျက်မြင်တွေ့ခဲ့ရတဲ့လူငယ်အမျိုးသမီးတစ်ဦးကပြောပြပါတယ် ။
ဒီကနေ့မေလ ၂ရက်နေ့မှာ ပြည်လုံးကျွတ် ဆန္ဒပြသပိတ်တွေပြန်လည်ထွက်ကြမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်ရန်ကုန်အပါဝင်မြို့ကြီးတော်တော်များများမှာ လုံခြုံရေးတင်းကျပ်ထားတာဖြစ်ပါတယ်။
“လုံခြုံရေးကတော့ တမြို့လုံးအနေထားနဲ့ကြည့်ရင်တော်တော်ယူထားတယ်ဗျ ။ကျွန်တော်လည်းမနက်ကတည်းကတော်တော်ပတ်နေတာဆိုတော့လေ။ လုံခြုံရေးအင်အားကတော့ တော်တော်များတယ်။ အိမ်စီးကားတွေနဲ့အထဲမှာ ရဲတွေစစ်သားတွေရှိတာတွေလည်းတွေ့ခဲ့တယ်။ တချို့နေရာတွေမှာဆိုရင် လုံခြုံရေးအင်အားလိုတာထက်ပိုပြီးယူထားတာတွေ့ရတယ်။ ပြည်သူကတော့တော်တော်လေးညီတယ်။ အသံနဲ့အလံကြားတာနဲ့ထွက်လာတာပဲ" လို့ သပိတ်မှာပါဝင်တဲ့လူငယ်ကပြောပါတယ်။
အခုလိုလုံခြုံရေးတင်းကျပ်စစ်ဆေးမူတွေလုပ်နေပေမယ့် ရန်ကုန်က သပိတ်စစ်ကြောင်းတွေအနေနဲ့ပျောက်ကြားစနစ်နဲ့ထွက်ခဲ့တာကြောင့် ထိခိုက်ဖမ်းဆီးမှုတွေမကြုံရသေးဘူးလို့ သပိတ်စစ်ကြောင်းတစ်ခုကို ဦးဆောင်ခဲ့တဲ့ လူငယ်ကပြောပါတယ် ။
ဒီကနေ့မှာတော့ ရန်ကုန်က မြို့နယ်တော်တော်များများနဲ့ တိုင်းဒေသကြီးတွေမှာပါ သပိတ်စစ်ကြောင်းတွေ အသီးသီးထွက်ရှိနေဆဲဖြစ်ပြီးတော့ သပိတ်စစ်ကြောင်းတွေကိုလည်း အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူတွေလည်းရှိထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, အင်္ကျီအနက်ဝတ် လူငယ် ငါးဦးကို ဖမ်းဆီးနေစဉ်