ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဂျပန်သတင်းထောက် သတင်းမှားများဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံရ

    ရန်ကုန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဂျပန်သတင်းထောက် ယူကီကီတာဇူမီ ကို သတင်းမှားများဖြန့်ဝေမှုနဲ့ စစ်ကောင်စီ က တရားစွဲဆိုလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကပြောပါတယ်။

    ယူကီကီတာဇူမီဟာစစ်အာဏာသိမ်းကာလအတွင်းဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် တရားစွဲဆိုခံရတဲ့ပထမဆုံးနိုင်ငံခြားသားသတင်းထောက်ဖြစ်ပါတယ်။

    ယူကီကီတာဇူမီကိုဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုတယ်ဆိုတာမသိရပါဘူး။ဒါပေမဲ့ ဂျပန်သံရုံးဘက်က ပြောကြားချက်အရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် (၃)နှစ်အထိကျခံရနိုင်တယ်လို့ဆိုပါတယ်။

  2. ပြည်မြို့ဗုံးပေါက်ကွဲမှု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် ၅ဦးသေဆုံး

    ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့နယ်တွင်းမှာရှိတဲ့ ကမ္ဘီလာရွာမှာ ဒီကနေ့ ညနေ ၅ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်အပါအဝင် ၅ ဦး သေဆုံံးခဲ့ကြောင်းဒေသခံတစ်ဦးက ဘီဘီစီကို အတည်ပြုပြောကြားခဲ့ပါတယ်။

    ပါဆယ်ဖွင့်ရာကနေ ပေါက်ကွဲမှုဖြစ်တယ်လို့လည်းသူ ကပြောပါတယ်။

    "ပါဆယ်ကို အကုန်လုံးဆုံဖွင့်တဲ့ အချိန်မှာ ထပေါက်တာလို့သိရပါတယ်။အခုလောလောဆယ်တော့ သေတဲ့သူတွေကို ပြည်‌ဆေးရုံကြီးက ရင်ခွဲရုံထဲမှာထားထားပါတယ်။ ဒဏ်ရာရတဲ့သူတစ်ယောက်ကိုတော့ ဆေးရုံမှာတင်ထားပါတယ်။ ၅ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတာပါလို့ “သူ ကပြောပါတယ်။

    ဒီလိုပြောတာနဲ့ ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်လို့မရသေးပါဘူး။

    ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ဟာ ကမ္ဘီလာကျေးရွာမှာ ခေတ္တပုန်းရှောင်နေထိုင်နေတဲ့သူ ဖြစ်တယ်လို့လည်းသိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Cj

  3. လောင်းလုံမှာ ရွာသားနှစ်ဦး ပစ်သတ်ခံရ

    တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က ရွာသားနှစ်ယောက် စစ်သားတွေရဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ကြတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေထံက တစ်ဆင့်သိရပါတယ်။

    မေလ ၂ ရက် ည ၁၀ နာရီလောက်က လောင်းလုံးမြို့နယ် မင်းရပ်ရွာသား အသက် ၂၄ နှစ်အရွယ် ကိုဇော်ငြိမ်းတင့်ကို ရွာကင်းစခန်းအနီးမှာ ပစ်ခတ်ပြီး သူဆိုင်ကယ်ရော သူ့ကိုပါ စစ်ကားပေါ် တင်သွားခဲ့ပြီးနောက်အလောင်းကိုတော့ မေလ ၄ ရက်အင်္ဂါနေ့ စစ်ဆေးရုံမှာလာယူဖို့ မိသားစုကိုပြောတယ်လို့ သိရပါတယ်။

    မေလ ၂ ရက်နေ့ညက ကိုဇော်ငြိမ်းတင့်ကို စစ်သားတွေ ပစ်ခတ် ကန်ကျောက် နေတာကို ကိုယ်တိုင်မြင်ခဲ့ရတဲ့ သူ့သူငယ်ချင်း တစ်ဦးကပြောပါတယ်။

    မေလ ၁ ရက်နေ့ မနက်ပိုင်းက ရော်ဘာခြစ်ပြီး ပြန်လာတဲ့ အသက် ၂၈ နှစ်အရွယ် ရော်ဘာခြံအလုပ်သမားစစ်ပြဲ ရွာသား ကိုအောင်သူကိုလည်း စစ်သားတွေက ပစ်ခတ်ပြီး သူ့ကိုရာ သူ့ဆိုင်ကယ်၊ ရော်ဘာပြားတွေကိုပါ အားလုံးစစ်ကားနဲ့ တင်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

    အလောင်းကိုတော့ ပိုင်ရှင်မဲ့ အနေနဲ့ သဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မင်းရပ်ရွာသား အသက် ၂၄ နှစ်အရွယ် ကိုဇော်ငြိမ်းတင့်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မင်းရပ်ရွာသား အသက် ၂၄ နှစ်အရွယ် ကိုဇော်ငြိမ်းတင့်
  4. ဖားကန့်မှာ သေဆုံးခဲ့သူတွေအတွက် ရည်စူးပြီးလုပ်တဲ့ ညဆီမီးသပိတ်

    ဖားကန့်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း သေဆုံးခဲ့ရသူ ၃ ဦးအတွက် ရည်စူးပြီး ဖားကန့် မရှီကထောင်ရပ်ကွက်မှာ ဆီမီးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

    မေလ ၂ ရက်နေ့ မနက်ပိုင်းက ဖားကန့်မြို့နယ်အတွင်းက မော်ဝမ်းနဲ့ လုံးခင်း ကျေးရွာအုပ်စု ပူးပေါင်းသပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့သလို မရှီကထောင်က လူငယ်ဆန္ဒပြသပိတ်ကိုလည်း ဆက်လက် ပစ်ခတ်ဖြိုခွဲခဲ့ရာမှာ လုံးခင်းက အသက် ၃၃ နှစ်အရွယ် ကိုဝေဖြိုးက ဦးခေါင်း ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

    မတ်လ ၁၄ ရက်နေ့က ကိုကျော်လင်းထိုက် အသက် ၃၀ နှစ်နဲ့ မတ်လ ၂၇ ရက်နေ့က ကိုသန့်ဇော် ၁၉ နှစ်တို့လည်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေအတွင်း သေဆုံးခဲ့ရပါတယ်။

    ဖားကန့်၊ ပစ်ခတ်ဖြိုခွဲ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဖားကန့်၊ ပစ်ခတ်ဖြိုခွဲ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. ကလေးမြို့ ကာကွယ်ရေးတပ် KRDA နဲ့ စစ်ကောင်စီတပ်တွေအကြား ပစ်ခတ်မှုဖြစ်

    ကလေးမြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ဆည်တောရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ် KRDA တို့ မေလ ၃ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ကလေးမြို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပစ်ခတ်မှုတွေ ဖြစ်တာ သိရပေမဲ့ ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာကို မသိရသေးကြောင်း ကလေးမြို့ခံတစ်ဦးကပြောပါတယ်။

    ဆည်တောရွာဟာ ကလေး ဂန့်ဂေါ်ကားလမ်းပေါ်မှာရှိပြီးတော့ အဲ့ဒီနေရာမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေးဒေသခံ ကာကွယ်ရေးအဖွဲ့အစည်း KRDA တို့ထိပ်တိုက်တွေ့တာ ဖြစ်တယ်လို့လည် းပြောပါတယ်။

    ဒါ့အပြင် ယနေ့ညပိုင်း ၅:၀၀နာရီ၀န်းကျင်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF_ Hakha နဲ့ စစ်ကောင်စီစစ်တပ်အ‌ကြား ဟားခါးမြို့ မတူပီလမ်း ကျောဘုတ်ရပ်ကွက် အနီးရှိ လုံခြုံရေးဂိတ်နားမှာပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

    လေးမြို့စည်သာရွာအနီး မတ်လအတွင်း ကစစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကလေးမြို့စည်သာရွာအနီး မတ်လအတွင်း ကစစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့
  6. မြန်မာနိုင်ငံက စက်ရုံတွေကို ကမ္ဘောဒီးယားမှာ ပြောင်းဖွင့်ဖို့ ဟောင်ကောင်လုပ်ငန်းရှင်တွေ စဉ်းစားနေ

    ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်အုပ်စုတစ်စုက မြန်မာနိုင်ငံမှာ ရှိတဲ့ သူတို့ရဲ့ စက်ရုံတွေကို ကမ္ဘောဒီးယားနိုင်ငံ ကမ်ပွန်း ဆပိုဒေသက နေရာ ၂၀ လောက်မှာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စဉ်းစားနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဗေ ဆမ်နန်းက ပြောကြောင်း ဖနွမ်းပင်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

    အဝတ်အထည်၊ အိတ်နဲ့ ဖိနပ်တွေ ထုတ်တဲ့ စက်ရုံတွေအတွက် သင့်တော်တဲ့နေရာတွေ ရှာဖို့ ဒါမှမဟုတ် အဲဒီမှာ ရှိနှင့်ပြီးသား စက်ရုံတွေကို ငှားဖို့ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဧပြီလလယ် ခမာ နှစ်သစ်ကူးကာလတုန်းက အဲဒီလုပ်ငန်းရှင်အုပ်စုက သူ့နဲ့ ဆွေးနွေးပြောဆိုခဲ့တယ်လို့ မစ္စတာ ဆမ်နန်းက ဖနွမ်းပင်ပို့စ် သတင်းစာကို ဒီကနေ့ ထုတ်ဖော်ပြောခဲ့ပါတယ်။

    သူတို့ရဲ့ လုပ်ငန်းတွေ ချက်ချင်း စနိုင်ဖို့အတွက် ကမ်ပွန်း ဆပိုပြည်နယ်မှာ အသင့်ရှိထားပြီးသား စက်ရုံတွေ ငှားဖို့ အဲဒီ လုပ်ငန်းရှင်အုပ်စုက ပထမဦးစားပေးအနေနဲ့ အဆိုပြုထားတယ်လို့ ဆိုပါတယ်။

    ကမ်ပွန်း ဆပိုပြည်နယ်မှာ လက်ရှိ စက်ရုံပေါင်း ၇၅၀၀ ကျော်ရှိနေပြီး အဲဒီထဲက အထည်ချုပ်စက်ရုံ ၁၅၃ ခုက ထွက်တဲ့ ထုတ်ကုန်တွေကို အမေရိကန်နိုင်ငံကို တင်ပို့နေတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းခဲ့အပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားခဲ့ရသလို နိုင်ငံခြားသားပိုင် စက်ရုံတချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရအပြီးမှာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတဲ့ အလုပ်သမားတွေ သူတို့နေရပ် နယ်မြို့တွေဆီ ပြန်သွားခဲ့ကြပါတယ်။

    စက်ရုံ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  7. စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်လို့ ကေအိုင်အေပြော

    ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာ မေလ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီက လာရောက် တိုက်ခိုက်မှုတွေ လုပ်တဲ့ ရဟတ်ယာဉ်တစ်စီးကို ‌ကေအိုင်အေက ပစ်ချခဲ့ကြောင်း ကေအိုင်အေ ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

    ဒီနေ့မနက် ၈ နာရီခန့်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်လေယာဉ် ဂျက်တစ်စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးတို့နဲ့ လာရောက် တိုက်ခိုက်တာကို ပြန်လည်ခုခံစဉ်မှာ အခုလို ပစ်ချခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၄ ရက်လောက်ကတည်းက ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပြီး လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

    ဒီကနေ့ မေလ ၃ ရက်နေ့မှာလည်း မိုးမောက်မြို့နယ် ကုန်းလောရွာ ဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကြီးကျည်ကျတာကြောင့် ဘုန်းကြီးကျောင်းဝင်းမှာ တိမ်းရှောင် ခိုလှုံနေတဲ့ ရွာသားတွေထဲက ကိုးယောက် လက်နက်ကြီး ကျည်ဆန်ထိမှန်ပြီး ဘုန်းကြီးတစ်ပါး အပါအဝင် သုံးဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ မိုးမောက်မြို့ SNLD က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေဟာ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ်ကုန်းလော အရှေ့ဘက် တောင်ကျောတစ်လျှောက် တစ်လနီးပါး တိုက်ပွဲတွေ ဖြစ်နေကြတာ ဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို အိမ်ထောင်စု ထောင်နဲ့ချီ တိမ်းရှောင်နေရပါတယ်။

    မိုးမောက်က လူနေအိမ်တွေ လက်နက်ကြီးမှန်လို့ထိခိုက်ပျက်စီးမှုတွေရှိ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုးမောက်က လူနေအိမ်တွေ လက်နက်ကြီးမှန်လို့ထိခိုက်ပျက်စီးမှုတွေရှိ
  8. မိုဘိုင်း အင်တာနက် တချို့ပြန်ပွင့်

    ဒီကနေ့ မေလ ၃ နေ့လယ်ပိုင်းက မြန်မာ့ဆက်သွယ်ရေး MPT မိုဘိုင်းအင်တာနက် တချို့ ပြန်ပွင့်ပြီး သုံးလို့ရနေကြောင်း လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်‌နေ့ကလည်း အခုလို MPT မိုဘိုင်းအင်တာနက် ပြန်ပွင့်လာခဲ့ပြီးနောက်မှာ မိနစ်ပိုင်းအတွင်း ပြန်ပိတ်သွားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကစပြီး မိုဘိုင်းဖုန်းနဲ့ သုံးတဲ့ အင်တာနက်လိုင်းတွေကို သုံးစွဲခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

    အင်တာနက်၊ မြန်မာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, MPA

  9. မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ထိန်းသိမ်းခံနေရ

    မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ထိန်းသိမ်းခံနေရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ မြို့နယ်ဥက္ကဋ္ဌဟာ မနေ့ မေလ ၂ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီရဲ့ထိန်းသိမ်းတာခံနေရပြီး ဒီနေ့ မေလ ၃ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့ တိုင်းအဆင့် လူမှုကယ်ဆယ်ရေးရုံးဘက်ကနေ သိရပါတယ်။

    မိုးကုတ်မြို့အခြေစိုက် အဲဒီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌရော၊ စေတနာ့ဝန်ထမ်း ၁၅ ဦးနဲ့ အသင်းပိုင် လူနာတင်ယာဉ် ၆ စင်းတို့ ပါ မနေ့က ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

    အသင်းသား စေတနာ့ဝန်ထမ်း ၁၅ ဦး ပြန်လွတ်လာပေမဲ့ အသင်းဥက္ကဋ္ဌနဲ့ လူနာတင်ယာဉ်တွေ ထိန်းသိမ်းခံထားရဆဲလို့ သိရပါတယ်။

    ''လူမှုကယ်ဆယ်ရေးအသင်းတွေဆိုတာ စေတနာရှင်တွေရဲ့အလှူနဲ့ ရပ်တည်ရတော့ အများသောအားဖြင့် အသင်းပိုင်ကားတွေကလည်း လိုင်စင်မရှိဘူး။ နောက်ပြီး ကျွှန်တော်တို့ ကယ်ဆယ်ရေးယာဉ်တွေပေါ်မှာက ဆက်သွယ်ရေးအတွက်သုံးတဲ့ပစ္စည်းပစ္စယတွေလည်းရှိတယ်လေ။ ဒါ့ကြောင့် ထိန်းသိမ်းတာလား၊ ဘာ့ကြောင့် ထိန်းသိမ်းလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူး'' လို့ တိုင်းအဆင့်လူမှုကယ်ဆယ်ရေးရုံးဘက်ကနေ ပြောပါတယ်။

    မိုးကုတ်လူမှုကယ်ဆယ်ရေးအသင်းဟာ မိုးကုတ်ဆန္ဒပြသူတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ ကူညီသယ်ဆောင်ပေးနေတဲ့ မြို့ခံပရဟိတအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။

  10. CRPH က ဝန်ကြီး ၂ ဦးနဲ့ ဒုဝန်ကြီး ၄ ဦးကို အသစ်ခန့်

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဝန်ကြီးဌာနအသစ်ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအတွက် ဝန်ကြီးတစ်ဦး၊ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးတစ်ဦးနဲ့ အဲဒီဝန်ကြီးဌာန ၂ ခုအပါအဝင် ပညာရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအတွက် ဒုတိယဝန်ကြီး ၄ ဦးကို ခန့်တဲ့အကြောင်း ဒီနေ့ မတ်လ ၃ ရက်မှာ ကြေညာလိုက်ပါတယ်။

    ဝန်ကြီးဌာနအသစ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနေရာအတွက် လူ့အခွင့်အရေးနဲ့ LGBT အရေး ဆယ်စုနှစ်ချီ ဆောင်ရွက်နေသူ ဦးအောင်မျိုးမင်းကို ခန့်လိုက်တာဖြစ်ပြီး အလုပ်သမားဝန်ကြီးနေရာအတွက် နိုင်သုဝဏ္ဏကို ခန့်လိုက်တာဖြစ်ပါတယ်။

    နောက် လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီးနေရာကို ဘဟန်းထန်၊ အလုပ်သမားဒုတိယဝန်ကြီးနေရာအတွက် အလုပ်သမားအရေးကာလရှည်ဆောင်ရွက်နေသူ ဦးကျော်နီ၊ ပညာရေး ဒုတိယဝန်ကြီးနေရာအတွက် သြစတေးလျ၊ရန်ကုန်တက္ကသိုလ်အပါအဝင် မြန်မာနိုင်ငံတက္ကသိုလ်တချို့မှာ နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးပညာတွေ သင်ကြားပို့ချသူ ကထိကဆရာ ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီးနေရာအတွက် အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ မစ္စစ်ခေါင်နောတို့ကို ခန့်လိုက်တာဖြစ်ပါတယ်။

    CRPH ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံ၊ ဦးဝင်းမြင့်ကို သမ္မတရာထူးဆက်ထားပြီး ဝန်ကြီးဌာန ၁၂ ခုနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို ဧပြီလ ၁၆ ရက်မှာဖွဲစည်းတဲ့အကြောင်း ကြေညာထားပြီးဖြစ်ပါတယ်။

    ဒီ့အပြင် ဒုဝန်ကြီးနေရာတွေအတွက် ဆက်ပြီးခန့်တဲ့အကြောင်း ကြေညာနေသလို ပညာရေးဝန်ကြီးဌာနအတွက် ဒုတိယဝန်ကြီး ၂ ဦးအထိ ခန့်လာတာကိုတွေ့ရပါတယ်။

  11. ဟားခါးမှာ တိုက်ပွဲဖြစ်လို့ အသွားအလာ ရှောင်ကြဖို့ CDF က စာထုတ်

    ဟားခါးမှာ တိုက်ပွဲစဖြစ်နေပြီလို့ အရပ်သားပြည်သူတွေအနေနဲ့ မိမိတို့ယာဉ်တွေနဲ့ သွားလာမှုကို ရှောင်ကြဖို့နဲ့ မိမိတို့ယာဉ်တွေကို စစ်တပ်ဘက်က ယူပြီးသုံးပါက လုံခြုံရေးအတွက် အာမမခံနိုင်ကြောင်း Chinland Defense Force CDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဟားခါးက ပြည်သူတွေကို သတိပေးတဲ့စာမှာ အခုလိုထုတ်ပြန်ထားတာဖြစ်ပြီး မနေ့ည မေလ ၂ ရက်နေ့က တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေကနေတစ်ဆင့် သိရပါတယ်။

    ဟားခါးမြို့မှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ ညက စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဟားခါးမြို့ပြင် ကျောဘုတ်ဘက်မှာ ညနေ ၆ နာရီကျော်ခန့်က စပြီး ပစ်ခတ်မှုတွေရှိပြီး စစ်သား ၄ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ချင်းပြည်နယ်ဒေသ အခြေစိုက် သတင်းဌာန အချို့က ‌ရေးပါတယ်။

    ၂၀၂၁ခုနှစ်၊​ မေလ ၂ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး မတရား ဖမ်းဆီးထိန်းသိမ်းခြင် းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ CDF က တောင်းဆိုခဲ့ပြီး ပြန်မလွှတ်ပေးပါက တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

    ဟားခါး၊ စစ်ကောင်စီတပ်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, ဟားခါးမှာ စစ်ကောင်စီတပ်တွေ နေရာယူထား
  12. ခရစ်ယာန်တွေရဲ့ ဥပုသ်လအတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရေး အထူးဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

    မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်ရေးအတွက် ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ ဥပုသ်လအတွင်း အထူးဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

    မေလဟာ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေအတွက် ကိုယ်လိုချင်တဲ့ ဆုတွေကို မယ်တော်မာရိထံ နေ့စဉ် ပုတီးစိတ် တောင်းဆုပြုတဲ့ အထူးဆုတောင်းကာလ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ကြဉ်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် လျှောက်လှမ်းလာအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံးရဲ့ နှလုံးသားကို မယ်တော်မာရိက တို့ထိ ခွန်အားပေးဖို့ ခရစ်ယာန်ဘာသာဝင်တွေ အထူး တောင်းဆုပြုကြပါလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောသွားခဲ့ပါတယ်။

    ပုပ်ရဟန်းမင်း၊ ငြိမ်းချမ်းရေး၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ပုပ်ရဟန်းမင်း၊ ငြိမ်းချမ်းရေး၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. ကနေဒါမှာအဆုံးသတ်တဲ့ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးသပိတ်

    ကနေဒါမှာအဆုံးသတ်တဲ့ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကနေဒါမှာအဆုံးသတ်တဲ့ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကနေဒါမှာအဆုံးသတ်တဲ့ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    မနေ့ မတ်လ ၂ ရက်မှာ ကမ္ဘာတဝန်းက မြို့ကြီးတွေမှာ ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးသပိတ်ဟာ ကနေဒါနိုင်ငံ၊ ဗန်ခူးပါးမြို့မှာ အဆုံးသတ်ပြီး အောင်အောင်မြင်မြင်နဲ့ပြီးဆုံးခဲ့ပါတယ်။

    မတ်လ ၂ ရက် ဒေသစံတော်ချိန်စောတဲ့ ဂျပန်၊ သြစတေးလျလို နိုင်ငံတွေကနေစလို့ မြန်မာပြည်တွင်းအပြင် ဒေသစံတော်ချိန် နာရီနဲ့ချီကွာတဲ့ ဗြိတိန်နိုင်ငံအပါအဝင် ဥရောပတဝန်းကမြို့တွေမှာ ဒီနွေဦးတော်လှန်ရေးသပိတ်ကို မနေ့က ကျင်းပခဲ့တာပါ။

    ဒီသပိတ်ဟာ ဒေသစံတော်ချိန်နောက်ကျတဲ့ ကနေဒါနိုင်ငံ၊ ဗန်ခူးပါးမြို့မှာ အဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်။

    ကမ္ဘာတဝန်းမြို့ကြီးတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့အတူပြုလုပ်တဲ့ မြန်မာပြည်တွင်းမှာလည်း ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပြုလုပ်ခဲ့ပေမဲ့ ဆန္ဒပြဖို့ထွက်လာသူတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ သီပေါ၊ နောင်ချို၊၊ ဖားကန့်နဲ့ ဝက်လက်မြို့တွေမှာ သေဆုံးသူ ၆ ဦးအထိရှိခဲ့ပါတယ်။

  14. လူငယ်တွေတောင်းဆိုတဲ့ ပြည်တွင်းသတင်းစာလွတ်လပ်ခွင့်

  15. ထားဝယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူး‌‌ဟောင်း၂၇ ဦးကို ဖမ်းထားပြီး ပြန်လွှတ်

  16. HIV/AIDS ကူညီစောင့်ရှောက်ရေးစင်တာကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေ စီးနင်းရှာဖွေ, ART ဆေးသောက်နေတဲ့ကလေးငယ်တွေအပါအ၀င် လူ ၁၁ ဦးကို ဖမ်းဆီးသွား

    ရန်ကုန်၊ ဒဂုံအရှေ့မှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းဦးစီးတဲ့ NAC(HIV/AIDS ကူညီစောင့်ရှောက်ရေး)စင်တာကို မေလ ၂ရက် ညပိုင်းက စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေမူတွေလုပ်ခဲ့ပြီး လူ ၁၁ဦးထက်မနည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

    ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ HIV ပိုးကူးစက်ခံရရင် သောက်ရတဲ့ ART ဆေးသောက်နေတဲ့ကလေးငယ် ၃ယောက်နဲ့ တခြားဆေးကုသဖို့ရောက်နေတဲ့လူနာ ၉ယောက် ဖြစ်တယ်လို့ ဒေါ်ဖြူဖြူသင်းက သူ့ရဲ့လူမူကွန်ယက်စာမျက်နှာမှာ ပြောထားပါတယ်။

    "ခန့်မှန်းခြေကတော့မနက် ၃နာရီ၊ ၄နာရီလောက်ပေါ့။ သူတို့လာဖမ်းသွားတဲ့ပုံက အဲ့နေ့ညပိုင်းမှာကတည်းက သန်းခေါင်းစာရင်းတွေဘာတွေ စစ်ဖို့လုပ်တယ်။ ပြီးတော့ခေါ်ယူစစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတဲ့သဘောပါ။ သူတို့လာခေါ်သွားတဲ့နေရာက NAC စင်တာထဲကိုမဟုတ်ပါဘူး။ ၆ရပ်ကွက်မှာရှိတဲ့ နေစရာမရှိတဲ့လူနာတွေကိုခေါ်ယူစောင့်ရှောက်ထားတဲ့ အဆောက်အဦးကနေလာခေါ်သွားတာပါ။ အဲ့ဒီမှာ ကျွန်တော်တို့ဆီက ကလေး ၃ယောက်လည်းပါပါတယ်။ ART ဆေးသောက်နေရတယ်။ တချို့ကိုမနေ့ကပြန်လွှတ်လိုက်ပေမယ့် တချို့ကိုတော့မေးမြန်းစရာရှိတယ်ဆိုပြီးဆက်ခေါ်ထားပါတယ်။ ဘာလို့လာဖမ်းတာလဲဆိုတာလဲ ဆိုတာတော့ သူတို့သဘောထားတော့ကျွန်တော်တို့မသိဘူး သူတို့သဘောထားကိုလည်း မခန့်မှန်းတတ်ဘူး။ ကျွန်တော်တို့ကဒီမှာရောဂါသည်တွေအရေးကိစ္စတွေလုပ်တာပဲလေ" လို့ NAC စင်တာမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    မင်္ဂလာတောင်ညွှန့်မြိုနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှာ ဦးဆောင်ပါဝင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

    လက်ရှိမှာတော့ NAC စင်တာမှာ HIV/AIDS ရောဂါဝေဒနာသည် ကလေးငယ်အရေအတွက် ၈၉ ယောက်ရှိပြီးတော့ အရွယ်ရောက်လူကြီး ၆၄ ယောက်ကို စောင့်ရှောက်ကုသပေးနေတယ်လို့သိရပါတယ် ။

    ရန်ကုန်၊ ဒဂုံအရှေ့မှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းဦးစီးတဲ့ NAC(HIV/AIDS ကူညီစောင့်ရှောက်ရေး)စင်တာ

    ဓာတ်ပုံ ရင်းမြစ်, NAC

  17. ကုန်းလောရွာဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကြီးကျလို့ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူ, တပ်ရဟတ်ယာဉ်တစ်စင်းလည်း ပစ်ချခံရ

    ကချင်ပြည်နယ် မိုးမောက်မြို့က ကုန်းလောရွာဘုန်းကြီးကျောင်းဝင်းထဲကို ဒီနေ့ မေလ ၃ ရက် မနက်ပိုင်းမှာ လက်နက်ကြီးကျလို့ ဒဏ်ရာရခဲ့သူ ၇ ဦးရှိပြီး အဲဒီထဲက ဒဏ်ရာရတဲ့သူ ဘုန်းကြီးတပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ''ဒဏ်ရာပြင်းတဲ့ ၄ ဦးကို ဘုန်းကြီးကားနဲ့ သေနတ်တွေ ပစ်ခတ်နေတဲ့ကြားကပဲ ကယ်ထုတ်တာခဲ့တာ။ ဗန်းမော်ကနေ သွားတဲ့နာရေးကူညီမှုကားကတော့ ဆက်သွားလို့ မရလို့ လမ်းမှာပဲ စောင့်ပြီးတော့မှ ဟိုက သယ်လာတဲ့သူကို သွားကြိုရတဲ့အနေအထားဖြစ်နေတယ်။''လို့ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ရဲ့မိုးမောက်တာဝန်ခံကပြောပါတယ်။

    လက်ရှိမှာ စစ်သားတွေက ရွာထဲကနေ ပစ်ခတ်တာတွေရှိနေလို့ ရွာသူရွာသားတွေ ဗုံးခိုကျင်းထဲ ဝင်နေရတာ ကြောင့် ကယ်ဆယ်ရေးအပိုင်း လုပ်ရကိုင်ရခက်နေတယ်လို့လည်း သိရပါတယ်။

    ဒါ့ပြင် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ လာပစ်တဲ့ ရဟတ်ယာဉ် ၂ စင်းထဲက ၁ စင်းဟာ ကုန်းလောရွာ အနောက်ဘက် တောတန်းဘက်မှာ ပျက်ကျသွားတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ကုန်းလောရွာမှာ နေ့တိုင်းနီးပါး လက်နက်ကြီးတွေကျနေပြီး တနေ့ကို သုံးလေးလုံးနှုန်း ကျနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပြီး မြို့နယ်ထဲမှာရှိတဲ့ မြို့သစ်၊ ကုန်းလော၊ ဆီဟတ်ရွာတွေဘက်မှာ စစ်တပ်က တိုက်လေယာဉ်တွေသုံးပြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ဘီဘီစီကိုပြောထားပါတယ်။

    ကုန်းလောရွာဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကြီးကျလို့ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူ၊ ဧပြီလ ၁၈ ရက်တုန်းက  မိုးမောက်နယ်ထဲကျတဲ့လက်နက်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဧပြီလ ၁၈ ရက်တုန်းက မိုးမောက်နယ်ထဲကျတဲ့လက်နက်
  18. ဗန်းမောက်ပညာရေးဝန်ထမ်း ၁၀၀ ကျော် CDM ကနေ ထွက်ကြ

    ဗန်းမောက်မြို့မှာ ပညာရေးဌာနက ဆရာဆရာမ တစ်‌ရာကျော်ဟာ ဖိအားပေးတာတွေရှိလို့ အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု CDM ကနေထွက်ကြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ ပညာရေးဌာနက ဆရာဆရာမ တစ်‌ရာကျော်ဟာ ဖိအားပေးတာတွေရှိလို့ အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု CDM ကနေထွက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ် ။

    "CDM လုပ်တဲ့ဆရာဆရာမတွေကို အလုပ်ထုတ်ပြီး လူသစ်တွေခန့်မယ်လို့ ပညာရေးမှူး၊ ဒုပညာရေးမှူးတွေက ပြောဆိုခြိမ်းခြောက်တာ။ နောက်ပြီး CDM ဝင်သူတွေကို ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးမယ်။ ကာယကံရှင် မတွေ့ရင် အိမ်သားတွေပါဖမ်းမယ်လို့ ကျောင်းအုပ်တွေက ခြိမ်းခြောက်ပြောတာ" လို့ ဗန်း‌မောက် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    ဗန်းမောက်မြို့မှာ ပညာရေးပိုင်းက လူဦးရေ ၉၀၀ ကျော် CDM ဝင်ရာကနေ ဖိအားတွေကြောင့် ဦးရေ တစ်ရာကျော်လောက် CDM ကနေ ထွက်သွားကြတာပါ။

    လက်ရှိမှာ စစ်ကောင်စီခန့်အပ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကျောင်းပြန်ဖွင့်ဖို့ လုပ်နေကြတယ်လို့ နယ်ခံတွေက ပြောပါတယ်။

    စစ်ကောင်စီလက်အောက်က ပညာရေးဝန်ကြီးဌာနကတော့ အခြေခံပညာကျောင်းတွေကို ဇွန်လမှာ ပုံမှန်ပညာသင်နှစ်အတိုင်းပြန်ဖွင့်မယ်လို့ ကြေညာထားသလို မေလ ၂၄ ရက်ကစလို့ ကျောင်းအပ်လက်ခံမယ်လို့ ပြောထားပါတယ်။

    မနေ့ကတော့ တပြည်လုံးမှာပြုလုပ်တဲ့ မေလ ၂ ရက်ဆန္ဒပြပွဲကို ဗန်းမောက်မြို့မှာလည်း ပြုလုပ်ခဲ့ပြီး လူထောင်ချီပါဝင်ခဲ့ပါတယ်။

    ဆန္ဒပြသပိတ်ကိုတော့ စစ်ကောင်စီဘက်က ပစ်ခတ်ဖြိုခွင်းတာမရှိဘဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

  19. သတင်းသမားတွေအားလုံးကိုပြန်လွှတ်ဖို့ ပြည်တွင်းက သံတမန်အဖွဲ့အစည်းတွေတောင်းဆို

    သတင်းသမားတွေအားလုံးကိုပြန်လွှတ်ဖို့ ပြည်တွင်းက သံတမန်အဖွဲ့အစည်းတွေတောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, AFP

    မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မီဒီယာသမားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာပြည်တွင်းက သံတမန်အဖွဲ့အစည်းတွေက ဒီနေ့ မေလ ၃ ရက်မှာ စုပေါင်းတောင်းဆိုလိုက်ပါတယ်။

    ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ဒီနေ့မှာ သံရုံးတွေက အခုလို တောင်းဆိုလာတာဖြစ်ပြီး မြန်မာနိုင်ငံထဲ အင်တာနက်ကန့်သတ်မှုတွေကို ရပ်တန့်ဖို့ ဆက်သွယ်ရေးနဲ့သတင်းအချက်အလက်လွတ်လပ်မှုကို စတင်ပေးဖို့ ကိုလည်း အဲဒီစုပေါင်းကြေညာချက်ထဲမှာ တောင်းဆိုထားတာတွေ့ရပါတယ်။

    သတင်းစာပညာဟာ လွတ်လပ်စာထုတ်ဖော်ပြောဆိုခွင့် မြှင့်တင်ဖို့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပြီး မီဒီယာလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီလူမှုအသိုင်းအဝိုင်းရဲ့အုတ်မြစ်ဖြစ်လို့ ဒီလွတ်လပ်ခွင့်တွေဟာ အာမခံချက်ရှိရှိနဲ့ဆက်ရှိနေသင့်တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

    အာဏာသိမ်းပြီးကတည်းက သတင်းသမား ၈၀ ကျော် ဖမ်းဆီးခံရပြီး သူတို့ထဲက တဝက်နီးပါးထိန်းသိမ်းခံနေရတာ၊ သတင်းအချက်အလက်ပေးနေတဲ့ မီဒီယာကုမ္ပဏီတွေ လိုင်စင်ရုတ်သိမ်းခံရ၊ ဝင်ရောက်စီးနင်းရှာဖွေခံနေရတာ၊ မီဒီယာလုပ်ငန်းငယ်အများစု ပိတ်ဖို့ ဖိအားပေးခံရတာတွေဖြစ်နေပြီး အခုဆို မြန်မာနိုင်ငံထဲမှာ လွတ်လပ်တဲ့ပုံနှိပ်မီဒီယာကြီးတွေ မရှိတော့ဘူးလု့ိလည်း ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။

    သတင်းထုတ်လွှင့်မှု၊ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ရရှိနိုင်မှုကို ထိန်းချုပ်ဖို့ အင်တာနက်ကို ပိတ်ထားတဲ့လုပ်ရပ်တွေဟာလည်း မီဒီယာလွတ်လပ်ခွင့်နဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်မှုလို့ သံရုံးတွေက ကြေညာချက်ထဲမှာ ပြောထားပါတယ်။

    တဖက်မှာလည်း သတင်းစာလွတ်လပ်ခွင့်ဟာ မီဒီယာနယ်ပယ်က တတ်သိကျွမ်းကျင်သူတွေအတွက်တင်မဟုတ်ဘဲ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီအတွက် အခွင့်အရေးတစ်ရပ်ဖြစ်လို့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့မီဒီယာတွေပေါ်လာဖို့ အားပေး ထောက်ခံသွားမယ်လို့လည်း သံရုံးတွေရဲ့ စုပေါင်းကြေညာချက်မှာဖော်ပြထားပါတယ်။

    ဒီကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ချက်ခ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်သံတမန်အဖွဲ့အစည်းတွေက စုပေါင်းထုတ်ပြန်တာဖြစ်ပါတယ်။