ဟောင်ကောင် အခြေစိုက်
သတင်းသမားအဖွဲ့၊ ဟောင်ကောင် နိုင်ငံခြား သတင်းထောက်များအသင်း နဲ့ လွတ်ငြိမ်းချမ်းသွားခွင့်
အဖွဲ့ (ဟောင်ကောင်) တို့က ပေးအပ်တဲ့ ၂၅ ကြိမ်မြောက် လူ့အခွင့်အရေး စာနယ်ဇင်းဆုကို ကိုကျော်ဆန်းလှိုင်
နဲ့ Emily Hannah တို့က ရရှိသွားပါတယ်။
မနှစ်တုန်းက ရခိုင်နဲ့
ချင်းပြည်နယ်တွေမှာ ကိုဗစ် ၁၉ ကူးစက်မှုတွေကြား အင်တာနက်တွေ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရစဥ် ရေးသားခဲ့တဲ့
“ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်သူများ”ဆောင်းပါးနဲ့
ဆုရခဲ့ကြတာပါ။
သူတို့ ရေးသားခဲ့တဲ့
The People In Parts Of Myanmar Are Living Under The World’s Longest Internet
Shutdown. It’s Putting Lives In Danger ကို ကမ္ဘာကျော် Times မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။
သတင်းသမား လူငယ် တယောက်
အနေနဲ့ အခုလို နိုင်ငံတကာ အသိအမှတ်ပြု ဆုရတာဟာ အခက်အခဲ တွေကြားက ကြိုးပမ်း အားထုတ်မှုကြောင့်
ဖြစ်ပြီး လက်ရှိ စစ်အာဏာရှင် လက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာသိအောင်
ပိုမို လုပ်ဆောင်သွားမယ်လို့ ကိုကျော်ဆန်းလှိုင် က ပြောပါတယ်။
သူ့ရဲ့ဆောင်းပါး အကျဥ်းချုပ်ကတော့
သူ့ရဲ့ ငယ်ဘဝ ဖြတ်သန်းလာပုံ၊ ရည်မှန်းချက်တို့ကို ရေးထားပြီး
၊ ရခိုင်ပြည်မှာ ကမ္ဘာ့အကြာဆုံး
အင်တာနက် ပိတ်ဆို့ထားမှုအကြောင်း ၊ သူငယ်ချင်းတွေနဲ့ အခြေအနေ ကွာဟသွားပုံ ၊ အင်တာနက်ပိတ်ဆို့ထားမှုကြောင့်
ရခိုင်ပြည် လူဦးရေ ၁.၄ သန်းအပေါ် သက်ရောက်မှု၊ 2G အင်တာနက်ကို မနှစ် သြဂုတ်လမှာ ပြန်ဖွင့်ခဲ့ပေမယ့်
အခြေခံသတင်းအချက်အလက်တွေလောက်ကိုတောင် ရှာ၍မရ ဖြစ်ခဲ့တဲ့ အကြောင်း ၊ကိုဗစ် ၁၉ ရောဂါဖြစ်ပွါးနေတဲ့ အချိန်ဖြစ်ပေမယ့်
သတင်းအချက်အလက် မရ မသိရတဲ့ အကြောင်းတွေနဲ့ အတူ ဒေသခံ လူထုရဲ့ လွဲမှား ကုထုံးတွေ အကြောင်းတွေကို
ရေးသားထားပါတယ်။
ဒါ့အပြင် အင်တာနက်
ပိတ်ဆို့ထားမှုကြောင့် ရခိုင်ပြည်နယ်မှာ လူငယ်တွေရဲ့ အနာဂတ် ရည်မှန်းချက် ပျက်စီး ထိခိုက်ခဲ့ရတဲ့
အကြောင်းတွေကို ဖော်ပြ ထားပါတယ်။
ဟောင်ကောင် အခြေစိုက်
အဖွဲ့အစည်းတွေက ပေးတဲ့ ဆုအမျိုးအစား ၁၃ ခု အနက် ကိုကျော်ဆန်းလှိုင် တို့နှစ်ယောက်ဟာ
Commentary Writing ဆု ရရှိခဲ့တာ ဖြစ်တယ်။
အခု သူတို့ ဆွတ်ခူးရရှိခဲ့တဲ့
လူ့အခွင့်အရေးစာနယ်ဇင်းဆုဟာ အာရှတိုက်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ မီဒီယာကဏ္ဍစုံမှာတင်ဆက်တာကို
ရွေးချယ်ပြီး ဆုချီးမြှင့်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Kyaw San Hlaing
ဓာတ်ပုံ ပုံစာ, ကိုကျော်ဆန်းလှိုင်(ဝဲ)နဲ့ သူရေးသားတဲ့ ဆောင်းပါး