ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်မှုစာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. တွံတေးကကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်တွေ စီးနင်းပြီး လူ ၄ ဦးကို ဖမ်းသွား

    မတ်လလယ်ပိုင်းတုန်းက တွံ့တေးမြို့က ဆန္ဒပြပွဲကို ဖြိုခွင်းဖို့စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, AG2

    ဓာတ်ပုံ ပုံစာ, မတ်လလယ်ပိုင်းတုန်းက တွံ့တေးမြို့က ဆန္ဒပြပွဲကို ဖြိုခွင်းဖို့စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

    တွံတေးမြို့တစ်ဖက်ကမ်း တွံတေးတူးမြောင်းတစ်ဖက်ခြမ်းမှာရှိတဲ့ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့ မနက် ၅ နာရီခန့်မှာ အလုံးအရင်းနဲ့ ဝင်ရောက်ပြီး အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ရွာခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    '' ဒီနေ့မနက် ၅ နာရီခွဲမှာ ရွာထဲကို အင်အားအလုံးအရင်းနဲ့ ဝင်လာတယ်။ အဲဒီမှာ ဒီမိုကရေစီလိုလားတဲ့သူတွေအိမ်၊ အစုအဖွဲ့တွေရဲ့အိမ်တွေ ဝင်ရောက်တယ်၊ ဖမ်းဆီးတယ်။ အဲဒီမှာ မသက်ဆိုင်တဲ့လူတွေပေါ့လေ။ ဆန္ဒပြတာတွေ ဘာတွေ မလုပ်တဲလူ ၄ ဦး အဖမ်းခံလိုက်ရတယ်'' လို့ ရွာခံတစ်ဦးက ပြောပါတယ်။

    မနေ့ မေလ ၁၀ ရက်မှာ ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးဘေးက လက်ဖက်ရည်ဆိုင် မီးလောင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လာကြတာလို့သိရပြီး အဲဒီမီးကလည်း ရှို့မီးလား၊ မတော်တဆမီးလား ဘယ်သူမှ မသိကြဘူးလို့လည်း ရွာခံတွေက ပြောပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီခန့်ထားတဲ့အုပ်ချုပ်ရေးမှူးနဲ့ ရွာထဲက သတင်းပေးတွေက ဒီမိုကရေစီဘက်တော်သားတွေ မီးရှို့တယ်ဆိုပြီး ယူဆလို့ စစ်သားနဲ့ရဲတွေ ရောက်လာတာလို့ ယူဆတဲ့အကြောင်း ရွာခံတွေက ပြောပါတယ်။

    တွံတေးမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေက အချိန်မတော်ဝင်ရောက်ပြီး ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါတယ်လို့ မသင်္ကာမှုနဲ့ ရွာခံတချို့ကို ဖမ်းဆီးတာတဲ့ဖြစ်စဉ် အရင်ကလည်း ရှိခဲ့ဖူးပါတယ်။

  3. ကလေးမှာ ပေါက်ကွဲသံတွေကြောင့် နှလုံးရပ်သေဆုံးတဲ့ မီးနေသည် ဈာပန ပြုလုပ်

    ကလေးမြို့မှာ အသက် ၄၀ ကျော်အရွယ် မွေးကင်းစကလေးမိခင်တစ်ဦး မနေ့က မေလ ၁၀ရက်ညပိုင်းက ကလေးမြို့မှာ ပစ်ခတ်တဲ့လက်နက်သံ၊ပေါက်ကွဲသံကိုကြားပြီးတဲ့နောက်မှာ နှလုံးရပ်ပြီး ဆုံးပါးခဲ့တယ်လို့ ၎င်းရဲ့ခင်ပွန်းသည်က ဘီဘီစီကိုပြောပါတယ်။

    မဇာခြည်ဦးမှာ တစ်လသား ကလေးငယ်နဲ့ ခင်ပွန်းဖြစ်သူတို့ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ နာရေးကိုတော့ ဒီနေ့ မေ ၁၁ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ခင်ပွန်းဖြစ်သူ ကိုပေါက်ကြီးက ပြောပါတယ်။

    ကလေးမြို့မှာ မနေ့ညပိုင်းက မြို့တွင်းမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံသတင်းတွေက ဆိုပါတယ်။

    Kalay

    ဓာတ်ပုံ ရင်းမြစ်, Social Media

  4. အာဆီယံ ဥက္ကဋ္ဌနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ မြန်မာကိုလာဖို့ရှိ

    အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ဟာ နောက်တစ်ပတ်ထဲမှာ မြန်မာနိုင်ငံကိုလာရောက်ဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယားအခြေစိုက် Arirang သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာလက်ရှိအချိန်ထိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို မြင်တွေ့သိရှိနိုင်ဖို့အတွက် အာဆီယံထိပ်တန်းခေါင်းဆောင်နှစ်ဦး လာရောက်မှာဖြစ်တယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။ ဒီခေါင်းဆောင်နှစ်ဦးဟာ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ အာဆီယံအသင်းထံက သိရတဲ့သတင်းအချက်အလက်အရဆိုပြီး ဖော်ပြထားပါတယ်။

    ဒီသတင်းထဲမှာဖော်ပြချက်အရဆိုရင်တော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းဘုရင်က အာဆီယံအတွင်းရေးမှူးချုပ်နဲ့အတူ မြန်မာကို လာရောက်ဖို့ရှိနေတာဖြစ်ပါတယ်။

    အာဆီယံခေါင်းဆောင်နှစ်ဦး ခရီးစဉ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

    ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာမြို့မှာရှိတဲ့အာဆီယံအထွေထွေအတွင်းရေးမှူးရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ၅ ချက်ထဲမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူဘက်အားလုံးက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်၊ အပြုသဘောဆောင်တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေရှာကြရန်၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကူညီမှုကိုရယူပြီး ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ညှိနှိုင်းပေးရန်၊ အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများပေးသွားရန်နဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး ပြည်တွင်းက သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့တွေ့ဆုံရန် တို့ ဖြစ်ပါတယ်။

    ဒီအချက်ငါးချက်နဲ့အာဆီယံကတောင်းဆိုတဲ့ခရီးစဉ်တွေကို လက်ခံခွင့်ပြုဖို့ဆိုတာတွေနဲ့ပတ်သက်လို့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနဲ့ အကျိုးစီးပွားပေါ်မူတည်ပြီးမှ စဉ်းစားမှာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားပါတယ်။

    ASEAN Leaders' Meeting

    ဓာတ်ပုံ ရင်းမြစ်, ASEAN Secretariat office

    ဓာတ်ပုံ ပုံစာ, ASEAN Leaders' Meeting
  5. ဖမ်းဆီးခံ ဒီဗီဘီသတင်းထောက်တွေအရေး စဉ်းစားပေးနေတယ်လို့ ထိုင်းပြော

    ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သတင်းထောက် ၃ ဦးနဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးဟာ ချင်းမိုင်မြို့က တရားရုံးတစ်ရုံးမှာ တရားရင်ဆိုင်နေရပါတယ်။

    မေလ ၉ ရက် တနင်္ဂနွေနေ့တုန်းက ထိုင်းအာဏာပိုင်တွေ ပြုလုပ်တဲ့ ရှာဖွေမှုတစ်ခုအတွင်းမှာ သူတို့တွေ ဖမ်းဆီးခံခဲ့ရတာပါ။

    လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ သူတို့အတွက် လူသားချင်းစာနာမှုရှုထောင့်ကနေ ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတာ ညှိနှိုင်းအဖြေရှာနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

    ဒီဗီဘီ သတင်းဌာနကတော့ ဒီသတင်းထောက်တွေဟာ မတ်လ ၈ ရက်မှာ စစ်ကောင်စီက ဌာနရဲ့ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်ကို ပြန်မရုတ်သိမ်းခင်အထိ ဆန္ဒပြသတင်းတွေကို သတင်းရယူဖော်ပြခဲ့ကြသူတွေဖြစ်လို့ သူတို့ကို မြန်မာပြည်ထဲကို ပြန်ပို့မယ်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတွက် မြန်မာပြည်ထဲ ပြန်မပို့ဖို့ ထိုင်းအာဏာပိုင်တွေကို အလေးအနက်တိုက်တွန်းထားပါတယ်။

    ဒါ့ပြင် ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့လည်း သတင်းထောက်တွေဘေးကင်းရေးအတွက် ကူညီဆောင်ရွက်ပေးဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီသတင်းထောက်တွေ နေရပ်ပြန်ပို့မခံရရေး ထိုင်းအာဏာပိုင်တွေကို ကူညီတောင်းဆိုဖို့ ဌာနဘက်က တောင်းဆိုထားတာကိုတွေ့ရပါတယ်။

    ဖမ်းဆီးခံ ဒီဗီဘီသတင်းထောက်တွေအရေး စဉ်းစားပေးနေတယ်လို့ ထိုင်းပြော

    ဓာတ်ပုံ ရင်းမြစ်, DVB

  6. ကျောင်းသားဗီဇာ လူတွေ့မေးမြန်းတဲ့၀န်ဆောင်မှုပြန်စမယ်လို့ အမေရိကန်သံရုံးကြေညာ

    ၁ နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ ကျောင်းသားဗီဇာရရှိရေး လူတွေ့မေးမြန်းတဲ့ဝန်ဆောင်မှုတွေကို ပြန်စတော့မယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီနေ့ မေလ ၁၁ ရက် မနက်ပိုင်းမှာပဲ ကြေညာလိုက်ပါတယ်။

    ကျောင်းသားဗီဇာလျှောက်ထားသူတွေ လူတွေ့ဗီဇာဖြေဆိုနိုင်ဖို့ သံရုံးမှာရှိတဲ့ကောင်စစ်ဌာနကို အခုလ ကုန်ပိုင်းမှာ ပြန်ဖွင့်သွားမယ်လို့ ကြေညာတာပါ။

    မြန်မာကျောင်းသားတွေဟာ အမေရိကန်မှာ ပညာသင်ယူနိုင်ခွင့်အတွက် တိုက်တန်ကြသလို သံရုံးအနေနဲ့လည်း ယဉ်ကျေးမှုနဲ့ပညာရေးဖလှယ်တဲ့အစီအစဉ်တွေကနေတဆင့် အနာဂတ်ကောင်းတွေ ပေါ်ထွန်းလာကြဖို့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

    အမေရိကန်သံရုံးဟာ ကျောင်းသားဗီဇာအတွက် လူတွေ့မေးမြန်းတာတွေကို ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ မတ်လကတည်းက ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲမှာလည်း ကိုဗစ်ရောဂါ ပျံနှံ့မှုအခြေအနေ စိုးရိမ်စရာဖြစ်နေသေးပေမဲ့ ကျောင်းသားဗီဇာမေးမြန်းမှုတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန လမ်းညွှန်ချက်အသစ်တွေဆက်လုပ်သွားမယ်လို့ဆိုပါတယ်။

  7. မြိုင်မှာပြုလုပ်တဲ့ အကြမ်းဖက်ဖြိုခွင်းခံရမှု ၂ လပြည့် ဝမ်းနည်းခြင်း သပိတ်

    မြိုင်မှာပြုလုပ်တဲ့ အကြမ်းဖက်ဖြိုခွင်းခံရမှု ၂ လပြည့် ဝမ်းနည်းခြင်း သပိတ်

    ဓာတ်ပုံ ရင်းမြစ်, cj

    မကွေးတိုင်းထဲက မြို့မြို့နယ်မှာတော့ နယ်ခံတွေ၊ ပညာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ မြိုင်မြို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရမှု ၂ လပြည့် ဝမ်းနည်းသပိတ်ကို ဒီနေ့ မေလ ၁၁ ရက်မှာ ပြုလုပ်သွားပါတယ်။

    မြို့နယ်မြောက်ပိုင်းက ဒေသခံတွေက ကျေးရွာတွေဘက်ကို ဆင်းပြီး အခုလို ဆန္ဒပြခဲ့ကြတာပါ။

    မြိုင်မှာ မတ်လ ၁၁ ရက်တုန်း မြို့ပေါ်မှာပြုလုပ်တဲ့လူထုစုပေါင်းသပိတ်ကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းလို့ အရပ်သား ၆ ဦးသေဆုံးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာ မြို့တွင်းလုံခြုံရေးတင်းကြပ်တာနဲ့စစ်ဆေးတာတွေကြောင့် ကျေးရွာတွေနဲ့မြို့ပေါ်က လူတွေ ပူးပေါင်းပြီး စုပေါင်း သပိတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ပြုလုပ်နေကြတာဖြစ်ပါတယ်။

  8. ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

    ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့ထဲမှာရှိတဲ့ ဘုမ္မော်ရပ်ကွက်မှာ ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အား (၄၀)ကျော်နဲ့ လာရောက်ဖြိုခွင်းလို့ လူငယ် ၁၃ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

    ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ လာဖြိုခွင်းတာဖြစ်ပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    "ရာဘာကျည်မှန်တာ ၅ယောက်လောက်ရှိတယ်၊ အဖမ်းခံရတဲ့သူတွေအကုန်လုံးကလည်း လူငယ်တွေချည်းပဲ၊ ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းသားတယောက်ကိုတော့ အိမ်စီးကားနဲ့ဝင်တိုက်ပြီးဖမ်းသွားတာ။ သူတို့က စစ်သားရော ရဲရောအပြင် အရပ်ဝတ်တွေနဲ့ပါ ရပ်ကွက်ကို ပိတ်ပြီးဖမ်းတာ။" လို့ သပိတ်ဦးဆောင်သူတဦးက ဘီဘီစီကိုပြောပါတယ်။

    အဖမ်းခံရသူတွေကို ဘယ်နေရာကိုခေါ်ဆောင်သွားလဲဆိုတာ အခုချိန်ထိ မသိရသေးဘူးလို့ဆိုပါတယ်။

  9. ဟိုပင်မှာ စစ်တပ်မေးမြန်းတာခံခဲ့ရတဲ့ တိမွေးကုဆရာဝန်အလောင်းကို လမ်းဘေးမှာ ပြန်တွေ့

    ကချင်ပြည်နယ်ထဲက ဟိုပင်မြို့မှာ ပြီးတဲ့တဲ့မေလ ၈ ရက်ညနေပိုင်းတုန်းက ရေပူစမ်းမှာ ရေချိုးဖို့ ထွက်သွားတဲ့ တိရိစ္ဆာန်ဆေးကု ဆရာဝန်ဒေါက်တာ ဆိုင်းကွမ်းဆိုင်ရဲ့အလောင်းကို မေလ ၉ ရက်မှာ နုန်းကျိုကျေးရွာနဲ့ ဟိုပင်ကြားလမ်းခွဲမှာ မျက်နှာသေနတ်ဖောက်ဝင်ဒဏ်ရာနဲ့အတူ နှိပ်စက်ထားတဲ့ခြေရာ လက်ရာတွေနဲ့ ပြန်တွေ့ခဲ့တယ်လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။

    ''ကျတော့်သားက ၈ ရက်နေ့ ညနေ ၄ နာရီလောက် ရေပူစမ်းသွားချိုးတယ်ခင်ဗျ။ အချိန်လွန်ပြီးမှ ပြန်လာတဲ့ အခါကျတော့ ကျတော်တို့ ဟိုပင်ဒေသ ၃၈၉ တပ်ရင်းရှိတယ်။ လမ်းဘေးနားမှာ။ အဲဒါ အချိန်လွန်တယ်ဆိုပြီးတော့မှ ဖမ်းဆီးပြီးတော့မှ ရိုက်နှက်စစ်ဆေးတယ်ပေါ့ဗျာ။ အုပ်ချုပ်ရေးမှူးက မနက်ပိုင်းမှာ ကျတော်ဆီဖုန်းဆက်တော့ ခင်ဗျားသားက ဟိုမှာ သေလားရှင်လားမသိဘူးတဲ့။ လမ်းဘေးနားမှာအပစ်ထားခံရတဲ့။ အဲတော့ ကျတော်တို့ သွားကြည့်တော့ လမ်းဘေးနားမှာ သေနေတဲ့အနေအထားနဲ့တွေ့ရတယ်'' လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

    ဒဏ်ရာတွေကိုကြည့်တဲ့အခါ ရိုက်နှက်ခံထားရလို့ မျက်လုံးတွေဖူးရောင်ပြီး ခြေသလုံးနဲ့ ကိုယ်လုံးမှာ အညိုအမည်းစွဲနေတာ၊ ကြိုးတုပ်ခံခဲ့ရတာတွေကိုတွေ့ခဲ့ရသလို ညာဘက်ပါးကနေပစ်လို့ ဘယ်ဘက်ပါးကနေ ဖောက်ထွက်သွားတဲ့ လက်နက်ငယ်နဲ့အနီးကပ်ပစ်ထားတဲ့ သေနတ်ကျည်ဒဏ်ရာကိုလည်းတွေ့ခဲ့ရတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

    ဒါနဲ့ မေလ ၁၀ ရက်မှာ တပ်ရင်းကို သွားတဲ့အခါမှာ မေးမြန်းထုရိုက်တာမှန်ပေမဲ့ သေနတ်နဲ့ပစ်တာတော့ မလုပ်ရပါဘူးဆိုပြီး အရာရှိက ပြန်ဖြေခဲ့တယ်လို့ ဖခင်ဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

    ဒေါက်တာစိုင်းကွမ်းဆိုင် အခုလို အသတ်ခံရတဲနေရာဟာ လူဆိုးလူမိုက်မရှိတဲ့နေရာဖြစ်နေတာ၊ သေဆုံးသူမှာ ရန်သူမရှိတာ၊ သေဆုံးသူနဲ့အတူ မှတ်ပုံတင်ပါသွားတာ၊ တပ်အနီးနားမှာဖြစ်ခဲ့တာတွေကြောင့် မိသားစုကတော့ စစ်တပ်လက်ချက်နဲ့သေဆုံးတာလို့ ယူဆနေပါတယ်။

    အသက် ၄၀ အရွယ်ရှိဒေါက်တာ စိုင်းကွမ်းဆိုင်နေရပ်ဟာ မြို့နဲ့အလှမ်းဝေးတာကြောင့် သူဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်သူမဟုတ်ဘဲ မိသားစုအလုပ်တွေပဲ လုပ်ကိုင်နေသူလို့ မိသားစုကပြောပါတယ်။

    ဟိုပင်မှာ ဆန္ဒပြလှုပ်ရှားမှုမှာ မပါဘဲ အပြစ်မဲ့အရပ်သား တစ်ယောက်သေဆုံးရတာ ဒါဟာ ဒုတိယမြောက်ဖြစ်ပါတယ်။

    မတ်လ ၂၇ ရက်နေ့တုန်းကလည်း အဆောက်အအုံတစ်ခုပေါ်မှာ ပန်းရံလုပ်နေတဲ့ ကိုဝင်းကျော်စိုး ဆိုသူဟာ ရဲနဲ့စစ်တပ်ပစ်ခတ်တဲ့ကျည်ဆန်ထိမှန်ပြီး သေဆုံး ခဲ့ရပါသေးတယ်။

    ဟိုပင်မှာ စစ်တပ်မေးမြန်းတာခံခဲ့ရတဲ့ တိမွေးကုဆရာဝန်အလောင်းကို လမ်းဘေးမှာ ပြန်တွေ့

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. တန့်ဆည်အနီး မဟာမြိုင်တောအဝင်မှာ စစ်ကောင်စီတပ်တွေ အတိုက်ခံရ၊ ၃ ဦးသေဆုံးလို့ တန့်ဆည် PDFကပြော

    တန့်ဆည်မြို့ အနီး မဟာမြိုင်တော မယ်တော်ကြီး‌ကွေ့မှာ မေလ ၁၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တန့်ဆည် PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    တန်ဆည်မြို့အနီး ကံထူးမ တိုက်နယ်ကျေးရွာမှာ တန့်ဆည်က သပိတ်ခေါင်းဆောင်တွေ ရှိတယ်ဆိုပြီး စစ်ကောင်စီတပ်တွေက ဝင်ပြီးရှာဖွေပြီးနောက် မဟာမြိုင်တောဘက်ကို သူတို့ခရီးဆက်အထွက်မှာ တန့်ဆည် PDF က ပြောက်ကျားတိုက်ခိုက်ခဲ့တာလို့လည်း တန့်ဆည် PDF အဖွဲ့ ကပြောပါတယ်။

    မဟာမြိုင်စခန်းကို တန့်ဆည်နယ် ကံထူးမ ရွာကနေ ဆက်ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ညနေ ၇ နာရီမထိုးခင်က တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ လက်လုပ်မိုင်း တူမီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

    အနည်းဆုံး အင်အား ၁၃၀ ကျော်ပါတဲ့ ယာဥ်တန်းကို တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက် အနည်းဆုံး ၃ ဦး ခန့်သေဆုံးခဲ့ပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့လည်းပြောပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Cj

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. ကနီ ‌သမင်ခြံရွာဒေသခံ ၁၄ ဦးကို စစ်ကောင်စီဖမ်းသွား

    ချင်းတွင်းမြစ်အတွင်းတိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကနီမြို့နယ်အတွင်းကျေးရွာတွေကို မေလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ကုန်လမ်းတွေကနေ ဝင်ရောက်ရှာဖွေနေပြီး ကနီမြို့နယ် သမင်ခြံရွာ အနောက်တောပြင် ရှိ ဒေသခံ (၁၄) ဦး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ကနီဒေသခံတွေကပြောပါတယ်။

    ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး လည်းမသိရသေးကြောင်းလည်း သူတို့ကပြောပါတယ်။

    စစ်သားအင်အား ၃၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ထရော်ကျင်းရွာဘက်ကနေ ချောင်းမဘက်ကို သွားနေပြီး စစ်ကြောင်းသွားနေစဥ် ဒရုန်းတွေ အသုံးပြုပြီး သွားလာနေတယ်လို့လည်းပြောပါတယ်။

    ချင်းတွင်းမြစ်အတွင်းမေလ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့အပြီးမှာ ဒေသအတွင်း ကင်း၊ယင်း၊မိချောင်းတွင်းစတဲ့ကျေးရွာတွေအပါအဝင် ‌ကျေးရွာအများစု က ဒေသခံတွေ စစ်ဘေးရှောင်နေကြပြီး ကနီဒေသအတွင်းစစ်ဘေးရှောင်သူ အရေအတွက် ၃၀၀၀ ကျော်ရှိတယ်လိုဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

    ကနီ နယ်ကျေးရွာတွေက စစ်ဘေးရှောင်သူ အချို့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကနီ နယ်ကျေးရွာတွေက စစ်ဘေးရှောင်သူ အချို့
  12. တောင်တွင်းကြီး မြို့နယ်ထဲက ဆန္ဒပြတဲ့ကျေးရွာ အချို့မှာ ဝင်ရောက် ဖမ်းဆီး

    တောင်တွင်းကြီး မြို့နယ်ထဲက ဆန္ဒပြတဲ့ကျေးရွာ အချို့ကို အာဏာသိမ်းစစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့ တောင်တွင်းကြီးမြို့နယ် စည်သာကြီးကျေးရွာက ဒေသခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလကစလို့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ အနည်းဆုံး လူ၂၀ ဦးခန့်ဖမ်းခံခဲ့ရပြီး နေအိမ်တွေထဲကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေရှိခဲ့ကြောင်းလည်းသူကပြောပါတယ်။

    စည်သာကြီးကျေးရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာ၃ ရွာက လူတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြပြီးတော့ ရွာထဲမှာတော့ တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။

    ရွာထဲမှာ စစ်တပ်က တပ်စွဲထားသလို ရွာသားတွေ သွားလာမှုတွေကိုစောင့်ကြည့်နေတာကြောင့် အများစုရွာကို မပြန်ရဲဘဲ စိုးရိမ်မှုတွေရှိနေတယ်လို့ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Cj

  13. KNU ဥက္ကဋ္ဌ က မြန်မာ့အရေး တွေ့ဆုံဆွေးနွေးသင့်ကြောင်းပြော

    No Tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    လက်ရှိ မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲ အချိန်မှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးရေး လမ်းစဥ်ကို သွားသင့်တယ်လို့ ကေအန်ယူ ကရင့် အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုးကပြောပါတယ်။

    နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့သာ အဖြေရှာသွားမယ်လို့ ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက မေလ ၁၀ ရက်က လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

    မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ အခြေအနေတစ်ခုဖြစ်နေပြီး ဒီအခြေအနေမှာ နိုင်ငံရေး ပြဿနာကို လက်နက်ကိုင် နည်းလမ်းနဲ့ ဖြေရှင်ရေး ကြိုးပမ်းနေတာကို ဝမ်းနည်းဖွယ် တွေ့မြင်နေရ ကြောင်းလည်းသူ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    စစ်ရေးက နိုင်တဲ့သူတွေကို ရှုံးတဲ့သူက ပြန်ချမှာပဲ အရှုံးအနိုင်မဟုတ်တဲ့ အားလုံးနိုင်တဲ့ တွေ့ဆုံရေးကို သွားသင့်တယ်လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

    တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကို တတ်နိုင်သမျှ ထည့်သွင်းစဥ်းစားသွားပါမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုပြောခဲ့ပါတယ်။

    ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီက အခုလိုပြောတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေးကိုပြောတာလား၊ရွေးကောက်ပွဲ မဲလိမ်လို့ဆိုပြီး အာဏာသိမ်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ဆွေးနွေးရေးကို ပြောတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရကြောင်းလည်း နိုင်ငံရေးလေ့လာသူ တစ်ဦးကပြောပါတယ်။

    (KNU) ကတော့ NCA မူဘောင်တွေကို လိုက်နာပြီး ဆက်လက်ကျင့်သုံးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၂၀ ခုနှစ် အတွင်းက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းကို လက်မှတ်ရေးထိုးစဥ်
    ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ် အတွင်းက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းကို လက်မှတ်ရေးထိုးစဥ်
  14. ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်‌မူ တစ်သိန်းကို ရှစ်ထောင်အထိစျေးတက်

    ဘဏ်တွေကနေ ငွေသားထုတ်ယူဖို့ ခက်ခဲလာတဲ့ အချိန်မှာ လိုအပ်တဲ့ ငွေသားပမာဏကို ရာခိုင်နှုန်းပေးပြီး လဲလှယ်ရတဲ့ တရားမဝင် ဈေးကွက်ကြီးက ပိုပြီးအားကောင်းလာပါတယ်။

    ဒီကနေ့ မေလ ၁၀ ရက်နေ့ဆိုရင် အဲဒီဈေးကွက်မှာ လဲလှယ်ခက ၈ ရာခိုင်နှုန်း အထိဖြစ်လာပါတယ်။

    သဘောကတော့ ဘဏ်စာရင်းကနေ ငွေကျပ် တစ်သိန်းလဲရင် လဲလှယ်ခ ကျပ်၈၀၀၀ပေးရတာဖြစ်ပါတယ်။

    လူတွေ အနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ သူတို့ အပ်နှံထားတဲ့ငွေတွေကို ပြန်ထုတ်ဖို့ခက်လာတဲ့ အချိန်မှာ ပြင်ပဈေးကွက်မှာ ရာခိုင်နှုန်း နဲ့ ငွေသားလဲလှယ်လာကြပါတယ်။

    လဲလှယ်မှုပုံစံကတော့ လဲလှယ်လိုတဲ့ ငွေပမာဏကို ငွေသားပေးမယ့်သူဆီကို ကိုယ်ပိုင်ဘဏ်စာရင်းကနေ မိုဘိုင်းဘဏ်ကင်း ကတစ်ဆင့် လွှဲပေးပြီး ငွေသားပမာဏကို ရာခိုင်နှုန်း နဲ့ပေးပြီး လဲကြတာပါ။

    အဲဒီ ဈေးကွက် စတင်ကာခါစအချိန်ကတော့ ကျပ် ၁၀၀ ကို ၄ ရာခိုင်နှုန်းပါ။ ဒါပေမဲ့ ‌လူတွေကြား မှာ ငွေသားရှားပါးမှုပြသာနာကြီးလာတဲ့ အချိန်မှာတော့ ဒီနေ့ဆို ကျပ် ၁၀၀ ကို ၈ ရာခိုင်နှုန်း အထိဖြစ်လာပါတယ်။

    ဗဟိုဘဏ်ကတော့ ဒါဟာတရားမဝင်ဈေးကွက်ဖြစ်လို့ ဥပဒေအရအရေးယူနိူင်တယ်လို့ ကြေညာထားပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. ရန်ကုန်ရွှေစျေး ၁၆ သိန်းနားကပ်

    ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်း YGEAက ဒီကနေမေလ ၁၀ ရက်နေ့ ညနေပိုင်း စျေးအပိတ် ထုတ်ပြန်တဲ့ သတင်းအရ ရန်ကုန်ရွှေစျေး အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၁၅ သိန်း ၉သောင်း ငါးထောင် နဲ့ စျေးဖွင့်ခဲ့ပြီး ၁၆ သိန်းနားအထိကပ်လာပြီဖြစ်တယ်လို့ ရန်ကုန်ဒေသခံတွေကပြောပါတယ်။

    ဒါဟာ မြန်မာနိုင်ငံမှာ အခုရက်ပိုင်းမှာ ဖြစ်လာတဲ့ အမြင့်ဆုံး‌ရွှေစျေးဖြစ်ပြီးတော့ ထပ်ပြီးတက်နိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ လည်းသူတို့ကပြောပါတယ်။

    ဘဏ်တွေမှာငွေထုတ်ဖို့ အခက်အခဲတွေရှိလာပြီးနောက်ပိုင်းမှာရွေစျေးတွေက လည်း အဝယ်များလာသလိုပြောင်းလဲလာခဲ့ပါတယ်။

    ရွေစျေးအပြောင်းအလဲများလာတဲ့အတွက် ရန်ကုန်မြို့ ရွှေဘုံသာလမ်းက အခေါက်ရွှေရောင်း၀ယ်ရေး ဆိုင်အချို့အခြေအနေ အမျိုးမျိုးကြောင့်ဆိုပြီး ခေတ္တခဏပိတ်ထားကြောင်း အသိပေးထားတယ်လို့လည်းရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

    ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကတော့ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၄ သိန်း ရှစ်သောင်းစျေးဖွင့်ခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, YGEA

  16. ရန်ကုန်မှာ အေတီအမ်ကနေ ငွေထုတ်ဖို့ တန်းစီသူတွေပိုများလာ

    ဘဏ်အချို့က အေတီအမ်ကနေ‌ငွေသားထုတ်ယူနိုင်တဲ့ ပမာဏကို ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံလျှော့ချလိုက်ပြီးနောက်မှာ ရန်ကုန်မှာ ‌ငွေထုတ်ဖို့ တန်းစီသူတွေပိုများနေသလို ငွေထုတ်ဖို့ ခက်ခဲနေဆဲ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ မေလ ၈ရက်နေ့က ကမ္ဘောဇဘဏ်ကနေ အေတီအမ် တစ်ကဒ်ကို နှစ်သိန်းနဲ့k pay က နှစ်သိန်း စုစုပေါင်း တစ်ပတ်ကို ၄ သိန်းသာ ထုတ်ယူခွင့်ပြုမယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

    အေတီအမ် တန်းစီသူတွေဟာ မနက် ၄ နာရီ သက်ဆိုင်ရာဘဏ်ကို အရောက်သွားပြီး ငွေထုတ်ဖို့ အတွက် နာရီပေါင်းများစွာတန်းစီစောင့်ဆိုင်းနေရတယ်လို့ လည်းရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    အခုလို ငွေထုတ်ယူဖို့ခက်ခဲလာတာဟာ နယ်မြို့တွေအထိ ပျံ့နှံ့နေပြီးနယ်မြို့တွေမှာ အေတီအမ်ရှေ့မှာ တန်းစီနေရတယ်လို့ ရခိုင်ပြည်နယ်သံတွဲမြို့ခံတွေကနေ တစ်ဆင့်သိရပါတယ်။

    အဲ့ဒီနောက် ငွေအပိုယူပြီး ဘဏ်တွေကနေ ငွေထုတ်တဲ့ ဝန်ဆောင်မှုတွေက နေ အရင် ၃ ရာခိုင်နူန်းက နေ ၈ ရာခိုင်နူန်း အထိဖြစ်သွားသလို့ ငွေသားအပြင်မှာ ရှားပါးမှုပိုများလာနေတယ်လို့ လည်းပြောပါတယ်။

    ရန်ကုန်က အေတီအမ်စက် တစ်ခုမှာ တန်းစီနေတဲ့လူတန်းကိုတွေ့ရစ်

    ဓာတ်ပုံ ရင်းမြစ်, WSO

    ဓာတ်ပုံ ပုံစာ, ရန်ကုန်က အေတီအမ်စက် တစ်ခုမှာ တန်းစီနေတဲ့လူတန်းကိုတွေ့ရစ်
  17. အတိုင်ပင်ခံနဲ့ သမ္မတတို့ရဲ့အမှုတွေကို သီးသန့်တရားခွင်တရားရုံးတွေမှာ ဆက်စစ်ဆေးမယ်

    ၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲမှာတွေ့ရတဲ့ အတိုင်ပင်ခံနဲ့ သမ္မတ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲမှာတွေ့ရတဲ့ အတိုင်ပင်ခံနဲ့ သမ္မတ

    စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်နဲ့ သမ္မတဦး ဝင်းမြင့်တို့ရဲ့အမှုတွေကို သီးသန့်တရားခွင်တရားရုံးတွေမှာ ဆက်စစ်ဆေးဖို့ တရားသူကြီးက ဒီနေ့ မေလ ၁၀ ရက်ရုံးချိန်းမှာပြောလိုက်တယ်ဆိုပြီး အမှုတွေ အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးရက ပြောပါတယ်။

    အမှုသည်ရှေ့နေတွေဘက်က တောင်းဆိုထားတဲ့ ရှေ့နေနဲ့အမှုသည်တွေ့ဆုံခွင့်အတွက် သက်ဆိုင်ရာထိန်းသိမ်းထားတဲ့ရဲတပ်ဖွဲ့နဲ့ ရှေ့နေတို့ ဆက်လက် ဆောင်ရွက်နေတဲ့အခြေအနေအတွက် ဒီနေ့ရုံးချိန်ကို ချိန်းဆိုထားတာဖြစ်ပါတယ်။

    ဒါပေမဲ့ တရားသူကြီးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်အမိန့်ကို ဖတ်ပြပြီး ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်းမှာရှိတဲ့ သီးသန့်တရားခွင် တရားရုံးမှာ နောက်ရုံးချိန်းတွေကို ဆက်လက်စစ်ဆေးသွားဖို့ ပြောခဲ့တဲ့ အကြောင်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ''တရားသူကြီးကတော့ ဆက်ပြောပါတယ်။ ဒီလိုဖြစ်တဲ့အတွက်မို့လို့ instruction ယူဖို့၊ အမှုသည်နဲ့ရှေ့နေနဲ့တွေ့ပြီးတော့ အချက်အလက်ရယူဖို့ အနေအထားအဆင်ပြေမယ်လို့ ထင်ပါတယ်ဆိုပြီး ပြောတဲ့အခါမှာ ဒေါ်အောင် ဆန်းစုကြည်က ဒါပေမဲ့ အချက်အလက်ရယူဖို့ ကျမတို့ကို သီးသန့်တွေ့ခွင့် ပေး၊ မပေးဆိုတာကို မသိရသေးဘူးပေါ့လို့ မေးပါတယ်။ ဒီတော့ ရဲတပ်ဖွဲ့က သူတို့ အထက်အဆင့်ဆင့်ကို တင်ပြထားပါတယ်။ နောက်ထပ်တစ်ခုတိုးလာတာက အမြန်ဆုံး ဆောင်ရွက်ပေးနေပါတယ်'' လို့ ပြောသွားတဲ့အကြောင်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဒါ့ပြင် ရုံးချိန်းမတိုင်ခင်တုန်းကတော့ ရှေ့နေတွေရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့တာရှိပြီး တွေ့ခွင့်ရဖို့ ဆောင်ရွက်ပြီးတဲ့အခါ ရှေ့နေတွေကို ဆက်သွယ်မယ်လို့ပြောခဲ့တဲ့အကြောင်း သူက ဆက်ပြောပြပါတယ်။

    နောက်တစ်ခေါက် ရုံးချိန်းကို မေလ ၂၄ ရက်မှာပြုလုပ်မှာ ဖြစ်ပြီး အဲဒီအခါ မှုခင်းစီမံခန့်ခွဲမှု (CMP) လို့ခေါ်တဲ့ အမှုကို ရိုးရှင်းတဲ့အမှုလား ဘယ်လိုအမှုမျိုးဖြစ်တယ်ဆိုတာကို သတ်မှတ်ပြီး ဘယ်နေ့မှာ ဘာလုပ်မယ်ဆိုတာကို နှစ်ဖက်အမှုသည်တွေ၊ ရှေ့နေတွေ၊ အကျိုးဆောင်တွေနဲ့ တရားသူကြီးတို့ ဆွေးနွေးကြတဲ့ အဆင့်ဖြစ်နိုင်တယ်လို့ ဒေါ်မင်းမင်းစိုးက ယူဆပါတယ်။

    ဒီနေ့ ရုံးချိန်းမှာ အတိုင်ပင်ခံနဲ့ သမ္မတဦးဝင်းမြင့်တို့အပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုလည်း ဗီဒီယိုကွန်ဖရန့်ဇင်းနဲ့ ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နေအိမ်ကို ဝင်ရောက်ရှာဖွေချိန် စကားပြောစက်တွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ခွင့်ပြုချက်မရဘဲ တင်သွင်းခဲ့တယ်လို့ စွပ်စွဲပြီး သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ နဲ့ အရင်ဆုံး တရားစွဲခဲ့ပါတယ်။

    အဲဒီနောက် ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးရေးယာဉ်တန်းကို ကြိုဆိုခဲ့မှုနဲ့ ကိုဗစ်ဆိုင်ရာ စည်းမျည်းစည်းကမ်းတွေ ချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၂၅ နဲ့ ထပ်တိုးအမှုဖွင့်ခံခဲ့ရပါတယ်။

    အဲဒီနောက် မတ်လ ၁ ရက်နေ့ ရုံးချိန်းမှာတော့ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေး ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့ ထပ်မံ တရားစွဲခံခဲ့ရပါတယ်။

    ဒါ့အပြင် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုဖွင့်ထားရသလို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မနောက် တစ်ခုနဲ့လည်း တရားစွဲခံနေရပါတယ်။

    သမ္မတဦးဝင်းမြင့်ကတော့ ဘဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲခဲထားရသလို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကတော့ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံထားရပါတယ်။

  18. အာဏာသိမ်းရက် ၁၀၀ ပြည့်ခါနီးမှာ အရပ်သားသေဆုံးသူ ၇၈၀ အထိရှိလာ

    အာဏာသိမ်းရက် ၁၀၀ ပြည့်ခါနီးမှာ အရပ်သားသေဆုံးသူ ၇၈၀ အထိရှိလာ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ရက် ၁၀၀ ပြည့်ဖို့ ကပ်လာချိန်မှာပဲ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးရတဲ့အရပ်သားအရေအတွက်ကလည်း ၇၈၀ အထိရှိလာတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေက ဖော်ပြနေပါတယ်။

    မေလ ၃ ရက်ကနေ ၉ ရက်အထိ သေဆုံးတဲ့အရပ်သား ၆ ဦးရှိပြီး အဲဒီထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ညအချိန်လာဖမ်းသွားအပြီး မနက်အရောက်မှာ မိသားစုက အလောင်းပဲ ပြန်ရတဲ့ ပုလဲနယ်က ကဗျာဆရာခက်သီ ခေါ် ဦးဇော်ထွန်းနဲ့ ဦးခေါင်းကို အပစ်ခံရပြီးသေဆုံးခဲ့တဲ့ မြင်းခြံမြို့အနီး လယ်သစ်ရွာက အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ်တို့လည်း ပါဝင်ပါတယ်။

    ပုလဲလူထုလှုပ်ရှားမှုတွေမှာပါဝင်တဲ့ ကဗျာဆရာခက်သီဟာ ဖမ်းဝရမ်းအထုတ်ခံရတာ၊ ဖမ်းမယ်ဆိုတဲ့သတင်းတွေ ထွက်တာမျိုးမရှိဘဲ နေအိမ်ကနေ မေလ ၈ ရက်ညက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါးရဲ့လာရောက်ဖမ်းဆီးတာခံခဲ့ရတာပါ။

    နောက်တနေ့မနက်မှာ သူ့ကို မုံရွာဆေးရုံကြီးမှာ သွားတွေ့လို့ရတယ်ဆိုလို့ ကုလို့ရသေးတယ်ဆိုတဲ့ မျှော်လင့် ချက်နဲ့ ဆေးရုံကို သွားခဲ့ပေမဲ့ ခက်သီရဲ့အလောင်းကိုပဲ ရခဲ့တယ်လို့ ဇနီးသည်က ဘီဘီစီကို ပြောထားပါတယ်။

    ဆေးစာမှာတော့ နှလုံးအဆို့ရှင် ချို့ယွင်းတယ်ဆိုပြီး ရေးထားတာမျိုးမြင်ရပေမဲ့ ကဗျာဆရာခက်သီဟာ ရောဂါအခံမရှိသူဖြစ်သလို အလောင်းအိမ်ပြန်သယ်ချိန်သေချာကြည့်တဲ့အခါ ဦးခေါင်းနဲ့ခြေလက်တွေမှာ ဒဏ်ရာတွေရှိနေတယ်လို့လည်း ဇနီးသည်က ပြောထားပါတယ်။

    နောက် မေလ ၇ ရက်က သေဆုံးခဲ့သူတွေထဲမှာ မြင်းခြံမြို့အထွက် လယ်သစ်ရွာမှာနေထိုင်သူ အသက်မပြည့်သေးတဲ့ မောင်ဖိုးချစ်လည်း ပါဝင်ပါတယ်။

    အဲဒီနေ့က ရွာထဲက အုပ်ချုပ်ရေးမှူးအိမ် လက်လုပ်မိုင်းပစ်ခံရပြီး စစ်ကောင်စီတပ်တွေရောက်လာတော့ မောင်ဖိုးချစ်တစ်ယောက် စစ်သားမြင်လို့ ထွက်ပြေးချိန် အပစ်ခံရပြီး သေဆုံးခဲ့တာလို့ ရွာခံတွေက ပြောပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အဲဒီနေ့က မသင်္ကာလို့ မောင်ဖိုးချစ်ကို ရပ်ခိုင်းပေမဲ့ မရပ်လို့ ပစ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့မောင်ဖိုးချစ်ဟာ မြင်းခြံဆေးရုံမှာ ကုသမှုခံယူနေချိန် သေဆုံးခဲ့တာလို့ နိုင်ငံပိုင်သတင်းစာကနေ သတင်းထည့်ပါတယ်။

    ဒါ့အပြင် မောင်ဖိုးချစ်နဲ့အတူ ဓားရှည်တစ်လက်နဲ့ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးလည်း တွေ့ခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

    မောင်ဖိုးချစ်ကို သိကြတဲ့ရွာခံတွေကတော့ မောင်ဖိုးချစ်ဟာ ဆန္ဒပြပွဲတောင် လိုက်တဲ့သူမဟုတ်ဘူးဆိုပြီး ပြောဆိုနေကြပါတယ်။

    ဒါ့ပြင် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၅၄၀ ဦးအထိရှိပြီး အဲဒီထဲမှာ နာမည်ကြီးအနုပညာရှင်တွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေ အပါအဝင် သာမန်အရပ်သူ အရပ်သားတွေလည်း ပါဝင်ပါတယ်။

  19. မင်္ဂလာဒုံမှာ ဆန္ဒပြစာတန်းရေးဆွဲချိန် လိုက်လံဖမ်းဆီးခံရသူတွေထဲက လူငယ် ၂ ဦး အဆက်အသွယ်ပြတ်နေဆဲ

    မင်္ဂလာဒုံမှာ ဆန္ဒပြစာတန်းရေးဆွဲချိန် လိုက်လံဖမ်းဆီးခံရသူတွေထဲက လူငယ် ၂ ဦး အဆက်အသွယ်ပြတ်နေဆဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ထဲက လမ်းမတစ်ခုပေါ် လူငယ်တစ်ချို့က မေလ ၉ ရက် မနက်လင်းပိုင်းမှာ ဒီမိုကရေစီအလိုရှိသည်ဆိုတဲ့ စာတန်းရေးဆွဲနေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး လိုက်လံဖမ်းဆီးမှုပြုလုပ်ခဲ့တာကြောင့် ထွက်ပြေးချိန် လူစုကွဲ သွားတဲ့ လူငယ် ၂ ဦးကို မိသားစုက အဆက်အသွယ်မရသေးဘူးလို့ ထွက်ပြေးခဲ့ရတဲ့လူငယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မင်္ဂလာဒုံထဲက လူငယ် ၇ ဦးက ၁၂ လမ်းမှတ်တိုင် လမ်းမပေါ်မှာ စာတန်းရေးနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွရောက်လာလို့ ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

    ''မနက် ၄ နာရီကျော်ကျော်လောက်မှာ ကျတော်တို့ စာတန်းစရေးတယ်။ ၅ နာရီလောက်ကျတော့ သူတို့ရောက်ချလာတယ်။ အဲဒီမှာ လိုက်ဖမ်းတော့ ကျနော်နဲ့အတူပြေးတဲ့ကောင်လေးက ပန်းနာရင်ကျပ်သည်။ ပြေးရင်း နောက်က သေနတ် လေးငါးချက်ဖောက်သံကြားတယ်။ အဲဒီ သူငယ်ချင်းက နောက်ကျန်ခဲ့တော့ ထိသွားတာလား၊ ဘာလား မသိရသေးဘူး။ နောက်တစ်ယောက်ကလည်း ဈေးဆိုင်တန်းမှောင်ရိပ်လေးမှာ ဝင်ခိုတယ်။ သူနဲ့လည်း အခု အဆက်အသွယ်ပြတ်နေတုန်းပဲ။'' လို့ စာတန်းရေးရာမှာပါဝင်တဲ့လူငယ်တစ်ဦးက ပြောပါတယ်။

    အဲဒီလူငယ် ၂ ဦးကို ဘယ်မှာဖမ်းထားသလဲဆိုတာ သိရအောင် မိသားစုတွေက မနေ့က မင်္ဂလာဒုံရဲစခန်းမှာသွားစုံစမ်းပေမဲ့ ဘယ်မှာရှိလဲ ဆိုတာ အကျိုးအကြောင်းမသိခဲ့ရလို့ ဒီနေ့တော့ မိသားစုတွေက ထောက်ကြန့်ရဲစခန်းနဲ့ ရွှေပြည်သာ စစ်ကြောရေးကို ဆက်စုံစမ်းမယ်လို့ သိရတယ်ဆိုပြီးတော့ သူက ပြောပါတယ်။

  20. စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြောက်ဥက္ကလာထဲ လူငယ်တွေ ပြောက်ကျားသပိတ်ပြုလုပ်

    စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြောက်ဥက္ကလာထဲ လူငယ်တွေ ပြောက်ကျားသပိတ်ပြုလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြောက်ဥက္ကလာထဲ လူငယ်တွေ ပြောက်ကျားသပိတ်ပြုလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြောက်ဥက္ကလာထဲ လူငယ်တွေ ပြောက်ကျားသပိတ်ပြုလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရန်ကုန်မြို့၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ လှိုင်မြို့နယ်က လူငယ်တွေက စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ မြောက်ဥက္ကလာပမြို့နယ်ထဲမှာ နယ်ခံလူငယ်တွေနဲ့ပူးပေါင်းပြုလုပ်ခဲ့ကြတဲ့ ဆန္ဒပြသပိတ်ပုံတွေတွေဖြစ်ပါတယ်။

    ဒီနေ့ မေလ ၁၀ ရက် မနက်မှာ မြောက်ဥက္ကလာထဲက ဈေးတွေ၊ လမ်းတွေမှာ ပြောက်ကျားသပိတ်အနေနဲ့ လူငယ်တွေ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြတာပါ။

    ရန်ကုန်က လူငယ်တွေဟာ အခုရက်ပိုင်းတွေအတွင်း တခြားမြို့နယ်က သပိတ်စစ်ကြောင်းတွေနဲ့ ပူးပေါင်းတဲ့ ပျောက်ကြားသပိတ်တွေ ပြုလုပ်လာနေပြီး လမ်းပေါ်ဆန္ဒပြပွဲတွေ ပြန်ဆင်နွှဲနေကြပါတယ်။