နေပြည်တော် အာဏာသိမ်း စစ်ကောင်စီ အပေါ် သစ္စာခံတဲ့ သံမှုူးကြီး
ချစ်၀င်း ဦးဆောင်တဲ့ အုပ်စုက လန်ဒန်မြို့ မြန်မာသံရုံးကို ထိန်းချုပ်လိုက်ပါတယ်။
အဲဒီ အုပ်စုက သူ့ကို
သံရုံးထဲ ပေးမ၀င်တော့ပဲ၊ သံရုံးကို ထိန်းချုပ်ထားတဲ့ အတွက် ၊ သူတို့ကို ဖယ်ရှားနိုင်အောင်
ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနထံ အကြောင်းကြားထားတယ်လို့ သံအမတ်ကြီး ဦးကျော်စွာမင်းက ဘီဘီစီကို
ပြောပါတယ်။
အဲဒီလို လုပ်ဆောင်ဖို့ နေပြည်တော် စစ်ကောင်စီက တိုက်ရိုက်ညွှန်ကြားတာ
ဆိုပြီးတော့လည်း သံအမတ်ကြီး ဦးကျော်စွာမင်းက ဆိုပါတယ်။
လန်ဒန်မြန်မာသံရုံးရဲ့ တရား၀င် ရုံးစာ ခေါင်းစည်း၊ တံဆိပ်တွေတပ်ပြီး
မနေ့ ဧပြီလ ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ စာတစ်စောင်ကိုလည်း ဘီဘီစီ ရရှိထားပါတယ်။
အဲဒီစာဟာ ဗြိတိန်ရဲ့ နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံးကို လိပ်မူထားတာ
ဖြစ်ပြီး၊ စာထဲမှာ ဦးကျော်စွာမင်းရဲ့ သံအမတ်ကြီးတာ၀န်ဟာ ဧပြီ ၇ ရက်၊ ညနေ ၅
နာရီမှာ ကုန်ဆုံးပြီဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင်၊ လန်ဒန်ရောက်မြန်မာသံအဖွဲ့ရဲ့ ဒုတိယအကြီးအမှူး
ဖြစ်တဲ့ ဒေါက်တာချစ်၀င်းဟာ သူ့ကို သံအမတ်အသစ်အဖြစ် အသိအမှတ်ပြု ခံရဖို့ စောင့်နေရဆဲ
ကာလမှာ သံရုံးတာ၀န်ခံ အဖြစ် တာ၀န်ထမ်းဆောင် သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ နေပြည်တော် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို သံအမတ်အဖြစ်
အသိအမှတ်ပြု ပေးဖို့ ဗြိတိန်ထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဦးကျော်စွာမင်းကလည်း သူ့အနေနဲ့ ဗြိတိသျှ နိုင်ငံခြားရေးရုံးကို
အကြောင်းကြားထားတယ်၊ ဗြိတိန် အစိုးရကသာ ခွင့်မပြုရင် သံရုံးကို အာဏာသိမ်းတဲ့
အုပ်စု ဆက်ပြီးနေလို့ ရမှာ မဟုတ်ဘူးလို့ ပြောတဲ့ အတွက်၊ ဗြိတိန် အစိုးရဘက်က
လန်ဒန်မြန်မာသံရုံး အဖြစ်အပျက်အပေါ် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မနေ့ညနက်ပိုင်း အချိန်ထိကတော့ လန်ဒန်မြန်မာ သံရုံးရဲ့ တရား၀င်
၀က်ဘ်ဆိုက် စာမျက်နှာမှာ ဦးကျော်စွာမင်းကို သံအမတ်ကြီး အဖြစ် ဖော်ပြထားတာ
တွေ့ရပါတယ်။
ဒါ့အပြင် မတ်လ ၈ ရက် ရက်စွဲနဲ့ ဦးကျော်စွာမင်း ထုတ်ပြန်ခဲ့တဲ့
အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့်တို့ကို ပြန်လွှတ်ပေးရေး
တောင်းဆိုချက်ကိုလည်း တွေ့နေရဆဲ ဖြစ်ပါတယ်။
သံရုံးကို စစ်ကောင်စီ အုပ်စုက ထိန်းချုပ်လိုက်ပြီ ဆိုတဲ့
သတင်းဟာ အခင်းဖြစ်တဲ့ မနေ့ ညနေပိုင်းမှာပဲ လူမှုကွန်ရက် ဆိုရှယ် မီဒီယာပေါ်ကနေ တဆင့်
လန်ဒန်ရောက် မြန်မာတွေကြား ပြန့်နှံ့သွားပါတယ်။
ဒီနောက် လန်ဒန်မြို့လယ် အချက်အခြာ မေဖဲ ရပ်ကွက်ထဲမှာ ရှိတဲ့
မြန်မာ သံရုံး ရှေ့၊ မြန်မာတချို့ စု၀ေးလာခဲ့ကြပါတယ်။
လန်ဒန်မြို့လယ်မှာ စစ်ကောင်စီက အတင့်ရဲပြီ ခုလို
လုပ်လာတာကို မြန်မာ အသိုင်းအ၀ိုင်းက သည်းခံမှာ မဟုတ်ကြောင်း ပြဖို့ ရောက်လာကြတာ
ဆိုပြီး သူတို့ထဲက တချို့က ပြောပါတယ်။
လန်ဒန်ရဲတပ်ဖွဲ့၀င်တွေလည်း ရောက်ရှိလာပြီး သံရုံးရှေ့မှာ
နေရာယူပါတယ်။
အဓိကကတော့ လူအုပ်ကို ထိန်းသိမ်းဖို့ ၊ သံရုံးအဆောက်အဦကို ကာကွယ်ဖို့
လုံခြုံရေးယူတာ ဖြစ်ပါတယ်။
သံတမန်ဆက်ဆံရေး ဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဥ်ဖြစ်တဲ့ ၁၉၆၁
ဗီယာနာ သဘောတူညီချက်အရ အိမ်ရှင်နိုင်ငံ ဖြစ်ပေမယ့် လက်ခံထားတဲ့ ပြည်ပနိုင်ငံရဲ့
သံရုံးထဲ သဘောမတူပဲနဲ့ ၀င်လို့မရ၊ ပရ၀ဏ်ကို မကျုးလွန်ရ၊ ထိခိုက်မှု မရှိအောင် အကာအကွယ်ပြုပေးရမယ်
လို့ ဆိုထားပါတယ်။
ဒါ့ကြောင့် ဗြိတိန် အစိုးရကသာ စစ်ကောင်စီ ခန့်ထားတဲ့ သူတွေကို
မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံတမန်တွေ အနေနဲ့ အသိအမှတ် ပြုမှာလား ဆိုတာ
ဆုံးဖြတ် သွားရမှာ ဖြစ်ပါတယ်။
ဗြိတိန် အစိုးရရဲ့ တုံ့ပြန်မှု ညတွင်းချင်း ထွက်မလာသေးပါဘူး။