အလင်္ကာပုလဲပန်း၊ သပိတ်မှောက်၊ ဘွိုင်းကောက်နဲ့ ပတ္တနိကုဇ္ဇန

သပိတ်မှောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။

သပိတ်မှောက်ရင် သပိတ်ကိုကိုင်လာတဲ့ အလေ့အထဟာ ဘယ်အချိန်ကစလာသလဲ။ ရှေးပဝေသဏီကတည်းက ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် နိုင်ငံလုံးကျွတ် သပိတ်မှောက်ကြတဲ့ အချိန်မှာ သပိတ်ကိုင်လာကြတာကို မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ တွေ့နေရပါပြီ။ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု ဖြစ်ပွားချိန်မှာတော့ အဲဒီသင်္ကေတဟာ ဒီနေ့ခေတ်လူတွေရဲ့ စိတ်ထဲမှာ အထင်ရှားဆုံးဖြစ်လာပါတယ်။ ကိုရင်တစ်ပါးရဲ့လက်မှာ သပိတ်ကိုမှောက်လျက်စွပ်ထားတဲ့ ဓာတ်ပုံဟာ ကမ္ဘာကျော်သွားတဲ့အတွက် အထင်ရှားဆုံးဖြစ်လာတာပါ။

အဲသလို သပိတ်ကို ကိုင်ဆောင်လာတာတွေ့ရတော့ သပိတ်မှောက်တာနဲ့ သံဃာတော်တွေ ဆွမ်းဘုဉ်းပေးတဲ့ သပိတ်ဟာ အမှန်တကယ်ဆက်စပ်မှု ရှိပါသလားလို့ မေးတဲ့သူ ပေါ်ပေါက်လာပါတယ်။

ဆက်စပ်ပါတယ်။ သပိတ်မှောက်တယ်ဆိုတာ အဲဒီသံဃာတော်တွေ ဆွမ်းဘုဥ်းပေးတဲ့ သပိတ်ကို မှောက်ထားတယ်လို့ အတိအကျ ဆိုလိုတာပါပဲ။

ရှေးဦးအဘိဓာန်တွေမှာ ဘွိုင်းကောက်ဝေါဟာရမပါ

အင်္ဂလိပ်စကား boycott ကို ဗမာလို ဘာသာပြန်တဲ့အခါ အဓိပ္ပာယ်ချင်း တထပ်တည်းနည်းပါးဆင်တူတဲ့ သပိတ်မှောက်တယ်ဆိုတဲ့ စကားလုံးကို ရွေးချယ်ပြီး ဘာသာပြန်ခဲ့ကြပုံရပါတယ်။ ဒါပေမဲ့ အဲသလို ဘာသာပြန်ခဲ့တာဟာ နှစ် ၁၀၀ ကျော်ကျော်လောက်ပဲရှိပါလိမ့်ဦးမယ်။ ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ဖြစ်တဲ့ ချားစ်လိန်းနဲ့ မက္ခရာမင်းသားကြီးတို့ ပြုစုတဲ့ အဘိဓာန်မှာ boycott ဆိုတဲ့စကား မပါသေးပါဘူး။

ချားစ်လိန်းအဘိဓာန်မှာ boycott ဆိုသောစကားလုံးမပါဝင်
ဓာတ်ပုံ ပုံစာ, ချားစ်လိန်းအဘိဓာန်မှာ boycott ဆိုသောစကားလုံးမပါဝင်

ဘာ့ကြောင့် မပါသလဲဆိုတာကို ပြန်လေ့လာကြည့်တော့ အဲဒီအချိန်တုန်းက အင်္ဂလိပ်စကား boycott ဆိုတာ မပေါ်သေးလို့ မပါတာဖြစ်လိမ့်မယ်ဆိုတာကို ဆက်စပ် တွေးတောမိပါတယ်။ ဆရာယုဒသန်ရဲ့ အင်္ဂလိတ်-မြမ္မာ အဘိဓာန်မှာလဲ boycott ဆိုတဲ့ စကားလုံးမပါဝင်ပါဘူး။ ချားစ်လိန်း အဘိဓာန်က ၁၈၃၃ ခုနှစ်မှာ ပြုစုပါတယ်။ ဆရာယုဒသန်ရဲ့ အင်္ဂလိတ်-မြမ္မာအဘိဓာန်က ၁၈၄၉ ခုနှစ်မှာ ပြုစုပါတယ်။ boycott ဆိုတဲ့စကားလုံးစပေါ်လာတာက ၁၈၈၀ ခုနှစ်မှပေါ်တာပါ။ အဲဒါကြောင့် အဲဒီအဘိဓာန်တွေထဲမှာ boycott ဆိုတဲ့ စကားလုံးမပါတာပါ။ ဆရာယုဒသန်ရဲ့ မြန်မာ၊ အင်္ဂလိပ် အဘိဓာန်ထဲမှာတော့ သပိတ်မှောက်ဆိုတဲ့ မြန်မာစကားလုံးကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်ပေးတဲ့အခါမှာလဲ boycott ဆိုတဲ့ စကား လုံးဝမပါပါဘူး။

Judson's သပိတ်မှောက်
ဓာတ်ပုံ ပုံစာ, ယုဒသန်အဘိဓာန်မှာ boycott ဆိုသောစကားလုံးမပါဝင်

မြန်မာစာနယ်ပယ်မှာ သပိတ်မှောက်တယ်ဆိုတဲ့စကားဟာ boycott မပေါ်ခင်ကတည်းက တွင်ကျယ်နေခဲ့ပြီးသားဆိုတာ ဆရာယုဒသန်ရဲ့ အဘိဓာန်က အထင်အရှား သက်သေထူနေပါတယ်။

ပါဠိဘာသာပြန်စကား

သပိတ်မှောက်တယ်ဆိုတဲ့ စကားဟာ boycott ကိုဘာသာပြန်လိုက်လို့ ပေါ်ပေါက်လာတဲ့ ဗမာစကားမဟုတ်ဘူး။ boycott ဆိုတဲ့စကား မပေါ်ခင်ကတည်းက သပိတ်မှောက်ဆိုတဲ့စကားက ရှိနှင့်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဗမာဘာသာနဲ့ သူ့သဘာဝအတိုင်းပေါ်ပေါက်လာတဲ့ စကားလဲ မဟုတ်ပါဘူး။ ပါဠိစကားလုံး ပတ္တနိကုဇ္ဇနကို ဘာသာပြန်ပြီးပေါ်ပေါက်လာတဲ့ စကားပါ။ ပတ္တဆိုတဲ့ ပါဠိစကားဟာ ဗမာလို သပိတ်လို့ အဓိပ္ပာယ်ရပါတယ်။ ဦးဟုတ်စိန်ရဲ့ ပါဠိမြန်မာအဘိဓာန်မှာ ပတ္တကို သပိတ်။ မြေခွက်လို့ အဓိပ္ပာယ် နှစ်ခုပေးပါတယ်။ နိကုဇ္ဇနဆိုတာ ဗမာလို မှောက်ထားခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါ့ကြောင့် ပတ္တနိကုဇ္ဇနကို ဗမာလိုဘာသာပြန်ရင် သပိတ်မှောက်ခြင်းပါပဲ။ ပတ္တံနိကုဇ္ဇတိဆိုတာ သပိတ်မှောက်လော့လို့ အဓိပ္ပာယ်ရကြောင်း ဦးဟုတ်စိန်ရဲ့ ပါဠိမြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြထားပါတယ်။

ဦးဟုတ်စိန်
ဓာတ်ပုံ ပုံစာ, ဦးဟုတ်စိန်ပါဠိမြန်မာအဘိဓာန်ထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်

ဘွိုင်းကောက်ကို သပိတ်မှောက်ခြင်းလို့ ဘယ်အချိန်ကစတင်ဘာသာပြန်သလဲ

boycott ကို သပိတ်မှောက်ခြင်းလို့ ဘယ်သူက ဘယ်အချိန်မှာ စတင်ဘာသာပြန်ခဲ့ကြောင်း တိတိကျကျမသိပါဘူး။ ၁၉၂၀ ခုနှစ် ပထမကျောင်းသားသပိတ်ကြီး ဖြစ်ပွားပြီးနောက် အဲဒီနှစ်မှာပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးသား ထုတ်ဝေခဲ့တဲ့ ဘွိုင်းကောက်ဋီကာမှာ ဘွိုင်းကောက်ဆိုတဲ့စကားလုံးကို တွင်တွင်ကြီးသုံးစွဲပေမဲ့ သပိတ်မှောက်တို့၊ သပိတ်မှောက်ကျောင်းသားတို့ဆိုတဲ့စကားလုံးတွေကိုလဲ တွဲဖက်သုံးစွဲထားတာ တွေ့ရပါတယ်။ ၁၉၂၀ ခုနှစ်မှာတော့ ဘွိုင်းကောက်ဆိုတဲ့ အင်္ဂလိပ်စကားကို မြန်မာလို သပိတ်မှောက်သည်လို့ အဓိပ္ပာယ်ပြန်ဆိုပြီး ဖြစ်ကြောင်း သက်သေသာဓကတစ်ခု ဖြစ်ပါတယ်။

ဘွိုင်းကောက်ဋီကာ
ဓာတ်ပုံ ပုံစာ, boycott စတင်ဖြစ်ပေါ်လာပုံ

အိုင်ယာလန်နိုင်ငံမှာ အိုင်ယာလန်မြေယာစစ်ပွဲလို့ သမိုင်းမှတ်တမ်းတင်ခံရတဲ့ အဖြစ်အပျက် တစ်ခု ၁၈၈၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ မြေယာအများအပြားကို မြေပိုင်ရှင် လော့အမ်းဆိုတဲ့ မှူးမတ်မျိုးနွယ်မြေရှင်ပဒေသရာဇ်က ပိုင်ဆိုင်ထားပါတယ်။ လယ်သမားအမြောက်အမြားဟာ လယ်ယာအလုပ်လုပ်ကိုင်ပြီး လော့အမ်းကို သီးစားခ ပေးကြရပါတယ်။ ၁၈၈၀ ခုနှစ်မှာ ရာသီဥတုမကောင်းလို့ သီးနှံအထွက်ညံ့ဖျင်းတဲ့အချိန်မှာ မြေရှင်လော့အမ်းက သီးစားခကို ၁၀ ရာနှုန်းလျှော့ချပေးခဲ့ပါတယ်။ လယ်သမားတွေက မကျေနပ်ကြလို့ သီးစားခ ၂၅ ရာနှုန်းအထိလျှော့ချဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြေပိုင်ရှင်လော့အမ်းရဲ့ ကိုယ်စားလှယ် ကပ္ပတိန်ချားကန်နင်ဂမ်ဘွိုင်းကောက်က တောင်းဆိုကြသူတွေထဲက သီးစား ၁၁ ဦးကို မြေငှားအဖြစ်က ရုပ်သိမ်းဖယ်ရှားဖို့ ကြိုးစားလာတဲ့ အတွက် သီးစားလယ်သမားတွေက မြေပိုင်ရှင်နဲ့ ဘွိုင်းကောက်ကို မဆက်ဆံဘဲ ဝိုင်းပယ်ခဲ့ကြပါတယ်။ ဘွိုင်းကောက်ရဲ့ လုပ်ငန်းတွေကို အနှောင့်အယှက်ပေးတာတွေ၊ ဘွိုင်းကောက်ကို ခြိမ်းခြောက်တာတွေလုပ်လာတဲ့ အတွက် ဘွိုင်းကောက်မခံနိုင်ဘဲ အရှုံးပေးထွက်ခွာခဲ့ရပါတယ်။

အဲဒီအချိန်ကစပြီး ဘွိုင်းကောက်ခေါ် သပိတ်တိုက်ပွဲကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုလာခဲ့ကြပါတယ်။

ဘွိုင်းကောက်နဲ့အပေါင်းအဖော်များ၊ ခရက်ဒစ် စွယ်စုံကျမ်းအတွဲ ၁၃
ဓာတ်ပုံ ပုံစာ, ဘွိုင်းကောက်နဲ့အပေါင်းအဖော်များ၊ ခရက်ဒစ် စွယ်စုံကျမ်းအတွဲ ၁၃

သပိတ်မှောက်ခြင်းစတင်ပေါ်ပေါက်လာပုံ

ဗုဒ္ဓသာသနာမှာ သပိတ်မှောက်ခြင်းဆိုတဲ့ ပတ္တနိကုဇ္ဇနဟာ ဘယ်တုန်းကစပေါ်သလဲဆိုတော့ ဘုရားရှင်လက်ထက်ကတည်းက စပေါ်ခဲ့တယ်လို့ စူဠဝဂ္ဂပါဠိတော်မှာ ဖော်ပြထားပါတယ်။

ဝေသာလီပြည်က လိစ္ဆဝီမင်းတပါးဖြစ်တဲ့ ဝဍ္ဎ ဟာ အရှင်ဒဗ္ဗရဟန်းကို သူ့မယားနဲ့ မဟုတ်မမှန်စွပ်စွဲပြီး ဘုရားရှင်ကို တိုင်ကြားခဲ့ပါတယ်။ သံဃာအားလုံးစည်းဝေးပြီး ဘုရားရှင်ကိုယ်တော်တိုင် စစ်ဆေးစုံစမ်းတဲ့အခါ အပြစ်လုံးဝမရှိကြောင်း ထင်ရှားပေါ်ပေါက်ပါတယ်။ ဒါ့ကြောင့် ဝဍ္ဎ လိစ္ဆဝီမင်းကို ရဟန်းတွေက သပိတ်မှောက်ကံပြုဖို့ရာ ဘုရားရှင်ကိုယ်တိုင်က ခွင့်ပြုတယ်လို့ အာဏာဒေသနာတော်မှာ ဆိုထားပါတယ်။ သပိတ်မှောက်တယ်ဆိုတာ လှူတဲ့ပစ္စည်းကို လက်မခံ၊ လူကိုမဆက်ဆံ၊ ဖယ်ကြဥ်ထားတာကို ဆိုလိုပါတယ်။ အဲဒီသပိတ်မှောက်ခံရတဲ့ ဒါယိကာ၊ ဒါယိကာမတို့က နောင်တရပြီး သုံးကြိမ်သုံးခါတောင်းပန်လာမှ သပိတ်လှန်ရမယ်။ အဲသလိုမဟုတ်ရင် သူတို့လှူဒါန်းလာတဲ့ ဆွမ်းကွမ်းပစ္စည်းလေးပါးကို မသုံးဆောင်အပ်ဘူးလို့ ဘုရားရှင်က ပညတ်တော်မူခဲ့ပါတယ်။

အေဒီ ၆၅၀ ကျော်က သီဟိုဠ်မှာစိုးစံခဲ့တဲ့ ဘုရင်ဒုတိယဒါဌောပတိဿကိုလဲ သပိတ်မှောက်ကံဆောင်ခဲ့ဖူးပါတယ်။ ဘုရင့်အာဏာသုံးပြီး မဟာဝိရကျောင်းပိုင်နက်မြေကို အတင်းအကျပ် ကျူးကျော်လုပ်ဆောင်တဲ့အတွက် သပိတ်မှောက်ကံဆောင်ခဲ့တာဖြစ်ပါတယ်။

ပတ္တနိကုဇ္ဇနလို့ခေါ်တဲ့ သပိတ်မှောက်ကံဆောင်ခြင်း အမှုကို သံဃာတွေနဲ့ ဗုဒ္ဓသာသနာအတွက် ထိခိုက်နစ်နာစေတဲ့ အချက် ၈ ချက်အနက် ၁ ချက် အနည်းဆုံးဖြစ်ပေါ်ခဲ့ရင် ပြုလုပ်နိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုခဲ့တယ်လို့ မြန်မာနိုင်ငံဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေတဲ့ စူဠဝဂ်ပါဠိတော်မြန်မာပြန် အပိုဒ် ၂၆၅ မှာဖော်ပြထားပါတယ်။

သပိတ်မှောက်ကံဆောင်ခြင်းပြုလုပ်ရင် ပထမအချက် သံဃာကို အသိပေးရမယ်။ ဒုတိယအချက် သဘောမတူတဲ့ သံဃာရှိရင် စကားပြောဆိုရမယ်။ တတိယအချက် သဘောတူရင် ဆိတ်ဆိတ်နေရမယ်လို့ ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါတယ်။ သပိတ်မှောက်ကံဆောင်ခြင်းကို သပိတ်မှောက်ကံဆောင်ခြင်း အပြုခံရသူထံ တနည်းနည်းနဲ့ အသိပေးလေ့ရှိပါတယ်။ ပထမအကြိမ် သပိတ်မှောက်ကံဆောင်စဥ်က အသျှင်အာနန္ဒာ မထေရ်မြတ်ကိုယ်တော်တိုင် ဝဍ္ဎလိစ္ဆဝီမင်းကို သွားရောက် အကြောင်းကြားခဲ့ပါတယ်။

ဒုတိယအကြိမ် သပိတ်မှောက်ကံဆောင်စဥ်က ဘုရင်ဒါဌောပတိဿရှေ့မှောက်မှာ သံဃာတော်တွေ တန်းစီကြွချီတော်မူပြီး သပိတ်မှောက်ခြင်းကို သိသာထင်ရှားစေခြင်းအလို့ငှာ ဘုရင့်ရှေ့ရောက်ချိန်မှာ သပိတ်တွေကို မှောက်လျက်ကိုင်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သပိတ်မှောက်ခြင်း သင်္ကေတအဖြစ် သပိတ်ကို မှောက်လျက်ကိုင်ဆောင်ပြီး စီတန်းလမ်းလျှောက်တာဟာ အဲဒီတုန်းကပထမဆုံးအကြိမ်ဖြစ်နိုင်ပါတယ်။ နှစ်ပေါင်း ထောင်ကျော်ခဲ့ပါပြီ။

ဆွမ်းကွမ်းလက်မခံခြင်း၊ အဆက်အဆံမပြုခြင်း၊ သပိတ်မှောက်ခံရတဲ့ပုဂ္ဂိုလ်ရဲ့ သာရေးနာရေးကိစ္စတွေကို ဆောင်ရွက်မပေးခြင်းတို့ဟာ ပတ္တနိကုဇ္ဇန သပိတ်မှောက်ကံဆောင်ခြင်းရဲ့ အဓိကကြန်အင်လက္ခဏာတွေဖြစ်ပါတယ်။

ဗုဒ္ဓဘာသာသမိုင်းမှာ ပတ္ထနိကုဇ္ဇန သပိတ်မှောက်ကံဆောင်တာ ၇ ကြိမ်ရှိတယ်လို့ သံဃာတော်တွေက မှတ်တမ်းပြုကြပါတယ်။ ဘုရားလက်ထက်တော်မှာ ၁ ကြိမ်၊ သီဟိုဠ်မှာ ၁ ကြိမ်၊ နရပတိစည်သူမင်းလက်ထက်မှာ ဘုရားတည်ဖို့အတွက် ပြည်သူတွေကို ဆင်းရဲပင်ပန်းကြီးစွာဖြစ်အောင် ခိုင်းစေတဲ့အတွက် ၁ ကြိမ်၊ အင်းဝခေတ် သျှင်ဥတ္တမကျော်နဲ့ ခုံတော်မောင်ကျဘမ်းတရားစွဲဆိုမှုမှာ ၁ ကြိမ်ဖြစ်ပြီး နောက်ဆုံး ၃ ကြိမ်ကတော့ စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်၊ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာ ဖြစ်ပါတယ်။ ခုံတော်မောင်ကျဘမ်းဆိုတာ တကယ်မရှိဘူးလို့ မြန်မာစာပေပညာရှင်တချို့က ဆိုကြပါတယ်။ အဲဒီတကြိမ်မှတပါး ကျန်တဲ့ ၆ ကြိမ်ဟာ အထောက်အထား တော်တော်ခိုင်မာပါတယ်။

၂၀၀၇ ခုနှစ်မှာ ပတ္တနိကုဇ္ဇနကံဆောင်သံဃာတော်များကြွချီလာစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၇ ခုနှစ်မှာ ပတ္တနိကုဇ္ဇနကံဆောင်သံဃာတော်များကြွချီလာစဉ်

ကျောင်းသားသပိတ်နဲ့ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းသပိတ်တွေကတော့ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ရေတွက်မှတ်သားခြင်းပြုဖို့ ခက်ခဲလောက်အောင် များပြားလှပါတယ်။

သပိတ်

ပတ္တနိကုဇ္ဇနက ပါဠိပါ။ သပိတ်မှောက်တယ်ဆိုတာက ဗမာစကားပါ။ သပိတ်ဆိုတဲ့ ဗမာစကားရဲ့ ရင်းမြစ်က ဘာပါလဲ။

ဆရာကြီးဦးဖိုးလတ်က သပိတ်ဟာ သင်ပိတ်ကလာတယ်လို့ ယူဆပါတယ်။ သင်ဟာ သင်္ကန်း၊ သင်းပိုင်၊ သင်ပုတ်၊ ကျောင်းသင်္ခမ်း၊ သင်္ဃာ၊ သံဃာ တို့မှာပါတဲ့ သင်၊သင်း၊သံတို့နဲ့ အတူတူပဲလို့ ယူဆပါတယ်။ အဲဒီသင်၊သင်း၊သံဟာ အသျှင်ဆိုတဲ့စကားနဲ့ ထပ်တူဖြစ်ကြောင်း ရဟန်းကိုဆိုလိုကြောင်းလဲ ပညာရှင်အများ သဘောတူညီထားကြပြီး ဖြစ်ပါတယ်။ သျှင်ဟာ သျှင်ကြီး၊ သျှင်ငယ် အရွယ်သိက္ခာအမျိုးမျိုးရှိတဲ့ ရဟန်းအားလုံးကို ကိုယ်စားပြုကြောင်း ဆရာကြီးဦးဖိုးလတ်ကလဲ ရှင်းပြထားပါတယ်။ ပိတ်ကိုတော့ ပတ္တကနေ ဆင်းသက်လာတဲ့ ပါဠိပျက်လို့ ဆရာကြီးဦးဖိုးလတ်က ယူဆပါတယ်။

သပိတ်ကို သင်ပိတ်ခေါ်ခဲ့ကြောင်း အထောက်အထား များများစားစား မတွေ့ရပါဘူး။ ဆရာယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန် ၁၈၂၆ စာမူမှာပဲ သပိတ်ဆိုတဲ့စကားကိုပဲ သပိတ်လို့ရော၊ သင်ပိတ်လို့ပါ နှစ်ခါဖော်ပြထားတာ ထူးထူးခြားခြား တွေ့ရပါတယ်။

သင်ပိတ်ဆိုတဲ့စကားကို ယုဒသန်မြန်မာ၊ အင်္ဂလိပ်အဘိဓာန်မှာထည့်သွင်းဖော်ပြထား
ဓာတ်ပုံ ပုံစာ, သင်ပိတ်ဆိုတဲ့စကားကို ယုဒသန်မြန်မာ၊ အင်္ဂလိပ်အဘိဓာန်မှာထည့်သွင်းဖော်ပြထား

ဆရာကြီးဦးထွန်းတင့်ကတော့ ဆရာကြီးဦးဖိုးလတ်ရဲ့ အယူအဆကို ကျေနပ်အားရမှု မရှိပါဘူး။ သင်ကနေ သအဖြစ်ပြောင်းလဲလာကြောင်း အထောက်အထားက ပါးလျားလှသလို ပတ္တကနေ ပိတ်ဖြစ်လာဖို့ဟာလဲ တဆိတ်အလှမ်းကွာတယ်လို့ ဆရာကြီး ဦးထွန်းတင့်ကယူဆပါတယ်။ ပတ္တကနေ မြန်မာမှုပြုရင် ဖြစ်ချင်းဖြစ် ပတ်လို့သာဖြစ်ဖို့များတယ်လို့ ဆရာကြီးက တွေးခေါ်ပါတယ်။

ခရီးဆောင်မြန်မာအဘိဓာန်ကလဲ သပိတ်ရဲ့ ရင်းမြစ်ကို သံဃ+ပတ္တလို့ ဖော်ပြထားပေမဲ့ မသေချာကြောင်း ဖော်ပြတဲ့အနေနဲ့ မေးခွန်းအမှတ်အသားပြထားပါတယ်။

ဆရာကြီးဦးထွန်းတင့်ကတော့ သပိတ်ဟာ သားနဲ့ပိတ်ကို ပေါင်းစပ်ထားတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ပိတ်ဆိုတာ ပိန်းနဲ့အတူတူပါပဲ။ ထူပိန်းတယ်ဆိုတဲ့ သဘောဆောင်ပါတယ်။ သားပိတ်ဆိုတော့ အထုအသား ထူပိန်းတယ်လို့ ဆိုလိုတာ ဖြစ်နိုင်တယ်လို့ ဆရာကြီးက ယူဆပါတယ်။ ရှေးအခါက သပိတ်ကို မြေသပိတ်များသာသုံးလေ့ရှိတဲ့အတွက် သပိတ်ရဲ့အသားဟာ ထူပိန်းတတ်တာကို ဆရာကြီးဦးထွန်းတင့်က ထောက်ပြပါတယ်။ ဒါပေမဲ့ ဒီယူဆချက်ကိုလဲ ဧကန်ဧကလို့ ဆိုနိုင်လောက်အောင် ကျေနပ်အားရမှုမရှိသေးကြောင်းတော့ ဆရာကြီးက မှတ်ချက်ပြုပြောဆိုပါတယ်။

သပိတ်ဆိုတဲ့ဝေါဟာရရဲ့ ရင်းမြစ်ဟာ ပညာရှင်အများ စိတ်ဝမ်းညီစွာလက်ခံကြလောက်အောင် ထင်ထင်ရှားရှား မရှိသေးဘူးလို့သာ ဆိုရမှာဖြစ်ပါတယ်။