တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေး

တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းကြောင်းကြီး ဖြစ်တဲ့ မူဆယ် ၁ဝ၅မိုင် လမ်းကြောင်းကြီး ပေါ်မှာတော့ သင်္ကြန် ကာလ အတွင်း ပို့ကုန်ရော သွင်းကုန်တွေပါ လုံးဝ ရပ်ဆိုင်းသလောက် ဖြစ်နေရာက တခု တနင်္လာနေ့က စပြီး ပို့ကုန် တချို့ ခပ်ကျဲကျဲ ပြန်ဝင်လာစ ပြုပါပြီ။
ပဲအမျိုးမျိုးနဲ့ နှမ်းက ခုချိန်ထိ ပြန်ဝင်လာတာ မရှိသေးဘဲ ပြောင်းတွေဘဲ ကားအစီးလိုက် စဝင်လာတာ တွေ့ရပါတယ်။
သင်္ကြန်လွန် ဒီရက်ပိုင်းအတွင်း နှိုင်းယှဉ်ချက် အားဖြင့် အဝင်အများဆုံး ကုန်စည်လို့ ပြောရမှာကတော့ ရာသီကုန် မြန်မာ သရက်သီးတွေပါဘဲ။
သရက်သီးကြမ်းတွေရော ၊ မျိုးကောင်း သရက် စိန်တလုံးနဲ့ ရွှေဟင်္သာ တန်၅ဝလောက် ဝင်ပါတယ်။
သရက်တွေက ပေါ်ဦးပေါ်ဖျား ဖြစ်တဲ့အတွက် ခုတလော ဈေးလည်းရပါတယ်။
စိန်တလုံး သရက် ၁ဝ ကီလိုပါ ဂျပ် သေတ္တာ တဖာကို ယွမ် ၆ဝ ဝန်းကျင်နှုန်း ရနေတဲ့အတွက် အမြန်ခူး အမြန်ပို့ နေကြတဲ့ အခြေအနေ ရှိပါတယ်။
မြန်မာပို့ကုန် တမယ်အဖြစ် ပျားရည်ကီလို ၂ဝဝ လောက်လဲ ထူးထူးခြားခြား ဝင်လာတာ တွေ့ရပြီး ဖရဲသီး ၊ သခွားမွှေးတွေအပြင် ဆံပင် ၂တန်ခွဲလောက်နဲ့ ပီလာေပီနံ အနည်းအပါး ဝင်ပါတယ်။
မြန်မာ နိုင်ငံဖက် သွားနေတဲ့ သွင်းကုန် တရုတ်ကုန် တွေဖက် ကြည့်မယ် ဆိုရင်လည်း ဒီရက်ပိုင်း အတွင်း အမျိုးအမယ်ရော ပမာဏပါ တော်တော်ကို နည်းပါတယ်။
ဓါတ်မြေသြဇာ ကားတောင် တနေ့ ၅စီးနှုန်းလောက်ဘဲ သွားနေပြီး စပတ်ကလင်လို့ ရေးထားတဲ့ တရုတ်လုပ် အော်ဒါမှာ အချိုရည်ထည့် ဖလ်ပုလင်းခွံလွတ်တွေပဲ ကားစင်းလုံးတိုက် သွားနေတာ တွေ့ရပါတယ်။
နောက်ထပ် သွားနေတဲ့ တခြား တရုတ်ကုန် တွေကတော့ ဆောက်လုပ်ရေးသုံး ဆိုလာမှန်ချပ် ဆိုဒ်မျိုးစုံနဲ့ အိမ်သုံး ၊ လူသုံးကုန် ပစ္စည်း နည်းနည်းပါးပါးလောက်ပဲ ရှိပါတယ်။
တရုတ်မြန်မာ နယ်စပ်မှာ ငွေလဲနှုန်းကတော့ မြန်မာငွေ ကျပ် ၁ဝဝဝ ကို တရုတ်ငွေ ၆ယွမ်နဲ့ ၈၄ပြား ဖြစ်ပါတယ်။








