နမ္မတူမြစ်ပေါ်က ရေကာတာ စီမံကိန်းတွေ ရပ်ဖို့ တောင်းဆို

ဒီစီမံကိန်းတွေဟာ ဒေသခံရဲ့ သဘော တူညီချက်နဲ့ လုပ်တာ မဟုတ်သလို ရဲရွာအထက် ရေကာတာ က လုပ်ဆောင် နေတာလို့ ဆို
ဓာတ်ပုံ ပုံစာ, ဒီစီမံကိန်းတွေဟာ ဒေသခံရဲ့ သဘော တူညီချက်နဲ့ လုပ်တာ မဟုတ်သလို ရဲရွာအထက် ရေကာတာ က လုပ်ဆောင် နေတာလို့ ဆို
ရေးသားခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နမ္မတူမြစ် ခေါ် မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်နေတဲ့ နော်ဝေး အစိုးရပိုင် SN Powerရဲ့ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်မိကြောင်း ရှမ်း အရပ်ဖက် အဖွဲ့အစည်းတွေက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

ရေအားလျှပ်စစ် ထုတ်ဖို့အတွက် နမ္မတူမြစ်ပေါ်မှာ ရေကာတာ ၅ ခု ဆောက်ဖို့ စီစဉ်နေပြီး ဒီစီမံကိန်းတွေဟာ စစ်အစိုးရ လက်ထက်၊ ဉီးသိန်းစိန်အစိုးရ လက်ထက် တွေ ကတည်း က သဘောတူထားတဲ့ စီမံချက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို ဉီးဆောင် အထောက်အပံ့ ပေးနေတဲ့ နော်ဝေးအစိုးရပိုင်SN Power ကုမ္ပဏီရဲ့ ဖြစ်နိုင်ခြေ ကြိုတင် လေ့လာချက် အစီရင်ခံစာ ရလဒ်တွေထဲမှာ ရေကာတာ တည်ဆောက်ရာမှာ ကြီးမားတဲ့ အဟန့်အတားမျိုးတွေ မရှိဘူးလို့ ဖေါ်ပြထားကြောင်း၊ ဒီစီမံကိန်းကြောင့် အဲဒီနေရာမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ဘယ်လို အကျိုးသက်ရောက်မလဲ ဆိုတာ ရယ်၊ ရေကာတာ စီမံကိန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင်နဲ့ ဒေသခံ လူထုအပေါ် ဖြစ်ပေါ်လာမယ့် ထိခိုက်မှု စတာတွေရယ်ကို ထည့်သွင်း ဖေါ်ပြထားခြင်းမရှိကြောင်း အဲဒီ အိတ်ဖွင့်ပေးစာထဲမှာ ရေးသားထားပါတယ်။

ဒီစီမံကိန်းတွေ ဟာ ဒေသခံ ပြည်သူတွေ ရဲ့ သဘောတူညီချက် နဲ့လုပ်တာ မဟုတ်ခဲ့ကြောင်းနဲ့ ဒီရေကာတာ စီမံကိန်းတွေ အားလုံးကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ကိုလည်း တောင်းဆို လိုက်ပါတယ်။