ဒုက္ခသည်တွေ အတွက် ခရစ္စမတ် ထမင်းတနပ်

စစ်ပြေး စစ်ရှောင် ဒုက္ခသည်တွေ အတွက် တစ်ယောက်ကို ကျပ်ငွေ တစ်ထောင်တန် ခရစ္စမတ် ထမင်းတစ်နပ်ကျွေးနိုင်ဖို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့ဝင်တွေက အလှူငွေ ကောက်ခံ လှူဒါန်းခဲ့ကြ ပါတယ်။
ခရစ်ယာန် ဘာသာဝင်တွေ အတွက် အရေးကြီးတဲ့ ခရစ္စမတ်အချိန်မှာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရသူတွေ အတွက် တစ်နပ်စာကို မပူမပင် စားနိုင်အောင်၊ အပြင်ထွက် အလုပ်မလုပ်ဘဲ မိသားစု အတူ နေနိုင်အောင်နဲ့ ဒုက္ခသည် စခန်းက လူတွေ အချင်းချင်း ဆုံတွေ့နိုင်ကြအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီအစီအစဉ်ကို လုပ်ဖြစ်တာလို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက် က ဒေါ်ခွန်ဂျာက ပြောပါတယ်။
အမျိုးသားတွေက ငွေရဖို့ စခန်းပြင်ထွက်ပြီး အလုပ်ရှာရတဲ့ အဖြစ်မျိုး မဖြစ်ရအောင် မိခင်တွေ အနေနဲ့ ကလေးတွေကို ထားပြီး အပြင်ထွက် အလုပ်မလုပ်ကြရဘဲ အနည်းဆုံးတော့ တစ်ရက်တာ ရယ်မော ပျော်ရွှင်နိုင်ကြရစေဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒုက္ခသည် စခန်းမှာ ငါးကြိမ်မြောက် ခရစ္စမတ် ကာလကို ကြုံကြရတဲ့ တချို့ စခန်းတွေက ဒုက္ခသည်တွေဟာ စားစရာမရှိ ရိက္ခာ မရှိဖြစ်နေကြတဲ့ အတွက် ဘုရားကျောင်းသွားပြီး ဘုရားမရှိခိုးနိုင် ဖြစ်နေကြတယ်လို့လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။
ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ လှူဒါန်းမှုအရ လောလောဆယ် ဒုက္ခသည် လေးသောင်းနီးပါးစာလောက် ရထားပြီလို့လည်း သူက ပြောပါတယ်။
ကချင်ပြည်နယ် အတွင်း ကေအိုင်အို ကချင် လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေမှာ ဒုက္ခသည် စုစုပေါင်း ငါးသောင်းလောက် အတွက် နဲ့ ရှမ်းပြည်နယ် ဝမ်ဟိုင်းနဲ့ ကျေးသီး ဘက်က ဒုက္ခသည် တွေ အတွက် ထမင်း တစ်နပ်စာ လှူဒါန်းမှာ ဖြစ်ပြီး အခု လောလောဆယ် လူ သုံးသောင်းနီးပါးစာလောက်ကို စခန်းတွေဆီ ငွေလွှဲ ပေးထားပြီး ဖြစ်တယ်လို့ လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။
ထမင်းတစ်နပ် ကျွေးမယ့် အစီအစဉ်ကတော့ သက်ဆိုင်ရာ စခန်းတွေရဲ့ အစီအစဉ် အရ လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။




