အနိမ့်ဆုံးလုပ်ခ သတ်မှတ်အပြီး ဆန္ဒပြမှုတွေ ဖြစ်

အနိမ့်ဆုံး လစာ သတ်မှတ်ပေမယ့် အရင် အခွင့်အရေးတွေ ပြန်ရုတ်သိမ်းခံရတဲ့အတွက် အရင်လစာအတိုင်း ပြန်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, အနိမ့်ဆုံး လစာ သတ်မှတ်ပေမယ့် အရင် အခွင့်အရေးတွေ ပြန်ရုတ်သိမ်းခံရတဲ့အတွက် အရင်လစာအတိုင်း ပြန်ဖြစ်
ရေးသားခဲ့သည်။

မကြာခင်သေးခင်က သတ်မှတ်လိုက်တဲ့ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ချက်အတိုင်း အလုပ်ရှင်တွေက အလုပ်သမားတွေကို တနေ့ကို ကျပ် ၃၆၀ဝ ပေးပေမယ့် အရင်က ပေးထားတဲ့ အခွင့်အရေးတွေ ပြန်ရုတ်သိမ်း လိုက်တဲ့အတွက် အလုပ်သမားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာလ ၁ရက်နေ့က ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုံ ၁ ဦးရွှေဘင်လမ်း မှာရှိတဲ့ နီလာ ပျော့ဖတ်နဲ့ စက္ကူစက်ရုံက အလုပ်သမား ၅၀ လောက်ဟာ သူတို့အရင်တုန်းက ရခဲ့ဘူးတဲ့ အခွင့်အရေးတွေ ပြန်ရရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။

ရှားပါးစရိတ်၊ ထောက်ပံ့ကြေး၊ နှစ်တိုးကြေးတွေ ပြန်ပေးဖို့နဲ့ စက်ရုံက သတ်မှတ်ထားတဲ့ ထမင်းစားချိန် မိနစ် ၃၀ကို တနာရီ သတ်မှတ်ပေးဖို့တွေကို အလုပ်သမားတွေဘက်က တောင်းဆိုခဲ့ကြတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုကျော်မျိုး က ပြောပါတယ်။

အရင်က ပေးထားတဲ့ အခွင့်အရေးတွေကို ဖြုတ်လိုက်တဲ့အတွက် လုပ်ခငွေ တိုးမလာပဲ အရင်အတိုင်း ပြန်ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အလုပ်သမားနဲ့ အလုပ်ရှင်ကြား ဖျန်ဖြေရေးအဖွဲ့တွေ လာရောက် ညှိနိုင်းပေမယ့် အလုပ်ရှင်ဘက်က လိုက်လျော မပေးနိုင်ဘူး ဆိုလို့ ညှိနိုင်းရေးအဖွဲ့တွေ လက်လျှော့ သွားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

နီလာစက်ရုံ အလုပ်ရှင်ဘက်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်မှာ အလုပ်သမား တယောက်ကို ဖြုတ်ချင်ရင် ဝါရင့် အလုပ်သမားအတွက် လစာ ၃လ ကနေ ၁လထိ နစ်နာကြေး ကြိုပေးဖို့နဲ့ လုပ်သက် ၆ လ ကနေ တနှစ်အတွင်းသာ ရှိတဲ့ အလုပ်သမား ဆိုရင် ၁၅ ရက်စာပဲ နစ်နာကြေး ပေးဖို့ ပါတာကြောင့် အလုပ်ရှင်ဘက်က အားသာနေတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။

အလုပ် စခန့်မယ့် အလုပ်သမားဆိုရင် အနိမ့်ဆုံး လခရဲ့ ၇၅ ရာခိုင်နှုန်းပဲ ပေးရမယ် ဆိုတာလည်း ပါနေတဲ့အတွက် အလုပ်သမားဟောင်းတွေကို ထုတ်ပစ်ပြီး အသစ် ပြန်ခန့်မယ်ဆိုရင် အလုပ်ရှင်ဘက်က အားသာနေတယ်လို့ ဆိုပါတယ်။

အနိမ့်ဆုံး လစာဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရနဲ့ အလုပ်သမား ဝန်ကြီးဌာန ဘက်က ရှင်းလင်း တိကျတဲ့ နည်းဥပဒေတွေ မထုတ်ပြန် မချင်း လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေကြား အချိန်ယူပြီး နားလည်မှု တည်ဆောက်ဖို့ လိုတယ်လို့ အလုပ်သမား သမဂ္ဂများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီရဲ့ တာဝန်ခံ ဦးထွန်းထွန်းနိုင်က ဘီဘီစီကို ပြောပါတယ်။

တခါ တနေ့တည်းမှာပဲ ရွှေပြည်သာ စက်မှုဇုံက ဟန်ကျင်း အထည်ချုပ်စက်ရုံနဲ့ လှိုင်သာယာ စက်မှုဇုံက နေလင်းအောင် အထည်ချုပ် စက်ရုံတွေမှာလည်း အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။