နာဂစ် ကူညီရေး လုပ်ငန်းတွေ ရပ်တော့မယ်

Nargis survivors
ဓာတ်ပုံ ပုံစာ, မုန်တိုင်း ဘေးလွတ်လာသူတွေ အတွက် လုပ်စရာတွေ အများကြီး ကျန်နေသေး
ရေးသားခဲ့သည်။

မြန်မာ နိုင်ငံ အနောက် တောင်ပိုင်းကို နာဂစ် မုန်တိုင်း ဝင်ရောက် ဖျက်ဆီး သွားတာ နှစ်နှစ် ပြည့်ခါနီးမှာ ကုလ၊ အာဆီယံ၊ နအဖတို့ ပေါင်းဖွဲ့ထားတဲ့ Tripartite Core Group သုံးပွင့်ဆိုင် အဖွဲ့က မုန်တိုင်းဒဏ် ခံခဲ့ရသူတွေ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ရပ်တော့မှာ ဖြစ်ပါတယ်။

ခုလာမဲ့ ဇူလိုင်မှာ လုပ်ငန်းတွေ အဆုံး သတ်မယ်လို့ ကြေငြာ ထားပါတယ်။

TCG မရှိတော့တဲ့ အခါ နာဂစ် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ထိခိုက် လာနိုင် တယ်လို့ အင်ဂျီအို တခုမှာ အလုပ်လုပ်ကိုင်ခဲ့သူ တဦးက ဘီဘီစီကို ပြောပြပါတယ်။

TCG ဟာ ပြည်တွင်းက အင်ဂျီအို အဖွဲ့အစည်းတွေနဲ့ ဒေသ အာဏာပိုင်တွေကြား ရပ်တည်ပြီး အင်ဂျီအိုတွေရဲ့ ထူထောင်ရေး လုပ်ငန်းတွေ အဆင်ပြေ ခေျာမွေ့အောင် ညှိနှိုင်း လုပ်ဆာင်ပေးနေတဲ့ အဖွဲ့ ဖြစ်တဲ့ အတွက် သူတို့ မရှိတော့ရင် ပြည်တွင်း အင်ဂျီအိုတွေဟာ ဒေသ အာဏာပိုင်တွေနဲ့ တိုက်ရိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တခါ TCG ဟာ အလှုရှင် နိုင်ငံတွေကို ပေါက်ရောက်တဲ့ အဖွဲ့ ဖြစ်တဲ့ အတွက် သူတို့ မရှိတဲ့ အခါ ဒေသတွင်း လိုအပ်ချက်တွေကို ညွှန်ပြ ပေးနိုင်တဲ့ အဖွဲ့ မရှိတော့တဲ့ အခြေ အနေ ရောက်လာ နိုင်တယ်လို့ ဆိုပါတယ်။

အကျိုးဆက် အဖြစ် ပြည်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ ပြည်တွင်းက အဖွဲ့တွေ အနေနဲ့ ပြည်ပကနေ အလှုငွေ ရရှိမှု နည်းလာနိုင်ဖွယ် ရှိနေပါတယ်။

ခုဆိုရင်ပဲ တချို့ အဖွဲ့အစည်းတွေဟာ အလှုငွေ မရတဲ့ အတွက် ဝန်ထမ်းတွေ လျှော့ချ ရတာမျိုးတွေ ရှိနေတယ်လို့ အင်ဂျီအို ဝန်ထမ်းဟောင်းက ပြောပါတယ်။

နာဂစ် မုန်တိုင်းကြောင့် လယ်သမားတွေ အပါအဝင် ထိခိုက် ပျက်ဆီးသွားတဲ့ နေရာတွေက အလုပ်သမားတွေရဲ့ ဝင်ငွေ ရနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ထိခိုက်ခဲ့ပါတယ်။

စပါး အထွက်နှုံး ကျဆင်းတာ၊ သက်မွေး ဝမ်းကျောင်း ကိရိယာတွေ ပျက်ဆီးတာ အပြင် အရင် စိုက်နေကျ လယ်တွေမှာ အရင်ကလောက် စပါး မထွက်တော့ပါဘူး။

စပါး အထွက်နှုံး နည်းတဲ့အခါ လယ်ပိုင်ရှင်က လူလျှော့ငှားတာတို့၊ ဆန်စက်ကြီးတွေလည်း ပျက်ဆီးတဲ့ထဲ ပါသွားတဲ့ အတွက် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ပါတယ်။

ထမင်းနပ် မှန်ရေးကို ဦးစား ပေးရတဲ့အတွက် တခြား နေထိုင်ရေး၊ ကျန်းမာရေး စတာတွေကို ဂရု မစိုက်နိုင်ကြပါဘူး။

ဒါ့ကြောင့် အလုပ် သမားတွေ ဝင်ငွေ ပုံမှန် ပြန်ရဖို့နဲ့ လတ်တလော ရင်ဆိုင် နေရတဲ့ အမိုးအကာ ရရှိရေး စတာတွေပါ ထောက်ပံ့ပေးဖို့ လိုအပ်နေတယ်လို့ အင်ဂျီအို ဝန်ထမ်းက ဘီဘီစီကို ပြောပြသွား ပါတယ်။