စစ်ကောင်စီလက်ထက်မှာ အများဆုံးမီးရှို့ခံရတဲ့ ဒေသ

ပုလဲမြို့ပေါ် နေအိမ်တွေ ဖေဖော်ဝါရီ ၅ ရက်နေ့ညက မီးရှို့ဖျက်ဆီးခံရ၊

ဓာတ်ပုံ ရင်းမြစ်, CJ/MFP

ဓာတ်ပုံ ပုံစာ, ပုလဲမြို့ပေါ် နေအိမ်တွေ ဖေဖော်ဝါရီ ၅ ရက်နေ့ညက မီးရှို့ဖျက်ဆီးခံရ၊
ရေးသားခဲ့သည်။

အခုရက်ပိုင်း နေ့စဥ်နီးပါး တိုက်ပွဲတွေဖြစ်နေပြီးတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာလည်း စစ်ကောင်စီ လေကြောင်းနဲ့ ပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျွန်းလှမြို့နယ်အစပ် ကောလင်းမြို့နယ် ညောင်ပင်လှကျေးရွာ၊ လာကာ၊ အိုင်ကြီး၊ ဥက္ကံ စတဲ့ကျေးရွာတွေကို ဒီနေ့မနက်ပိုင်းမှာ လေကြောင်းနဲ့ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူ-ကျွန်းလှ-ကောလင်း သုံးမြို့နယ်အစပ်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်က စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိခိုက်ကျဆုံးရှိခဲ့တာကြောင့် လေကြောင်းနဲ့ပါ စစ်ကောင်စီက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ညနေပိုင်းအချိန်ထိ စစ်ကြောင်းထိုးတာတွေ ရှိနေတာကြောင့် အထိခိုက်အခြေအနေတွေကို မသိကြရသေးပါဘူး။

no tag

ဓာတ်ပုံ ရင်းမြစ်, SOCIAL MEDIA

ကျွန်းလှမြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်က မွတ်စလင်ဘာသာဝင် မော်လဝီဘာသာရေးခေါင်းဆောင်သားအဖနှစ်ယောက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၂၅ ရက်ညမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး သားအဖနှစ်ယောက်ကို ဖမ်းသွားပြီးတဲ့နောက် နောက်ရက်မှာ သစ်ရာမြိုင်ဈေးမှာ အသက် ၅၀ အရွယ် ဦးတွာဆင်ရဲ့ရုပ်အလောင်း၊ ဘူတာရုံရှေ့မှာ အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ ရာဇာထက်အောင်ရဲ့ရုပ်အလောင်းတွေကို ပြန်တွေ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲကပဲ ချင်းတွင်းမြစ်ဘေး ကနီမြို့နယ်၊ သရက်ပင်ရွာကို ဒီနေ့မနက်မှာ စစ်ကြောင်းထိုးလာပြီး အရပ်သား ၇၀ နီးပါး အဖမ်းခံထားရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

သရက်ပင်ရွာကိုရောက်နေတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဇီးပင်ကုန်း၊ သောင်အင်းတောင် စတဲ့ကျေးရွာတွေက နေအိမ် ၆၀ ကျော်ကို မီးရှို့ခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးစကနေ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ အထိ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့များ မီးရှို့မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းနေအိမ် ၂၀၁၅၃ လုံး ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က သြဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ပုလဲမြို့နယ် မွေ့တုံရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မီးရှို့ဖျက်ဆီးခံရတဲ့ ပုလဲမြို့နယ် မွေ့တုံရွာ

ဒီထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ စစ်ကိုင်းတိုင်းဟာ တစ်နိုင်ငံလုံး မီးရှို့ခံရမှုမှာ နေအိမ်အများဆုံး အရှို့ခံရတဲ့တိုင်းလည်းဖြစ်ပါတယ်။

Data For Myanmar အဖွဲ့ဟာ မြန်မာပြည်တစ်ဝန်း မြို့ရွာများ မီးရှို့ခံရမှုကို စစ်တမ်းကောက်နေတဲ့ အဖွဲ့လည်းဖြစ် ပါတယ်။

တစ်နိုင်ငံလုံး မီးရှို့ခံရမှုနဲ့ ဆုံးရှုံးမှုမှာ စစ်ကိုင်းတိုင်းကများသလို စစ်ဘေးရှောင်အရေအတွက်မှာလည်း စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

မီးရှို့ဖျက်ဆီးခံရမှု အခြေအနေတွေကို လအလိုက်လေ့လာကြည့်မယ်ဆိုရင် ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ မေလနဲ့ ဇွန်လ (၃)လဟာ နေအိမ်ပျက်စီးမှုအရေအတွက် အများဆုံးလတွေဖြစ်ခဲ့ပြီး အဲဒီ ၃ လအတွင်း နေအိမ်ပေါင်း ၁၂၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မြို့နယ်အလိုက်ကြည့်မယ်ဆိုရင် ပုလဲမြို့နယ်မှာ နေအိမ်ပေါင်း ၂၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ငဝဲတောရွာမှာ အိမ် ၅ လုံးနဲ့အတူစပါးကျီတွေပါမီးလောင်ကျွမ်းခဲ့

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, ငဝဲတောရွာမှာ အိမ် ၅ လုံးနဲ့အတူစပါးကျီတွေပါမီးလောင်ကျွမ်းခဲ့

နေအိမ်ပေါင်း ၁၀၀၀ နဲ့ အထက် မီးရှို့ခံရတဲ့ မြို့နယ်တွေကတော့ ခင်ဦး၊ ကလေး၊ ကနီ၊ ရွှေဘို၊ ကန့်ဘလူ၊ ဒီပဲယင်း၊ အရာတော်၊ မင်းကင်း၊ ဝက်လက်၊ တန့်ဆည် စတဲ့ မြို့နယ်တွေဖြစ်ပါတယ်။

နေအိမ် ၁၀၀ နဲ့ ၇၀၀ အကြား မီးရှို့ခံရတဲ့ မြို့နယ်တွေထဲမှာတော့ ယင်းမာပင်၊ ဆားလင်းကြီး၊ ရေဦး၊ မြောင်၊ မြင်းမူ၊ မော်လိုက်၊ ချောင်းဦး၊ စစ်ကိုင်း၊ ဝန်းသို၊ ဖောင်းပြင်၊ ဘုတလင် မြို့နယ်တွေပါဝင်ပါတယ်

။ နေအိမ် ၂ အိမ် နဲ့ ၁၀၀ ကြား မီးရှို့ဖျက်ဆီးခံရတဲ့ မြို့နယ်တွေကတော့ ကျွန်းလှ၊ ထီးချိုင့်၊ ကသာ၊ ကောလင်း၊ မုံရွာ၊ တမူး၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ အင်းတော် စတဲ့ မြို့နယ်တွေပါဝင်တာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အနက် ၃၁ မြို့နယ်မှာ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပြီး ကျန် ၆ မြို့နယ်မှာတော့ အလားတူဖြစ်စဉ်တွေ ဖြစ်ခဲ့ကြောင်း သတင်းတွေမှာ မတွေ့ရပါဘူး။ အဲဒီ ၆ မြို့နယ်ကတော့ ဟုမ္မလင်း၊ ခန္တီး၊ ကလေးဝ၊ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာ

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာ

ဒုတိယအများဆုံးမီးရှို့ဖျက်ဆီးခံရတဲ့ ဒေသကတော့ နေအိမ် ၅၀၀၀ကျော်ပျက်စီးထားတဲ့ မကွေးတိုင်းဖြစ်ပြီး ချင်းပြည်နယ်က တတိယနေရာမှာ ရှိနေပါတယ်။ အခု စာရင်းတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် မေလက စတင် သုတေသနပြုလုပ်ထားတဲ့စာရင်းတွေလို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေ ကိုယ်တိုင်ပြောကြားချက် နဲ့ မှတ်တမ်းတွေအရ မီးရှို့တာတွေကို စစ်ကောင်စီကလုပ်တာလို့ ပြောဆိုကြပေမဲ့ စစ်ကောင်စီဘက်ကတော့ ရွာတွေမီးရှို့တာကို သူတို့လုပ်ဆောင်တာမရှိဘူးလို့ ပြောဆိုနေပါတယ်။

ဒီအဖွဲ့ရဲ့ ဖော်ပြချက်အရ တိုင်းနဲ့ပြည်နယ်တွေအထဲ နေအိမ်တွေ မီးရှို့ခံရတဲ့ စာရင်းထဲမပါတဲ့ ဒေသတွေကတော့ ရန်ကုန်တိုင်း ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်တို့ ဖြစ်ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ဦးရေ ၂ သိန်းကျော်၊ ကယားပြည်နယ်မှာက ၁ သိန်း ၉ သောင်းရှိတာကြောင့် စစ်ဘေးဒုက္ခသည်အများဆုံး တိုင်းနဲ့ပြည်နယ်တွေဖြစ်နေတယ်လို့ISP Myanmar ကထုတ်ပြန်ချက်တွေအရ သိရပါတယ်။