"ထခက်မိုးတွေနဲ့" ပြာပုံအောက်က ရုန်းထနေရတဲ့ ပုလဲနယ်က ရွာတွေ

မွေ့တုံ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အမိုးတခုအောက်မှာ ပြန်နေနိုင်ကြဖို့ ယာယီတဲတွေနဲ့ စကြိုးစားထားကြတဲ့ မွေ့တုံရွာမြင်ကွင်း
ရေးသားခဲ့သည်။

"ယာယီနေကြဖို့တော့ အိမ်တိုင်းအကုန်လုံးက ပြန်ဆောက်ပြီးကြပါပြီ။ ထခက် (ထန်းခက်) မိုးတွေနဲ့ပေါ့။"

ပုလဲနယ်၊ မွေ့တုံရွာဒေသခံက သူ့ရွာပုံလေးပါ ပို့ရင်း ပြောပြတာပါ။

ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာခဲ့ပြီး ညဦးပိုင်းလောက်မှာ ရွာရဲ့ လေးဘက် လေးတန် ကနေ မီးရှို့တာကိုခံလိုက်ရတဲ့ မွေ့တုံရွာဟာ ရွာရှိ အိမ်ခြေ ၂၀၀ မှာ ၁၇၅ အိမ်ပြာကျ သွားခဲ့ရတဲ့ရွာပါ။

စစ်တပ်က ရွာထဲ ရုတ်တရက်ထိုးဝင်လာလို့ ရွာသူရွာသားတွေ ကြောက်လန့်တကြား ပြေးခဲ့ကြရတဲ့အတွက် ကိုယ်မှာဝတ်လာခဲ့တဲ့ ခါးဝတ်ခါးစားကလွဲလို့ နေစရာ၊ စားစရာ၊ ဝတ်စရာ ဘာမှမကျန်ရစ်ဘဲ ရွာမီးလောင်ပြင်ကိုသာ သူတို့ပြန်တွေ့ ခဲ့ကြရတာပါ။

"ဆန်တို့၊ စားစရာတို့ကို ရွာနီးချုပ်စပ်က လှူကြပါတယ်။ မြန်မာပြည်တွင်းကကော တရုတ်နိုင်ငံရောက်နေတဲ့ မြန်မာ အသိုင်းအဝိုင်း တွေရော၊ တခြားနိုင်ငံခြားမှာ ရောက်နေတဲ့လူတွေလည်း ပါပါတယ်၊ သူတို့က ပြန်ကူကြပါတယ်။ ကျွန်တော်တို့ ရွာက ပုလဲနယ်မှာ ပထမဆုံး မီးရှို့ခံရတဲ့ရွာ၊ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ရွာဆိုတော့ လူတွေလည်း အတော် သိကြပါတယ်။ လှူကြတာကတော့ မျက်ရည်ကျ ရလောက်အောင်ပါပဲ" လို့ အိမ်ဆုံးရှုံးခဲ့ရတဲ့ အဲဒီမွေ့တုံရွာသားက ပြောပြပါတယ်။

မွေ့တုံရွာရဲ့ အနောက်ဘက် တမိုင်လောက်အကွာက ပန်းရွာလည်း အဲဒီညက မီးရှို့ခံခဲ့ ရပါတယ်။ စစ်ကောင်စီတပ်ကပဲ မီးရှို့တာလို့ ရွာသားတွေက ပြောပါတယ်။ ပန်းရွာက မွေ့တုံထက်အတော်ကြီးပြီး အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ရွာပါ။

"အိမ်ပေါင်း ၁၇၆ အိမ် မီးထဲပါပြီး အဲဒီထဲက ၁၅၆ အိမ်က ပြာကျသွားတာပါ"လို့ ပန်းရွာသား တယောက်က ပြောရင်း အခုတော့ သူတို့လည်း "ထခက်မိုး တဲအိမ်တွေ အတော်များများ ပြန်ဆောက်ပြီး နေနေကြပါပြီ" လို့ ဆိုပါတယ်။

ထန်းလက်လို့ တချို့အရပ်မှာ ခေါ်ကြပေမယ့် ဒီဒေသမှာတော့ ထန်းပင်က အခက် မို့ ထန်းခက်လို့သာ သုံးကြပါတယ်။

အိမ် အမိုးကို ထန်းခက်မိုးပြီး၊ ကျန်တဲ့ ဒိုင်းတို့၊ မြားတို့၊ ထုတ်တို့အတွက် ထန်းသားတွေ၊ အိမ်တိုင်ထူဖို့ မျောတိုင်တွေကိုတော့ ပုံတောင် ပုံညာဘက်က ပေးပို့လှူပေးကြပါတယ်လို့ ဆိုရင်း အိမ်တိုင်းအတွက် လောက်ငပြည့်စုံတဲ့ အထိတော့ မဖြစ်နိုင်ဘူးပေါ့ လို့ ဒေသခံ တွေက ပြောပါတယ်။

"ရွာက ကော်မတီဖွဲ့ အလှူခံကြ၊ လူတွေကလည်း ကူကြတော့ ငတ်တဲ့အထိတော့ တယောက်မှ မဖြစ်ခဲ့ကြဖူးပေါ့ဗျာ"လို့ ပန်းရွာ ဒေသခံ က ဆိုပါတယ်။

တရွာလုံးနီးပါး ကြက်သွန်စိုက်ကြတဲ့ မွေ့တုံဟာ စိုက်ခင်းတွေအတွက် သုံးရတဲ့ ရေတင်စက် တွေကအစ ဓာတ်မြေသြဇာတွေ၊ ပေါင်းသတ်ဆေးတွေ အဆုံး အကုန်ဆုံးရှုံးခဲ့ရတာပါ။

မြို့မှာတက် အလှူခံကြတော့ "ရေသွင်းတဲ့စက် ၈ လုံးနဲ့ ဆေးဖြန်းတဲ့ပုံး ၁၅ ပုံးရလာတယ်။ အဲဒါတွေကို ရွာမှာ အလှည့်ကျ သုံးကြ တယ်" လို့ မွေ့တုံ ဒေသခံက ပြောပြပါတယ်။

ချောင်းဦးရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလလယ်ပိုင်းလောက်က အိမ်ပေါင်း ၄၀၀ လောက် မီးရှို့ခံရတဲ့ ချောင်းဦးရွာ

ဇန်နဝါရီလကုန်ပိုင်းလောက်ကနေ ပုလဲနယ်က ရွာတွေ မီးရှို့ခံခဲ့ကြရရာမှာ သီတင်းပတ် တပတ်တာ ကာလအတွင်း အိမ်ပေါင်း ၁,၄၀၀ ကျော် မီးရှို့ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

သူတို့နယ်က အနည်းဆုံး ရွာပေါင်း ၁၀ ရွာ မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို အရှို့ခံခဲ့ရတဲ့အထဲမှာ မွေ့တုံ နဲ့ ပန်းရွာ တို့အပြင် လှော်ကား၊ ကိုင်းတွင်း၊ ချောင်းဦး၊ တုန်းကန်၊ နှောရိုး စတဲ့ရွာတွေလည်း ပါတယ် လို့ ဆိုကြပါတယ်။

ဒုက္ခတွေ ကြုံနေရချိန်မှာ "ပြည်သူကနေ ပြည်သူသို့ ကူကြတယ်ဆိုတာ တကယ်ဟုတ်ပါတယ်။ ဒါပေမယ့် တချို့ရွာတွေက စစ်ကောင်စီ တပ်တွေ ထိုင်ထားတဲ့ အခြေစိုက် နေရာတွေနဲ့ နီးတော့ လှူတဲ့လူတွေက သိပ်မသွားရဲကြဘူး၊ အဲဒီရွာတွေ ကူညီမှု သိပ်မရကြဘူး" လို့ မွေ့တုံရွာသားက ပြောပါတယ်။

ရှို့မီးရဲ့ ပြင်းအား

ပူလှတဲ့အညာနွေမှာ နေစရာ အမိုးအောက် တနေရာကိုပြန်ရဖို့ ရွာသူရွာသားတွေ တလခွဲ၊ ၂ လလောက် အချိန်ပြန်ယူခဲ့ကြရပါတယ်။

သူတို့ရဲ့ လယ်တွေ၊ စိုက်ခင်းတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့အတွက်က သူတို့ကိုယ်တိုင် ကြောက်လန့်တကြား ပြေးပုန်းနေခဲ့ကြရသလို၊ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်တာတွေ လက်မဲ့ဖြစ်သွားတာမို့ သီးနှံထွက်နှုန်းက ဆိုးခဲ့ပါတယ်။

ဒီဇင်ဘာလောက်မှာ စစိုက်၊ ဧပြီ လောက်မှာ ဖော်ကြလေ့ရှိတဲ့ ကြက်သွန်ဆိုရင် ထွက်နှုန်းက ထက်ဝက်လောက်ကို ကျဆင်းသွားတဲ့ အပြင် လှောင်စရာ နေရာမရှိ တော့တာက သင့်တဲ့စျေးကိုပါ မရတော့တာလို့ မွေ့တုံရွာသားက ပြောပါတယ်။

"အရင်က တဧကဆို ကြက်သွန်က ပိဿာချိန် ၇,၀၀၀ ကနေ ၈,၀၀၀ လောက်ကို ထွက်တာ၊ အခုက ၄,၀၀၀ လောက်ပဲရတယ်၊ ဒါ့အပြင် လှောင်စရာတဲတွေလည်း မီးထဲပါသွားတာကြောင့် မလှောင်ထားနိုင်တော့ဘူး။ ထွက်ထွက်ချင်း ရောင်းရတာ ဆိုတော့ အဲဒီ ထွက်တဲ့ ၄ လပိုင်းက (တပိဿာကို) ၄၇၀ ကျပ်စျေးနဲ့ ထိုးရောင်းရတာ၊ အခုဆိုရင် (ဒီဇွန်လဆန်းမှာ) တပိဿာကို ၁,၅၀၀ ကျပ်ဖြစ်နေပြီ။ တောင်သူက ၂ ခါနာတာပေါ့။ ထွက်နှုန်းကျတာရယ်၊ လှောင်လို့ မရတော့တာရယ်။"

ပြာပုံဖြစ်သွားရတဲ့ မွေ့တုံရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြာပုံဖြစ်သွားရတဲ့ မွေ့တုံရွာ

ရွာသူရွာသားတွေဟာ အိမ်တွေ အပြင်၊ အောက်ထပ်မှာ လူနေ ဒါမှမဟုတ် နွားထားလို့ရပြီး အပေါ်ထပ်မှာ ကြက်သွန် လှောင် လို့ရတဲ့ တဲအမြင့်တွေ၊ စျေးဆိုင်တွေ၊ ခိုင်းနွားတွေအပါအဝင် မွေးထားတဲ့ တိရိစ္ဆာန် တွေ၊ အိမ်ဝင်းထဲနဲ့ ရွာထဲက သစ်ပင်တွေ စတာတွေအကုန် ဆုံးရှုံးခဲ့ကြတာပါ။

မိသားစုလိုက် တန်ဖိုးအရ သိန်း ဆယ်ချီ၊ ရာချီကနေ သိန်းထောင်ချီအထိ ဆုံးရှုံးခဲ့ကြတာလို့ သိရပါတယ်။

မွေ့တုံ ရွာခံက သူ့အိမ်ဆိုရင် "(သူ့) မိဘတွေ အိမ်ထောင်ကျစကတည်းက ကြိုးစားပြီး အနှစ် ၄၀ လောက်ကြာ စုဆောင်း ဆောက် ထားတဲ့အိမ်" လို့ ပြောပြရင်း "အမေကပြောတယ် အမေ့တသက် အိမ်ကောင်းကောင်းနဲ့ ဘယ်တော့မှ ပြန်နေရတော့မှာ မဟုတ်တော့ဘူးတဲ့။"

"ရွာမှာမီးလောင်တဲ့မြင်ကွင်းက ကျွန်တော်တို့ ပုန်းနေတဲ့ တောစပ်ကနေ မျက်စိရှေ့မှာ မြင်နေရတာ၊ ဘယ်လိုပြောမလဲ၊ ကမ္ဘာကြီး ပျက်သလိုပေါ့ဗျာ၊ ရင်ထဲမှာ အဲလိုကို တော်တော်ကြီးကို ခံစားလိုက်ရတာ"၊ "အနှစ်နှစ် အလလက ဒီလို အိမ်လေးတလုံးဖြစ်ဖို့၊ ဒီလို သစ်ပင်လေးတွေဖြစ်ဖို့၊ ဒီလို တိရိစ္ဆာန်လေးတွေ မွေးနိုင်ဖို့က စုဆောင်းလာခဲ့၊ အားထုတ်လာခဲ့ကြရတာ။ ဒီတညလေးနဲ့ ဒီလိုဖျက်ဆီးခံ လိုက်ရတော့ မိသားစု ဘဝတခုလုံးကို အကုန်လုံးရိုက်ဖျက်ဆီးသလို ဖြစ်တော့ အကုန်လုံး ခံစားကြရတာပေါ့" လို့ ပန်းရွာသားက ပြော ပါတယ်။

စစ်ကောင်စီက ဒီရွာတွေကို သူတို့တပ်တွေက မီးရှို့တယ်ဆိုတာကို ဝန်ခံ မပြောပေမဲ့ စစ်ကောင်စီတပ်က လာရှို့တယ်ဆိုတာကို ပြောပြတဲ့ ဒေသခံတွေ အများအပြားပါ။

စစ်ကောင်စီက သူတို့ကို ဆန့်ကျင်နေတဲ့ ရွာတွေ ငြိမ်ဝပ်သွားအောင် ဒီလို မီးရှို့ပြီး ဖိနှိပ်တာလို့ သုံးသပ်သူတွေ လည်း ရှိပါတယ်။

အခုလည်း စစ်ကောင်စီတပ် ဘယ်တော့လာမလဲဆိုတာကို ဒေသခံတွေက ထိတ်လန့် စိုးရွံ့နေကြဆဲပါ။

"မနက်မိုးလင်းတာနဲ့ စစ်ကောင်စီတပ်က ဘယ်မှာရှိနေလဲဆိုတာ နားစွင့် နေရပြီ၊ သတင်းစုံစမ်း နေကြရပြီ" လို့ ပန်းရွာခံက ဆိုပါ တယ်။

စစ်ကိုင်းတိုင်းထဲက သူတို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်တာခံထားရတာ လပေါင်းများစွာကြာလှပါပြီ။ ဖုန်းလည်း အဆက် အသွယ် မကောင်းသေးပါဘူး။

မြင့်လာတဲ့ လောင်စာဆီစျေးနဲ့ အတူတက်လာတဲ့ ကုန်စျေးနှုန်းတွေကလည်း သူတို့အတွက် ဖိစီးမှုတွေပါပဲလို့ ပြောကြပါတယ်။

လမ်းပန်းဆက်သွယ်ရေး မကောင်းတော့တာကြောင့် စိုက်ခင်းထွက် သီးနှံတွေ သွားရောင်းနိုင်ဖို့လည်း အခက်ကြုံကြရပါတယ်။

ပုလဲနယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပုလဲနယ်သားတို့ရင်မှာ ဒီမီးလောင်ပြင်ပုံရိပ်တွေက စွဲထင်ကျန်ရစ်နေကြဆဲ

ဒါပေမယ့် သူတို့ စိတ်ဓာတ်ကျသွားတာ မရှိဘူးလို့ ဒေသခံတွေက ပြောကြပါ တယ်။

မွေ့တုံရွာသားက "ကျွန်တော်တို့ စိတ်ကတော့ ပျော့မသွားဘူး" လို့ ပြောပြသလို၊ ပန်းရွာ ဒေသခံကလည်း "တကယ် ရက်စက်ကြတာ ပါလားလို့ ပိုသိလာကြတယ်။ မခံချင်စိတ်တွေ ပိုဖြစ်လာကြတယ်"လို့ ပြောပါတယ်။

"ထသန်ချကြပြီ"

မိုးဦးချိန်ကျလာတော့ ဒေသခံတို့ နှမ်းရိတ်သိမ်းသူက သိမ်းနေပါပြီ။

ယင်းချောင်းနဲ့ ကပ်လျက်ဖြစ်တဲ့ မွေ့တုံက စပါးစိုက်သူတို့ စစိုက်နေကြသလို၊ ပန်းရွာဒေသခံက သူတို့ဆီမှာ "ထသန်ချကြပြီ" လို့ ဆိုပါ တယ်။

စပါးစေ့ကို အပင်ကြီးလာ၊ စပါးထွက်လာတဲ့အထိ ဘယ်မှ နေရာမပြောင်းတော့ဘဲ တနေရာထဲမှာ စိုက်လေ့ရှိကြပြီး ဒါကို ထသန်ချတယ် ဒါမှမဟုတ် ကောက်ချောက်စိုက်တယ်လို့ ဆိုကြပါတယ်။

ပန်းရွာက စပါးအပြင် ကုလားပဲ၊ နေကြာ၊ နှမ်း၊ကြက်သွန် စသဖြင့် အစုံ စိုက်ပါတယ်။

မွေ့တုံက အပေါ်မှာပြောခဲ့သလို ကြက်သွန် အဓိကစိုက်ပြီး စပါးတို့၊ နှမ်းတို့၊ ဝါတို့၊ ငရုတ်တို့လည်း စိုက်ပါတယ်။

စိုက်ကြပျိုးကြတော့မယ့် မိုးဦးကာလက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တတ်တဲ့ရာသီမို့ မွေ့တုံရွာမှာ အလယ်တန်းကျောင်း အဆင့်ထိ ကျောင်းပြန်ဖွင့် ထားသလို၊ အထက်တန်းကျောင်းရှိတဲ့ ပန်းရွာမှာလည်း ကျောင်းတက်နေကြပြီဖြစ်တဲ့ မူလတန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသား ၆၀၀ ကျော် ရှိနေပြီဆိုတာ သိရပါတယ်။

အရင် ပုံမှန်ကာလကဆိုရင် ပန်းရွာမှာ အထက်တန်းကျောင်း အဆင့်ထိ ဖွင့်ပြီး ကျောင်းသူ ကျောင်းသား ၈၀၀ ကျော် ကျောင်းတက်ကြ ပါတယ်။

အဲဒီကျောင်းတွေမှာ ဒေသခံ ဆရာ၊ ဆရာမတွေ၊ အထက်တန်းအောင်နဲ့ ဘွဲ့ရ တွေက စာသင်ကြားပေးနေကြတာဖြစ်ပြီး "NUG (အမျိုးသားညီညွတ်ရေး အစိုးရ)ရဲ့ လမ်းညွှန်မှုတွေ၊ ပံ့ပိုးပေးတာတွေနဲ့ ဖွင့်ထားကြတာ" လို့ ဆိုကြပါတယ်။