ပအိုဝ်းဒေသမှာ PNO ပြည်သူ့စစ်သင်တန်းပေး

ပအိုဝ်းပြည်သူ့စစ် PNO ရဲ့ထိန်းချုပ်နယ်မြေ အထူးဒေသ ၆မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် ကြား အမျိုးသား အမျိုးသမီး လူငယ် ၅၀၀ကျော်ကို စစ်သင်တန်းပေး

ဓာတ်ပုံ ရင်းမြစ်, Pa O Region 6

ဓာတ်ပုံ ပုံစာ, ပအိုဝ်းပြည်သူ့စစ် PNO ရဲ့ထိန်းချုပ်နယ်မြေ အထူးဒေသ ၆မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် ကြား အမျိုးသား အမျိုးသမီး လူငယ် ၅၀၀ကျော်ကို စစ်သင်တန်းပေး
ရေးသားခဲ့သည်။

စစ်တပ်နဲ့ငြိမ်းချမ်းရေးယူပြီး အထူးဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO ရဲ့ထိန်းချုပ်နယ်မြေ အထူးဒေသ ၆မှာ ပအိုဝ်းအမျိုးသား အမျိုးသမီး လူငယ် ၅၀၀ကျော်ကို စစ်သင်တန်းတွေပို့ချပေးနေတယ်လို့ PNOဘက်က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာတော့ အရွယ်ရောက်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် ကြား ပအိုဝ်းလူငယ်တွေကို ဒီလို စစ်သင်တန်းပေးနေတာဟာ အတင်းအဓမ္မ လုပ်ဆောင်နေတာဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။

ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းပေးမယ်ဆိုတဲ့ လုပ်ဆောင်မှုဟာ ဟန်ပြသဘောဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပိုမိုလည်ပတ်စေဖို့ ပအိုဝ်းလူငယ်တွေကို အသုံးချနေတာလို့ လူငယ်အချို့က ပြောပါတယ်။

ဒါ့ကြောင့် တချို့က ဒီစစ်သင်တန်းကို မတက်ချင်တဲ့လူငယ်တွေက ထိုင်းနိုင်ငံဘက်ကို သွားကြတာလည်း ရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ အသုံးချခံဖြစ်မှာစိုးလို့ မတက်ချင်ကြတာလို့ စစ်သင်တန်းမတက်ချင်တဲ့ ပအိုဝ်းလူငယ်တွေက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Pa O Region 6

ပအိုဝ်းပြည်သူ့စစ် PNO ဘက်ကတော့ ဒီစစ်သင်တန်းဟာ ကိုယ့်ကျေးရွာ၊ ကိုယ့်ဒေသကာကွယ်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကစပြီး ၁၅ ရက်ကြာ သင်တန်းပေးနေတာလို့ ဘီဘီစီကိုပြောပါတယ်။

စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူချိန်မှာ သဘောတူထားတဲ့ ပအိုဝ်းဒေသငြိမ်းချမ်းရေးကို စစ်တပ်က တာဝန်ယူထားတယ်ပြောပေမဲ့ လက်ရှိအချိန်မှာ သူတို့က တာဝန်မယူနိုင်တာကြောင့် ကိုယ့်ဒေသအတွက် ဒီလို လုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်သင်တန်းကို မဖြစ်မနေ တက်ရတာမရှိဘဲ စစ်သင်တန်းပြီးဆုံးရင် ကိုယ့်ရပ်ရွာမှာ တာဝန်ယူရမှာ ဖြစ်တယ်လို့လည်းPNO ဘက်ကပြောပါတယ်။

စစ်ကောင်စီဘက်ကနေ ဝင်ကူညီမယ့်အခြေအနေ ရှိနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ်မှာတော့ ပအိုဝ်းပြည်သူ့စစ် PNO တာဝန်ရှိသူက သွားတိုက်ဖို့မဟုတ်ဘူး၊ကိုယ့်နယ်မြေထဲဝင်လာရင် ပြန်တိုက်ဖို့ပါလို့ ပြောပါတယ်။

" ကျွှန်တော်တို့မှာ ရန်သူမရှိပါဘူး၊ PDF ရန်သူမဟုတ်ဘူး ၊NUG ရန်သူမဟုတ်ဘူး၊စစ်တပ်ကလည်းရန်သူ မဟုတ်ဘူး " လို့ သူကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Pa O Region 6

PNO ဟာ ဦးအောင်ခမ်းထီ ဦးဆောင်ခဲ့တဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ စစ်တပ်နဲ့ငြိမ်းချမ်းရေးယူခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် PNOဟာ စစ်ကောင်စီနဲ့ ရှမ်းတောင်ပိုင်းမှာ စစ်ရေးအတူလှုပ်ရှားမှုတွေရှိတယ်လို့ ရှမ်း၊ကယားနယ်စပ်မှာ လှုပ်ရှားတဲ့ ဒေသကာကွယ်ရေးတပ်တွေက ပြောဆိုမှုတွေရှိပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီကပေးတဲ့ ဘွဲ့တံဆိပ်ထဲ ပြည်သူ့စစ်အသွင်ပြောင်းတွေ၊ စစ်တပ် နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့ပါတယ်။

အဲဒီအထဲမှာ နဝတ၊ နအဖ လက်ထက်မှာ စစ်တပ်နဲ့ငြိမ်းချမ်းရေးယူပြီး အထူးဒေသသတ်မှတ်ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဖြစ်တဲ့ ကချင်ပြည်နယ်အထူးဒေသ(၁) က ဦးစခုန်တိန့်ယိန်း နဲ့ ရှမ်းပြည်တောင်ပိုင်း အထူးဒေသ(၆)က ဦးအောင်ခမ်းထီ တို့လည်းပါဝင်ခဲ့ပါတယ်။

လက်ရှိ စစ်ရေးအရှိန်မြှင့်နေတဲ့ တိုက်ခိုက်နေတဲ့အကြားကပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြားကခေါင်းဆောင် အချို့ကို အခုလို စစ်ကောင်စီက ဆုချီးမြှင့်တာကို ဝေဖန်ပြောဆိုတာလည်းရှိပါတယ်။

ရှမ်းပြည်တောင်ပိုင်း အထူးဒေသ(၆)က ဦးအောင်ခမ်းထီ

ဓာတ်ပုံ ရင်းမြစ်, PA-ONATIONAL

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်တောင်ပိုင်း အထူးဒေသ(၆)က ဦးအောင်ခမ်းထီ

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ရက်နေ့ကတော့ ပအိုဝ်းဒေသမှာ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ပအိုဝ်းအမျိုးသားများ နဲ့ အတူနေတိုင်းရင်းသားများရဲ့ အသက်အိုးအိမ်စည်းစိမ်များအပေါ် အန္တရာယ် ကျရောက်လာနိုင်လို့ ဒီအန္တရာယ်တွေကို ကာကွယ်နိုင်ရန် အတွက် ဒေသကာကွယ်ရေးလုံခြုံရေးတပ်တွေကို ဖွဲ့သွားမယ်လို့ PNO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် PNO ဟာ စစ်တပ်အစဥ်အဆက်က အမြဲပြောဆိုလေ့ရှိတဲ့ တို့တာဝန်အရေးသုံးပါးကို ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး မူကို လက်ခံကျင့်သုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားမှုတွေ ရှိနေပါတယ်။

အလားတူ PNO လှုပ်ရှားနေသော ရှမ်းပြည်နယ်တောင်ပိုင်းမှာ မတူညီသော လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပြည်သူ့စစ်အဖွဲ့များလည်း လှုပ်ရှားလျက် ရှိနေကြပါတယ်။

ရှမ်း ကယားနယ်စပ်က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ တိုက်ပွဲတွေမှာ PNO ဟာ စစ်ကောင်စီဘက်က ဝင်ရောက် တိုက်ခိုက်တာတွေရှိတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။