တိုက်ပွဲလက်ကျန်လက်နက်တွေကို ကိုင်တွယ်ထိမိရာကနေ ထိခိုက်သေဆုံးသူ ၂၀ နီးပါးရှိ

မပေါက်ကွဲသေးတဲ့ဗုံးကျည်

ဓာတ်ပုံ ရင်းမြစ်, KNDO

ဓာတ်ပုံ ပုံစာ, မြဝတီ ဝေါလေရဲစခန်းကို ဇွန် ၁၃ ရက်က KNDO နဲ့ KNLA ပူးပေါင်းအဖွဲ့များ တိုက်ခိုက်အပြီး သိမ်းဆည်းရမိတဲ့ မမ ၆၀ အပါဝင် လက်နက်များ
ရေးသားခဲ့သည်။

စစ်ကောင်စီနဲ့ ‌ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ပွဲဧရိယာတွေအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ကျည်ဆန်၊ ဗုံးဆန်တွေကို အန္တရာယ်ရှိပစ္စည်းမှန်းမသိဘဲ သွားကိုင်မိရာကနေ ပေါက်ကွဲတာကြောင့် သေဆုံးသူတွေ ထိခိုက်ဒဏ်ရာရသူတွေ ရှိလာနေပါတယ်။

ဘီဘီစီက လက်လှမ်းမီသလောက် လိုက်လံဆက်သွယ်မေးမြန်းအတည်ပြုထားနိုင်တဲ့စာရင်းအရ သေဆုံးသူ ၁၂ ယောက်၊ ဒဏ်ရာရသူ ၆ ယောက်နဲ့ စုစုပေါင်း ၁၈ ယောက် ရှိပါတယ်။ ဒီအရေအတွက်ဟာ စစ်ကိုင်းတိုင်းထဲက ပုလဲမြို့၊ ဒီပဲယင်းမြို့နဲ့ အရာတော်မြို့ ၊ ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ကယားပြည်နယ်ဘက်တွေကို ဘီဘီစီက စုံစမ်းမေးမြန်းပြီး ရရှိထားတဲ့စာရင်းတွေ ဖြစ်ပါတယ်။ အဆက်သွယ်မရသေးတဲ့ တခြားမြို့တွေမှာလည်း ဒီလိုဖြစ်ရပ်တွေရှိနိုင်တာကြောင့် အရေအတွက်ဟာ ဒီထက်လည်း ပိုများနိုင်ပါတယ်။

ဒါ့အပြင် ပစ်သံကြားပြီး ပေါက်ကွဲသံမကြားတဲ့ကျည်တွေ ရှိနေတယ်လို့ တိုက်ပွဲဧရိယာအတွင်း ရှိနေတဲ့‌ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေအများစုက ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေပါ။ သူတို့တွေဟာ စစ်သုံးလက်နက်တွေအကြောင်း ကျွမ်းကျွမ်းကျင်ကျင် နားမလည်တာကြောင့် အဲဒါတွေကို ထိ၊ ကိုင်မိရင် မတော်တဆ ပေါက်ကွဲတတ်တယ်ဆိုတာကို မသိကြတာကြောင့်လို့ ဆိုကြပါတယ်။

တိုက်ပွဲကျန်လက်နက် ပေါက်ကွဲခဲ့တဲ့နေရာတွေ

ကျေးရွာမီးရှို့ခံရပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ ပုလဲမြို့နယ်မှာဆိုရင် ၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ ၂၀၂၂ ခုနှစ် ဇွန် အတွင်း မပေါက်ကွဲသေးတဲ့ကျည်ဖူးကနေ ပေါက်ကွဲမှုဖြစ်တာကြောင့် သေဆုံးသူ ၇ ယောက်ရှိတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောပါတယ်။

" မပေါက်ကွဲသေးတဲ့ လက်နက်တွေကို ပြည်သူတွေက မသိဘဲ ကိုင်လိုက်မိတာတွေ၊ ကိုင်ဆောင့်မိလိုက်တာတွေ၊ ထုရိုက်မိလိုက်တာကနေ ပေါက်ကွဲတာ။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကျော်က မင်းတိုင်ပင်ကျေးရွာမှာ ဖြစ်သွားတာ။ ကလေးတစ်ယောက်က ကစားစရာလို့ ထင်သွားပုံရပါတယ်။ ဘယ်ကနေ ရခဲ့တာလဲတော့ မသိဘူးပေါ့။ အိမ်ရောက်ပြီး စဉ့်အိုးထဲထည့် ခလောက်ပြီး ဆေးလိုက်တာကနေ ပေါက်ကွဲသွားတာ။ "

အဲဒီလိုပဲ ဒီပဲယင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်က အသက် ၆ နှစ်အရွယ် ကလေးတစ်ယောက်ဟာ ၆၀ မမ ကျည်ဖူးတစ်ခုကို တိုက်ပွဲဖြစ်ခဲ့တဲ့ လယ်ကွင်းနေတစ်နေရာက တွေ့ပြီး ထုရိုက်လိုက်တာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကလေးက ကစားစရာထင်ပြီးယူလာတာ၊ ပြီးတော့ ထုရိုက်မိပြီးပေါက်ကွဲတာ ပွဲချင်းပြီးပဲ ၊ အရာတော်က အမျိုးသမီးကျတော့ ၆၀ မမ ကျည်က မပေါက်သေးဘဲ မြေကြီးထဲစိုက်နေတာ၊ တိုက်ပွဲတွေပြီးလို့ အိမ်ပြန်လာချိန်ကျမှ ထပေါက်လို့ ဆုံးသွားတယ် " လို့ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။

မပေါက်ကွဲသေးတဲ့ဗုံးကျည်

ဓာတ်ပုံ ရင်းမြစ်, People Defence Force ( Kalay)

ဓာတ်ပုံ ပုံစာ, ဧပြီလတုန်းက ကလေးမြို့နယ် အရှေ့စည်းရွာနားမှာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ သိမ်းဆည်းရမိတဲ့ မမ ၆၀ လက်နက်နဲ့ကျည်ဖူး

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာဆိုရင်လည်း စစ်ပွဲကျန်ဗုံးတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၂ ယောက်နဲ့ သေဆုံးသူ ၃ ယောက်၊ စုစုပေါင်း ၅ ယောက်ရှိတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

" တိုက်ပွဲဖြစ်ပြီးသွားတော့ နေအိမ်တွေပြန်ကြတာ၊ ခြံထဲမှာ ဦးချွန်ချွန် လုံးလုံးနဲ့ ကျည်ဖူးတစ်ခုကို အသက် ၆၀ ကျော် အမေကြီးကတွေ့တော့ ကောက်လာတာ၊ အဲ့ဒါ သူ့ချွေးမက ရေချိုးနေရင်းလှမ်းမြင်တော့ အမေ အဲဒါတွေ မကောက်လာနဲ့ ပေါက်ကွဲတတ်တယ်လို့ ပြောနေတုန်းပဲ ပေါက်ကွဲသွားတာ အဖွားကြီးက ပွဲချင်းပြီးသွားတယ်။ ချွေးမက အောက်ပိုင်းတွေ အကုန်ထိသွားတယ်။ အခုထိဆေးရုံမှာလားတောင် မပြောတတ်ဘူး"

လေကြောင်းရန်၊ တိုက်ပွဲဒဏ်တွေကြောင့် ထွက်ပြေးနေကြရတဲ့ ကရင်နီပြည်နယ်မှာလည်း ဒီလိုဖြစ်ရပ်ကြောင့် ဒဏ်ရာရသူ ၃ ယောက်ရှိတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

စက်ရုံထုတ် ကျည်တွေအပြင် လက်လုပ်မိုင်းကျည်တွေကလည်း အန္တရာယ်ရှိ

ကရင်နီပြည်နယ်က ပေါက်ကွဲမှုဖြစ်ရပ် ၂ ခုမှာ တစ်ခုက စစ်ကောင်စီက ပစ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ စက်ရုံထုတ်ကျည်ဖြစ်ပြီး နောက်ဖြစ်ရပ်ကတော့ တော်လှန်ရေးအဖွဲ့ဝင်တွေ ထုတ်လုပ်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

" ကလေး နှစ်ယောက်က မကွဲသေးတဲ့ကျည်ကို ကစားမိတာ။ နောက် တစ်ယောက်ကတော့ လက်လုပ်မိုင်းကို ကစားကြတာ၊ အကြီးဆုံးက ရှစ်နှစ်၊ နောက်နှစ်ယောက်က ခြောက်နှစ်နဲ့ ငါးနှစ်ကလေးတွေပဲ။ သူတို့က ဒဏ်ရာသွားတာ။"

တော်လှန်ရေးကာလမှာ လက်နက်မလုံလောက်တာကြောင့် လက်နက်တွေတီတွင်ပြီး စမ်းသပ်ပစ်ခတ်တာတွေ ရှိကြပါတယ်။ လက်လုပ်လက်နက်တွေဖြစ်တာကြောင့် အကွာအဝေးဘယ်လောက်ရောက်နိုင်တယ်၊ ပေါက်ကွဲမှုဘယ်လောက်ရှိတယ်ဆိုတာတွေကို အတိအကျ မှန်းဆလို့ မရနိုင်ဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

" ကျွန်တော်တို့က စမ်းပြီးပစ်လိုက်တယ်ဗျာ၊ ပေါက်ကွဲသံမကြားဘူး။ ပြီးတော့ ကျွန်တော်တို့ တွက်ထားတဲ့ အကွာဝေးထက်ကျော်သွားရင် ဘယ်ရောက်သွားမှန်းမသိ၊ ရှာမတွေ့တာမျိုး ဖြစ်တယ်။ အဲ့ဒါမျိုးဆိုရင် အဲ့နားက ရွာတွေကို ပြောထားရတယ်။ တွေ့ရင် မကိုင်ဖို့၊ ကျွန်တော်တို့ကို အကြောင်းကြားဖို့ပေါ့။ အရမ်းအန္တရာယ်များတယ်။ တိုက်ပွဲမှာတုန်းကဆို စစ်ကောင်စီက ပစ်လိုက်တဲ့ ကျည်က ကျွန်တော်တို့နဲ့ ပေတစ်ရာအကွာကို ကျတာတောင် နားတွေအူသွားတာ။ ဒါတောင်မြေပျော့ပေါ်ကို ကျလို့ ၊ အမာပေါ်ကျရင် မလွယ်ဘူး " လို့ ချောင်းဦးတော်လှန်ရေးတပ်ဖွဲ့က ဦးဆောင်သူက ပြောပါတယ်။

မပေါက်ကွဲသေးတဲ့ဗုံးဆန်တွေအများကြီးရှိနေသေး

တိုက်ပွဲအပြီးမှာဆို အများအားဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာပြည်သူတွေ ရွာထဲကို မဝင်ခင်မှာ စစ်ကောင်စီက ထောင်ထားခဲ့တဲ့မိုင်းတွေ ရှိမရှိ၊ ဗုံး‌တွေ ကျန် မကျန် လိုက်စစ်ဆေးတယ်လို့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

အဲ့လို စစ်ဆေးနေရင်း ကျန်ခဲ့တာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့အသံသာ ကြားလိုက်တာ ၊ မပေါက်ကွဲသေးတဲ့ကျည်တွေ အများကြီးရှိသေးတယ်။ ကျွန်တော်တို့ အဲ့ဒါတွေကို လိုက်မသိမ်းနိုင်သေးဘူး"လို့ ဒီပဲယင်းမြို့နယ် တော်လှန်ရေးအဖွဲ့ ဦးဆောင်သူတစ်ယောက်က ပြောပါတယ်။

လက်ရှိအချိန်ဟာ လယ်စိုက်ပျိုးချိန်ရောက်ပြီဖြစ်တာကြောင့် လယ်ကွင်းတွေမှာ မပေါက်ကွဲသေးတဲ့ ကျည်တွေ မြေကြီးထဲနစ်နေလို့ မမြင်ရတာ၊ မသိလိုက်မိဘဲ လယ်ထွန်မိလိုက်တာမျိုးတွေကြောင့် ပေါက်ကွဲမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဒါ့ကြောင့် ရွာအလိုက် သတိပေးပြောနေရတာတွေရှိတယ်လို့ ဒီပဲယင်းမြို့နယ်က ဒုက္ခသည်တွေကို ကူညီပေးနေသူက ပြောပါတယ်။

ဘာ့ကြောင့် မပေါက်ကွဲဘဲ ကျန်နေတာလဲ

စစ်ကောင်စီက အများဆုံးသုံးခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေက ၄၀ မမ၊ ၆၀ မမ ကျည်ဖူးတွေဖြစ်တယ်လို့ တော်လှန်ရေးဦးဆောင်သူတွေက ပြောပါတယ်။

" အဲ့ဒီ ၆၀ မမ ကျည်ဖူးတွေက မြေပျော့ပေါ်မှာ ကျတဲ့အခါ ကူးယမ်းကို လှမ်းမထောက်မိတာတွေပေါ့။ နောက် ၄၀ မမကျည်တွေကကျတော့ သူတို့ပစ်လိုက်ကတည်းက ယမ်းမကူးတော့ ကျည်ဖူးမထွက်ဘဲ ကျည် အ တယ်ခေါ်မှာပေါ့။ အဲ့ဒါတွေကိုကျတော့ သူတို့က မသိမ်းသွားဘဲနဲ့ ဒီအတိုင်းထားခဲ့တာတွေပေါ့ " လို့ ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောပါတယ်။

၄၀ မမ

ဓာတ်ပုံ ရင်းမြစ်, Myo Hla PDF

ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ် ရွှေကူမြို့မှာ မေ ၂၂ ရက်က မြို့လှ KPDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ ရရှိတဲ့ ၄၀ မမ ကျည်ဖူးများ

မကိုင်မိအောင် သတိပေးကြရ

မပေါက်သေးတဲ့ကျည်တွေ ကို ထိ၊ ကိုင်မိလို့ ပေါက်ကွဲတာတွေနဲ့ ပတ်သက်လို့ ပြည်သူတွေကို ဒီအန္တရာယ်ရှိတဲ့ပစ္စည်းတွေအကြောင်း အသိပညာပေးဖို့ လစ်ဟာခဲ့တယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

"ဒါတွေကို ပြည်သူကို အသိပညာမပေးရသေးဘူးဗျ။ ဒီလိုမပေါက်ကွဲသေးတာတွေကို နားမလည်တဲ့ပြည်သူက ကိုင်ပေါက်လိုက်တာတွေ၊ ထုလိုက်တာတွေကြောင့် ဖြစ်တာတွေရှိတယ်။ စစ်လက်ကျန်ပစ္စည်းတွေ တွေ့ရင် ဘယ်သူ့ကို အကြောင်းကြားရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ မပြောထားမိတာတွေ ရှိခဲ့တယ်ဗျ။ နောက်ပိုင်းမှာတော့ အသိပညာပေးဖို့တွေ လုပ်သွားဖို့ စီစဉ်မှာပါ " လို့ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုဟာ အင်တာနက်ဖြတ်တောက်ခံထားရပါတယ်။ ဒီလိုအခြေအနေမှာ အင်တာနက်ကနေ လူထုအကြားပျံ့နှံ့အောင် အသိပညာပေးဖို့တွေက အခက်ခဲဖြစ်နေကြပါတယ်။

အခုဆိုရင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တစ်ချို့မှာ CDM ကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးနေကြပြီ ဖြစ်တာကြောင့် တိုက်ပွဲဖြစ်ရင် ရှောင်တိမ်းရမယ့်နေရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို သင်ပေးနေကြပါတယ်။ ဒါ့အပြင် ဒီလို မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်ဗုံးဆန်တွေကို မထိ၊ မကိုင်ဖို့ကိုလည်း အသိပညာပေးနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာတော့ လက်ကမ်းစာစောင်တွေနဲ့ လိုက်ဝေပေးတာ၊ လူထုတွေကို တွေ့ဆုံပြီး အသိပေးတာတွေ လုပ်နေကြပါတယ်။

ကရင်နီပြည်နယ်မှာလည်း NUG က ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန် လက်ကမ်းစာဆောင်တွေကို ဝေတာရှိပေမဲ့ လူထုကြားထဲ ရောက်နိုင်မယ့်အားနည်းချက်တစ်ချို့ရှိတာကိုလည်း ကိုဗညားက ပြောပြပါတယ်။

" ပြည်သူတွေက နေရပ်တွေကို မပြန်လာနိုင်ကြသေးတော့ သူတို့တွေကို ဟောပြောဖို့က မလွယ်ဘူး။ စာရွက်တွေဝေတော့ အကြောင်းအရာအစုံလင်ကို မဖော်ပြနိုင်တဲ့အပြင် အချက်လက်တွေကို အထူးသဖြင့် ကလေးတွေ နားမလည်ဘူး။ တချို့က စာမတတ်ဘူး။ အသိပညာတော့ ရလိုက်မှာပေါ့နော်။ ဒါပေမဲ့ လုံလောက်မှုတော့ မရှိသေးဘူးပေါ့။"

တော်လှန်ရေးမပြီးဆုံးသေးတာကြောင့် တိုက်ပွဲတွေလည်း ဆက်ရှိနေဦးမှာ ဖြစ်တဲ့အတွက် ဒီလို မပေါက်ကွဲသေးတဲ့ ကျည်ဖူးတွေ၊ ဗုံးတွေ၊ မိုင်းတွေ ကို မထိ မကိုင်ဘဲ နားလည်သူတွေကို ဆက်သွယ်သတင်းပေးကြဖို့ အရေးကြီးကြောင်း ဒေသခံတွေကို သတိပေးထားကြပါတယ်။