ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ မီးလောင်မှု နှစ်ဖက် အပြန်အလှန်စွပ်စွဲ

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ မီးလောင်မှု

ဓာတ်ပုံ ရင်းမြစ်, CJ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ဇီးဖြူကုန်းရွာအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက်မှာ ရွာအတွင်းမီးလောင်တာတွေ ဖြစ်ခဲ့သလို၊ လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာတော့ ရွာထဲကနေအိမ်တွေကို စစ်တပ်ကမီးရှို့တယ်လို့ပြောသလို၊ ပီဒီအက်ဖ်စ်တွေက ရှို့တယ်လို့ နှစ်ဖက်အကြား စွပ်စွဲပြောဆိုတာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ဇီးဖြူကုန်းကျေးရွာမှာ နေအိမ် အလုံး ၃၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရလို့ အဲဒီကအိမ်ထောင်စုတွေကို ရွာဘုန်းကြီးကျောင်းကို ပြောင်းရွှေ့ပေးပြီး စစ်ကောင်စီတပ်တွေက လုံခြုံရေးဆောင်ရွက် ပေးနေရတယ်လို့ စစ်ကောင်စီဘက်က မနေ့က ထုတ်ပြန်ပါတယ်။

ဒီမီးလောင်မှုဟာ ဇီးဖြူကုန်းရွာအတွင်း စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက်မှာ ပီဒီအက်ဖ်အဖွဲ့ တွေက ထွက်ပြေးချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် ည ၁၂နာရီလောက်မှာ ဇီးဖြူကုန်းရွာအတွင်း တပ်စွဲထားတဲ့စစ်တပ်နဲ့ အရပ်အခေါ် ပျူစောထီးအဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးအဖွဲ့ ၃ ခုက ဝင်ရောက်တိုက်ခိုက်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ တွေဘက်က တစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတို့ဘက်ကတော့ သေဆုံးတာတွေရှိခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဗီဒီယို ပုံစာ, စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီယန္တရား မြို့ပေါ်ပဲ လည်ပတ်နိုင်

တိုက်ပွဲတွေမဖြစ်ခင်ကတော့ ဖေဖော်ဝါရီလ ၃ရက်နေ့ ကဆိုရင် ဇီဖြူကုန်းက အရပ်အခေါ် ပျူစောထီးခေါင်း ဆောင်ဆိုသူက ဇီးဖြူကုန်းကျေးရွာ အနီးက မင်းတိုင်ပင်ရွာဒေသခံအမျိုးသားလေးဦးတို့ကို ပစ်သတ်ပြီး နောက်ရက်မှာ မီးရှို့ခဲ့တာတွေ အပါအဝင် မင်းတိုင်ပင်ရွာက ဆန်၊ စပါးအပါအဝင် ဒေသခံတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းမျိုးစုံကို ယူဆောင်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။

ဇီးဖြူကုန်းရွာဟာ အိမ်ခြေ ၂၀၇ အိမ်လောက်ရှိတဲ့ ရွာတစ်ခုဖြစ်ပြီး ရွာအတွင်းမှာ စစ်တပ်ကိုထောက်ခံကြသူ တွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေအကြား ကွဲလွဲမှုတွေ ရှိကြတာကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင် သူ အိမ်ထောင်စု ၁၀၀ ကျော်လောက်က ရွာအတွင်းကနေ အခြားနေရာတွေမှာ တိမ်းရှောင်နေထိုင်နေကြတာလို့လည်း လက်ရှိတိမ်းရှောင်နေထိုင်နေသူ ဇီးဖြူကုန်းရွာသားတစ်ဦးက ဘီဘီစီကို ဖြေကြားပါတယ်။

မင်းတိုင်ပင်အလားတူ ဇီးဖြူကုန်းမှာလည်း တိမ်းရှောင်နေသူတွေရဲ့ အိမ်တွေက ပစ္စည်းတွေကို ယူတာမျိုး ရှိသလို၊ အခုမီးရှို့ခံရတဲ့အိမ်အများစုကလည်း ထွက်ပြေးနေသူတွေရဲ့ အိမ်အများဆုံးပါဝင်တယ်လို့ ဇီးဖြူကုန်း ရွာသားက ဘီဘီစီကို ပြောပြပါတယ်။

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ မီးလောင်မှု

ဓာတ်ပုံ ရင်းမြစ်, CJ

တိုက်ပွဲဖြစ်ပြီးတဲ့နောက်တော့ ဇီးဖြူကုန်းအနီးက ထန်းတောတိုက်ရွာမှာ ဒီကနေ့မနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရဟတ်ယာဉ်နဲ့ နှစ်ကြိမ်လာရောက်ပို့ ဆောင်ခဲ့တယ်လို့ အဲဒီဘက်က မြေပြင်သိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက် နေ့ ထန်းတောတိုက်က လူငယ် ၂ ဦးနဲ့ အခြားချောင်းဦးရွာက လူငယ်အချို့လည်း ဖမ်းဆီးစစ်ဆေးခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဖမ်းခံရသူတွေထဲမှာ ပြန်လွတ်မြောက်လာသူတွေရှိသလို ဖမ်းခံထားရသူတွေလည်း ဆက်ရှိနေသေးတယ်လို့လည်း ပြောကြပါတယ်။