အေအေနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီး၊ ထောင်ချမှုတွေ ပြန်ရှိလာ

ကျောက်ဖြူမြို့

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရေးသားခဲ့သည်။

ရက္ခိုင့်တပ်တော် အေအေအတွက် အမျိုးသားရံပုံငွေကောက်ခံနေသူတွေဆိုပြီး ကျောက်ဖြူမြို့က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို မေလ ၂၆ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွဟာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်က ဦးသန်းလှိုင်နဲ့ ဒေါ်ခင်အုန်းနွဲ့တို့ဖြစ်ကြပြီး အရပ်ဝတ်ဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဈေးဆိုင်တစ်ခုကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ကိုယ်တိုင်မြင်တွေ့ရသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးကို ကျောက်ဖြူမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ဘက်ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီကနေ အခုလို ULA/AA ရဲ့အမာခံတွေကို လိုက်လံရှာဖွေတာတွေ၊ ဖမ်းဆီးမှုတွေအပြင် ကျေးရွာအနီးစခန်းချနေတာတွေပြုလုပ်လာနေတာဟာ စစ်ကာင်စီက သူတို့ရဲ့အာဏာသက်ရောက်မှုရှိအောင် ပြန်လည်တည်ဆောက်နေတာဖြစ်တယ်လို့ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။

"တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူပေါ့ အဲဒီနယ်တစ်ဝိုက်မှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို လိုက်ဖမ်းတာတွေ၊ ရှာဖွေတာတွေ ရှိတယ်။ ပြီးတော့ အမျိုးသားရံပုံငွေ ကောက်တဲ့သူတွေကို ဖမ်းဆီးတာတွေ ရှိတယ်။

"ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာက သူတို့က ချုပ်တည်းထားတဲ့သဘော ရှိတယ်။ တောင်ပိုင်းကျတော့ သူတို့ အခိုင်အမာ ပြန်တည်ဆောက်ချင်ပုံ ရပါတယ်။ "

"ဒီဘက်က စည်းရုံးရေးမှူးတွေ မထိုးဖောက်လာနိုင်အောင်ပေါ့။ ဒီဘက်က အမာခံတွေ ဖော်ထုတ်ပြီး ဖမ်းဆီးတာတွေနဲ့ အဲဒီတောင်ဘက်ခြမ်းကို ကာကွယ်မယ်ဆိုတဲ့သဘောမျိုးပေါ့" လို့ ဦးဖေသန်းက ပြောပါတယ်။

၂၀၂၀ အောက်တိုဘာလက စစ်တွေက အုပ်ချုပ်ရေးမှူးတစ်ဦးသံသယနဲ့ ဖမ်းဆီးခံရမှု ဥပဒေနဲ့အညီဖြစ်ဖို့ စစ်တွေက အုပ်ချုပ်ရေးမှူးတွေတောင်းဆိုခဲ့

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, ၂၀၂၀ အောက်တိုဘာလမှာ စစ်တွေက အုပ်ချုပ်ရေးမှူးတစ်ဦး သံသယနဲ့ ဖမ်းဆီးခံရမှု ဥပဒေနဲ့အညီဖြစ်ဖို့ စစ်တွေက အုပ်ချုပ်ရေးမှူးတွေတောင်းဆိုခဲ့

ပြီးခဲ့တဲ့မတ်လဆန်းပိုင်းတုန်းက အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားသူ ၄၀ ကျော်ကို စစ်ကာင်စီက ပြစ်ဒဏ်တွေ ရုပ်သိမ်းပေးတာ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာရှိခဲ့ပါတယ်။

အခုတော့ အေအေနဲ့ဆက်စပ်သူတွေဆိုပြီး ဖမ်းဆီးခံနေကြသူတွေထဲက ရခိုင်အမျိုးသားနှစ်ဦးနဲ့ ရှမ်းအမျိုးသမီးနှစ်ဦးတို့ကိုလည်း မနေ့ မေလ ၂၇ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးကနေ အကြမ်းဖက်မှုပုဒ်မနဲ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဒါဟာ ရခိုင်မှာတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ဖမ်းဆီးခံရမှု ထောင်ဒဏ်ချမှတ်ခံရမှုတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာလည်း အခုထက်ပိုပြီး တင်းမာမှုတွေ ပိုရှိလာနိုင်တဲ့အကြောင်း ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောပါတယ်။

ဘူးသီးတောင်ရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဦးအောင်သောင်းရွှေက အခြေအနေ တင်းမာနေပြီး တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အေအေနဲ့ စစ်ကောင်စီတပ်တွေဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အပြီးကတည်းကစလို့ တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်ဘက်က တပ်စွဲထားတာတွေကို ပြန်ရုပ်သိမ်းတဲ့အထိ ရှိခဲ့ပေမဲ့ အခုတော့ စစ်တွေအပါအဝင် မြို့ပြဒေသတွေအထိ စစ်ကြောင်းထိုး လှုပ်ရှားတာတွေ ရှိလာနေပါတယ်။