မြေပုံမှာ အေအေနဲ့စစ်ကောင်စီတပ် ထိတွေ့တိုက်ခိုက်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် မြောက်ပိုင်း မြေပုံမြို့နယ်အတွင်းမှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်က ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြေပုံမြို့နဲ့ ငါးမိုင်ခန့်သာကွာဝေးတဲ့ ဝက်ခေါင်းကျေးရွာအနီး စစ်ကောင်စီတပ်တွေရှိတဲ့နေရာကို အေအေတပ်ဖွဲ့ဝင်တွေရောက်ရှိ လာခဲ့တဲ့အတွက် နှစ်ဖက်တပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတာလို့ မြေပုံမြို့နယ့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက အတည်ပြု ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကနေ ဝက်ခေါင်းကျေးရွာကို ရောက်ရှိလာခဲ့ကြပြီး ရွာရဲ့တောင်ဘက်အစ ပေ ၃၀၀ လောက်မှာရှိတဲ့ ကျေးရွာကိုယ်ထူကိုယ်ထ ဆေးပေးခန်းမှာ ဝင်ရောက်နေရာယူထားတယ်လို့ ဆိုပါတယ်။
ရွာသားတွေရဲ့ပြောကြားချက်တွေအရ တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ လက်နက်ကြီးသံ ငါးချက်လောက်ကြားလိုက်ရပြီး လက်နက်ငယ်သံ အချက် ၂၀ လောက်ကြားလိုက်ရသလို တိုက်ပွဲဖြစ်ပွားချိန် ငါးမိနှစ်လောက်သာ ကြာမြင့်ခဲ့တယ်လို့ ဦးဖေသန်းက ပြောပါတယ်။
"ဝက်ခေါင်းရွာအနီးမှာပေါ့နော်။ တပ်မတော်ဘက်က တပ်စွဲထားတဲ့အဆောက်အဦးတစ်ခုရှိပါတယ်။ အဲ့ဒီမှာ အေအေဘက်က စစ်ကြောင်းတွေလာတဲ့အခါမှာ ထိတွေ့ပြီးတော့ တိုက်ပွဲဖြစ်ကြတယ်လို့ သိရတာပေါ့နော်၊ ဒါပေမယ့် သိပ်တော့မကြာပါဘူး။ ငါးမိနစ်လောက်ပဲဖြစ်ကြတာပါ။ လက်နက်ကြီး လေးငါးချက်လောက်နဲ့ လက်နက်ငယ်သံ ၁၀ ချက်လောက်ကြားလိုက်ရ တယ်လို့ ရွာသားတွေရဲ့သတင်းပို့ချက်အရ သိရတာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ ငြိမ်သက်နေပါတယ်"လို့ ဦးဖေသန်းက ပြောပါတယ်။
ကျေးရွာသားတွေလည်း စိုးရိမ်ကြောက်လန့်ပြီး အပြင်မထွက်ရဲကြတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြတဲ့ နှစ်ဖက်တပ်တွေ အကြား အင်အားဘယ်လောက်ပါရှိပြီး ထိခိုက်မှုအခြေအနေတွေ ဘယ်လိုရှိတယ် ဆိုတာကိုတော့ မသိရသေးကြောင်း ဦးဖေသန်းက ပြောပါတယ်။
မြေပုံမြို့နယ်မှာ ယခင်ကတည်းက အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်တွေမရှိဘဲ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကာလမှ စစ်ဗျူဟာတစ်ခုရောက်ရှိလာခဲ့တာဖြစ်ကြောင်း ဒီကနေ့တိုက်ပွဲဖြစ်ပွားတဲ့ တပ်ဟာလဲ အဲ့ဒီစစ်ဗျူဟာက တပ်ဖြစ်တယ်လို့ သိရကြောင်း မြေပုံမြို့ခံ ဦးခိုင်ကိုဝင်းက ပြောပါတယ်။
ဒီမနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြတာဟာ ကြပ်စင်ကျွန်းပေါ်က ဝက်ခေါင်းကျေးရွာနဲ့ ဒဂုံကျေးရွာအကြာ မြေပုံ-မင်းပြားကြားလမ်းမနံဘေး တိမ်ကျားဗိုလ်စေတီတောင်မှာဖြစ်ပွားခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စတင်ပစ်ခတ်ခဲ့တာလို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်လို့ ဝက်ခေါင်းကျေးရွာအလှူပွဲကိုရောက်ရှိနေတဲ့ မြေပုံမြို့ခံတစ်ဦးက ပြောပြပါတယ်။
သင်္ကြန်ရက်တွေအတွင်း ကျေးရွာသားတွေနဲ့ ပြဿနာတစ်စုံတစ်ရာမရှိစေဖို့အတွက် ဝက်ခေါင်းကျေးရွာ ဆေးပေးခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နေရာပြောင်းရွှေ့ပေးဖို့ အေအေဘက်က ကျေးရွာအုပ်ချုပ်ရေးမှူးကနေတစ်ဆင့် ပြောဆိုတဲ့အတွက် ဒီမနက်မှာပဲ စစ်ကောင်စီတပ်က မူလနေရာနဲ့ တစ်ဖာလုံခန့်သာဝေးတဲ့ တိမ်ကျားဗိုလ်စေတီတောင်ကို ပြောင်းရွှေ့သွားကြပြီး အဲ့ဒီကိုအရောက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြတာလို့ သူကပြောပါတယ်။
"သင်္ကြန်မှာ လူငယ်တွေပျော်ပါးကြမှာဆိုတော့ သူတို့နဲ့တစ်စုံတစ်ရာ ပြဿနာမဖြစ်ရအောင်ဆိုပြီး အေအေဘက်နေ သူတို့ကိုရွာထွက်ပေးဖို့ပြောတယ်။ သူတို့က အဲ့ဒီတောင်ကိုသွားတယ်။ တောင်ခြေအလယ်လောက်အရောက်မှာ သူတို့ဘက်က ကျည်တွေစထွက်တော့တာပဲ။ အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။ စစ်တပ်ဘက်ကတော့ အင်အား ၃၀ လောက်ပါတယ်။ ထိခိုက်မှုတွေတော့ မရှိဘူးထင်တယ်"လို့ ဝက်ခေါင်းရွာကိုရောက်ရှိနေတဲ့ မြေပုံမြို့ခံက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်သိပ်မကြာခဲ့ပေမယ့် စစ်ကောင်စီတပ်တွေက အဲ့ဒီနေရာမှာပဲ ရှိနေသေးတဲ့အတွက် ဆက်ဖြစ်လာမလားဆိုပြီး စိုးရိမ်မှုတွေကြောင့် ကျေးရွာသားတချို့ကတော့ မင်းပြားနဲ့မြေပုံမြို့တွေဘက်ကို ထွက်ပြေးနေကြသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ရခိုင်ပြည်နယ်အတွင်းမှာ နှစ်နှစ်ခန့်အကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလောက်ကစလို့ ယာယီအပစ်ခတ်ရပ်စဲထားကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်တပ်တွေအကြား အပစ်အခတ်ရပ်စဲထားကြပေမယ့် မြေပြင်အခြေအနေမှာတော့ အောက်ခြေတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် မြို့နယ်တချို့မှာ တင်းမာမှုတွေရှိနေကြပြီး တိုက်ပွဲတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေကြတာတွေလည်း တွေ့ရပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာအနီး လက်ပံတောင်ကြောမှာရှိတဲ့ အေအေတပ်စခန်းတစ်ခုရဲ့ ကင်းစောင့်ရဲဘော်တစ်ဦးကို ခမရ ၃၅၂ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက ပစ်ခတ်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး ဖားဝပ်ချောင်းကျေးရွာက အရပ်သားနှစ်ဦးသေဆုံးခဲ့ရသလို နှစ်ဖက်တွေအကြား အရာရှိစစ်သည်တွေအပါအဝင် ကျဆုံးမှုတွေလည်း ရှိခဲ့ကြပါတယ်။
တိုက်ပွဲတွေကိုရပ်စဲထားပေမယ့် ဒီကနေ့ဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲဟာ ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ဖွဲ့ကိုတစ်ဖွဲ့သွားတိုက်တဲ့ပုံစံမျိုးမဟုတ်ဘဲ သူ့နယ်မြေကိုယ့်နယ်မြေ သီးခြားသတ်မှတ်ချက်တွေအရှိတဲ့အခါမှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေတော့ ရှိနေနိုင်တယ်လို့ ဦးဖေသန်းက သုံးသပ်ပါတယ်။








