ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်ကို မစွန့်တဲ့ ခင်ပွန်းကို စွန့်ဖို့ ဆုံးဖြတ်တဲ့ စစ်သားဇနီးတွေ
"တပ်တွင်းက လက်ရှိရော အရင်တုန်းကရော တချို့အမျိုးသမီးတွေက လင်ယောက်ျားတွေကို ဖျောင်းဖျတယ်၊ အကြိမ်ပေါင်းများစွာ ဖျောင်းဖျတာ မရလို့ စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။"
အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် တပ်ထဲမှာ ဆက်မနေတော့ဘဲ တပ်ကိုစွန့်ခွာဖို့ လင်ယောက်ျားတွေကို ဖျောင်းဖျ နားချပေမဲ့ လက်မခံ ကြတဲ့အတွက် သူတို့ရဲ့ ခင်ပွန်းတွေကို စွန့်လွှတ်မယ် ဆိုပြီး ပြည်သူ့စစ်သား ဇနီးများ အဖွဲ့ကို တိတ်တဆိတ် ဆက်သွယ် အကြံတောင်းတဲ့ စစ်ဗိုလ် စစ်သား ဇနီးတွေ အခုတလော ပိုများလာတယ်လို့ အဲဒီ အဖွဲ့ကို ထူထောင်သူ မစုသစ်က ဘီဘီစီကို ပြောပါတယ်။
အခုလက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ အများကြီး ဖြစ်နေတဲ့ အချိန်၊ စစ်ကောင်စီဘက်က ပိုပြီး ရက်စက်လာတဲ့ အချိန်မှာ လာပြောတဲ့နှုန်း ပိုများလာတယ်လို့ ဆိုပါတယ်။
တကယ်တော့ စစ်သား ဇနီးတွေ အတွက် အခုလို ပြည်သူ့စစ်သား ဇနီးများ အဖွဲ့ကို ဆက်သွယ် ပြောဆိုလာကြတာကိုက သူတို့အတွက် မဟာ စွန့်စားခန်းကြီး ဖြစ်နေပါတယ်။
ယောက်ျားကို ဖျောင်းဖျလို့ မရတော့ ထွက်ပြေးချင်တယ်၊ ဘယ်လို လုပ်ရမလဲ၊ အဲဒီလို ထွက်ပြေးမယ့် အမျိုးသမီးတွေ အတွက် ဘယ်လို ကူညီဆောင်ရွက်ပေးမယ့် အစီအစဉ်ရှိသလဲ ဆိုပြီး လာတိုင်ပင်ကြတဲ့ အမျိုးသမီးတွေ ရှိသလို တချို့ကိုတော့ ကူညီပေးထားပြီးပြီလို့ သူက ပြောပါတယ်။
ခံယူချက်တွေမတူကြတော့
အမျိုးသမီး တစ်ယောက်ဆိုရင် သူ့ယောက်ျားက အရင်တုန်းက တော့ CDM လုပ်မယ်လို့ ပြောခဲ့ပြီး နောက်တော့မှ သူ့မိဘတွေကို လာခြိမ်းခြောက်မှာ စိုးလို့ မလုပ်တော့ဘူးလို့ ဆိုလာတဲ့ အတွက် သားသမီး နှစ်ယောက်ကို လက်ဆွဲပြီး ယောက်ျားကို စွန့်ပစ်ခဲ့တယ်၊ အဲဒီ အမျိုးသမီးကို လမ်းပန်းသွားလာမှု အဆင်ပြေစေအောင် ချိတ်ဆက်ပေးပြီး အကူအညီ ပေးခဲ့တယ်လို့ မစုသစ်က ပြောပါတယ်။
ဆုံးဖြတ်ချက်ပြတ်သားတဲ့ နောက်တစ်ယောက်ကတော့ "စစ်သားကို ယူထားမိလို့ သိက္ခာကျတယ်၊ လူတွေရဲ့ အမုန်းကို ခံရတယ်၊ အမြဲတမ်း အမှန်တရားဘက်က ရပ်တည်ခဲ့သူဖြစ်တာကြောင့် လူတွေက တဖက်သတ် အထင်လွဲခံရမှာကို စိုးရိမ်တယ်" ဆိုတဲ့ ဗိုလ်မှူးကတော် မစန္ဒာ ( အမည်လွှဲ) ပါ။
စစ်တပ်က အာဏာသိမ်းယူခဲ့မှုနဲ့ လက်ရှိ စစ်တပ်က ပြည်သူတွေအပေါ် လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို လုံးဝ လက်မခံနိုင်လို့ သူ့ခင်ပွန်းကို တပ်ကနေ ထွက်ခွာဖို့ နားချပေမဲ့ လက်မခံတဲ့ အတွက် သူကပဲ ခင်ပွန်းဖြစ်သူ ဗိုလ်မှူးကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဘီဘီစီနဲ့ စကားပြောခွင့်ရတဲ့ ဗိုလ်မှူးကတော် မစန္ဒာ (အမည်လွှဲ) က ပြောပါတယ်။
ချစ်သူ သက်တမ်း ၇ နှစ်ကျော် ချစ်ကြိုက်လာခဲ့ပြီးမှ ဒီအမျိုးသားကို အိမ်ထောင်ဖက်အဖြစ် လက်တွဲ ခဲ့တာ ဖြစ်ပြီး အခုတော့ နိုင်ငံရေးခံယူချက်ကြောင့် လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
သူပြောဆို စည်းရုံးကြည့်ရာမှာ သူ့ခင်ပွန်းက စစ်တပ် ဆိုတဲ့ အဖွဲ့အစည်းကနေ CDM လုပ်ပြီး စွန့်ခွာမယ့်ပုံ မရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။
မစန္ဒာ အတွက်ကတော့ သူ ယုံကြည် လက်ခံနိုင်ခြင်း မရှိတဲ့ စစ်တပ် အသိုင်းအဝိုင်းမှာ နေချင်တဲ့ဆန္ဒ မရှိတော့ပါဘူး။
"အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက ခင်ပွန်းသည်ကို အမျိုးမျိုး ရှင်းပြ နားချခဲ့တာကို လူတွေက သိကြမှာ မဟုတ်ဘူး၊ သူ့ခင်ပွန်းက အမှန်နဲ့ အမှားကို ခွဲခြား သိမြင်နိုင်ခြင်း မရှိတာကို လူတွေက သိကြမှာ မဟုတ်ဘဲ ဇနီးဖြစ်သူက နားချ ပြောဆိုတာ မရှိလို့ ဖြစ်မယ် ဆိုပြီး လူတွေရဲ့ အထင်လွဲ ခံရမှာကိုလည်း အဖြစ်မခံနိုင်ဘူး "လို့ မစန္ဒာက ပြောပါတယ်။
သူတို့ နှစ်ယောက်ကြားမှာ စစ်တပ်ကို စွန့်ခွာဖို့ ဇနီးဖြစ်သူက တိုက်တွန်းတဲ့ ကိစ္စက လွဲရင် တခြား ကြီးကြီးမားမား သဘောထားကွဲလွဲတာ၊ အဆင်မပြေတာ မရှိကြဘူးလို့လည်း ဆိုပါတယ်။
ခင်ပွန်းကို စွန့်ပစ်မယ့် နောက်တစ်ယောက်
မစန္ဒာလိုပဲ တခြားစုံတရာပြဿနာ မရှိ၊ လူမှုရေး ပြဿနာလည်းမရှိဘဲ နိုင်ငံရေး ခံယူချက်ချင်း မတူလို့ ခင်ပွန်းဖြစ်သူကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုသူ နောက်တစ်ယောက် ကတော့ ဗိုလ်ကြီးကတော် မမေပုလဲ (အမည်လွှဲ) ဖြစ်ပါတယ်။
မမေပုလဲကတော့ သူ့ခင်ပွန်းက သူပြောလို့၊ တိုက်တွန်း နားချလို့ တပ်ကို စွန့်ခွာတာထက် ကိုယ်တိုင် ပိုင်းခြားနိုင်တာကို လိုချင်တယ်၊ ခင်ပွန်းဖြစ်သူ မလုပ်ချင်ဘဲ ကိုယ်က အတင်း လုပ်ခိုင်းလို့ လုပ်လိုက်ရတယ် ဆိုတာ မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။
သူ့ခင်ပွန်းရဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့ သဘောထားကို သူက ကောင်းကောင်းသိနေပြီး တပ်ကို စွန့်ခွာ ထွက်လာမှာ မဟုတ်ဘူး ဆိုတာ သိလို့ သူကပဲ ခင်ပွန်းကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ မမေပုလဲက ပြောပါတယ်။
အခုပြောခဲ့ကြတဲ့ မစန္ဒာ (အမည်လွှဲ) နဲ့ မမေပုလဲ (အမည်လွှဲ)တို့ဟာ သူတို့ခင်ပွန်းတွေကို တရားဝင်ကွာရှင်းခြင်း မရှိပေမဲ့ သူတို့ခင်ပွန်းတွေကို စွန့်ခွာခဲ့ကြပါတယ်။
ဒီအမျိုးသမီးငယ် နှစ်ဦးမှာ သားသမီးရေး ပူပန်စရာမရှိတာ၊ ဘဝဆက်လက်ရပ်တည်နေထိုင်ရေး ပူပန်စရာမရှိတာ အပြင် အဘက်ဘက်က အခြေအနေတွေက သူတို့ခင်ပွန်းတွေကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်တာကို အထောက်အကူဖြစ်ပေမဲ့ တချို့ အမျိုးသမီးတွေ အတွက်တော့ ဒီလို ဆုံးဖြတ်နိုင်ဖို့ မလွယ်ကူလှပါဘူး။
တပ်တွင်းမှာ လိုက်နေရတဲ့ တပ်မတော်သား မိသားစုတွေကတော့ တပ်တွင်းမှာ စစ်သားတွေကိုသာမက သူတို့ရဲ့ ဇနီးတွေကိုပါ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ကန့်သတ်ထားတဲ့ စနစ်ကို ကျင့်သုံးနေကြတာ ဖြစ်လို့ ဒီလိုဆုံးဖြတ်ဖို့ ခက်ခဲနိုင်တယ်လို့ ပြောကြပါတယ်။
စစ်သားတွေ ဆိုလည်း CDM လုပ်ပြီး ထွက်မလာနိုင်ကြတဲ့ ကိစ္စတွေထဲမှာ တပ်ကထွက်လာရင် အပြင်မှာ ဘယ်လို စားဝတ်နေရေး ဖြေရှင်းကြမလဲ မိသားစုလိုက် ဘယ်လို ရပ်တည်ကြမလဲ ဆိုတာတွေ အပြင် သူတို့ထွက်လာရင် ကျန်ခဲ့မယ့် မိဘ ဆွေမျိုးတွေကို အန္တရာယ် ကျရောက်နိုင်တဲ့ အရေးကိုလည်း ထည့်စဉ်းစားပြီး ထွက်မလာနိုင်ကြတာလို့ ဘီဘီစီနဲ့ စကားပြောခဲ့ကြတဲ့ စစ်သားဇနီးတွေက ပြောကြပါတယ်။
ဒီအခြေအနေတွေကြားမှာ တပ်မတော်နဲ့ပတ်သက်တဲ့ လမ်းစဉ်ကို လက်မခံနိုင်လို့ ခင်ပွန်းကို ဖျောင်းဖျ နားချတာ မရတဲ့အတွက် ခင်ပွန်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ကြတဲ့ စစ်သားဇနီးတွေ ပေါ်လာတာ ဖြစ်ပါတယ်။
ပြည်သူ့စစ်သား ဇနီးများ အဖွဲ့ တည်ထောင်သူ မစုသစ်က "ကျွန်မဆိုလည်း ဒီလိုမျိုး ဆုံးဖြတ်ခဲ့ဖူးတယ်၊ တကယ်လို့များ စီဒီအမ် လုပ်ဖို့ ကိစ္စကို ဆန့်ကျင်မယ် ဆိုရင် ကျွန်မ ထားခဲ့တော့မယ်လို့ အဲလို ဆုံးဖြတ်တဲ့ အထိ ဖြစ်ခဲ့ဖူးတယ်" ဆိုပြီး ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ သူ့ခင်ပွန်းက CDM လုပ်ဖို့ ဆုံးဖြတ်ပြီး တပ်ကို စွန့်ခွာလာခဲ့တဲ့ အတွက် ခင်ပွန်းသည်ကို စွန့်ပစ်ခဲ့ဖို့ အထိ မစုသစ် စဉ်းစားစရာ မလိုခဲ့ပါဘူး။