နယ်စပ်လမ်းကဘဝများ - "ခင်ပွန်းကိုကျေးဇူးတင်တဲ့CDM စစ်သူနာပြု "

ရေးသားခဲ့သည်။

'' ကျွန်မတို့ အိမ်ထောင်ကျတာ ၃နှစ်ရှိပြီ ၊ ကျွန်မပါးစပ်ကနေ အိမ်ကအမျိုးသားကို ကျေးဇူးတင်တဲ့ အကြောင်း တစ်ခါမှမပြောဖူးဘူး'' လို့ မျက်ရည်တွေဝဲ အသံတွေတုန်နေရင်း သူ့ခင်ပွန်းသည်ကို ကျေးဇူးတင်ကြောင်း ရှက်ပြုံးပြုံးပြီး အသက် ၃၀ ကျော်အရွယ် စစ်သူနာပြုတပ်ကြပ်ကြီး မသူသူက ပြောပြနေခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ဆန္ဒပြသူတွေကို အင်အားကောင်းကောင်းနဲ့ ပစ်ခတ်နှိမ်နင်းမှုတွေ စလုပ်ခဲ့တဲ့ ဖေဖော်ဝါရီလ‌ နောက်ဆုံးပတ် မတ်လ ပထမပတ်ကြားမှာ မသူသူက CDM စလုပ်ခဲ့တာ ဖြစ်ပါတယ်။

သူ CDM စလုပ်ချိန်တုန်းကဆို သူ့မှာ ၃လသားလောက်ရှိတဲ့ ကိုယ်ဝန်ကို လွယ်ထားရတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာတော့ သူတို့ရဲ့ သမီးလေးမွေးဖွားပြီးခဲ့ပြီဖြစ်ပြီး သူတို့မိသားစုဟာ ထိုင်း မြန်မာ နယ်စပ် တစ်နေရာမှာ ရောက်ရှိနေကြပါတယ်။

'' ကျွန်မစိတ်ထဲမှာပဲ ထားခဲ့တာ။ သူ့ကို အဲဒီလိုဖွင့်ပြောရမှာလည်း တမျိုးဖြစ်နေတာပေါ့။ ဒါပေမဲ့ အခု ဒီအင်တာဗျူးကိုဖြေရင်း ကျွန်မသူ့ကို ကျေးဇူးတင်နေခဲ့တယ်ဆိုတာကို ပြောပြချင်တယ် ''လို့ မသူသူက ဘီဘီစီကို ပြောပါတယ်၊

အစောဆုံး CDM လုပ်ခဲ့သူ သူနာပြုတပ်ကြပ်ကြီး

CDM လုပ်ခဲ့တဲ့ တစ်နှစ်ကျော်ကာလအရောက်မှာ သူ့ခင်ပွန်းကို ဘာကြောင့် ကျေးဇူးတင်တာလဲဆိုတဲ့ အဖြေက မသူသူမှာ ခိုင်ခိုင်မာမာ ရှိနေပါတယ်။

'' ကျွန်မ သူနာပြုတပ်ကြပ်ကြီးထဲမှာ ကျွန်မက အစောဆုံး CDM လုပ်ခဲ့တဲ့သူလို့ ပြောရမယ်။ အဓိက ကတော့ ကျွန်မအမျိုးသားက တိုက်တွန်းလို့ လုပ်ခဲ့တာပေါ့။ ပထမတော့ ကျွန်မ မလုပ်ချင်ခဲ့ဘူး။ ကိုယ်ဝန်လည်း ရှိတော့လေ။ နောက်ပိုင်း ဆန္ဒပြတဲ့လူတွေကို စစ်တပ်က ပစ်သတ်လာတဲ့အချိန်ကြတော့ မခံစားနိုင်ခဲ့ဘူး။ ကျွန်မ ကိုယ်တိုင်လည်း စိတ်က CDM လုပ်ချင်သွားတယ်။ အခုဆို ကျွန်မစိတ်ထဲမှာ လိပ်ပြာလုံစွာနဲ့ ရှင်သန်ရတယ်။ သူ့ကြောင့်(ခင်ပွန်းဖြစ်သူ)အမှန်တရားဘက်မှာ ရပ်တည်ခဲ့နိုင်တယ်'' လို့သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းတဲ့ အချိန်မှာ အရင်အာဏာသိမ်းကာလတွေနဲ့ မတူဘဲ စစ်တပ်ကို အကြီးမားဆုံး အကျပ်ရိုက်စေခဲ့မှုဟာ နိုင်ငံဝန်ထမ်းတွေ ရုံးမတက်ဘဲ အာဏာဖီဆန်ရေး - CDM လုပ်ခဲ့တာပါ။ စစ်တပ်အပေါ်မှာ သက်ရောက်မှု အကြီးဆုံးဖြစ်ခဲ့တာကတော့ ရာထူးအစုံက တပ်မတော်သားစစ်သည် အများအပြားပါ အာဏာဖီဆန်ရေး - CDM လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်းကာလ တစ်နှစ်ကျော်အရောက်မှာတော့ တပ်မတော်သားစစ်သည် CDM လုပ်တဲ့ အင်အားဟာ တစ်သောင်းနီးပါးရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စာရင်းက ဖော်ပြပါတယ်။ဒါဟာ မြန်မာစစ်တပ် သမိုင်းတစ်လျှောက်မရှိဖူးတဲ့ အရေအတွက်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြပါတယ်။

စစ်သူနာပြုယူနီဖောင်းကိုရူးသွပ်ခဲ့သူ

ရိုးရိုး ရဲဘော်အဆင့်ကနေ သူနာပြုတပ်ကြပ်ကြီးဖြစ်ခဲ့တဲ့ မသူသူဟာ စစ်သူနာပြုယူနီဖောင်းကို ရူးသွပ်ခဲ့လို့ စာမေးပွဲတွေ အဆင့်ဆင့်ဖြေပြီး ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

ရဲဘော်စစ်သက် ၂ နှစ်ကျော် အရောက်မှာ စစ်သူနာပြု တပ်ကြပ်ကြီးစာမေးပွဲကို ဝင်ဖြေခဲ့ပြီး တပ်ကြပ်ကြီးအဆင့်နဲ့ ၅ နှစ် စစ်သက်အရမှာ CDM လုပ်ခဲ့တာပါ။ ဒါ့ကြောင့် စစ်သက် ၇ နှစ် ကျော်ရှိခဲ့တဲ့ ဒီအလုပ်ကို စွန့်ဖို့ သူတွေဝေခဲ့သေးတယ်လို့ ဆိုပါတယ်။

'' ကျွန်မ စစ်သူနာပြုမဖြစ်ခင်က အဲဒီဝတ်စုံနဲ့ သူများကိုမြင်ရင် အရမ်းအားကျတာ။ အရမ်းလည်း ဝတ်ချင်ခဲ့တာ။ ဝတ်ချင်လို့ကို စာမေးပွဲတွေကို လူတွေ့ရော ၊ စာတွေ့ရော အရမ်းကြိုးစားပြီး ဖြေခဲ့တာ။ အဲဒီတော့ ကျွန်မအမျိုးသားက ထွက်ခိုင်းတဲ့ အချိန်ကျတော့ လုံးဝမထွက်ချင်တာလည်း ဖြစ်ခဲ့တယ်။ ဒီရာထူးကိုရထားတာ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ရထားတော့ မထွက်ချင်ခဲ့တာလေ။''

ဒါပေမဲ့ နောက်ပိုင်းမှာ ပြင်ပမှာ လက်နက်မဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲတာ ၊ စစ်တပ်ထဲမှာ အဝင်၊ အထွက်တွေကို တင်းကြပ်လိုက်တာ၊ အာဏာသိမ်းတာ မဟုတ်ကြောင်း အာဏာထိန်းတာသာ ဖြစ်ကြောင်း တပ်တွင်းမှာ လိုက်လံပြောဆိုတာတွေ ရှိလာသလို၊ ဆန္ဒပြရာမှာ ပါဝင်တဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေကို အရေးယူ အပြစ်ပေးတာတွေ ရှိလာတာတွေကြောင့် မသူသူ စိတ်ပြောင်းလာခဲ့ပါတယ်။

'' အပြင်မှာဖြစ်နေတာနဲ့ တပ်ထဲမှာ လိုက်ပြောနေတာက တခြားစီဖြစ်နေတယ်။နောက်တစ်ခုက လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာလည်း မရှိဘူး။ အဲဒီအချိန်မှာ ကျွန်မအမျိုးသားက ထွက်လိုက်ပါ။ ငါလုပ်ကျွေးမယ်။ ငါတို့ကလေး အနာဂတ်လည်းရှိတယ်။ ဒီလို အဓိပ္ပာယ်မဲ့ စည်းကမ်းတွေအောက်မှာလည်း မထားချင်ဘူးပေါ့။''

တပ်ကခိုးထွက်လာခဲ့တဲ့ စွန့်စားခန်း

မသူသူ CDM စလုပ်တဲ့အချိန်က အရမ်းစောခဲ့လို့ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တာ မရှိခဲ့ပါဘူး။ သူ့ခင်ပွန်းရဲ့နယ်ဘက်ကို ဇနီးမောင်နှံ ၂ ယောက် စုဆောင်းထားတဲ့ ငွေကြေးအနည်းငယ်ကိုသာ ယူခဲ့ပြီး ထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်။

''စပြီး စီစဉ်တုန်းကကျတော့ ခွင့်အရင်တင်တာပေါ့ ။ အဖေနေမကောင်းလို့ ပြန်ပါရစေဆိုပြီး ခွင့်တင်တယ်။ လိမ်တင်တာပေါ့။ အဲဒီထဲကနေ ထွက်ဖို့ စကြိုးစားတာပေါ့။ ဒါပေမဲ့ တပ်ကလည်း တပ်ထဲကနေ တပ်ပြင်လုံးဝ မထွက်ရဘူးဆိုတော့ မပေးဘူး။ အဲဒါ ကျွန်မက ခြေလျင်တပ်မှာနေရတော့ အာထရာဆောင်းရိုက်မယ်ဆို မော်လမြိုင်စစ်ဆေးရုံကို သွားရမှာလေ။ အဲဒီကို သွားပြီး အာထရာဆောင်းရိုက်မယ်ဆိုပြီး လိမ်ထွက်ခဲ့တာ။''

သူ့အတွက် စစ်ပညာသင်ခဲ့တဲ့နေရာ၊ ဂုဏ်ယူပြီး လုပ်ခဲ့တဲ့ရတဲ့ ပညာတွေကို ထားခဲ့ဖို့ဟာ လက်တွေ့မှာ မလွယ်ကူခဲ့ဘူးလို့ ဆိုပါတယ်။

''အဲဒီလို ထွက်လာရတာ တကယ့် စွန့်စားခန်းပဲ။ ရုပ်ရှင်ထဲကလိုပဲ အချိတ်အဆက်နဲ့လေ။ ဘယ်သူမှ မသိအောင်လုပ်ခဲ့ပေမဲ့ သိနေကြလား။ လမ်းမှာ ငါ့ကို စစ်မလား။ အဲဒီလိုတွေနဲ့ ရင်တထိတ်ထိတ်နဲ့ ထွက်ခဲ့တာပေါ့။''

တပ်မှာ အချိန်ကြာမြင့်စွာ ပျောက်နေခဲ့တဲ့ မသူသူကို တပ်က အရာရှိက အမျိုးမျိုး ဖျောင်းဖျပြီး ပြန်ခေါ်ခဲ့သလို တပ်က တချို့ မိတ်ဆွေတွေကလည်း ပြန်လာဖို့ ပြောခဲ့ကြပါတယ်။

'' တပ်က ကျွန်မပျောက်သွားတာ ကြာသွားတော့ ဖုန်းဆက်လာတယ်။ ဆရာမ ဘယ်ရောက်နေတာလဲ ပြန်လာနေပြီလားပေါ့။ အဲဒီမှာ ကျွန်မတရားဝင် CDM လုပ်လိုက်ပြီလို့ ပြောလိုက်တယ်။ ပြောလိုက်ရတာ တကယ် အိမ်မက်လိုပဲ ။ အဲဒီအချိန်က ငါပြောလိုက်နိုင်ပြီပေါ့။ ကိုယ့်ဖာသာလည်း တအံ့တသြ။ ကျွန်မ အဲဒီလိုပြောတော့ သူတို့က ဆရာမပြန်လာပါ။ အခု ပြန်လာလို့ရတယ်။ ဘာမှမလုပ်ဘူး။ အရေးမယူဘူးပေါ့။ ဒါပေမဲ့ အဲဒီကတည်းက ကျမ အဲဒီဖုန်းကတ်ကို ပစ်ထုတ်လိုက်တယ်။ တပ်ကိုလည်း ပြန်မသွားတော့ဘူး'' လို့ သူတပ်က ထွက်ခဲ့တဲ့အ‌ခြေအနေကို မသူသူပြောပြပါတယ်။

ကလေးမီးဖွားပြီးစမှာ အမျိုးသားအဖမ်းခံရ

ဒီ နောက်ကာလတွေမှာတော့ နေရေးထိုင်ရေး စားသောက်ရေးတွေမှာ အခက်အခဲတွေရှိခဲ့သလို သူတို့ ဇနီးမောင်နှံ နှစ်ယောက်ပုန်းရှောင်နေတဲ့ ထားဝယ်ဘက်မှာ စစ်ကောင်စီတပ်တွေ က လုံခြုံရေးတွေ တင်းကြပ်ပြီး နေ့ည ရပ်ကွက်တွေထဲ ဝင်ရှာတာ၊ ဖမ်းဆီးတာနဲ့ ပစ်ခတ်တာတွေလုပ်လို့ ကိုယ်ဝန်နဲ့ သူ့အဖို့ ခက်ခက်ခဲခဲနဲ့ ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေလို့ ဆိုပါတယ်။

အဆိုးဆုံး ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကတော့ ဆန္ဒပြလူငယ်တွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို လိုက်ဖမ်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ဇနီးမောင်နှံ ၂ယောက်ငှားနေတဲ့ အဆောင်တန်းလျားမှာ သူ့ခင်ပွန်းကိုလည်း တက်ကြွလှုပ်ရှားသူ သံသယနဲ့ ဖမ်းသွားခဲ့ပါသေးတယ်။

ကလေးမီးဖွားပြီးစအချိန်မှာ ကြုံခဲ့ရတဲ့ ဒီအခြေအနေက သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့တဲ့အထိ ထိတ်လန့်ခဲ့ရတဲ့ ဘဝအစိတ်အပိုင်းတစ်ခုလို့ ပြောပါတယ်။

'' အဲဒီအချိန်ကျတော့ ကျွန်မ ကလေးမွေးပြီးသွားပြီ။ မွေးပြီး တစ်ပတ်လောက်ပဲ ရှိသေးတယ်။အိမ်ကို သေနတ်တွေနဲ့ ဝိုင်းလာတာ။ ဒါပေမဲ့ ကံကောင်းတာက ကျွန်မကို တပ်က CDM မှန်းမသိဘူး။ ဒီတန်းလျားမှာ PDF တွေရှိတယ်။ သတင်းရတယ်ဆိုပြီး ကလေးကိုရော ကျွန်မကိုရော သေနတ်တွေနဲ့ ချိန်ထားပြီး အမျိုးသားကို ဖမ်းခေါ်သွားတာ။နောက်မှ သက်သေရှာမရလို့ ပြန်လွှတ်ပေးတော့ အဲဒီမှာမနေရဲတော့ဘဲ လေးကေ့ကော်ကို ပြောင်းခဲ့ကြတာ။ အဲဒီထဲကသာ မိရင် သေပြီပဲ။''

အဲဒီလို အခက်အခဲ ဒုက္ခတွေကိုကြုံရချိန် အစပိုင်းမှာတော့ သူလုပ်ခဲ့တာ မှားပြီလားဆိုတဲ့ အတွေး နောင်တရှိခဲ့ဖူးပေမဲ့ အပြင်မှာ ပြည်သူလူထုတွေ ခိုးကိုးရာမဲ့ ဖမ်းဆီး ပစ်သတ်ခံရတာတွေကို မျက်မြင်ကြုံရတိုင်းမှာ ဒီအတွေးက ခဏလေးနဲ့ပဲ ပျောက်သွားခဲ့တယ်လို့ မသူသူက ဆိုပါတယ်။

'' ငါ ဒီလိုလုပ်တာ မှားလားဆိုပြီး အစပိုင်းက နောင်တရတာ ဖြစ်ဖူးတယ်။ ဘာလို့လဲဆို ကြက်ဥနဲ့ပဲ စားပြီး ဖြတ်သန်းရတဲ့ လတွေရက်တွေ ဆိုတာလည်း အများကြီးပဲ ။ ဒါပေမဲ့ နောင်တရတယ်လို့ တွေးမိပေမဲ့ စစ်တပ်က သတ်လို့သေနေတာ မြင်ရ‌တော့ ငါလုပ်ခဲ့တာ မှန်တယ်ပေါ့။ ကိုယ်ဝန်ကြီးနဲ့ အဲဒီအချိန်က ပိုပြီးစိတ်က ထိခိုက်လွယ်တာပေါ့၊ အမျိုးသားက အားပေးတယ်။ နင် အများကြီး တာဝန်ကျေတယ်။ နင်လုပ်သင့်တာကို လုပ်ထားတယ်။ အားပေးတာရောဆိုတော့ စိတ်ဓာတ်ကျလည်း ခဏပဲဖြစ်သွားတာပေါ့။''

အခုတော့ စစ်သူနာပြုထဲမှာ ပထမဆုံးအမျိုးသမီး CDM ဖြစ်တဲ့ သူ့အတွက် သူဂုဏ်ယူနေပြီလို့ ဆိုပါတယ်။

''အခု တစ်နှစ်ကျော်တဲ့ အထိတော့ ကျွန်မက သူငယ်ချင်းတွေကိုလည်း CDM လုပ်ဖို့ တိုက်တွန်းနေတာပဲ သူတို့ကတော့ အခုထိတော့ မလုပ်ကြသေးဘူးပေါ့။ တချို့ကတော့ ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့သူ။ နင်တို့ လွတ်အောင်ပြေးပေါ့။ မိရင်တော့ သေပြီသာမှတ်ဆိုပြီး ခြိမ်းခြောက်တာတွေတောင် ရှိတယ်'' လို့ CDM လုပ်ဖို့တိုက်တွန်းတဲ့အခါ ကြုံရတဲ့ အခြေအနေကို ပြောပြပါတယ်။

ထိုင်း - မြန်မာနယ်စပ်တစ်နေရာမှာ စုတ်ချက်တွေနဲ့ကူညီနေ

အာဏာသိမ်းကာလ တစ်နှစ်ကျော်အရောက် သူ့ CDM ကာလလည်း တစ်နှစ်ကျော်ရှိလာပါပြီ။ လက်ရှိမှာတော့ ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ မသူသူတို့ မိသားစု ၃ယောက် ခိုလှုံနေကြပါတယ်။

ထိုင်း မြန်မာ နယ်စပ်ကိုတော့ လေးကေ့ကော်မှာ နေထိုင်နေချိန် စစ်တပ်ရဲ့ ဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးရင်း ရောက်ခဲ့ကြတာပါ။ တောထဲ ပြေးလွှားတိမ်းရှောင်ကြတဲ့ ရက်တွေမှာလည်း သူတတ်တဲ့ ဆေးပညာနဲ့ စစ်ရှောင်တွေကို ကုသပေးတဲ့ အလုပ်ကို လုပ်ခဲ့တယ်လို့ဆိုပါတယ်။

တစ်ဖက်နိုင်ငံထဲ သူတို့လို ခိုလှုံနေသူတွေအတွက် တရားဝင် အလုပ်လုပ်ခွင့်မရှိသလို အချိန်မရွေး ဖမ်းဆီးခံရနိုင်လို့ အပြင်ထွက် အလုပ်လုပ်ဖို့ကတော့ မသူသူနဲ့ သူ့ခင်ပွန်းအတွက် မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

CDM တွေကို ထောက်ပံ့ကူညီသူတွေရှိပေမဲ့ ကိုယ့်အားကိုယ်ကိုးပြီး ရောက်တဲ့နေရာကနေ တော်လှန်ရေးကို အားဖြည့်ချင်တယ်လို့လည်း ပြောပါတယ်။

ဒါ့ကြောင့်ပဲ တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို စုတ်ချက်တွေနဲ့ တန်ဆာဆင်ပြီး ပန်းချီကားတွေအဖြစ် အသက်သွင်းကာ သူတို့လို ဘဝတူ CDM တွေနဲ့ တော်လှန်ရေး အင်အားစုတွေအတွက် ဝင်ငွေရှာပြီး ထောက်ပံ့တာတွေကို မသူသူတို့ ဇနီးမောင်နှံက လုပ်ဆောင်နေကြပါတယ်။

'' ဒီမှာ တော်လှန်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပုံဆွဲတယ်။ သွေးနဲ့ရေးတဲ့စုတ်ချက်များဆိုတဲ့ ပေ့ချ်တစ်ခု ထောင်ထားတယ်။ အဲဒီမှာတင် ရောင်းတယ်။ရောင်းရငွေကတော့ တော်လှန်ရေးအင်အားစုတွေကို လှူတယ်။ အဓိကကတော့ လှူဖို့ပေါ့။ သူများ ထောက်ပံ့မှုနဲ့လည်း ရေရှည် မရပ်တည်ချင်တာလည်း ပါတယ်။ အလုပ်လုပ်တော့ ကိုယ့်အတွက်ရော လိုတဲ့နေရာရော ထောက်ပံ့နိုင်တာပေါ့ ''

ထိုင်းမြန်မာနယ်စပ်မှာတော့ မသူသူတို့လို CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ နေရာအလိုက်ပြန့်ကြဲပြီး လူဦးရေ သောင်းချီရှိနေကြပါတယ်။ ရောက်ရှိနေတဲ့သူတိုင်းဟာ ဝိုင်းဝန်းထောက်ပံ့ပေးမှုတွေထက် ကိုယ်တိုင်တတ်ကျွမ်းတဲ့ပညာ လုပ်နိုင်တဲ့အားနဲ့ ရရာအလုပ်ကို အဖမ်းအဆီးတွေကြားက လုပ်ကိုင်ရင်း စားဝတ်နေရေးကို ဖြတ်သန်းနေကြတာပါ။

ဒီထဲမှာ တတိယနိုင်ငံကို မဖြစ်မနေ ကူးပြောင်းရဖို့သူတွေရှိသလို ကိုယ့်မြေနဲ့ အနီးဆုံးမှာနေပြီး အိမ်ပြန်လို့ရတဲ့နေ့ အိမ်ပြန်မယ်ဆိုသူတွေလည်း ရှိနေပါတယ်။

ရွေးစရာလမ်းက များများမရှိ

အခုတော့ မွေးဇာတိကိုလည်း ပြန်ဖို့မဖြစ်နိုင်သေး၊ နယ်စပ်မှာလည်း မလုံခြုံတဲ့ဘဝမို့ တတိယနိုင်ငံတစ်ခုဆီကို သွားဖို့ လမ်းပဲရှိတယ်လို့ ဆိုပါတယ်။ သူတို့ ဇနီးမောင်နှံ ၂ ယောက်ရဲ့ ယုံကြည်ရာ စွဲကိုင် ဆုံးဖြတ်ခဲ့မှုကြောင့် လူမမယ် သမီးလေးရဲ့ အနာဂတ်ကို ထိခိုက်ဖို့အထိတော့ မသူသူ အဖြစ်မခံချင်ပါဘူး။

နယ်စပ်တစ်နေရာမှာ ရေရှည် ခိုလှုံနေဖို့မဖြစ်နိုင်သလို မွေးကတည်းက ဒုက္ခတွေကြား ကြီးပြင်းရတဲ့ သမီးလေးကိုလည်း ပညာတတ်တစ်ယောက် ဖြစ်စေချင်နေတာ မသူသူတို့ ဇနီးမောင်နှံရဲ့ဆန္ဒ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကလေးရဲ့ အနာဂတ်အတွက် တတိယနိုင်ငံဆိုတဲ့ လမ်းကိုရွေးချယ်ဖို့ မသူသူဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

'' တတိယနိုင်ငံရောက်ခဲ့ရင်လည်း ဘဝကိုပြန်စရမယ်။ ဒါပေမဲ့ ကိုယ်တတ်တဲ့ပညာနဲ့ ဒီကျန်းမာရေးလုပ်ငန်းတွေမှာ လုပ်မယ်။ အမျိုးသားကလည်း ဘာပဲဖြစ်ဖြစ်ကြိုးစားမယ်။ အဲဒီလိုပဲ တိုင်ပင်ထားကြတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမဟုတ်တော့ အခက်အခဲရှိမှာပဲ။ ဒါပေမဲ့ ရင်ဆိုင်ရမှာပဲ။''

ဒါပေမဲ့ ကိုယ့်မြေကို ပြန်လာလို့ရတဲ့အချိန်မှာတော့ သူတတ်တဲ့ဆေးပညာနဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေက သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ပေးဖို့ကတော့ သူ့ဆန္ဒလို့ ဆိုပါတယ်။

'' ကျွန်မအရမ်းချစ်တဲ့ ယူနီဖောင်းကို အခုတော့ လုံးဝမဝတ်ရတော့ဘူးပေါ့။ ဒါပေမဲ့ ပြည်သူဘက်မှာ ရပ်တည်ခဲ့တဲ့အတွက် ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်။ တိုင်းပြည်အေးချမ်းသွားရင်၊ ပြည်သူ့အာဏာပြန်ရရင်တော့ ဘယ်နေရာရာ ရောက်ပြန်လာမယ် ။ တိုင်းပြည်ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ကိုယ်တတ်တဲ့ ဆေးပညာနဲ့ ကူညီမယ်။ အဲဒါ ကျွန်မ ဆန္ဒပဲ '' လို့ မသူသူက ပြောပါတယ်။