ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထောင်ထဲမှာ ဘာသာစကားသင်နေကြတဲ့ ဝင်းနဲ့ ဇော်
လွန်ခဲ့တဲ့ ၁၂ နှစ်က ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှုနဲ့ ထောင်ကျခဲ့တဲ့ ဝင်းနဲ့ ဇော် ကို မြန်မာပြည်သူတွေ အများစုမှတ်မိကြမှာပါ။
နိုင်ငံတကာကပါ စိတ်ဝင်စားခဲ့ကြတဲ့ အဲဒီအမှုကို ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းထွန်းတို့ရဲ့ အမည်တွေကို အတိုကောက်ခေါ်ပြီး ဝင်းနဲ့ ဇော် အမှုလို့ လူသိများပါတယ်။
ဘန်ကောက်မြို့ ဘန်ခွန် အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သူတို့ နှစ်ဦးကို မြန်မာသံရုံးနဲ့ ရှေ့နေအဖွဲ့က အခုသီတင်းပတ်ထဲ ထောင်ဝင်စာ သွားတွေ့ဖို့ ရှိနေပါတယ်။
ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ပေမဲ့ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် တသက်တကျွန်းဖြစ်သွားခဲ့တဲ့ ဝင်းနဲ့ ဇော် အမှု နောက်ဆက်တွဲအခြေအနေ ဘယ်လိုရှိနေပါသလဲ။
ဝင်းနဲ့ ဇော် အမှုဘာဆက်ဖြစ်နေလဲ
မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းကို အလည်အပတ်လာတဲ့ ဗြိတိန်စုံတွဲ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ အသတ်ခံခဲ့ရပါတယ်။
အဲဒီနောက်ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဝင်း နဲ့ ဇော်က သတ်ဖြတ်မှုကို ကျူးလွန်ကြောင်းဝန်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့ရတာလို့ အဲဒီတုန်းက တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာတော့ သူတို့နှစ်ဦးကို အပြစ်ရှိကြောင်း ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်၊ကော့စမွန် တရားရုံးက ဆုံးဖြတ်ခဲ့ပြီး သေဒဏ် ချမှတ်ခဲ့ပါတယ်။
အဲဒီတုန်းက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဆောင်ပြီး ထိုင်းရှေ့နေများကောင်စီ နဲ့ အတူ အယူခံဝင်ခဲ့ပေမဲ့ ထိုင်းတရားရုံးက ပယ်ချခဲ့ပြီး သေဒဏ်ကိုပဲ ထပ်မံအတည်ပြုခဲ့တယ်လို့ သူတို့ရဲ့ရှေ့နေဦးအောင်မျိုးသန့်က ဘီဘီစီကို ပြန်ပြောပြပါတယ်။
ဒါပေမဲ့ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က သူတို့အတွက် အလှည့်အပြောင်းဖြစ်ခဲ့ပြီး၂၀၂၀ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့မှာ သေဒဏ်ကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကို လျှော့ပေါ့သက်သာခွင့်ရခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ မှာ တော့ ထိုင်းဘုရင့်လွတ်ငြိမ်းချမ်းသာခွင့် ပုဒ်မ (၉)၊ ပုဒ်မ(၈) အရ ထောင်ဒဏ် တသက်တကျွန်းကျခံနေရသူတွေဟာ ထောင်ဒဏ် နှစ် (၅၀) အထိ လျှော့ပေါ့ ခံစားခွင့်ရမယ်လို့ ကြေညာခဲ့ပြန်ပါတယ်။
အဲဒီထဲမှာ ဝင်းနဲ့ ဇော်တို့လည်း ပါဝင်တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဝင်းနဲ့ဇော်တို့ နှစ်ဦး လွတ်ရက်စေ့တော့မလား ဒါမှမဟုတ် လက်ကျန်ထောင်ဒဏ် ဘယ်လောက် ကျန်နေသေးလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
ရှေ့နေဦးအောင်မျိုးသန့် နဲ့ သူတို့နှစ်ဦးအမှုကို ကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ရဲ့ ဒါရိုက်တာ ဦးထူးချစ်တို့ပါ ဒါကို သိရဖို့ကြိုးစားနေကြပါတယ်။
"ပထမက သေဒဏ်၊ သေဒဏ်ကနေ တသက်တကျွန်း၊ တသက်တကျွန်းကနေ နှစ်ရှည်ထောင်ဒဏ်ပြောင်းသွားတယ်၊ ဘယ်လောက်လဲဆိုတာတော့ မသိရဘူး။ ၂၀၁၄ ကတည်းကဆိုတော့ အခုဆို ၁၂ နှစ်ရှိပြီ။ တသက်တကျွန်းက နှစ် ၂၀ နဲ့ ညီမျှတယ်ဆိုတော့ ကျွန်တော်တို့ က ရှေ့နေကို မေးထားတယ်။ လွတ်ဖို့ အတိအကျတော့ ပြောဖို့ ခက်တယ်" လို့ ဦးထူးချစ်က ပြောပါတယ်။
ဝင်းနဲ့ ဇော် တို့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်တွေ အပါအဝင် ထောင်ဒဏ် ဘယ်လောက် ကျန်နေသေးလဲဆိုတာတော့ ထောင်ဝင်စာတွေ့တော့ မှ သိရမယ်လို့ ဘီဘီစီကို ပြောပါတယ်။
အင်္ဂလိပ်စာ အဘိဓာန်တွေမှာတဲ့ ဝင်းနဲ့ ဇော်
မြန်မာသံရုံးရဲ့စီစဉ်မှုနဲ့ ဇွန်လကုန်မှာပဲ ဝင်းနဲ့ ဇော် တို့ကို ထောင်ဝင်စာတွေ့ သွားမယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
" ကိုယ့်နိုင်ငံသားတစ်ယောက် ဖြစ်လို့ ပုံမှန်သွားတွေ့တဲ့ သဘောပါ။ နောက်ပြီး နှစ်ရှည်ပြောင်းသွားတာကို သေချာသိရအောင်လို့ သွားတွေ့တာလည်းပါတယ်" လို့ သူက ပြောပါတယ်။
မြန်မာသံရုံးဘက်က ဝင်းနဲ့ ဇော်တို့ကို နောက်ဆုံးထောင်ဝင်စာတွေ့ခဲ့ တာ ၂၀၂၅ ခုနှစ်ထဲမှာ ဖြစ်တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
နောက်ဆုံးတွေ့ခဲ့ချိန်က ဝင်းနဲ့ ဇော် တို့ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး ထောင်တွင်း စည်းကမ်းတွေလိုက်နာဖို့နဲ့ ဘုရား၊ တရားလုပ်ဖို့ မှာခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီနောက်ပိုင်း ထောင်ဝန်ထမ်းအပြောင်းအလဲတွေကြောင့် တွေ့ဆုံဖို့ ကြန့်ကြာမှုတွေရှိခဲ့တာဖြစ်ပါတယ်။
ထောင်ဝင်စာတွေ့တိုင်း ဝင်းနဲ့ ဇော် တို့ မှာတဲ့ ပစ္စည်းက အင်္ဂလိပ်အဘိဓာန် စာအုပ်တွေ ဖြစ်တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
အခုသူတို့နေတဲ့ အဆောင်မှာ အနောက်နိုင်ငံသားတစ်ဦး နဲ့ ဆုံတဲ့အတွက် အင်္ဂလိပ်ဘာသာစကားကို တစိုက်မတ်မတ် သင်ယူနေတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ကိုဗစ်ကာလမတိုင်ခင်က သူတို့မိသားစုဝင်တွေ ထိုင်းနိုင်ငံကို ရောက်လာပြီး ထောင်ဝင်စာတွေ့ခဲ့ဖူးပါတယ်။
အဲဒီတုန်းကတော့ ဝင်းနဲ့ ဇော် ဟာ ထောင်ထဲမှာ ထိုင်းဘာသာစကားလေ့လာခဲ့ပြီး ရေးတတ်၊ ဖတ်တတ်တဲ့ အဆင့်ကို ရောက်နေပြီလို့ ဦးထူးချစ်က ဘီဘီစီ ကို ပြောပါတယ်။
မိသားစုတွေကို မျှော်
ဝင်း နဲ့ ဇော်ဟာ သူတို့မိသားစုနဲ့ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့တာဟာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကပါ။
ကိုဗစ်ကပ်ဘေး နဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် သူတို့ကို မိသားစုက ထောင်ဝင်စာလာမတွေ့နိုင်တာ အခုဆို ၆ နှစ်ကျော်ရှိလာပါပြီ။
သူတို့ကို ထောင်ဝင်စာလာတွေ့သူတွေထဲ မိသားစုဝင်တွေ ပါလာမလားဆိုတာကို စောင့်မျှော်နေဆဲပါ။
ထောင်ထဲကပေးစာတွေမှာလည်း အမေတွေကို သတိရတဲ့အကြောင်းတွေ တွေ့ရပါတယ်။
ကိုဝင်းဇော်ထွန်းရဲ့ မိခင် ဖြစ်သူဟာ ဦးခေါင်းမှာ အကျိတ်ပေါက်နေတာကြောင့် ကျန်းမာရေး အခြေအနေ စိုးရိမ်ရတယ်လို့ ၂၀၂၂ ခုနှစ်က သူတို့နှစ်ဦး ရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ ဆုံခဲ့တဲ့ ဝံလက်ဖောင်ဒေးရှင်း ရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဘီဘီစီကို ပြောပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားတာကြောင့် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကို တော့ ထပ်မသိရသေးဘူးလို့ သူကပြောပါတယ်။
သူတို့ နှစ်ဦးရဲ့ မိသားစုဝင်တွေ ဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မဒဲကျွန်းအနီး မီးချောင်းရေသောက်ရွာ နဲ့ ကာဖီချောင်းရွာမှာ နေထိုင်တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အဲဒီဒေသမှာ အင်တာနက် နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတာကြောင့် သူတို့ရဲ့ မိသားစုဝင်တွေ နဲ့ အဆက်အသွယ်ရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
သူတို့နေတဲ့နေရာဟာလည်း ကုန်းတစ်တန်၊ ရေတစ်တန် သွားရတာလို့ ဦးခိုင်ကောင်းစံက ပြောပါတယ်။
နောက်ပြီး အဲဒီနေရာဟာ စစ်တပ်ရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်ကို လည်း ဖြတ်သွားရတယ်လို့ သူကပြောပါတယ်။
အဲဒီနေရာတလျှောက်မှာ မကြာမကြာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်ထဲမှာ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေ လုပ်နေတဲ့ စာရေးဆရာ ကိုဝေဟင်အောင်က ပြောပါတယ်။
အခု ဇွန်လ ကုန်မှာ ထောင်ဝင်စာသွားတွေ့မယ့် မြန်မာသံရုံးကတော့ ဝင်း နဲ့ ဇော် တို့ရဲ့ မိသားစုဝင်တွေ ကို NGO အဖွဲ့အစည်းတွေက တဆင့် ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဦးထူးချစ် နဲ့ ဦးခိုင်ကောင်းစံတို့ကတော့ ဝင်း နဲ့ ဇော်ရဲ့ မိခင်နှစ်ဦး ကို ထိုင်းနိုင်ငံကို ခေါ် လာနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း လမ်းခရီးနဲ့ တိုက်ပွဲ အခြေအနေတွေအကြောင့် ခေါ်ယူ ဖို့ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။
" မိဘတွေက သူတို့ သားတွေနဲ့ မတွေ့ရတာကြာတော့ တွေ့ချင်တယ်။ ကူညီပေးမယ်ဆိုလို့ လည်း ကျေးဇူးတင်တယ်လို့ ကျွန်တော်တို့ သွားတုန်းက ပြောတယ်" လို့ ဦးခိုင်ကောင်းစံက ၂၀၂၂ ခုနှစ်က သူတို့မိဘတွေ နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း ပြန်ပြောပါတယ်။
ရခိုင်ပြည်နယ်က စာရေးဆရာ ကိုဝေဟင်အောင်ကလည်း ဝင်းနဲ့ ဇော် တို့ သူတို့မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးစားပေးနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ထိုင်းနိုင်ငံက အကျဉ်းထောင်မှာ ၁၀ နှစ်ကျော် ကြာ အကျဉ်းကျနေတဲ့ သူတို့သားတွေကို လူကိုယ်တိုင်တွေ့နိုင်ဖို့က ဝင်းနဲ့ ဇော် တို့ရဲ့ မိဘတွေအတွက် မသေချာ၊ မရေရာသေးတဲ့ အခြေအနေဖြစ်နေပါတယ်။
ဝင်းနဲ့ ဇော် တို့ရဲ့ လက်ကျန် ထောင်ဒဏ်တွေကို မြန်မာသံရုံးက ဇွန်လကုန်ပိုင်းမှာ ထောင်ဝင်စာတွေ့ပြီးရင် သိရမှာပါ။
တကယ်လို့ ဝင်းနဲ့ ဇော်တို့ အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာခဲ့ရင် ပဋိပက္ခတွေ ဖြစ်နေတဲ့ မြန်မာပြည်ပြန်မလား၊ ထိုင်းမှာပဲ ဆက်နေမလားဆိုတာ သူတို့သဘောဆန္ဒအပေါ် မူတည်ပြီး ကူညီပေးသွားမယ်လို့ သံရုံးဘက်က ပြောထားပါတယ်။