ရုရှားသူဌေးကြီးတွေရဲ့ တိတ်တိတ်ပုန်းငွေတွေ ဘယ်မှာ သွားဖွက်ထားကြတာလဲ

ဓာတ်ပုံ ရင်းမြစ်, Alamy
ရုရှားသူဌေးကြီးတွေဟာ သူတို့ပိုင်တဲ့ ငွေ ဘီလျံပေါင်းများစွာကို နောက်က ခြေရာ ခံဖို့ အလွန်ခက်ခဲတဲ့ နိုင်ငံခြားရပ်ခြားက နေရာတွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်းမှာ ရွှေ့ပြောင်းထားခဲ့ကြပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးကတည်းက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေက သမ္မတပူတင်နဲ့ နီးစပ်တဲ့ ရုရှားသူဌေးကြီးတွေရဲ့ "တိတ်တိတ်ပုန်းငွေ" တွေကို ရှာဖွေဖော်ထုတ်ပြီး ပိတ်ဆို့အရေးယူဖို့ ဥပဒေသစ်တွေ အသုံးပြုလာကြတာကို တွေ့ရပါတယ်။
တကမ္ဘာလုံး မှာ ရုရှားရဲ့ 'တိတ်တိတ်ပုန်းငွေ'တွေဘယ်လောက်တောင် ရှိနေလဲ။
ရုရှားတွေ နိုင်ငံရပ်ခြားမှာ သွားဖွက်ထားတဲ့ "တိတ်တိတ်ပုန်းငွေ" တွေက ဒေါ်လာတစ်ထွီလျံ (ပေါင် ၇၅၀ ဘီလျံ)လောက် ခန့်မှန်းခြေရှိမယ်လို့ အမေရိကန်ပညာရှင်အဖွဲ့ အတ္တလန်တိတ်ကောင်စီက ပြောပါတယ်။
၂၀၂၀ ခုနှစ်က သူတို့ အစီရင်ခံစာထဲမှာ အဲဒီပမာဏရဲ့ လေးပုံတစ်ပုံကို ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ "အော်လီဂါ့" လို့ခေါ် တဲ့ ရုရှားသူဌေးကြီးတွေက ထိန်းချုပ်ထားတယ်လို့ ခန့်မှန်းထားတာပါ။
"ဒီငွေတွေကို သူလျှိုလုပ်ငန်းတွေ ၊ အကြမ်းဖက်တဲ့ကိစ္စ၊ စက်မှုလုပ်ငန်းတွေ သူလျှိုလုပ်တာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ ၊ နိုင်ငံရေးခြယ်လှယ်မှု၊ သတင်းမှား ဖြန့်တာတွေ နဲ့ အခြား မကောင်းတဲ့ ရည်ရွယ်ချက်များစွာမှာ ရုရှားအစိုးရက အသုံးချနေတယ်" လို့ လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
တိတ်တိတ်ပုန်းငွေတွေ ဘယ်လိုရလာကြတာလဲ။
အမေရိကန် ပညာရှင်အဖွဲ့ နောက်တစ်ဖွဲ့ဖြစ်တဲ့ National Endowment for Democracy (NED) အဖွဲ့က လည်း ပူတင်ဟာ သူနဲ့ ရင်းနှီးတဲ့အပေါင်းအပါတွေကို "နိုင်ငံတော်ဘဏ္ဍာငွေတွေ ခိုးယူဖို့ ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေကနေ ငွေညှစ်ဖို့နဲ့ အမြတ်အစွန်းရှိတဲ့လုပ်ငန်းတွေကို လုံးဝသိမ်းယူနိုင်အောင် ကြိုးကိုင်ဖို့ " အားပေးအားမြှောက်လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
အဲ့ဒီနည်းလမ်းတွေနဲ့ ဘီလျံ ဆယ်ချီတဲ့ ငွေတွေကို ကိုယ်ပိုင် ဓနဥစ္စာတွေအဖြစ် သူတို့ ပြောင်းလဲ ထူထောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း ရေနံကုမ္ပဏီကြီး Gazprom ရဲ့ ရန်ပုံငွေတွေထဲကနေ ပူတင်ရဲ့ ခရိုနီတွေဆီကို ဒေါ်လာ ၆၀ ဘီလျံ လွှဲပြောင်းခဲ့တာရှိတယ်လို့ ရုရှားအတိုက်အခံခေါင်းဆောင်တွေဖြစ်တဲ့ ဘောရစ်နမ်ဆော့ဗ်နဲ့ ဗလာဒီမီယာ မီလော့ဗ်တို့က အခိုင်အမာပြောခဲ့ပါတယ်။
စုံစမ်းထောက်လှမ်းမှု နိုင်ငံတကာ သတင်းထောက်များ အဖွဲ့ (International Consortium of Investigative Journalists)က ထုတ်ပြန်တဲ့ ပန်ဒိုရာ စစ်တမ်းတွေထဲမှာ ပူတင်နဲ့ နီးစပ်သူတွေက အလွန်ချမ်းသာလာကြပြီး ပြီးတော့ သူ့ကိုယ် ပိုင်ကြွယ်ဝမှုတွေထဲကို ငွေတွေရွှေ့ပြောင်းနိုင်ဖို့ ကူညီပေးနေနိုင်ကြောင်း ပြောထားပါတယ်။
ငွေတွေကို ဘယ်မှာ သိမ်းထားသလဲ။
သမိုင်းကြောင်းအရ အဲ့ဒီငွေအများစုဟာ အခွန်ရှောင်လို့ရတဲ့နေရာမှာ နာမည်ကြီးတဲ့ ဆိုက်ပရပ်စ်ကျွန်းကို ရောက်သွားပါတယ်။ တစ်ချို့တွေကတော့ အဲ့ဒီကျွန်းကို "မြေထဲပင်လယ်ထဲက မော်စကို (Moscow on the Med)" လို့တောင် ခေါ်ကြပါတယ်။
အတ္တလန်တိတ်ကောင်စီရဲ့ အဆိုအရ ၂၀၁၃ ခုနှစ် တစ်ခုတည်းမှာတင် ရုရှားငွေ ဒေါ်လာ ၃၆ ဘီလျံ အဲ့ဒီကို ရောက်သွားပါတယ်။ ငွေအများစုဟာ ပိုင်ရှင်အစစ်အမှန်တွေကို ဖုံးကွယ်ဖို့ အသုံးပြုတဲ့ ကုမ္ပဏီအတုတွေက တစ်ဆင့် ရောက်သွားတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၃ ခုနှစ်ထဲမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အဲ့ဒီ ဟန်ဆောင်ကုမ္ပဏီတွေရဲ့ သောင်းနဲချီတဲ့ ဘဏ့် အကောင့်တွေကို ပိတ်ပစ်ဖို့ ဆိုက်ပရပ်စ်ကတာဝန်ရှိတဲ့ သူတွေ ကိုဆွဲဆောင်စည်းရုံးခဲ့ပါသေးတယ်။
နိုင်ငံရပ်ခြားက ဗြိတိသျှရဲ့ ပိုင်နက် နယ်မြေတွေဖြစ်တဲ့ ဗြိတိသျှဗာဂျင်းအိုင်းလန်းနဲ ကေး မန်း အိုင်းလန်းတို့ လို နေရာတွေကလည်း တိတ်တိတ်ပုန်းငွေတွေထားလိုသူတွေအတွက်အကြိုက်ဆုံး နေရာ တွေဖြစ်ပါတယ်။
Global Witness အဖွဲ့ကြီးရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၁၈ ခုနစ်မှာ ရုရှားသူဌေးကြီးတွေရဲ့ငွေ ခန့်မှန်းခြေ ဒေါ်လာ ၄၅.၅ ဘီလျံဟာ အဲ့ဒီအခွန်ရှောင်တဲ့နေရာတွေမှာ ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီငွေတွေထဲကတချို့ကို နယူးယောက်နဲ့ လန်ဒန်တို့လို ငွေကြေးရင်းနှီးမြုပ်နှံတဲ့နေရာတွေကို ပို့ပြီး ငွေကြေးရင်းနှီးမြုပ်နှံတာတွေ လုပ်ခဲ့ကြပါတယ်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ Transparency International က ယူကေက ရုရှားတွေပိုင်တဲ့ အနည်းဆုံး ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေဟာ ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ရုရှားနိုင်ငံသားတွေ သို့မဟုတ် ရုရှားအစိုးရနဲ့ ဆက်စပ်နေတယ်လို့ အခိုင်အမာပြောပါတယ်။
ရုရှားတွေ ငွေကြေးခဝါချမှု အတိုင်းအတာနဲ့ပတ်သက်ပြီး 'စနစ်တကျကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ အကျင့်ပျက်ခြစားမှုအစီရင်ခံရေးစီမံကိန်း'ရဲ့ ၂၀၁၄ ခုနှစ်ကထုတ်တဲ့ အစီရင်ခံစာထဲမှာ ထပ်မံ ဖော်ထုတ်ထားပါတယ်။
အဲ့ဒီအစီရင်ခံစာထဲမှာ ၂၀၁၁ ခုနှစ်က ၂၀၁၄ခုနှစ်အတွင်း ရုရှားဘဏ် ၁၉ ခုက နိုင်ငံပေါင်း ၉၆ နိုင်ငံမှာ ကုမ္ပဏီပေါင်း ၅၁၄၀ ကနေတစ်ဆင့် ဒေါ်လာ ၂၀.၈ ဘီလျံကို ငွေကြေးခဝါချခဲ့တယ်လို့ ဆိုထားပါတယ်။
ငွေတွေ ဘယ်လိုဖွက်ထားတာလဲ။
ပုံမှန်အားဖြင့်တော့ ရုရှားသူဌေးကြီးတွေဟာ သူတို့ရဲ့ တိတ်တိတ်ပုန်းငွေတွေကို ဟန်ဆောင် ကုမ္ပဏီတွေကတစ်ဆင့် နိုင်ငံရပ်ခြားမှာ သွားဖွက်ထားကြတာပါ။
"ဒီသူဌေးကြီးတွေက ကမ္ဘာပေါ်က အကောင်းဆုံးရှေ့နေတွေ၊ စာရင်းစစ်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေနဲ့ လော်ဘီသမားတွေကို သူတို့ရဲ့ ရန်ပုံငွေတွေကို ဖုံးကွယ်ဖွက်ထားဖို့နဲ့ ခဝါချဖို့ တရား၀င်နည်းလမ်းတွေရှာပေးဖို့ ငှားရမ်းထားကြတယ်"လို့ အတ္တလန်တိတ်ကောင်စီအဖွဲ့က ပြောပါတယ်။
"သူဌေးကြီးတစ်ဦးမှာ နိုင်ငံရပ်ခြားမှာ မှတ်ပုံတင်တာတွေလုပ်ပေးဖို့ ဟန်ဆောင်ကုမ္ပဏီက ရှေ့နေတွေရှိပြီး သူ့ငွေတွေကို သူတို့တွေက ဟိုဘက်ဒီဘက် လိုသလို အမြန်ရွေ့ ပြောင်းနေကြတာပါ။"
၂၀၁၆ က ထုတ်ပြန်ခဲ့တဲ့ International Consortium of Investigative Journalists တွေရဲ့ ပနားမား Papers ထဲမှာ ချမ်းသာကြွယ်ဝတဲ့ ရုရှားနိုင်ငံသားတွေအတွက် ဟန်ဆောင်ကုမ္ပဏီ ၂၀၇၁ ခုကို ကုမ္ပဏီတစ်ခုတည်းက တည်ထောင်ထားတာရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
သူဌေးကြီးတွေရဲ့ ပိုက်ဆံတွေကို ဖော်ထုတ်ဖို့ ဘာတွေ လုပ်ဆောင်နေကြလဲ။
ရုရှားက ယူကရိန်းနိုင်ငံထဲကို ကျူးကျော်ခဲ့တဲ့ အချိန်နောက်ပိုင်း ရုရှားပိုင်ဆိုင်တဲ့ငွေကြေးတွေကို ခြေရာခံတဲ့ အစီအမံတွေကို နိုင်ငံတွေက ဆက်တိုက်ကြေညာတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ရုရှား သူဌေးကြီးတွေရဲ့ ဘဏ္ဍာရေးအလွဲသုံးစားမှုတွေကို ထိထိရောက်ရောက်နှိမ်နင်းဖို့ "KleptoCapture" ဆိုတဲ့ အလုပ်အဖွဲ့အသစ်ကို အမေရိကန်ကဖွဲ့စည်းထားပါတယ်။
အဲ့ဒီအဖွဲ့ကို အမေရိကန်အစိုးရ တရားရေးဌာနက ဦးဆောင်မှာ ဖြစ်ပြီး ဥပဒေမဲ့ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှု တွေကို သိမ်းဆည်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ယူကေအစိုးရကလည်း ယူကေမှာ ပစ္စည်းဥစ္စာပိုင်ဆိုင်ဖို့ ဝယ်မယ်ဆိုရင် ငွေတွေ ဘယ်က ရတယ်ဆိုတာ သက်သေပြရမယ်လို့ 'မရှင်းပြတဲ့ ကြွယ်ဝမှု အမိန့်များ (UWOs)' ကို တိုးမြှင့်အသုံးပြုရန် ခြေလှမ်းတိုး လုပ်ဆောင်ခဲ့ပါတယ်။
ရာဇ၀တ်မှုနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိရင် တရားရုံးတွေက ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းထဲမှာရှိတဲ့ ပိုင်ဆိုင်တဲ့ ငွေတွေကို ထိန်းချုပ်ဖို့လည်း AFO လို့ခေါ်တဲ့ ဥပဒေအမိန့်တွေကနေ ခွင့်ပြုတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါ့အပြင် ယူကေ အစိုးရက နိုင်ငံရပ်ခြားက အဖွဲ့အစည်းတွေ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတွေနဲ့ ပတ်သက်ပြီး ပိုင်ရှင်အစစ်အမှန် မှတ်ပုံတင်ရမယ့် 'စီးပွားရေး ရာဇဝတ်မှု အက်ဥပဒေ'ကို လည်း အတည်ပြုခဲ့ပါတယ်။
ချမ်းသာတဲ့နိုင်ငံခြားသားတွေ နိုင်ငံအတွင်းမှာ ငွေကြေးအမြောက်အမြားရင်းနှီးမြှုပ်နှံရင် နေထိုင်ခွင့်ပေးထားတဲ့ "ရွှေဗီဇာအစီအစဉ်" ကိုလည်း ယူကေအစိုးရက ဖျက်သိမ်းလိုက်ပါပြီ။
ရုရှားကငွေကြေးတွေ အများကြီးဖွက်ထားတယ်လို့ နာမည်ကြီးတဲ့ မောလ်တာနိုင်ငံကလည်း သူဌေးတွေ နိုင်ငံသားဖြစ်ခွင့်ကို ငွေနဲ့ ဝယ်ယူနိုင်တဲ့ သူတို့နိုင်ငံရဲ့ "ရွှေနိုင်ငံကူးလက်မှတ်" အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
ဆိုက်ပရပ်စ်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေကလည်း သူတို့နိုင်ငံရဲ့ ရွှေနိုင်ငံကူးလက်မှတ် အစီအစဉ်တွေကို ၂၀၂၀ ခုနှစ်ထဲမှာ ဖျက်သိမ်းထားပါတယ်။








