ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိယက်ဗ်က စျေးရုံကြီးတစ်ခုကို ရုရှားပစ်ခတ်လို့ ပျက်စီး၊ လူ ရှစ်ဦးသေဆုံး
မတ်လ ၂၁ ရက်နေ့ ဖြစ်ပျက်သမျှ သတင်းအကျဉ်းချုပ်
•မြို့တော် ကိယက်ဗ်က ပိုဒီလ်စကယီရပ်ကွက်မှာရှိတဲ့ လူနေအိမ်တွေနဲ့အတူ စျေးရုံကြီးတစ်ခု ဒုံးကျည်နဲ့ပစ်ခတ်ခံရလို့ လူ ရှစ်ဦးသေဆုံးသွားတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
•ကိယက်ဗ်မြို့တော်ဝန်က မြို့ထဲမှာ တနင်္လာနေ့ည ၈ နာရီကနေ ဗုဒ္ဓဟူးနေ့မနက် ၇ နာရီအထိ သွားလာခွင့်ကန့်သတ်တဲ့ ကာဖျူးအမိန့်ထုတ်ပြန်ထားပါတယ်
•နိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ မာရီယူပိုးလ်မှာတော့ တိုက်ပွဲတွေက မြို့လယ်အထိဖြစ်လာနေပါပြီ။ ရုရှားတပ်တွေ ဝိုင်းထားတဲ့ ဒီမြို့ထဲမှာ ရုရှားဘက်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်းစကီးက စွပ်စွဲလိုက်ပါတယ်။
•မာရီယူပိုးလ်မြို့ထဲမှာ လူပေါင်း သုံးသိန်းလောက် မီးမရှိ၊ ရေမရှိနဲ့ ပိတ်မိနေပါတယ်။ ရုရှားဘက်ကလည်း မြို့ကို တလစပ်ဗုံးကြဲတိုက်ခိုက်နေပြီး မြို့ထဲက အဆောက်အဦ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီလို့ ခန့်မှန်းထားပါတယ်။
•မာရီယူပိုးလ်ကို အပ်ဖို့ ရုရှားရဲ့ ရာဇသံကိုတော့ ယူကရိန်းဘက်က အပြတ်ငြင်းဆန်ထားပါတယ်။
•ယူကရိန်းနဲ့စစ်ပွဲ စတဲ့အချိန်ကတည်းက ပိတ်ထားတဲ့ မော်စကို စတော့စျေးကွက် ပြန်ဖွင့်ပါပြီ။ ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုတွေအများကြီးလုပ်ခံထားရတဲ့ အတွက် ရုရှားမြို့တော်နေ လူထု အစားအသောက်ရှားပါးမှုနဲ့ ကြုံတွေ့နေရပြီး ကုန်ပစ္စည်းစျေးတွေလည်း တက်လာနေပါတယ်။
•ပြီးခဲ့တဲ့အပတ်က ယူကေက ဝန်ကြီးတွေဆီ ဖုန်းခေါ်ဆိုမှုအတုတွေ လုပ်ခဲ့တဲ့အစီအစဉ်ကို နောက်ကွယ်က ရုရှားအစိုးရပတ်သက်နေတယ်လို့ ယုံကြည်ကြောင်း ဗြိတိသျှဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
ကိယက်ဗ်က စျေးရုံကြီးကို ထိမှန်
တနင်္ဂနွေနေ့ ညပိုင်းမှာလည်း ကိယက်ဗ်မြို့ကို ဒုံးကျည်တွေအများအပြားနဲ့တိုက်ခိုက်ခံခဲ့ရပြီး ထိမှန်ခံရတဲ့နေရာတွေထဲမှာ လူနေအိမ်အတော်များများနဲ့ မြို့ရဲ့ အနောက်မြောက်ဘက်က စျေးရုံကြီးတစ်ခုလည်း ပါပါတယ်။
မာရီယူပိုးလ်မြို့ကို အပ်ဖို့ ရုရှားဘက်က ရာဇသံကို ယူကရိန်းပယ်ချ
ရုရှားတပ်တွေ ဝိုင်းပြီး အပြင်းအထန်တိုက်တာခံနေရတဲ့ ယူကရိန်းတောင်ပိုင်းက မာရီယူပိုးလ်မြို့ကို ဒေသအချိန် တနင်္လာနေ့ မနက် ၅ နာရီနောက်ဆုံးထားပြီး အပ်ဖို့၊ အဲဒီက ယူကရိန်းတပ်တွေ လက်နက်ချဖို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်းဆိုချက်ကို ယူကရိန်းက ပယ်ချလိုက်ပါတယ်။
ရုရှားရဲ့ နိုင်ငံပိုင် ရီယာနိုဗော့စတီသတင်းဌာနရဲ့ဖော်ပြချက်အရ ကာကွယ်ရေးဝန်ကြီးဌာနက တကယ်လို့ ယူကရိန်းဘက်က မြို့ကို အပ်ဖို့ သဘောတူကြောင်း စာနဲ့ အကြောင်းပြန်ခဲ့ရင် မနက် ၁၀ နာရီကစလို့ အရပ်သားတွေထွက်ခွာလို့ရအောင် လမ်းကြောင်းဖွင့်ပေးထားမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ချပြီး မြို့ကို မအပ်ခဲ့ရင် ဒေသခံအာဏာပိုင်တွေဟာ စစ်ခုံရုံးတင်တာ ခံရလိမ့်မယ်လို့ ရုရှားရဲ့ ကာကွယ်ရေးညှိနှိုင်းကွပ်ကဲမှုဌာနအကြီးအကဲ ဗိုလ်ချုပ်ကြီး မီခေးလ်မီဇင်ဆော့ဗ်က ပြောခဲ့တာကိုလည်း ရီယာနိုဗော့စတီသတင်းထဲမှာ ဖော်ပြထားပါတယ်။
တနင်္လာမနက်အစောပိုင်းမှာတော့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် အီရင်နာ ဗာရက်စချုပ်က လက်နက်ချဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
အဲဒီ တုံ့ပြန်ချက်ကိုလည်း ရုရှားကို ပြောပြီးပြီလို့ သူက ဆိုပါတယ်။
မာရီယူပိုးလ်က ဒေသခံထောင်ပေါင်းများစွာကို သူတို့ဆန္ဒမပါဘဲ ရုရှားနိုင်ငံဘက် ခေါ်သွားတာခံခဲ့ရတယ်လို့ စနေနေ့တုန်းက မာရီယိုပူးလ်မြို့တော်ကောင်စီက ထုတ်ပြန်ထားပါတယ်။
တရုတ်က ရုရှားကို လက်နက်ကူမှာ မဟုတ်ဘူးလို့ ပြော
ရုရှားက ယူကရိန်းကို တိုက်ခိုက်နေတဲ့စစ်ပွဲမှာ ရုရှားကို စစ်လက်နက် ခဲယမ်းတွေ ထောက်ပံ့ကူညီသွားမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောလိုက်ပြီး ပဋိပက္ခကိုပြေလည်သွားအောင် တင်းမာမှုတွေ လျော့ကျအောင် တရုတ်ဘက်က အစွမ်းကုန်လုပ်သွားမယ်လို့ ပြောပါတယ်။
သောကြာနေ့က သမ္မတဘိုင်ဒန်က တရုတ်သမ္မတရှီကျင်ပင်းကို ရုရှားကို မကူညီဖို့နဲ့ တကယ်လို့ တရုတ်က ရုရှားကို လက်နက်ပစ္စည်းထောက်ပံ့မှုတွေရှိခဲ့ရင် "အကျိုးဆက်တွေနဲ့ ကြုံရလိမ့်မယ်" လို့ သတိပေးခဲ့အပြီးမှာ သံအမတ်ကြီး ကျင်ဂန်းက အခုလို ပြောလာတာပါ။
တရုတ်က ရုရှားကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ဖို့အသင့်ရှိနေတယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့သတင်းတွေဟာ သတင်းမှားတွေသာ ဖြစ်တယ်လို့ တရုတ်က တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအထိ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရုရှားကို ပြစ်တင်ဝေဖန်တာမျိုးတော့ တရုတ်က မလုပ်သေးပါဘူး။
အမေရိကန် ရုပ်သံလွှင့်ဌာန စီဘီအက်စ်နဲ့ မေးမြန်းခန်းမှာ သံအမတ်ကြီး ဂန်းက အနောက်နိုင်ငံတွေဘက်က လူသိရှင်ကြား ဝေဖန်ရှုတ်ချမှုတွေဟာ "အကျိုးမဖြစ်စေဘူး" လို့ ပြောလိုက်ပြီး "သံတမန်ရေးနည်းနာကောင်းတွေ လိုအပ်တယ်" လို့ လည်း ပြောခဲ့ပါတယ်။